Switch Mode

စာစဥ် (၂) အပိုင်း (၂၁)

နဂါးခြေလှမ်း၊ နဂါးလက်ဝါး

“မူလကျင့်စဉ်နှစ်ခုလား…”

ဇူယွမ်ရဲ့နှလုံးကလှုပ်ခါသွားခဲ့ရပြီး စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတဲ့ သူ့ရဲ့မျက်လုံးတွေနဲ့ ယောင်ယောင့်ကို ကြည့်လိုက်သည်။ ဆရာကန်းယွမ်သူ့ကိုပေးခဲ့သည့် နဂါးအသက်ရှူခြင်းနည်းလမ်းက သာမန်မဟုတ်ပဲ အလွန်သိမ်မွေ့နက်နဲတဲ့နည်းလမ်းတစ်ခုဖြစ်ပေသည်။ ဒါ့ကြောင့်၎င်းအထဲမှာ ပါဝင်တဲ့မူလကျင့်စဉ်နှစ်ခုကလည်း ရိုးရှင်းလိမ့်မည်မဟုတ်ပေ။

ယောင်ယောင်က ထန်ထန်ကို ညင်သာစွာပွတ်သပ်ပေးလျက်မှ ဖြည်းညှင်းစွာပြောသည်… “ဒီမူလကျင့်စဉ်နှစ်ခုကို နဂါးခြေလှမ်းနဲ့ နဂါးလက်ဝါးလို့ခေါ်တယ်…”

“နဂါးခြေလှမ်းနဲ့ နဂါးလက်ဝါးလား…” ဇူယွမ်ရဲ့မျက်နှာပေါ်မှာ စဉ်းစားတွေးတောနေတဲ့ အမူအယာထွက်ပေါ်လာခဲ့သည်။

သူ့အနေနဲ့ နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးထဲမှာ ထူးခြားဆန်းကြယ်တဲ့အရာတစ်ချို့ရှိနေတယ်ဆိုတာကို ခပ်ရေးရေးခံစားမိသည်။ ဒါပေမဲ့လည်း ဒါကဘာလဲဆိုတာကို သူ့အနေနဲ့ ရှင်းရှင်းလင်းလင်းသိနိုင်ခြင်းမရှိပေ။ ဒါ့အပြင် ဆရာကန်းယွမ်ပြုလုပ်ခဲ့တဲ့တစ်ခုတည်းသောအရာက သူ့ကိုနဂါးအသက်ရှူခြင်းနည်းလမ်းပေးခဲ့ခြင်းသာဖြစ်ပြီး ဒါကတပည့်တစ်ယောက်ကို အမှောင်ထဲမှာစမ်းတဝါးဝါးဖြစ်စေလျက် သံသယရှိစရာမလိုလောက်အောင် တိုးတက်မှုကိုနှေးကွေးစေလိမ့်ပေမည်။

ဒါ့ကြောင့် သူ့ရဲ့မျက်လုံးတွေက ယောင်ယောင့်ကို အကူအညီတောင်းသလိုကြည့်လိုက်သည်။

ယောင်ယောင်က အနည်းငယ်ပြုံးလိုက်ပြီး သူ့ကိုမျက်လုံးနဲ့အချက်ပြလိုက်သည်။

သူမဘာကိုဆိုလိုတာလဲဆိုတာ ဇူယွမ်သိပေသည်။ သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်သည့်အခါ အစေခံမိန်းခလေးတစ်ယောက်က ချက်ချင်းဆိုသလို သေရည်တစ်ပုလင်းကို ယူဆောင်လာပေးခဲ့သည်။ ယောင်ယောင်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ထန်ထန်ကိုချီမ၍ ကျောက်တုံးအိမ်ရဲ့အပြင်ဘက်ကို လွှင့်ပစ်လိုက်သည်။

သူမရဲ့အပြုအမူကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်ခုံးတွေမြင့်တက်သွားခဲ့ရပြီး မသက်မသာခံစားလိုက်ရသည်။

“ထန်ထန်က ဒါကိုလည်းသိနေတာပဲလား…”

ယောင်ယောင်ရဲ့ နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ကွေးညွှတ်သွားခဲ့ပြီး ပျော်ရွှင်တဲ့အမူအယာဖြင့် ပြောလိုက်သည်။

“အရင်တုန်းက အဖိုးဟေးဘာမှလုပ်စရာမရှိတဲ့အချိန်တွေမှာ ထန်ထန်ကို သင်ပေးခဲ့တယ်… ပြောရမယ်ဆိုရင် ထန်ထန်ကို နင့်ရဲ့စီနီယာအစ်ကိုအဖြစ် ထည့်သွင်းစဉ်းစားနိုင်တယ်…”

သူ့ရဲ့နှလုံးသားထဲမှာ မသက်မသာနဲ့အော်ဟစ်လိုက်သကဲ့သို့ ဇူယွမ်ရဲ့ပါးစပ်ထောင့်စွန်းကလည်း လှုပ်ရှားသွားခဲ့ရသည်… “ထန်ထန်က မှော်သားရဲအရေခွံခြုံထားတဲ့ လူတစ်ယောက်လား… ဒီလိုမဟုတ်ဘူးဆိုရင် မူလကျင့်စဉ်တွေကို ဘယ်လိုလုပ်လေ့လာနိုင်ရတာလဲ… ဒါကဘယ်လိုမျိုး မှော်သားရဲအမျိုးအစားလဲ…”

သူ့ရဲ့နှလုံးသားထဲမှာ ဘယ်လိုပဲဟစ်ကြွေးနေပေမဲ့လည်း သူ့အနေနဲ့ သင်ယူဖို့လိုအပ်နေပေသည်။ ဒါ့ကြောင့်ပင် သူကထန်ထန်ကိုကြည့်လိုက်ပြီး ၎င်းရဲ့ခေါင်းကိုညင်သာစွာ ပွတ်သပ်ပေးလျက် ကြင်နာစွာပြုံး၍ပြောလိုက်သည်… “ကောင်းတယ် ထန်ထန်… ငါ့ကို နဂါးခြေလှမ်းနဲ့ နဂါးလက်ဝါးကို ပြပေးဦး…”

သို့ပေမဲ့လည်း ယောင်ယောင်ရဲ့ လွှင့်ပစ်ခြင်းကိုခံလိုက်ရတဲ့အတွက် ထန်ထန်က အခုထိစိတ်ဆိုးနေလျက်ပင်ရှိသေးသည်။ ထို့ကြောင့်ပင် ၎င်းကဇူယွမ်ကို ပျင်းရိစွာဖြင့်တစ်ချက်သာကြည့်လိုက်ပြီး လှုပ်ရှားဖို့ငြင်းဆန်ကာ လဲလျောင်းနေလိုက်သည်။

ဇူယွမ်က လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ကာ ထန်ထန်ရဲ့အစာအိမ်ကိုတို့လိုက်ပြီး အသားလှိုင်းတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ဒါပေမဲ့လည်း သူဘယ်လောက်ထိုးထိုး ဘယ်လောက်တို့တို့ ထန်ထန်ကသေနေသကဲ့သို့ လုံးဝကိုတုန့်ပြန်ခဲ့ခြင်းမရှိပေ။

ဒီသေးငယ်တဲ့ အကောင်စုတ်ကလေးရဲ့ သေချင်ယောင်ဆောင်တဲ့အပြုအမူကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်ခုံးတွေ မြင့်တက်သွားခဲ့ရသည်။ ပြီးတဲ့နောက်မှာ သူရဲ့လက်ကိုအချက်ပြလိုက်သည့်အခါ အစေခံမိန်းခလေးတစ်ယောက်က မူလမှော်သားရဲအသားခြောက်တစ်ပန်းကန် ချက်ချင်းယူဆောင်လာခဲ့လိုက်သည်။

အစာရဲ့အနံ့ကိုရလိုက်တဲ့အခါ ထန်ထန်ရဲ့မျက်လုံးတွေက လှုပ်ရှားလာခဲ့ရသည်။ ၎င်းကချက်ချင်းထရပ်၍ တစ်ချက်ဟောင်လိုက်ပြီး ပန်းကန်ကိုခုန်အုပ်လိုက်သည်။

ဇူယွမ်က ပန်းကန်အားအဝေးကို ဆွဲယူလိုက်သည့်အတွက် ထန်ထန်ကလေကိုသာ ခုန်အုပ်မိခဲ့သည်။ ၎င်းကချက်ချင်းဆိုသလို ဇူယွမ်ကိုသွားဖြဲပြပြီး မာန်ဖီလိုက်သည်။

“ငါ့ကိုအရင်လုပ်ပြရင် မင်းကိုစားခွင့်ပေးမယ်…” ဇူယွမ်ပြုံးကာပြောလိုက်သည်။

ထန်ထန်က ဇူယွမ်ကိုကြည့်လိုက်သလို စွဲမက်စရာကောင်းတဲ့ မူလမှော်သားရဲအသားခြောက်ကိုလည်း ကြည့်လိုက်မိသည်။ အဆုံးမှာ ၎င်းက အရသာရှိတဲ့အစားအသောက်အတွက် အပေးအယူတစ်ခုဖြစ်သွားခဲ့ရပြီး ခြေထောက်နှစ်ချောင်းပေါ်မှာ ရပ်ခဲ့လိုက်သည်။ ၎င်းရဲ့ခြေသည်းတွေရှိတဲ့ခြေထောက်တွေကို ဘေးတစ်ဇောင်းပြုလုပ်လိုက်ကာ ထူးဆန်းတဲ့ ခြေလှမ်းလှုပ်ရှားမှုတွေကို စတင်ပြသလိုက်သည်။

ခြေလှမ်းတစ်လှမ်းချင်းစီက ကျယ်ပြန့်ကာ ရဲရင့်လှပေမဲ့ မြူတွေဖုံးလွှမ်းလာသလို ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းနေပေသည်။ ၎င်းရဲ့ခန္ဓာကိုယ်က လျင်မြန်စွာမှုန်ဝါးလာခဲ့ကာ တိမ်ထဲမှာနဂါးတစ်ကောင်ပျံဝဲနေသကဲ့သို့ မထင်မရှားမြင်လိုက်ရပြီး ဒါကိုထွက်ပေါ်လာအောင်လုပ်ဖို့ ခက်ခဲလှပေသည်။

သေးငယ်တဲ့ အကောင်လေးက သူရဲ့နောက်ခြေနှစ်ချောင်းပေါ်မှာရပ်လျက် ခက်ခဲရှုပ်ထွေးတဲ့ ခြေလှမ်းလှုပ်ရှားမှုတွေကို လုပ်ဆောင်ပြနေတာက ရယ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကဲ့သို့ပင်။ သို့ပေမဲ့လည်း ဇူယွမ်ရဲ့အမူအယာက အလွန်အမင်းစိတ်လှုပ်ရှားနေပြီး သူ့ရဲ့မျက်လုံးတွေက ထန်ထန်အပေါ်မှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလျက်ရှိသည်။

“ဒါကို နဂါးခြေလှမ်းလို့ခေါ်တယ်… နဂါးတစ်ကောင်က တိမ်တွေထဲမှာ ပုန်းကွယ်နေတာကို မြင်နိုင်ရုံပဲရှိတယ်… နဂါးခြေလှမ်းက လူတစ်ယောက်ကို အရိပ်တစ်ခုလို ထင်ယောင်ထင်မှားဖြစ်စေပြီးတော့ တခြားလူတွေနင့်ကို မဖမ်းမိနိုင်အောင်လုပ်နိုင်စွမ်းရှိတယ်…” ယောင်ယောင်ရဲ့ စိတ်ဝင်စားမှုမရှိတဲ့လေသံက ကျောက်တုံးအိမ်လေးထံမှ ထွက်ပေါ်လာခဲ့သည်။

“နင်က ထန်ထန်ကို တိုက်ဖို့ကြိုးစားကြည့်နိုင်တယ်…”

ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို ထုတ်ယူလိုက်ပြီး လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။

“သိုင်းပညာပုံစံ…”

တစ်ပေအရှည်ရှိတဲ့ ကောင်းကင်ယွမ်စုတ်တံက ချက်ချင်းဆိုသလို ရှည်လျားလာခဲ့ပြီး ဇူယွမ်ကလက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားလိုက်သည်။ ၎င်းရဲ့ခန္ဓာကိုယ်က အရှေ့ကိုလျင်မြန်စွာပြေးထွက်သွားခဲ့ပြီး စုတ်တံရဲ့ထိပ်ဖျားက ထန်ထန့်ဆီကို လှည့်စားလျက်ဝင်ရောက်လာခဲ့သလို လေထုရဲ့ပေါက်ကွဲသံကလည်း တစ်ပါတည်းလိုက်ပါလာခဲ့သည်။

ဇူယွမ်မကြာသေးမီက အချိန်တချို့ကို အခြေခံလှံနည်းစနစ်တွေ လေ့ကျင့်ဖို့ရန်အတွက် အသုံးပြုခဲ့ရသည်။ ထို့ကြောင့်ပင် ယခုသူကောင်းကင်ယွမ်စုတ်တံကို အသုံးပြုသည့်နည်းလမ်းက အနည်းငယ်အဆင်ပြေလာခဲ့သည်။

စုတ်တံထိပ်ဖျားကရှေ့ကို ရက်ရက်စက်စက်ပစ်လွင့်သွားခဲ့သည်။ ဒါပေမဲ့လည်း ထန်ထန်ကို ရိုက်မိနိုင်ဖို့မဖြစ်နိုင်ခဲ့ပေ။ ၎င်းရဲ့ခြေထောက်တွေက တိမ်းစောင်းသွားခဲ့ပြီး ခန္ဓာကိုယ်က အဝေးမှာပျောက်ကွယ်သွားတာကို မြင်လိုက်ရပြီး စုတ်တံထိပ်ဖျားက လွဲချော်သွားခဲ့ရသည်။

ဇူယွမ်သူ့ရဲ့မျက်လုံးတွေကို မယုံကြည်နိုင်ခဲ့ပေ။ သူ့ရဲ့လက်မောင်းထဲမှာ စွမ်းအားတွေ လှည့်ပတ်သွားခဲ့သလို ကောင်းကင်ယွမ်စုတ်တံဖြင့် ရက်စက်တဲ့အသံနဲ့အတူ အရှေ့ကို ရုတ်တရက်ဆောင့်ထိုးလိုက်သည်။ ၎င်းကထိတ်လန့်ကြောက်ရွံ့စရာ မြင်ကွင်းတစ်ခုပင် ဖြစ်ပေသည်။

သို့ပေမဲ့လည်း ထန်ထန်က နှေးခြင်းမြန်ခြင်းမရှိဘဲ ဆက်တိုက်လှုပ်ရှားနေသလို အချိန်တိုင်းအချိန်တိုင်းမှာလည်း အဝေးကိုမှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။ ဇူယွမ်အနေနဲ့ သူဘယ်လောက်ပဲတိုက်ခိုက်တိုက်ခိုက် သူ့ရှေ့ကဒီအကောင်လေးကို ပွန်းပဲ့ရာလေးတစ်ခုတောင် ထင်အောင်လုပ်နိုင်စွမ်းမရှိခဲ့ပေ။

နောက်ဆုံး ဇူယွမ်ကရပ်တန့်လိုက်ပြီး အသက်ကိုပြင်းစွာရှူလိုက်ရင်းမှ သူ့ရဲ့မျက်လုံးတွေထဲမှာ အလင်းရောင်တွေတောက်ပလာခဲ့ရသည်။ သူ့အနေနဲ့ နဂါးခြေလှမ်းရဲ့နက်ရှိုင်းမှုကို ယုံကြည်ခဲ့ရပေသည်။ ဒီလိုမျိုးတိမ်တွေလိုပေါ့ပါးတဲ့ ခြေလှမ်းလှုပ်ရှားမှုက ရန်သူကို မူးနောက်သွားစေနိုင်သည်။ ၎င်းကသေချာပေါက်ကို သာမန်မူလကျင့်စဉ်တစ်ခုမဟုတ်ပေ။

ဇူယွမ်ရပ်တန့်သွားတာကို မြင်လိုက်ရတဲ့အခါ ထန်ထန်ရဲ့လှုပ်ရှားမှုတွေကလည်း နှေးကွေးလာခဲ့သည်။ ၎င်းကဇူယွမ်ကို အထင်သေးစွာကြည့်လိုက်ပြီး သူ့ရဲ့သေးငယ်တဲ့ လက်သည်းတွေနဲ့ အစာအိမ်ကို ပုတ်ပြလိုက်သည်။

“နဂါးခြေလှမ်းကို တစ်ကြိမ်လေ့လာပြီးတာနဲ့ လူတစ်ယောက်ရဲ့မူလချီတွေက လေထုနဲ့အတူ တုန်ခါလာပြီးတော့ လှုပ်ရှားမှုကိုဖုံးကွယ်နိုင်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်… ပြောရမယ်ဆိုရင် တခြားလူတစ်ဦးကနင့်ရဲ့လည်ပင်းကို အတိအကျရည်ရွယ်ပြီးတိုက်ခိုက်လိုက်ပေမဲ့ တကယ့်လက်တွေ့မှာ ဒီတိုက်ခိုက်မှုကနင့်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကနေ သုံးလက်မလောက်လွဲချော်သွားလိမ့်မယ်… ဒီလိုသုံးလက်မလောက် လွဲချော်သွားစေတာက နဂါးခြေလှမ်းရဲ့အနှစ်သာရပဲ…”

“နောက်တစ်ခုက နဂါးလက်ဝါးပဲ…” ယောင်ယောင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ဇူယွမ်သူ့ရဲ့ခေါင်းကိုမော့၍ ထန်ထန်ကိုကြည့်လိုက်သည်။ ၎င်းကရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်ခဲ့လိုက်ပြီး လွတ်လပ်ပြီးပြင်းထန်တဲ့အမူအယာဖြင့် ၎င်းရဲ့လက်သည်းတွေနဲ့ လှမ်းရိုက်လိုက်သည်။ ဒီမြင်ကွင်းက ကြီးမားတဲ့စွမ်းအားအရှိန်အဝါတွေ ထုတ်လွှတ်နေလျက်ရှိတဲ့ ကြီးမားတဲ့နဂါးကြီးတစ်ကောင် ၎င်းရဲ့လက်သည်းနဲ့ တောင်တစ်လုံးကို တအားလှမ်းရိုက်လိုက်သည်နှင့် တူလှပေသည်။

ဘန်း!

လက်သည်းအရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးတစ်ခုပေါ်ကို အရှိန်ပြင်းစွာကျရောက်သွားခဲ့သည်နှင့် ၎င်းကချက်ချင်းကွဲကြေသွားခဲ့ကာ မရေတွက်နိုင်လောက်တဲ့ ကျောက်တုံးအပိုင်းအစလေးတွေအဖြစ် အရပ်မျက်နှာအနှံ့ကို ပြန့်ကြဲသွားခဲ့ရသည်။

ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ဒီရိုက်ချက်ရဲ့နောက်ကွယ်မှာ ပါဝင်တဲ့စွမ်းအားက အမှန်တကယ်ကို ကြီးမားလှပေသည်။ ပိုပြီးအရေးကြီးတဲ့အချက်က ထန်ထန်ဟာ စွမ်းအားမြင့်တဲ့မူလချီတွေကို အသုံးမပြုခဲ့ဘူးဆိုတာကို သူခံစားနိုင်ခဲ့သည်။ ဒါက သူသာ၎င်းအစားအသုံးပြုခဲ့မယ်ဆိုရင် ဒီကျင့်စဉ်ရဲ့စွမ်းအားက ဒီထက်အားမနည်းနိုင်ဘူးလို့ ဆိုလိုပေသည်။

နဂါးလက်ဝါးကျင့်စဉ်က မူလစကြာဝဠာလက်သီးကျင့်စဉ်နဲ့ လေအလင်းကွဲထွက်ခြင်းလက်သီးကျင့်စဉ်ထက် ပိုပြီးအားကောင်းလေသည်။

ဝုတ် ဝုတ်!

ထန်ထန်က ဇူယွမ့်ရှေ့မှာ မျှော်လင့်တကြီးနဲ့ သူ့ကိုမြန်မြန်ကျွေးတော့လို့ ပြောနေသလိုပင် ၎င်းရဲ့လက်သည်းတွေက မူလမှော်သားရဲအသားခြောက်ပန်းကန်ကို ညွှန်ပြလျက် ဟောင်လိုက်သည်။

ဇူယွမ်က အသားခြောက်ပန်းကန်ကို ချပေးခဲ့လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက လေးလေးနက်နက် စဉ်းစားနေလျက်ရှိပေသည်။ သူ့အနေနဲ့ ကုန်လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ နဂါးကခုန်ခြင်းပုံစံလှုပ်ရှားမှုရဲ့ အခြေခံကိုကျွမ်းကျင်ခဲ့သည်ဟု သတ်မှတ်နိုင်သည်။ ဒါ့ကြောင့်ပင် အစောပိုင်းတုန်းက နဂါးခြေလှမ်းနဲ့ နဂါးလက်ဝါးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ နဂါးကခုန်ခြင်းပုံစံရဲ့ အခြေခံကနေဆင်းသက်လာတာဖြစ်ကြောင်း ပြောနိုင်ပေသည်။

ဇူယွမ်အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်နေခဲ့ပြီးမှ ရုတ်တရက် သူ့ရဲ့ခြေထောက်ကိုမြှောက်လိုက်ကာ ရှေ့ဘက်ကိုဘေးတစ်ဇောင်း ခြေလှမ်းလိုက်သည်။ သူ့ရဲ့ခြေလှမ်းတွေက ပုံမှန်မဟုတ်ပဲ ထူးခြားစွာလျှောက်လှမ်းနေခဲ့ပြီး နဂါးတစ်ကောင်ပျံဝဲနေသည့်အလား ထင်မှတ်ရပေသည်။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ထဲက ပထမစွမ်းအင်ဝင်ပေါက်က ပတ်ဝန်းကျင်မှာရှိတဲ့ မူလချီတွေကို စတင်စုပ်ယူလိုက်ကာ သူ့ရဲ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားစေလိုက်သည်။

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲက မူလချီတွေက သူ့ရဲ့ခြေလှမ်းတွေအတိုင်း လှည့်ပတ်သွားကြပြီး ဇူယွမ်ရဲ့ခြေထောက်တွေက အလျားလိုက်လျင်မြန်စွာ ရွေ့လျားသွားသည့်အခါ သူ့ခန္ဓာကိုယ်ကလည်း အချိန်တစ်ခုကြာအောင် ရှာတွေ့နိုင်ခြင်းမရှိဘဲ မှုန်ဝါးပျောက်ကွယ်သွားခဲ့ရသည်။ ၎င်းကလွန်စွာထူးဆန်းလှပေသည်။

ကျောက်တုံးအိမ်လေးထဲမှာရှိနေတဲ့ ယောင်ယောင်က ဒါကိုမြင်လိုက်ရတဲ့အခါ သူမမျက်လုံးတွေထဲမှာ အလင်းရောင်တစ်ချက်ဖြတ်ပြေးသွားခဲ့ရသည်။ မကြာမီမှာပဲ ဝမ်းသာတဲ့အပြုံးတစ်ခုက သူမရဲ့မျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့သည်။

ဒါက ဇူယွမ်တစ်ယောက် နဂါးခြေလှမ်းရဲ့အနှစ်သာရအနည်းငယ်ကို ဖမ်းဆုပ်နိုင်ခဲ့လိုက်သောကြောင့်ပင်။

ဇူယွမ်ဆက်ပြီး လေ့ကျင့်နေခဲ့လိုက်သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် ကြာပြီးသွားတဲ့နောက်မှာ အရင်ကသူအတွေ့အကြုံမရှိခဲ့တဲ့ ခြေလှမ်းတွေဟာ တဖြည်းဖြည်းနဲ့ ပိုပြီးကျင့်သားရလာခဲ့သည်။ သူ့ရဲ့ခြေလှမ်းတွေကို စိတ်ထင်သလိုလျင်မြန်စွာ လှုပ်ရှားနေပုံပေါ်ပြီး အချိန်တိုင်းမှာ သူ့ခန္ဓာကိုယ်က အဝေးကိုမှုန်ဝါးပျောက်ကွယ်သွားခဲ့ကာ မြူခိုးတွေလိုမြင်တွေ့နိုင်ဖို့ရန်ပင် ခက်ခဲလာခဲ့သည်။

ဇူယွမ်ရပ်တန့်ပြီးသွားတဲ့အချိန်ထိတိုင်အောင် သူ့ရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေရပေသည်။ နဂါးခြေလှမ်းက အမှန်တကယ်ကို အံ့အားသင့်စရာကောင်းလှပေသည်။ လူတစ်ယောက်ရဲ့ မူလချီတွေနဲ့ ပတ်ဝန်းကျင်လေထုကြားထဲမှာ တိကျသေချာတဲ့အထူးတလည်တုံ့ပြန်မှုတစ်ခုက လူတစ်ယောက်ကို အချိန်ခဏကြာအောင် မှုန်ဝါးပျောက်ကွယ်သွားစေသည်။ ၎င်းကလူတစ်ယောက်ရဲ့ တည်နေရာအမှန်ကို ဖုံးကွယ်ပေးထားနိုင်ပြီး ဘယ်ဟာကအတု ဘယ်ဟာကအစစ်လဲဆိုတာကို ပြောဖို့ရန်ခက်ခဲစေသလို အခြားလူတွေအတွက်လည်း ၎င်းကိုရှာတွေ့နိုင်ဖို့က လွန်စွာခက်ခဲလှပေသည်။

နဂါးခြေလှမ်းကို နားလည်မှုတစ်ချို့ရရှိခဲ့ပြီးတဲ့နောက်မှာ ဇူယွမ်ရဲ့အတွေးက နဂါးလက်ဝါးကျင့်စဉ်အပေါ် ပြောင်းလဲရောက်ရှိသွားခဲ့သည်။

ဒီပြင်းထန်ပြီး ကြီးမားတဲ့စွမ်းအားရှိတဲ့ကျင့်စဉ်က ကြီးမားတဲ့နဂါးကြီးတစ်ကောင် သူ့ရဲ့လက်တစ်ဖက်နဲ့ တောင်တစ်လုံးကို အရှိန်ပြင်းစွာရိုက်ချလိုက်သည်နှင့် တူပေသည်။ ဒီချက်ချင်းပေါက်ကွဲထွက်ပေါ်လာသည့်စွမ်းအားက အံ့အားသင့်တုန်လှုပ်စရာကောင်းလှသည်။

ကျင့်စဉ်က ခက်ခဲရှုပ်ထွေးခြင်းအလျဉ်းမရှိချေ။ လူတစ်ယောက်ကမူလချီတွေကို စွမ်းအင်ဝင်ပေါက်တစ်လျှောက်စီးဆင်းစေလျက် ကြီးမားတဲ့နဂါးတစ်ကောင်က သူ့ရဲ့လက်တွေနဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သလိုမျိုး ပြင်းထန်စွာတိုက်ခိုက်ရန်သာ လိုအပ်သည်။ ဇူယွမ်ရဲ့လက်သီးတွေက ရိပ်ခနဲလှုပ်ရှားသွားခဲ့သည်။ ၎င်းကနှေးကွေးစွာ လှုပ်ရှားသွားခဲ့ပေမဲ့ ၎င်းရဲ့အထဲမှာအရမ်းကိုကြီးမားတဲ့အားအင်တွေ သယ်ဆောင်လာတာကို ခံစားနိုင်ပေသည်။

တစ်ချိန်တည်းမှာ မူလချီတွေက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်ဝင်ပေါက်တစ်လျှောက် စီးဆင်းသွားခဲ့ပြီး သူ့ရဲ့လက်သီးထဲကို ဝင်ရောက်သွားခဲ့ကြသည်။ အခုအချိန်မှာ ဇူယွမ်ရဲ့မျက်လုံးတွေက တည်ငြိမ်နေခဲ့သလို သူ့ရဲ့နုနယ်တဲ့မျက်နှာလေးကလည်း ခက်ထန်လာခဲ့ရသည်။ သူရဲ့လက်တွေက အဆက်မပြတ်လှုပ်ရှားနေခဲ့သလို တစ်ကြိမ်မှာတော့ နောက်ကိုဆွဲယူလိုက်ပြီး မချိုးဖျက်နိုင်လောက်အောင်သန်မာတဲ့ သူ့ရဲ့လက်သည်းတွေနဲ့ ကြီးမားတဲ့နဂါးကြီးတစ်ကောင်က ကျောက်တုံးကိုအားနဲ့ရိုက်ချလိုက်သလိုမျိုး ရှေ့ကိုလှမ်းရိုက်ချလိုက်သည်။

ဘုန်း!

ဇူယွမ်ရဲ့လက်သီးက ကြီးမားတဲ့သစ်ပင်ရဲ့ပင်စည်ပေါ်ကို ပြင်းပြင်းထန်ထန်ပဲ ကျရောက်သွားခဲ့သည်။ သူ့ရဲ့လက်သီးအလယ်မှ စွမ်းအားတွေထိန်းချုပ်မရနိုင်အောင် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သစ်ပင်ရဲ့ပင်စည်တစ်ခုလုံးက လက်သီးချက်တစ်ချက်တည်းနဲ့ သစ်သားအပိုင်းအစတွေအဖြစ် ချက်ချင်းလွင့်ပျံသွားခဲ့ရသည်။ ဇူယွမ်ရဲ့မျက်နှာပေါ်မှာ ချွေးတွေစီးကျနေပေမဲ့ သူ့ရဲ့မျက်လုံးတွေက တောက်ပလျက်ရှိနေသည်။ ဒီနဂါးခြေလှမ်းကျင့်စဉ်နဲ့ နဂါးလက်ဝါးကျင့်စဉ်တွေနဲ့အတူ သူ့ရဲ့တိုက်ပွဲစွမ်းအားကလည်း ခုန်တက်သွားလိမ့်မည်ကို ဇူယွမ်သိပေသည်။

နောက်တစ်ခုက သူသာဒုတိယစွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီဆိုတာနဲ့ ကျောင်းသားသစ်စာမေးပွဲမှာ ဘယ်သူ့ကိုမှကြောက်နေစရာလိုတော့မည်မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset