ချူးစစ်ပိုင်က စိတ်လှုပ်ရှား သွားပြီး လိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်သည်။ ဝမ်လင်းက နောက်မှာလိုက်သွား လိုက်၏။ လိုဏ်ဂူထဲ၌ ကျောက်တံခါးလေးခု ရှိသည်ကို သူတို့ တွေ့လိုက်ရသည်။
ဝမ်လင်းက ချူးစစ်ပိုင်ကို လျစ်လျူရှုထားပြီး တံခါး လေးခုကို လေ့လာ ကြည့်လိုက်ရာ ၎င်းတို့အပေါ်၌ အတားအဆီးများ ရှိသည်ကို တွေ့လိုက်ရသည်။ ထို့နောက်သူက ဘယ်ဘက်ရှိ တံခါးကို ကြည့်လိုက်ရာ သည်တံခါးက ချိုးဖျက်ရန် အလွယ်ဆုံး ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဝမ်လင်းက အတားအဆီးကို ဖယ်လိုက်ပြီး တံခါးဖွင့်လိုက်ကာ အထဲသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပြူးကျယ်သွား၏။ သည်အခန်း၌ အစီအရင် တစ်ခုကလွဲ၍ ဘာမျှ မရှိသည်ကို တွေ့လိုက် ရသောကြောင့်ပင်။ ဝမ်လင်းက သေချာစစ်ကြည့် လိုက်သောအခါ သည်အစီအရင်က အိုဟောင်း နေသော်လည်း အကောင်းတိုင်း ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သည်အစီအရင်က ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သည်အစီအရင်က ကီလိုမီတာ သန်းပေါင်းများစွာသို့ ကူးပြောင်း သွားလာနိုင်သည့် အရာဖြစ်သည်။
ချူးစစ်ပိုင်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ ငါ့ဆရာနဲ့ အစ်ကိုက ညာဘက်က အခန်းထဲမှာ ရှိတယ် … ။ ငါတို့က အဲ့အခန်းကို ဖွင့်ပြီးရင် စဦး စိတ်ဝိညာဉ်ကို ရပြီ … ငါ့ဆရာဟာကို အစ်ကိုဝမ် ယူ၊ ငါက ငါ့အစ်ကိုရဲ့ စဦးစိတ် ဝိညာဉ်ကိုပဲ ယူမယ် …”
ဝမ်လင်းက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
”မင်းထင်တာ မှားပြီး ဒီစဦးစိတ်ဝိညာဉ် နှစ်ခုလုံးမရှိရင် ဘယ်လို လုပ်မလဲ”
ချူးစစ်ပိုင်က ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။
”အစ်ကိုဝမ် … ငါက ဒီအရာအတွက် ကြိုပြင်ဆင် လာတယ်” သူက ထိုသို့ ပြောပြီးနောက် ခရမ်းရောင် အချောင်း တစ်ခုကို ထုတ်ယူလိုက်သည်။
“နှလုံးရှုပ်ထွေး ရနံ့ …”
ဝမ်လင်းက ထိုအရာကို သိလိုက်၏။ သည်နှလုံးရှုပ်ထွေး ရနံ့က ဆေးလုံးများ ပြုလုပ်ရာ၌လည်း အသုံးပြု၏။ သို့သော် သူတစ်ခုတည်း သုံးမည်ဆိုပါက မကောင်းဆိုးဝါးများ၏ ကျူးကျော်ခြင်းကို အားပေး ကူညီလေ၏။
ချူးစစ်ပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
”ဟုတ်တယ် … အစ်ကိုဝမ်”
ထို့နောက် ဝမ်လင်းက ချူးစစ်ပိုင် ပြောသော တံခါး၏ အတားအဆီးများကို ဖယ်ကာ ဖွင့်လိုက်သည်။ သည့်နောက်မှာတော့ အခန်းထဲမှ အဝါရောင် အလင်းနှစ်ခု ထွက်လာပြီး လိုဏ်ဂူထဲမှ လွတ်မြောက်ရန် ကြိုးစားတော့သည်။
သို့သော် ထိုခဏ၌ သည်အလင်း နှစ်ခုက စတင် မှိန်ဖျော့ သွားခဲ့တော့သည်။ အကြောင်းမှာ နှလုံးရှုပ်ထွေး ရနံ့ကြောင့်ပင် ဖြစ်သည်။ သည်အဝါရောင် အလင်းနှစ်ခုက စဦးစိတ်ဝိညာဉ် နှစ်ခု ဖြစ်၏။
ဝမ်လင်းက ချူးစစ်ပိုင် ဆရာ၏ စိတ်ဝိညာဉ်ကို ယူကာ လိုဏ်ဂူထဲမှ ထွက်သွားတော့သည်။ ချူးစစ်ပိုင်ကလည်း ကျန်တစ်ခုကို ယူ၍ လျင်မြန်စွာ လိုဏ်ဂူထဲမှ ထွက်ခွာ၏။ ချူးစစ်ပိုင်က ဝမ်လင်းက သူ့ထံမှ စဦးစိတ်ဝိညာဉ် တစ်ခုကိုပါ လုယူရန် ကြောက်ရွံ့ နေသောကြောင့်ပင်။ ထို့နောက် လိုဏ်ဂူက ပြိုကျ သွားတော့သည်။
ဝမ်လင်းက ပြိုကျနေသော လိုဏ်ဂူကို ကြည့်ပြီးနောက် ချူးစစ်ပိုင် ထွက်သွားသော အရပ်သို့ ကြည့့်လိုက်၏။ သူက ခဏတာ စဉ်းစားပြီးနောက် ချူးစစ်ပိုင် နောက်သို့ မလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူက စဦးစိတ်ဝိညာဉ် တစ်ခု ရရှိပြီး ဖြစ်နေသောကြောင့် ဖြစ်၏။
ဝမ်လင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် ဖျတ်ခနဲ တောက်ပလာသည်။ သူက သည် စဦးစိတ်ဝိညာဉ်ကို ဝါးမျိုပြီးနောက် စဦး စိတ်ဝိညာဉ် အဆင့်ကို ရောက်ရှိနိုင်တော့မည် ဖြစ်၏။ ထို့နောက် သူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
တစ်ရက်ကြာသွားပြီး နောက်မှာ ဝမ်လင်းက သဲကန္တာရ တစ်ခု၌ ရပ်တန့်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို သေချာလေ့လာ ကြည့်လိုက်ရာ သည်နေရာ၌ လူအနည်းငယ်နှင့် သားရဲအချို့သာ ရှိသည်။ ထို့နောက်သူက သဲမြေများကို အနက်ပေ ၂၀၀၀ လောက်ထိ တူးလိုက်ပြီး ဂူတစ်ခု ပြုလုပ်လိုက်သည်။
ဝမ်လင်းက ဂူထဲ၌ ထိုင်ကာ စဦးစိတ်ဝိညာဉ်ကို ဝါးမျိုလိုက်သည်။ သည်စဦး စိတ်ဝိညာဉ်က သူ့ကိုယ်ထဲ ရောက်သွားသောအခါ သူက ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို အသက် သွင်းလိုက်၏။ စဦး စိတ်ဝိညာဉ်က အရည်ပျော် သွားပြီး သူ့ကိုယ်ထဲ နေရာအနှံ့ ပျံ့နှံ့သွားသည်။
ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားကျင့်စဉ်ကို အသုံးပြု၍ ပျံ့နှံ့နေသော စိတ်ဝိညာဉ် စွမ်းအင်များကို သူ့အမြုတေထံသို့ ထိန်းချုပ်ကာ ပို့လိုက်သည်။ သူ့အမြုတေက ကျယ်ပြန့်နက်မှောင် လာခဲ့၏။ အမြုတေ မျက်နှာပြင်၌ အက်ကွဲကြောင်းများပင် ပေါ်လာခဲ့၏။ စဦးစိတ်ဝိညာဉ် အရိပ်အယောင်က သူ့ကိုယ်ထဲ၌ ပေါ်လာခဲ့တော့သည်။
သို့သော် ထိုခဏ၌ သူ့ဂျိနယ်ပယ်က အသက်ဝင် လာခဲ့ပြီး သူထိန်းချုပ်မှု အောက်မှ လွတ်သွား၏။ ဂျိနယ်ပယ် စိတ်စွမ်းအင်များက သူ့အမြုတေဆီသို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။
ဝမ်လင်းက ခက်ခဲစွာ မျက်လုံးဖွင့်၍ သူ့ဂျိနယ်ပယ်ကို ထိန်းချုပ်သော်လည်း မည်သို့မျှ ထိန်းချုပ်၍ မရ ဖြစ်နေ၏။ ဝမ်လင်း၏ ဂျိနယ်ပယ်က သူ့အမြုတေပေါ်သို့ ကျရောက်လာပြီး ပေါက်ကွဲမှု ဖြစ်သွား၏။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် ဝမ်လင်း၏ စိတ်ဝိညာဉ် စွမ်းအင်များက အမြုတေ ပေါက်ကွဲမှုကြောင့် ပျံ့နှံ့လာခဲ့သည်။ ထိုအဖြစ်ကြောင့် ဝမ်လင်းက ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ် လိုက်ရ၏။ သူ့မျက်နှာကလည်း ချက်ချင်း ဖျော့တော့သွား၏။ သူစဦး စိတ်ဝိညာဉ် အဆင့်သို့ ရောက်ရန် ကြီးစွာသာ အတားအဆီးမှာ သူ့ဂျိနယ်ပယ် ဖြစ်နေပေသည်။
ဝမ်လင်းက အသက်ရှူ သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အား ပြန်လည် ကုစားနိုင်ရန် အတွက် လေ့ကျင့် နေလိုက်သည်။
သုံးရက် ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့် လာခဲ့ပြီး ဂူထဲမှ လျင်မြန်စွာ ထွက်၍ မြို့တစ်မြို့ကို လိုက်ရှာလိုက်သည်။ သူက သည်အနီးနားမှာ ရှိသော မြို့အားလုံးကို ရောက်ခဲ့သော်လည်း ရတနာ သန့်စင်ခြင်း ခန်းမသို့ သွားရောက်ခြင်း မရှိခဲ့ပေ။ သည်မြို့များ၌ ဂျိနယ်ပယ်နှင့် ပတ်သက်သော အချက်အလက်များကို လိုက်ရှာခဲ့သော်လည်း သဲလွန်စ တစ်ခုပင် မတွေ့ခဲ့ရပေ။
သူက ရုတ်တရက် ချူးစစ်ပိုင်၏ ဂူကို အမှတ်ရလိုက်၏။ သည်နေရာ၌ စာအုပ်များစွာ ရှိနေကြောင်းသူ သိခဲ့၏။ ထိုသို့ တွေးပြီးနောက် ဝမ်လင်းက ချူးစစ်ပိုင်၏ ဂူသို့ လျင်မြန်စွာ ထွက်လာတော့သည်။
ငါးရက် ကြာပြီးနောက် ဝမ်လင်းက သည်ဂူကို ရောက်လာခဲ့၏။ သူက ချူးစစ်ပိုင် ရှိသည်၊ မရှိသည်ကို ဂရုစိုက်ခြင်း မရှိပေ။ သူက ချူးစစ်ပိုင်ကို တုံ့ဆိုင်းခြင်း မရှိ သတ်ပစ်နိုင်စွမ်း ရှိ၏။ ချူးစစ်ပိုင်က စဦးစိတ်ဝိညာဉ်ကို ရခဲ့သော်လည်း သူ့ကိုယ်ပိုင် စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ရန် တစ်လခွဲခန့် လိုဦးမည် ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းက စိတ်ပူခြင်း မရှိချေ။
ဝမ်လင်းက ဂူထဲသို့ ရောက်သောအခါ အတားအဆီးများကို လွယ်ကူစွာ ဖယ်ရှားပြီး အထဲသို့ ဝင်ရောက်လိုက်သည်။ ဝမ်လင်းက နတ်ဘုရား အာရုံဖြင့် စစ်ကြည့် လိုက်သောအခါ ချူးစစ်ပိုင်ကို တွေ့ရခြင်း မရှိချေ။ ထို့နောက် ဝမ်လင်းက ဂူထဲရှိ စာအုပ်များစွာကို ကြည့်လိုက်သည်။ စာအုပ် အများစုမှာ အတားအဆီးများအကြောင်း ရေးထားခြင်းဖြစ်ကာ ဂျိနယ်ပယ်အကြောင်း မပါဝင်ပေ။
ထိုအခါ ဝမ်လင်းစိတ်က လေးလံလာပြီး ဆက်ရှာ လိုက်ပြန်သည်။ သူ့အကြည့်က ဟောင်းနွမ်းနေသော စာအုပ် တစ်အုပ်ပေါ်သို့ ရောက်သွား၏။ ထို့နောက်သူက ထိုစာအုပ်ကို စားပွဲ့ပေါ်သို့ ယူကာ သေချာဖတ်လိုက်၏။ စာအုပ်ထဲရှိ အကြောင်းအရာ အများစုက အတားအဆီးများ အကြောင်း ဖြစ်သော်လည်း တစ်နေရာ၌ စကားလုံးတချို့ ရေးထွင်း ထားသည်ကို တွေ့လိုက်၏။
“ကျင့်ကြံမှု ကမ္ဘာမှာ ဂျိနယ်ပယ်လို့ ခေါ်တဲ့ စိတ်စွမ်းအင် တစ်မျိုးရှိတယ် … ။ ငါက ဂျိနယ်ပယ်အကြောင်း နှစ်ပေါင်းများစွာ ကြာအောင် လေ့လာခဲ့ပြီး ငါလေ့လာထားခဲ့တဲ့ အရာတွေကို နောက်မျိုးဆက် အတွက် ထားရှိခဲ့တယ် …”
“ငါ့အမြင်အရ ဒီဂျိနယ်ပယ်က နတ်ဘုရား နည်းစနစ် တစ်ခုပဲ … ဒီလိုနတ်ဘုရား နည်းစနစ် တစ်ခုကသာ ကျင့်ကြံမှု အဆင့်တူတဲ့ လူတွေ အတွင်းမှာ ရှိတဲ့လူ အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိလိမ့်မယ် …”
“ဂျိနယ်ပယ်ရဲ့ နောက်ဆုံး အဆင့်က စဦးစိတ်ဝိညာဉ် အဆင့်လို့ အများစုက ယုံကြည် နေကြတယ် … ။ ဒါပေမဲ့ ငါက ရှေးဟောင်း စာသားတစ်ခုကို ဖတ်ရှုခဲ့ ပြီးနောက် စိတ်ဝင်စားစရာ အဖြစ်တစ်ခု တွေ့ခဲ့တယ် …”
“ဒီစာသားထဲမှာ ဂျိနယ်ပယ် စိတ်စွမ်းအင် ရှိတဲ့ လူအများ ထဲမှာမှ အချို့က အမြုတေ ဖွဲ့စည်းခြင်း အဆင့်၊ အချို့က စဦးစိတ်ဝိညာဉ် အဆင့်မှာ ရပ်နေပြီး အချို့ကတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မှာ ရပ်နေကြတယ် …။ ဒီတော့ ပြောလို့ရတာကက ဂျိနယ်ပယ်က ပုံစံအတည်အကျ မရှိဘဲ တစ်ဦး တစ်ယောက်ချင်းပေါ်ပဲ မူတည်နေတယ် …”
ဝမ်လင်းက သည်စာသားများကို တစ်လုံးချင်း ဖတ်ရှုလိုက် ပြီးနောက် သူ့အသွင်က အလွန် စိတ်ရှုပ်ထွေးနေသော ပုံစံ ဖြစ်သွားသည်။
သည်ရှေးဟောင်း စာသားအတိုင်း ဆိုလျှင် ဝမ်လင်းက သူ့ဂျိနယ်ပယ်က အမြုတေအဆင့်၌ ရပ်တန့််နေမည် ဖြစ်ကြောင်း သိလိုက်သည်။ တစ်နည်းအားဖြင့် သူက သူ့ဂျိနယ်ပယ်ကြောင့် စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။ သူ့အနာဂတ် ကျင့်ကြံမှု အဆင့်က အမြုတေ ဖွဲ့စည်းခြင်း နောက်ဆုံး အဆင့်၌သာ ရပ်တန့်နေမည် ဖြစ်၏။ သူက သည်အဖြစ်ကို လုံးဝ လက်မခံနိုင် ဖြစ်ရ၏။
သူ့ကျင့်ကြံမှု အဆင့်ကို မချိုးဖျက်နိုင်ဘူး ဆိုပါက သူက အခုလို အခြေအနေတိုင်းသာ ရပ်တန့်နေမည် ဖြစ်ပြီး သူနှစ်ပေါင်း လေးရာကျော် ခံစားခဲ့ရသော ဆင်းရဲဒုက္ခတို့အတွက် ပြန်လက်စား ချေနိုင်တော့မည် မဟုတ်ချေ။ ထို့ပြင် စစ်ထူနန်ကလည်း သူအခုအဆင့် အတိုင်းဆိုလျှင် ပြန်လည် နိုးလာနိုင်တော့မည် မဟုတ်ပေ။ သူက ထျန်ဟွယွမ်က အသက်ရှင်လျက် ရှိနေသေးလျှင်လည်း ပြန်လက်စား ချေနိုင်တော့မည် မဟုတ်ပေ။ သူက ကျောက်နိုင်ငံသို့ မည်သည့်အခါမျှ ပြန်နိုင်တော့မည်လည်း မဟုတ်ချေ။ အခုလို အဆင့်ဖြင့် သူပြန်ခဲ့လျှင်လည်း ထျန်းဟွယွမ်က သူ့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
သူ့အိပ်မက်များမှာ သည်ခဏ၌ တစ်စစီ ပြိုကွဲပြန့်ကျဲ သွားတော့၏။
သူ့အောင်မြင်မှု ကလည်း ဂျိနယ်ပယ်ကြောင့်၊ သူ့ကျရှံးမှုကလည်း ဂျိနယ်ပယ်ကြောင့် ဖြစ်နေ၏။ ဝမ်လင်းက လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။
သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်လိုလျှင် သူ့ဂျိနယ်ပယ်ကို စွန့်လွှတ်ရမည် ဖြစ်၏။ သည်အရာကား သူ့အတွက် တစ်ခုသော နည်းလမ်းပင် ဖြစ်ချေသည်။
ထိုအရာကား လုံးဝ ခက်ခဲသော ရွေးချယ်မှု ဖြစ်၏။ သူက ထိုသို့ ပြုလုပ်ရန် သူ့ကျင့်ကြံမှု အဆင့်ကို ဖျက်ဆီးပစ် ရပေမည်။ ထို့နောက် အစက ပြန်လေ့ကျင့်ရမည် ဖြစ်၏။
ယခု ဝမ်လင်းက ခက်ခဲသောဆုံးဖြတ်ချက်ကို မျက်နှာချင်းဆိုင် နေရပေသည်။
ဂျိနယ်ပယ်ကို မစွန့်လျှင် သူက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။ တကယ်လို့ သူက ချိုးဖျက်ခဲ့လျှင်လည်း နှစ်ပေါင်း လေးရာကျော် ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရသော အချိန်တွေက အလကားဟသ ဖြစ်သွားပေမည်။
အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် ဝမ်လင်းက ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက်သူက အသက်ဝဝ ရှူသွင်းလိုက်ပြီး လိုဏ်ဂူထဲမှ ထွက်လာခဲ့တော့သည်။ အခုချိန်မှာ သူပထမဆုံး လုပ်ရမည့် အရာမှာ သူ့ကိုယ်ထဲရှိ ကြာပွင့် အတားအဆီးကို ဖယ်ရှားပစ်ရန် ဖြစ်၏။
***