ထပ်ပြီး တိတိကျကျ ပြောရရင် သည်လူငယ်က ဝမ်လင်း အဗာတာ ကျင့်စဉ်ဖြင့် ဖန်တီးခဲ့သော ဝမ်လင်း၏ ကိုယ်ပွားပင် ဖြစ်၏။ သို့သော် သည်ခန္ဓာကိုယ်က နှစ်သုံးဆယ်သာ အသက်ရှင်သန် ရသေး၏။
သည်အစီအစဉ်က သာလျှင် သူစဦးစိတ်ဝိညာဉ် အဆင့်သို့ရောက်ရန် အတွက် သူ့ကျင့်ကြံမှု အဆင့်ကို မဆုံးရှုံးမည် ဖြစ်သည်။ သူ့မူရင်း ခန္ဓာကိုယ်ကတော့ တိမ်ကောင်းကင် ကလန်အနီး တစ်နေရာ၌ ပုန်းအောင်းနေ၏။
သူက ဂူကိုအစော ကတည်းက စွန့်ပစ်ထားလိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ ကိုယ်ပွား ထွက်လာလျှင် အလင်းတန်းများက ကောင်းကင်သို့ ထိုးတက် သွားမည်ကို သိနေသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူက ဂူကို လျင်မြန်စွာ စွန့်ပစ်ပြီး တံခါးပိတ် ကျင့်ကြံရန် အတွက် နောက်ထပ် တစ်နေရာကို ရှာဖွေခဲ့လေ၏။
ဝမ်လင်း၏ ကိုယ်ပွားက လွန်ခဲ့သော လများက တောင်ခြေရွာလေးမှာ ရှိနေစဉ် သူ့အဓိက ခန္ဓာကိုယ်က တံခါးပိတ်ကာ လေ့ကျင့်လျက် ရှိ၏။ သူက တိမ်ကောင်းကင် ကလန်၏ လူရွေးပွဲသတင်းကို ကြားသောအခါ အနည်းငယ် စဉ်းစားပြီး ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဝမ်လင်း၏ အခုလက်ရှိ အဖြစ်အပျက် မြင်ကွင်းများက သည်အကြောင်း တရားများကြောင့် ဖြစ်လာခြင်း ဖြစ်၏။ သူ့ပထမ အစီအစဉ်က စိတ်ဝိညာဉ် အရည်များ ပြုလုပ်ပြီး တိမ်ကောင်းကင် ကလန်၏တပည့် တစ်ယောက်ကို ပြန်ပေးဆွဲကာ ကလန်ထဲ ဝင်၍ ဆေးလုံးခိုးရန် ဖြစ်သည်။
သို့သော် အခုလိုမျိုး ဖြစ်လာသောအခါ သူ့မူလ အစီအစဉ်ကို လက်လျှော့ခဲ့လေ၏။ သူသာ တိမ်ကောင်းကင် ကလန်သို့ ဝင်ရောက်နိုင်မည် ဆိုပါက ကလန်၏ တပည့်ကို ပြန်ပေးဆွဲစရာ မလိုတော့သည့် အပြင် ကလန်ထဲသို့ ခိုးဝင်စရာလည်း မလိုအပ်တော့ပေ။
မိန်းကလေးက ဝမ်လင်းနှင့် အတူ ဂိတ်တံခါးရှိ တပည့်များ၏ ခေါ်ဆောင်မှုဖြင့် အထဲသို့ ဝင်သွားလိုက်သည်။ မိန်းကလေး၏ အစ်ကိုကတော့ ပြန်ထွက်ခွာ သွား၏။ သို့သော် သူက မထွက်ခွာခင် ဝမ်လင်းကို တစ်ချက် စောင်းငဲ့ကြည့် သွားသေးသည်။
ဝမ်လင်း၏ အမူအရာက တည်ငြိမ်လျက်ပင်။ သူ့ကျင့်ကြံမှု အဆင့်များ လျော့နည်း သွားသော်လည်း သူ့မှာ အတွေ့အကြုံများ ကျန်ရှိနေ သေးပေသည်။
တိမ်ကောင်းကင် ကလန်၌ ရပ်အတော်ကြာ နေပြီးသည့်နောက် ကောင်းကင်ပေါ်ရှိ စကားလုံး သုံးလုံးသည် ပျောက်ကွယ်သွားပြီ ဖြစ်၏။ သည်အရာက တိမ်ကောင်းကင် ကလန်၏ လူသစ်ရွေးပွဲ ပြီးဆုံးကြောင်းလည်း ဖြစ်သည်။
သည်နေ့တွင် လူထောင်ပေါင်း များစွာသော လူများက တောင်၏အောက်ခြေရှိ ကြီးမားသော စင်မြင့်ကြီးပေါ်မှာ စစ်ဆေးမှုအတွက် စောင့်မျှော် နေကြသည်။ သည်လူ အများစုက ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်များ ဖြစ်ကြ၏။ သူတို့ထဲ၌ ဝမ်လင်းကဲ့သို့ ချီစုဆောင်းခြင်း အဆင့် (၂)၊ အဆင့်(၃)သာ ရှိသေးသော်လည်း အချို့မှာ အမြုတေ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
စင်မြင့်၏ အစွန်း၌မူ တိမ်ကောင်းကင် ကလန်ရှိ တပည့် ဒါဇင်လောက်က မတူညီသော မျက်နှာ အသွင်များနှင့် ရှိနေကြ၏။ သူတို့ပုံစံက ဂုဏ်ယူ နေသည့်ဟန် ရှိသည်။ သူတို့က တိမ်ကောင်းကင် ကလန်၏အဖွဲ့ဝင်များ ဖြစ်သောကြောင့် ကလန်ထဲသို့ ဝင်ရောက်ရန် ကြိုးစား နေသူများ၏ အဆင့်ထက် ပင်ကိုအားဖြင့် သာလွန်နေသည်။
သိပ်မကြာခင်မှာပဲ အဖြူရောင် ဝတ်စုံဖြင့် သက်လတ်ပိုင်း လူကြီးက တောင်ပေါ်မှ ဆင်းသက် လာခဲ့သည်။ သူကစင်မြင့်ထက် လေထဲတွင် ရပ်တန့်လိုက်သည်။ လူတိုင်းက သူ့ကို မော့ကြည့် လိုက်ကြသည်။ သူက လေသံ ခပ်နိပ်နိပ်ဖြင့် ပြောလိုက်၏။
“မင်းတို့က တိမ်ကောင်းကင် ကလန်ကို ဝင်ရောက်ချင်တယ် ဆိုရင် မင်းတို့ရဲ့ ရာထူး ဂုဏ်ဒြပ်တွေကို နှိမ့်ချထားရမယ် …။ မင်းတို့က အဲ့လိုဆန္ဒ မရှိဘူးဆိုရင် အခုထွက်သွား နိုင်တယ် …”
သူက ထိုသို့ပြောပြီး နောက်မှာ မည်သူကမှ ထွက်ခွာသွားခြင်း မရှိပေ။ သူတို့အားလုံးက ထိုလူကို ဆုံးဖြတ်ချက် ချထားပြီးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သည်လူ အများစုမှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်မှ လူများဖြစ်ကြသည်။ သက်လတ်ပိုင်း လူကြီးက ထိုစကားများ ပြောခဲ့ခြင်းမှာ သူတို့ကို ရည်ရွယ်ခဲ့ကြောင်း သိ၏။
အချိန်အနည်းငယ် စောင့်ပြီးနောက် သက်လတ်ပိုင်း လူကြီးက လက်ဝှေ့ယမ်း လိုက်ရာ စင်မြင့်အလယ်၌ ပြင်းထန်သော အားတစ်ခု ပေါက်ကွဲလာခဲ့သည်။ ပေါက်ကွဲမှုကြောင့် အနားရှိ လူများသည် လွင့်ထွက်သွားပြီး စင်မြင်အလယ်၌ (၁၀) ပေခန့် နေရာလွတ်ကြီး ဖြစ်သွားလေ၏။
တစ်ချိန်တည်းမှာပင် မြူနက် တိုင်လုံးကြီးက မြေပြင်ပေါ်မှ မြင့်တက် လာခဲ့သည်။ ၎င်းက အလွန် ထူးဆန်း၏။ သည်အရာက ဧရာမလက်ကြီး တစ်ခုက ကောင်းကင်ကို ထိုးခွင်းလိုက် သလိုပင်။ ၎င်းတိုင်လုံးကြီးက မြေပြင်မှ မြင့်တက် လာပြီးနောက် ကောင်းကင်ထဲသို့ တိုးဝင်၏။ သူတို့က အောက်ခြေမှ ကြည့်လျှင်လည်း မြူနက်တိုင်လုံးကြီး၏ထိပ်ကို မမြင်ရပေ။
သက်လတ်ပိုင်း လူကြီး၏အသံက လူအုပ်ကြီးပေါ်သို့ လွင့်ပျံလာခဲ့သည်။
“မင်းတို့ကြိုက်တဲ့ နည်းလမ်းကို အသုံးပြုပြု မြူနက် တိုင်လုံးကြီးထဲမှာ ရှိတဲ့ အရာကို တိတိကျကျ ခံစားနိုင်မယ် ဆိုရင် အဲ့လူက အရည်အချင်း ပြည့်မီတယ် …။ အချိန်ကတော့ ခြောက်နာရီ ရမယ် …” သူက ထိုသို့ပြောပြီးနောက် မြေပေါ်သို့ ဆင်းသက်ပြီး တိတ်တဆိတ် ရပ်ကာ မြူနက်တိုင်လုံးကြီးကို စောင့်ကြည့် နေလိုက်သည်။
ဝမ်လင်း၏ အမူအရာကတော့ ပုံမှန်အတိုင်း ရှိနေ၏။ သူက မြူနက် တိုင်လုံးကြီးကို ကြည့်၍ စဉ်းစားလိုက်သည်။ သူက အခုကိုယ်ပွား ဖြစ်နေသော်လည်း သူ့ကျင့်ကြံမှု အဆင့်နှင့် နတ်ဘုရားအာရုံကို မရရှိရုံက လွဲလို့ မူရင်းအဓိကကိုယ်တွင် ရှိသောနည်းလမ်း အားလုံးနှင့် ရှေးဟောင်း နတ်ဘုရားထံမှ ရရှိခဲ့သော မှတ်ဉာဏ်များကို ရရှိခဲ့သည်။
ဝမ်လင်း၏ မျက်လုံးများက အနည်းငယ် တုန်ခါသွားသည်။ သူက မြူနက်တိုင်လုံးကို သေချာကြည့်ရင်း သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ့အမြင်အရ သည်မြူနက် တိုင်လုံးက အတားအဆီးပုံစံ တစ်ခုဖြစ်၏။ သည်အတားအဆီးက ၎င်းအထဲသို့ ဖြတ်ကျော်ကြည့်သော လူများကို စမ်းသပ်သောအရာ ဖြစ်သည်။
သည်အရာက စူးစိုက်ကြည့်နိုင်စွမ်း အားနည်းသူများကို ဖယ်ရှားပစ်သော တိမ်ကောင်းကင် ကလန်၏ အတားအဆီး ဖြစ်၏။ သို့သော် ဝမ်လင်းက သည်အရာမှာ သူတွေးသလို အမှန်ဖြစ်လား ဆိုသည်ကိုတော့ သိပ်မသေချာပေ။
“တိမ်ကောင်းကင် ကလန်ရဲ့ ဘယ်လို တပည့်မျိုးက အခုလို အတားအဆီးကို ရှာတွေ့ခဲ့တာလဲ …”
ဝမ်လင်း၏ ဗဟုသုတအရ အခုလို အတားအဆီးမျိုးမှာ သာမန်လူများ ဖြေရှင်းနိုင်မည့် အရာမဟုတ်ပေ။ သို့အတွက်ကြောင့် စင်မြင့်ပေါ်မှာရှိသော လူထောင်ပေါင်း များစွာထဲက အကုန်လုံး နီးပါးမှာ သည်အတားအဆီးကို ဖြတ်ကျော် မမြင်နိုင်လောက်ပေ။
ဝမ်လင်းက အတားအဆီးကို ဖြတ်ကျော် မြင်နိုင်သော်လည်း ချက်ချင်း ချိုးဖျက်ခြင်း မရှိသေးဘဲ သူက စောင့်ဆိုင်း နေလိုက်၏။ သူက တိမ်ကောင်းကင် ကလန်မှာ လူများကို စုစည်းပြီး သူတို့အားလုံးကို အရည်အချင်း မရှိလို့ ပြောမည်ကို မယုံကြည်ပေ။
သူ့ထင်မြင်ချက်သာ မှန်မည်ဆိုပါက တစ်စုံတစ်ယောက်က အတားအဆီးအတွက် အဖြေကို မကြာခင် ရှာတွေ့လိမ့်မည် ဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်း၌ အချိန်က သုံးနာရီ ကုန်သွားခဲ့ပြီ ဖြစ်၏။ အချို့လူများက ဂနာမငြိမ် ဖြစ်လာပေပြီ။ သူတို့က နတ်ဘုရား အာရုံများ အသုံးပြုကြ သော်လည်း မြူနက်များ အနားသို့ ရောက်သွားသည့် အခါ၌ ထူးဆန်းသော အားတစ်ခုက သူတို့၏နတ်ဘုရား အာရုံကို တွန်းထုတ်လေသည်။ သူတို့က မအောင်မမြင် ဖြစ်ကြရသည်။
နောက်ဆုံးမှာတော့ လူတစ်ယောက်က သိုလှောင်အိတ်ကို နှိုက်၍ သစ်သားပန်းပုရုပ် တစ်ခုကို ထုတ်လိုက်၏။ သည်သစ်သား ပန်းပုလေးက သိမ်းငှက်ပုံ ရှိသည်။ ထို့နောက်သူက မန္တန်တစ်ခု ရွတ်လိုက်ပြီး မြူနက်ထဲသို့ ၎င်းကို ပစ်လွှတ်လိုက်၏။
သက်လတ်ပိုင်း လူကြီးက ထိုလူနှင့် ပတ်သက်၍ မည်သို့မျှ ပြောခြင်းမရှိပေ။ သို့သော်သူက မြူနက်တိုင်လုံးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ဝမ်လင်းက သက်လတ်ပိုင်းလူကြီး၏ အသွင်က တည်ငြိမ်ဟန် ရှိနေသော်လည်း တိမ်ကောင်းကင် ကလန်၏ တပည့်များ၏ အသွင်အပြင် များမှာမူ ထူးဆန်း သွားသည်ကို သတိထားမိ လိုက်သည်။
သစ်သား သိမ်းငှက်က ထွက်ပေါ်လာသည်နှင့် ချက်ချင်း ရွှေရောင် သိမ်းငှက် တစ်ကောင်သို့ ပြောင်းသွားကာ မြူနက် တိုင်လုံးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားလေ၏။ ရွှေရောင် သိမ်းငှက်က တိုင်လုံးကို ထိတွေ့မိသည်နှင့် အထဲမှ လက်တစ်ဖက် ပေါ်လာခဲ့ပြီး သိမ်းငှက်ကို ဆွဲဖမ်းလိုက်သည်။ ထို့နောက် မြူနက်များ ကြားထဲသို့ ဆွဲသွင်း လိုက်တော့သည်။
သိမ်းငှက်ကို စေလွှတ်လိုက်သော လူ၏ အသွင်မှာ ပြောင်းလဲသွား၏။ သူက သက်လတ်ပိုင်း လူကြီးထံသို့ လျင်မြန်စွာ သွား၍ ပြောလိုက်သည်။
“ဂျူနီယာ အရှုံးပေးပါတယ် …။ စီနီယာက ကျွန်တော့်ရဲ့ ရတနာကို ပြန်ယူပေး နိုင်မလား …။ ဒါက ဂျူနီယာရဲ့ မိသားစုရတနာ ဖြစ်နေလို့ပါ …။ ကျေးဇူးပြု၍ စီနီယာ …”
သက်လတ်ပိုင်း လူကြီးက ထိုလူကို သေချာကြည့်ကာ ပြန်ပြောလိုက်သည်။
“ရွှေရောင် သိမ်းငှက်က ကျုံးစွန်မိသားစုရဲ့ အမွေအနှစ် ရတနာပဲ …။ ငါတို့ကလန်က ဒါကို သိမ်းထားမှာ မဟုတ်ဘူး …။ မင်းနုတ်ထွက်တယ် ဆိုရင် အကုန်လုံး ထွက်သွားတဲ့အခါ ငါမင်းကို ပြန်ပေးမယ် …”
ထိုလူက စိတ်သက်ရာ ရသွား၏။ သူ့မျက်လုံးများက ကျေနပ်မှုများ ပြည့်နေပြီး စင်အောက်သို့ ဆင်းသွားသည်။
သက်လတ်ပိုင်း လူကြီးက ထပ်မံ ပြောဆိုလိုက်သည်။
“ငါဒါကို အစကတည်းက ပြောခဲ့တာပဲ …။ မင်းတို့ကြိုက်တာ အသုံးပြုလို့ ရတယ် …။ အထဲမှာ ရှိတဲ့အရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရင် မင်းတို့ အောင်မြင်ပြီ …”
ထိုအချိန်၌ စင်ပေါ်ရှိ လူငယ်တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ … ကျွန်တော်တို့က အထဲမှာရှိတဲ့ အရာကို ပြောနိုင်မယ် ဆိုရင် ဒီမှာရှိတဲ့ လူတိုင်းက မသိသွားနိုင်ဘူးလား …”
မြူနက်များထဲမှ လက်ထွက် လာသောအခါ ဝမ်လင်း မျက်လုံးများက မြင့်တက်လို့ သွား၏။ သူက လက်ထွက် လာသောအခါ အတားအဆီးကို သေချာ စောင့်ကြည့်လိုက်ရာ သေးငယ်သော အဟတစ်ခု ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်ရသည်။ သူ့အသိဉာဏ်နှင့် နတ်ဘုရား အာရုံကြောင့် ဝမ်လင်းက မြူနက် တိုင်လုံးထဲ၌ မျောလွင့်နေသော ဆေးလုံးအချို့ကို ချက်ချင်း တွေ့မြင်နိုင်ခဲ့၏။
ဝမ်လင်း အသွင်က ပုံမှန်အတိုင်း ရှိနေသေးသော်လည်း သူ့စိတ်ထဲမှာတော့ ခုန်ပေါက် သွားမိသည်။ သို့ရာတွင်သူက အနည်းငယ် စဉ်းစားလိုက်၏။ သူက အလျင်စလို ပြုမူခြင်းတော့ မရှိပေ။ ထိုအချိန်၌ လူအများမှာ ပို၍ ဂနာမငြိမ် ဖြစ်လာ၏။ ထို့နောက်သူတို့၏ ရတနာများကို ထုတ်လိုက်ပြီး မြူနက်ကို ချိုးဖျက်ရန် ကြိုးစား ကြတော့သည်။
လူအများက သူတို့၏ ရတနာများဖြင့် စတင် တိုက်ခိုက် လာကြသည်။ တိုက်ခိုက်သည့် အချိန်တိုင်းမှာလည်း မြူနက်ထဲမှ လက်တစ်ဖက် ထွက်လာခဲ့ပြီး ရတနာများကို ဖမ်းဆုပ်မြဲကာ မြူနက်များထဲသို့ ဆွဲသွင်းမြဲ ဖြစ်နေသည်။ သက်လတ်ပိုင်း လူကြီးကသာ စောနတုန်းကလို ပြောခဲ့ခြင်း မရှိပါက သူတို့က ရတနာများကို အသုံးပြုရဲမည် မဟုတ်ပေ။ အခုချိန်၌ သူတို့က လက်လျှော့မည် ဆိုပါက သူတို့ပိုင်ဆိုင်သော ရတနာများကို ပြန်ရမည် ဖြစ်သည်။
ထို့ကြောင့် များစွာသော ရတနာများက ကောင်းကင်ထက်၌ တစ်ခုပြီးတစ်ခု ပလူပျံ နေတော့သည်။
တိုက်ခိုက်မှုများကြောင့် အက်ကွဲမှုများ ဖြစ်ကုန်သော်လည်း ဝမ်လင်းကတော့ အတားအဆီးထဲရှိ အရာကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ တကယ်တော့သူ့ နတ်ဘုရား မျက်လုံးက အတားအဆီးကို ဖြတ်၍ မြင်နိုင်စွမ်း ရှိပေသည်။
အထဲ၌ ဆေးလုံး(၁၁)ခု၊ ကျောက်စိမ်းပြား(၁၁)ခုနှင့် ဆေးမီးဖို ထွင်းထားသော တုန်ကင် (၁၁) ခုရှိလေ၏။
ဝမ်လင်းက သည်ပစ္စည်း သုံးမျိုးက မည်သည့်အရာကို ကိုယ်စား ပြုသည်ကို မသိချေ။ သို့သော် ထိုခဏ၌ ရွှေရောင် အလင်းတန်း တစ်ခုက မြူနက်များကြားမှ ထွက်လာခဲ့၏။ ရွှေရောင်အလင်းက မြူနက် တိုင်လုံးကို လှည့်ပတ်လိုက်ပြီး ကျောက်စိမ်းပြားထဲသို့ ဝင်သွားပြီး မည်သို့ ဖြစ်ပျက် သွားသည်ကို မသိသော မိန်းကလေး တစ်ယောက် လက်ထဲသို့ ပျံသန်းသွား၏။
သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက မြင့်တက်သွားသည်။ သူက ထိုမိန်းကလေးနားသို့ သွားရောက်ပြီး သူ့လက်ထဲက ကျောက်စိမ်းပြားကို ယူလိုက်သည်။ သူက ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် ပြံး၍ ပြောလိုက်၏။
“မင်း … အောင်သွားပြီ …” သူက ထိုသို့ ပြောလိုက်ပြီးနောက် လက်ယမ်းလိုက်ရာ တိမ်ကောင်းကင် ကလန်မှ တပည့် တစ်ယောက်က သူမကို လာခေါ်သွားလေ၏။
“သူမကို တောင်ပေါ်ကို ခေါ်သွားလိုက် …” ထို့နောက် သက်လတ်ပိုင်း လူကြီးက အောင်မြင်မည့် နောက်တစ်ယောက်ကို ဆက်စောင့် နေလိုက်သည်။
ထိုမိန်းကလေးက အရာအားလုံး မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက် သွားသည်ဟု ခံစားလိုက်ရသည်။ သူမက ကြောင်ငေး နေစဉ်မှာပင် တိမ်ကောင်းကင် ကလန်မှ တပည့်တစ်ယောက် တောင်ပေါ်သို့ ခေါ်ဆောင် သွားတော့သည်။
လူတစ်ယောက် စစ်ဆေးမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင် သွားသည်ကို ကြည့်ရင်း လူအများက တစ်ယောက်နှင့် တစ်ယောက် စတင် ဆွေးနွေးကြတော့သည်။ သို့သော် တိမ်ကောင်းကင် ကလန်မှ လူများကတော့ ထိုအဖြစ်ကို စိတ်ဝင်စားခြင်း မရှိပေ။
ဝမ်လင်း၏ မျက်လုံးများက မြင့်တက် သွားမိသည်။ သူက ရှင်းလင်းစွာ သိနေ၏။ သည်မိန်းကလေးက မြူများကိုဖြတ်၍ မမြင်နိုင်ခဲ့ပေ။ သို့သော် ကျောက်စိမ်းပြားက သူမအား ရွေးချယ် သွားပေသည်။
သက်လတ်ပိုင်း လူကြီးက မိန်းကလေးလက်ထဲ ကျောက်စိမ်းပြား ကျရောက်လာသော အခါ ချက်ချင်း မရွေးသေးပေ။ သူက ကျောက်စိမ်းပြားကို စစ်ဆေးပြီးမှသာ အောင်မြင်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းက သက်လတ်ပိုင်း လူကြီးမှာ ကျောက်စိမ်းပြားက မိန်းကလေးကို ရွေးချယ် သောကြောင့်သာ အောင်မြင်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ သူသာ အလျင်စလို လုပ်မိမည် ဆိုလျှင် သူ့အတွက် မကောင်းတာသာ ဖြစ်ပေမည်။ ဝမ်လင်းက နှာခေါင်းရှုံ့ လိုက်သည်။ တိမ်ကောင်းကင် ကလန်၏ တပည့် လက်ခံခြင်းသည် အမှန် ထူးဆန်းနေ၏။
ထိုခဏ၌ ရွှေရောင် အလင်းတစ်ခု တောက်ပ လာခဲ့ပြန်သည်။ ဝမ်လင်း မျက်လုံးများက ဖျတ်ခနဲ ဖြစ်သွားပြီး သူက အစီအရင် တစ်ခုကို တိတ်တဆိတ် ပြုလုပ်လိုက်၏။ ခုချိန်တွင် သူ့၌ရှိသော စိတ်ဝိညာဉ် စွမ်းအင်ကြောင့် သူက ရိုးရှင်းသော အစီအရင်၊ အတားအဆီး များကိုသာ ပြုလုပ်နိုင်စွမ်း ရှိ၏။
မည်သို့ပင် ဖြစ်စေကာမူ သူ့ပြုလုပ်သော အတားအဆီးများက ရှေးဟောင်း နတ်ဘုရားမှ ဆင်းသက်လာသော ရှေးဟောင်း အတားအဆီးများ ဖြစ်ပေသည်။ သည်အရာက သာမန် ကျင့်ကြံသူများ၏ အတားအဆီးများနှင့် နှိုင်းယှဉ်စရာပင် မလိုချေ။
***