Switch Mode

အပိုင်း(၂၃၄)

ကျင့်ကြံမှု အဆင့်ကို ဖျက်ဆီးစရာ မလိုသောနည်းလမ်း

ဝမ်လင်းက ကြာပွင့် အတားအဆီးကို လုံးဝ ဖယ်ရှားပြီးမှသာ သူ့အစီအစဉ်များကို ဆက်လုပ်နိုင်မည် ဖြစ်၏။ သူက လိုဏ်ဂူထဲမှ ထွက်လာပြီး အသက်ဝဝ ရှူလိုက်၏။ သူက မြေအောက်ထဲမှ မြေလွတ်မြောက်ခြင်း ကျင့်စဉ်ကို အသုံးပြု၍ အပြင်သို့ လျင်မြန်စွာ ထွက်ခွာလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက်မှာ သူ့ရှိခဲ့သော မြေအောက်ထဲရှိ လိုဏ်ဂူသို့ ပြန်လာခဲ့၏။ ထို့နောက်သူက ခြေထောက်ချိတ်ကာ ထိုင်ချလိုက်ပြီး အတားအဆီး အလံကို ထုတ်လိုက်သည်။ အလံထွက်ပေါ် လာသည့်ခဏ၌ ဂူတစ်ခုလုံးသည် ထောင်ပေါင်း များစွာသော အတားအဆီးများဖြင့် ဖုံးအုပ် သွားတော့၏။

ဝမ်လင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ သူက သူ့ကိုယ်ထဲရှိ ကပြောင်းကပြန် ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအင်များကို ခန္ဓာကိုယ်ထဲရှိ သွေးကြော အနှံ့ဆီ ရွေ့လျား စေလိုက်၏။ တဖြည်းဖြည်းဖြင့် သူ့တစ်ကိုယ်လုံးတွင် စိတ်ဝိညာဉ် စွမ်းအင်များ လည်ပတ်လာပြီး သူ့အမြုတေကို ပြန်လည် ကုစားပေး၏။ ဝမ်လင်း၏ အမြုတေက ပြန်လည် ကောင်းမွန်လာပြီး အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်သို့ ပြန်ရောက်သွား၏။

တစ်ချိန်တည်းမှာပဲ ဝမ်လင်းက သူ့သွေးကြော အနှံ့ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းပြီး ကြာပွင့် အတားအဆီးကို ဆောင့်ချေလိုက်သည်။

ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ရန် ကြိုးစားသောအခါ သူ့ဂျိနယ်ပယ်က ဝမ်လင်း၏ အမြုတေကို တိုက်ခိုက်ခဲ့ပေသည်။ ထိုအခါ ပေါက်ကွဲမှု ဖြစ်သွားပြီး ကြာပွင့် အတားအဆီးကို အားပျော့ သွားစေ၏။

အခု ဝမ်လင်းက ကြာပွင့် အတားအဆီးကို ထပ်မံ ချေဖျက်ရာ ၎င်းက အလွန် အားနည်းသွားပြီ ဖြစ်သည်။

သုံးရက် ကြာပြီးနောက် ဝမ်လင်းက မျက်လုံး မှိတ်ထားရာမှ ဖွင့်လာသည်။ ထို့နောက် သူက လက်ချောင်းများဖြင့် သူ့ ရင်ဘတ်ရှိ အစက်များစွာကို ထိတွေ့လိုက်သည်။ သူ့လက်ချောင်းများက ရင်ဘတ်ကို ထိတွေ့မိလိုက်သည့် အချိန်တိုင်း သူ့လက်ချောင်းများ၌ စိတ်ဝိညာဉ် လှိုင်းများ ဖြစ်ပေါ်လာသည်။ ဝမ်လင်းက သူ့ရင်ဘတ်ကို လက်ချောင်းများဖြင့် ခပ်မြန်မြန် ထိလိုက်သောအခါ အလင်းစက်များက ရင်ဘတ်ပေါ်၌ ပေါ်လာခဲ့သည်။ ထိုအလင်းစက်များမှာ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

သည်အလင်းများက တဖြည်းဖြည်း ကြာပွင့်ပုံစံသို့ ပြောင်းသွားသည်။ ဝမ်လင်းက သူ့လက်ကို ရင်ဘတ်ပေါ် ထားလိုက်ပြီး ထိုအလင်းစက်များကို ခပ်ဖြည်းဖြည်း ဖယ်ထုတ်လိုက်သည်။ ထိုအခါ ကြာပွင့်ပုံစံ အလင်းများက သူ့ကိုယ်ထဲမှ တဖြည်းဖြည်း ထွက်သွားတော့သည်။

အလင်းများက ဝမ်လင်းခန္ဓာကိုယ် သုံးပေပတ်လည်မှာ ဝန်းရံလျက် ရှိပြီး ကြာပွင့်မှ ထွက်လာသော ငွေရောင် အလင်းများက သူ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်လျက် ရှိနေသေးသည်။

ဝမ်လင်း တစ်ကိုယ်လုံးမှာလည်း ချွေးများ စိုရွှဲနေပြီ ဖြစ်၏။ သို့သော် သူက ကြာပွင့် အတားအဆီးကို လုံးဝ ဖယ်ရှားနိုင်ရန် အတွက် အံတင်းတင်း ကြိတ်ကာ လက်ဆန့်ထုတ် လိုက်သည်။ ရုတ်တရက် ကြာပွင့်နှင့် ဝမ်လင်း၏ ဆက်သွယ်မှုက ပြတ်တောက်သွားပြီး ကြာပွင့်က သူ့ရှေ့၌ မျော့လွင့်သွား၏။

ဝမ်လင်းက မျက်လုံး ပင့်လိုက်ပြီး သိုလှောင်အိတ်ထဲမှ သားရဲကောင်လေး တစ်ကောင်ကို ထုတ်လိုက်ပြီး ထိုသားရဲနှင့် သူ့ရှေ့ရှိ ကြာပွင့် အတားအဆီးကို တိုက်ထုတ်လိုက်သည်။

ထိုအခါ ကြာပွင့် အတားအဆီးက သားရဲလေးကို ရွှံ့နတ်ဆိုး တစ်ကောင်အလား ဝန်းရံထား လိုက်သည်။

ထိုခဏ၌ ဝမ်လင်းက အသက်ပင် မရှူဝံ့ချေ။ အေးစက်သော အလင်းများက သူ့မျက်လုံထဲ၌ ပြည့်လာခဲ့ပြီး ဝမ်လင်းက သူ့လက်ကို သားရဲလေးပေါ်သို့ ထားလိုက်၏။ သားရဲလေးက အော်သံတစ်ချက် ပေးလိုက်ပြီး လိုဏ်ဂူထဲမှ မြန်ဆန်စွာ ထွက်သွားတော့၏။ ဝမ်လင်းက လိုဏ်ဂူကို ကာရံထားသော အတားအဆီးကို လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေလိုက်ပြီး သားရဲလေးကို လွယ်ကူစွာ ထွက်သွားစေ လိုက်သည်။

ဝမ်လင်းက လှောင်ပြောင်လိုက်သည်။ သူက သူအပေါ်၌ အတားအဆီး လုပ်ခဲ့သော လူအိုကြီးအကြောင်း ဘာမျှ မသိပေ။ သို့သော်သူက ထိုလူအိုကြီးက ကောင်းမည့်ဟန် မရှိဟု တွေးလိုက်သည်။ အခုချိန်တွင်တော့ ကြာပွင့် အတားအဆီးက သားရဲလေးရှိသို့ ရောက်သွားပြီ ဖြစ်၍ လူအိုကြီးက သူ့ကို လိုက်ရှာဖွေလိုလျှင် ထိုသားရဲလေး နောက်သာ လိုက်ရှာမိမည် ဖြစ်၏။

သို့သော် ဝမ်လင်းက ထိုရိုးရှင်းသော လှည့်စားမှုလေးက သူ့ကို အချိန်အနည်းငယ် ပိုရစေရုံသာ ရှိကြောင်း သိပေသည်။ သည်လှည့်စားမှုလေးက လူအိုကြီးကို အရူးလုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ သို့သော် ဝမ်လင်း အလိုချင်ဆုံးမှာ အချိန်သာ ဖြစ်၏။

သူက သက်ပြင်းမှုတ်ထုတ် လိုက်ပြီး အတားအဆီး အလံကို သိမ်း၍ လိုဏ်ဂူထဲမှ လျင်မြန်စွာ ထွက်သွား၏။

ဝမ်လင်းက နတ်ဆိုး ပင်လယ်၌ အချိန်အကြာကြီး နေမည်မဟုတ်ပေ။ နေခဲ့လျှင် သူက ပြဿနာများစွာ တက်ပေမည်။ သူက စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်အောင် လုပ်နိုင်မည် ဆိုလျှင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ အနည်းငယ်က လွဲလို့ သူကို မည်သူမျှ တားဆီးပိတ်ပင် နိုင်မည် မဟုတ်တော့ချေ။

အခုချိန်ထိတော့ သူက စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရှိရန် ပြဿနာ ရှိနေသေး၏။ ထို့အတွက် သူက အစီအစဉ် အချို့ကို ပြောင်းလဲရန် လိုနေ၏။

ဝမ်လင်းက လိုဏ်ဂူမှ ထွက်လာပြီးနောက် ရှေးဟောင်း ကျင့်ကြံခြင်းဂူ ရှိရာသို့ အမြန်ဆုံး ပျံသန်း သွားလိုက်၏။

နောက်နေ့မနက် ဝမ်လင်းက ထိုဂူသို့ ရောက်လာခဲ့သည်။ သည်နေရာမှာ သူက ချူးစစ်ပိုင်နှင့် အတူ စဦးစိတ်ဝိညာဉ်ကို ရရှိခဲ့၏။ သူက ထိုဂူသို့ ရောက်လာပြီးနောက် သည်ဧရိယာ တစ်ခုလုံးကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ဘယ်သူမှ မရှိတာ သေချာသော အခါမှ သူက သိုလှောင်အိတ်ထဲက အဆိပ်ဓားကို ထုတ်လိုက်ပြီး လိုဏ်ဂူကို ခုတ်ချလိုက်သည်။ ဒီ ဓားခုတ်ချက်ကြောင့် လိုဏ်ဂူက ဥမင်လမ်းကြောင်း တစ်ခု ပေါ်လာခဲ့သည်။ ဝမ်လင်းက ဓားခုတ်ချက်ကြောင့် ဖြစ်ပေါ်လာသော ဥမင်ကို ကြည့်၍ ပြောလိုက်၏။

”နှုတ်ဆက်ပါတယ် … နတ်ဆိုးပင်လယ်”

ထို့နောက်သူက ဥမင်ထဲသို့ ဝင်လာခဲ့၏။ သူက အထဲရှိ ရှေးဟောင်းတည်နေရာ ကူးပြောင်းခြင်း အစီအရင် ရှိသော နေရာကို လိုက်ရှာလိုက်၏။ ထို့နောက် သူက လက်ဝှေ့ယမ်း လိုက်ရာ ဥမင်က ပြိုကျသွားပြီး ဝင်ပေါက် ပိတ်သွား၏။

ထို့နောက်သူက လက်တစ်ချက် လှုပ်လိုက်ရာ အတားအဆီးများက လိုဏ်ဂူ တစ်ခုလုံးကို ဖုံးအုပ် သွားတော့၏။ ထို့နောက်သူက အခန်းထဲသို့ လမ်းလျှောက် သွားလိုက်သည်။

သည်အခန်းက သေးငယ်သော်လည်း သူနှင့် ချူးစစ်ပိုင်တို့အတူ လာခဲ့သော အချိန်ကတည်းက သည်အခန်းကို စိတ်ဝင်စားခဲ့ပြီး သူက ၎င်းအခန်း အပေါ်သို့ အတားအဆီး တစ်ခုကို လျှို့ဝှက်စွာ ထားခဲ့၏။ သည်နေရာက အနည်းငယ် ပျက်စီး နေသော်လည်း ရှေးဟောင်း တည်နေရာ အစီအရင်က အကောင်းကြီး ရှိနေသေးသည်။ ဝမ်လင်းက အစီအရင်ကို ဂရုတစိုက် လေ့လာလိုက်ပြီး အရောင်တောက်ပ နေသော စိတ်ဝိညာဉ် ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်၏။ သည်စိတ်ဝိညာဉ် ကျောက်တုံးက သလင်းတုံးအလား ကြည်လင် တောက်ပလျက် ရှိသည်။

သည်ကျောက်တုံးက အလွန်အမင်း ရှားပါးသော အဆင့်မြင့် အရည်အသွေး ရှိသည့် ကျောက်တုံးဖြစ်သည်။ ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ဖွင့်လစ်ရန် ထိုကျောက်တုံးကို အသုံးပြုရန် လိုပေသည်။ ဝမ်လင်းက ခဏတာ တုံ့ဆိုင်း သွားပြီးနောက် ဝမ်လင်း၏ မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားဟန် ဖြစ်ပေါ်လာ၏။ သူက ကျောက်တုံးကို ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ပေါ်သို့ ထားလိုက်၏။ သူက ထိုသို့ ကျောက်တုံးကို ထားပြီးနောက် အစီအရင် တောက်ပ လာသည်ကို မြင်ရသည်။ သူက ကျောက်တုံးက တောက်ပလာပြီး အစီအရင်ကို ဖုံးလွှမ်း သွားသည်ကို စောင့်ကြည့် နေလိုက်သည်။ ထို့နောက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထံမှ မိုးခြိမ်းသံများ ပျံ့နှံ့လာ၏။ အချိန်ခဏ ကြာပြီးနောက်မှာ အစီအရင်ထံမှ အလင်းစက်ဝန်းများ ထွက်ပေါ်လာပြီး ဝမ်လင်းကို ဖုံးလွှမ်းသွား၏။ ထို့နောက် သူလည်း ပျောက်ကွယ် သွားတော့၏။

ဝမ်လင်း ပျောက်ကွယ် သွားသောအခါ အလင်း စက်ဝန်းများက ရပ်တန့်သွားပြီး အစီအရင်ထဲသို့ ပြန်ဝင်သွားလေ၏။

နတ်ဆိုး ပင်လယ်နှင့် ကီလိုမီတာ သန်းပေါင်းများစွာ ကွာဝေးသော အဆုံးမရှိသော တောင်တန်းကြီးများ အတွင်း၌ ၁၀ ပေလောက်ထူသော အလင်းတန်း တစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာ၏။

ထိုတောင် အတွင်း၌ နက်ရှိုင်းသော ချောက်ကြီးတစ်ခု ရှိ၏။ ထိုချောက်ကြီး အတွင်းတွင် တည်နေရာ ကူးပြောင်းခြင်း အစီအရင်နှင့်တူသော သေးငယ်သည့် တောင်ကြားလေး တစ်ခု ရှိနေသည်။

ထိုတည်နေရာ ကူးပြောင်းခြင်း အစီအရင်ထဲမှ အရိပ်တစ်ခုသည် လမ်းလျှောက်၍ ထွက်လာခဲ့သည်။ သည်အရိပ်က ဝမ်လင်းပင် ဖြစ်၏။

ဝမ်လင်းက အစီအရင် အနားရှိ ဖုန်များကြောင့် ချောင်းအနည်းငယ် ဆိုးသွားသည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ လေစက်ဝန်းများ ဖြစ်ပေါ်လာပြီး သည်နေရာ တစ်ခုလုံးကို ရှင်းလင်း သွားစေတော့သည်။ သူ့ကိုယ်ပေါ်ရှိ ဖုန်များပါ လွင့်စဉ် ကုန်ကြ၏။

ဝမ်လင်းက ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ တောက်ပသော နေရောင်က သူမျက်လုံးပေါ်သို့ ကျရောက်လာပြီး သူက မျက်လုံး မှိတ်လိုက်ရသည်။ ဝမ်လင်းက ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် သူက နတ်ဆိုး ပင်လယ်မှာ မဟုတ်တော့ကြောင်း သိလိုက်သည်။ သည်နေရာ၌ တောင်များက သစ်ပင်များဖြင့် စိမ်းလန်းနေပြီး ကောင်းကင် ထက်မှာလည်း အမည်မသိသော သားရဲများက ပျံသန်းနေလျက် ရှိကြသည်။

ဝမ်လင်း၏ မျက်လုံးများက ကျိန်းစပ်သွား၏။ သူက နေရောင်မမြင် ရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။ နတ်ဆိုးပင်လယ်က တစ်နှစ်ပတ်လုံး နေရောင် မတွေ့ရပေ။ ကောင်းကင် တစ်ခုလုံးကလည်း အနက်ရောင် တိမ်များဖြင့် ဖုံးအုပ်နေပေသည်။

ထို့နောက်သူက အသက်ဝဝ ရှူလိုက်ပြီး ကူးပြောင်းခြင်း အစီအရင် ရှိရာသို့ သွားကာ အဆိပ်ဓားကို ထုတ်လိုက်၏။ သူက ကူးပြောင်းခြင်း အစီအရင်၏ အစိတ်အပိုင်း တစ်ခုကို လှီးဖြတ်လိုက်ပြီး သူ့သိုလှောင်အိတ် ထဲသို့ ထည့်လိုက်၏။

အခုချိန်၌ လူအိုကြီးက သူ့သဲလွန်စကို ရှာတွေ့နိုင်မည် ဆိုရင်တောင် သူက ကူးပြောင်းခြင်း အစီအရင်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။ အခုချိန်၌ ကြာပွင့် အတားအဆီးကလည်း ဖယ်ရှားပြီးသွားပြီ ဖြစ်၏။ ဝမ်လင်းက လုံခြုံသွားပြီ ဖြစ်သည်။

ဝမ်လင်းက လေထဲသို့ ခုန်တက်လိုက်သည်။ သူက သည်နေရာမှာ စိတ်ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ ရှိနေသည်ကို သတိထားမိ လိုက်သည်။ သူက လေထဲသို့ ပိုမြင့်အောင် ပျံတက်လေလေ စိတ်ဝိညာဉ် စွမ်းအားများက ပိုသိပ်သည်းလေ ဖြစ်နေသည်ကို သိလိုက်ရ၏။

သူက လေထဲ၌ မျောလွင့် နေလိုက်ပြီး သည်ချောက်နက်ကြီးကို အတားအဆီး တစ်ခုလုပ်၍ မှတ်သား ထားလိုက်သည်။ ထို့နောက် သူက နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာ သွားတော့သည်။

ဝမ်လင်းက ပျံသန်းနေရင်း နတ်ဘုရား အာရုံဖြင့် ပတ်ဝန်းကျင် ဧရိယာကို စစ်ဆေးလိုက်သည်။ သူက အခုဘယ်နေရာ ရောက်နေသည်ကို မသိပေ။ သူ့အတွက် အရေးကြီးဆုံးမှာ သူနေရမည့် နေရာတစ်ခု ရှာရန်သာ ဖြစ်သည်။

အခြေအနေများက အခုလိုဖြစ်နေမည် ဆိုလျှင် ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်မည့် အစီအစဉ်ကို စတင်ပေတော့မည်။ သည် အစီအစဉ်က အကြမ်းဖျင်းသာ ရှိသေးပြီး သူက မည်သို့‌သော ပြဿနာမှ မတက်အောင် အရာများစွာ ကြိုပြင်ဆင် ထားရပေဦးမည်။

သူက သူ့ကျင့်ကြံမှု အဆင့်ကို ဖျက်ဆီးပစ်လျှင် အစက ပြန်လေ့ကျင့်ရမှာ ဖြစ်၏။ မဖျက်ဆီးလျှင်လည်း သူ့ကျင့်ကြံမှု အဆင့်က အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်၌ ရပ်တန့်နေပြီး လက်စားပြန်ချေ နိုင်တော့မည် မဟုတ်ပေ။

သူ့ကျင့်ကြံမှု အဆင့်ကိုလည်း မဖျက်ဆီး၊ စဦးစိတ်ဝိညာဉ် အဆင့်ကိုလည်း ရောက်ရန်မှာ သူ့ပန်းတိုင် ဖြစ်နေ၏။ သည်ပန်းတိုင် နှစ်ခုအတွက် အလုပ်ဖြစ်နိုင်သော နည်းလမ်း တစ်ခုသာ ရှိနိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset