Switch Mode

အပိုင်း(၂၃၀)

အမြုတေအတွက် လူများကို သတ်ဖြတ်ခြင်း(၁)

ဆံပင်ဖြူနှင့် လူအိုကြီး၏ မျက်လုံးများက စတင် တောက်ပလို့ လာ၏။ သူ့တစ်ကိုယ်လုံး ကလည်း အသက်ဓာတ်များ ပိုပြည့်လာခဲ့၏။

တစ်မြို့လုံးရှိ ကျင့်ကြံသူများက သူတို့ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ထိန်းချုပ်လို့ မရသလို ခံစားလိုက်ရ၏။ ထိုအဖြစ်က သူတို့အားလုံးကို ကြောက်ရွံ့ သွားစေသည်။ ထိုခံစားချက်များက လျင်မြန်စွာ ဖြစ်ပေါ်လာပြီး မြန်ဆန်စွာပင် ပြန်ပျောက်ကွယ် သွား၏။ ဆံပင်ဖြူနှင့် လူအိုကြီး၏ခန္ဓာကိုယ်က ရုတ်တရက် ရွေ့လာပြီး သဲလွန်စမရှိ ပြန်ပျောက် သွားလေ၏။

တစ်ချိန်တည်းမှာ နတ်ဆိုး ပင်လယ်၏ မြူများအတွင်းမှ ပေတစ်ထောင်လောက် ရှိသော ကျောက်တုံးပုံစံ အသွင်တစ်ခုက ကျယ်လောင်သော ရယ်သံကြီးနှင့် အတူ ထွက်ပေါ်လာခဲ့၏။ ထိုဧရာမ အသွင်ကြီးက ကီလိုမီတာ (၁၀၀၀) အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင်များ ပါးစပ်ဟ၍ စုပ်ယူလိုက်၏။ ၎င်း၏ ကျောပေါ်၌မူ ဆံပင် အဖြူရောင်နှင့် လူအိုကြီး တစ်ယောက် ရှိနေခဲ့၏။ ထို့နောက် ထိုလူအိုကြီးက အော်ဟောက်လိုက်၏။

“ခွေးကောင် … မင်းက ငါ့ကိုပဲ သယ်ဆောင် ပေးရမှာလေ … ဒါကို မင်းက စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး စားပစ်လိုက်တယ် … မင်းက သေချင် နေတာလား …”

ထိုစဉ် ဝမ်လင်းက သူ့နေရာမှာ ခြေထိုင်ချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူက ရုတ်တရက် ကြောက်မက်ဖွယ် အာရုံတစ်ခုက သူ့အ‌ပေါ် ဖြတ်သွားသလို ခံစားလိုက် ရသည်။ ထိုအရာက နတ်ဆိုးပင်လယ်က လာသည့်ပုံပင် … ။

ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွား၏။ သူက အတားအဆီး အလံကို ထုတ်လိုက်၏။ သို့သော် အတားအဆီး အလံမှာ ထူးဆန်းသော အားတစ်ခုဖြင့် ဝန်းရံခြင်း ခံရကာ ရှေ့ဆက်မသွားနိုင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ဤထူးဆန်းသော မြင်ကွင်းက ဝမ်လင်း၏ အမူအရာကို ပြောင်းသွားစေ၏။ သူက အလံပေါ်မှာ အမျိုးမျိုးသော နည်းလမ်းများ ထားရှိထားခဲ့၏။ သို့သော် ထိုနည်းလမ်းများမှာ ထူးဆန်းသော အားတစ်ခုကြောင့် ပိတ်ဆို့ခြင်း ခံလိုက်ရကာ နည်းလမ်း တစ်ခုတောင် အသက်မဝင်နိုင် ဖြစ်ရ၏။

ထိုခဏ၌ ထိတ်လန့်ဖွယ် အာရုံက ပိုပြင်းထန် လာခဲ့သည်။ သူက နတ်ဘုရား အာရုံကို ဖွင့်ကြည့် လိုက်သောအခါ သူ့ပုံစံက တစ်မျိုး ဖြစ်သွားလေ၏။ အကြောင်းမှာ သူ့အလံမှ အနီရောင် အလင်းလိုင်း တစ်ခုက လိုဏ်ဂူအမိုးကို ဖြတ်၍ ကောင်းကင်သို့ ပျံ့နှံ့ နေသည်ကို တွေ့လိုက် ရသောကြောင့်ပင်။

ဝမ်လင်းအသွင်က နက်မှောင်သွားကာ သူက အပြင်သို့ ထွက်လိုက်သည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်ရင်း မှင်တက်မိ သွားတော့သည်။ သူက နတ်ဆိုးပင်လယ်ရှိ မြူများကို ဖြတ်၍ အနီရောင် လိုင်းတစ်ခု မျောလွင့် နေသည်ကို တွေ့လိုက်ရ၏။ အခြားသူများက တော့ ထိုအရာကို သတိထားမိခြင်း မရှိကြချေ။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး သူ့ဒုတိယ မ‌ကောင်းဆိုးဝါးကို ဆင့်ခေါ်လိုက်၏။ သူက မကောင်းဆိုးဝါး၏ ပုံရိပ်က မြူများကြားသို့ ပျံသန်း သွားသည်ကို ကြည့်နေလိုက်၏။

ဝမ်လင်းက ထိုအဖြစ်ကို စဉ်စားမရ ဖြစ်နေ၏။ ထိတ်လန့်ဖွယ် အာရုံကလည်း ပို၍ ပြင်းထန် လာခဲ့၏။ သူက ထိုခံစားချက်ကို ရှေးဟောင်း နတ်ဘုရား ထူစီကို မြင်လိုက်ရသော အချိန်ကလည်း ရရှိခဲ့ဖူး၏။ သူက အတားအဆီး အလံထွက်ပေါ် လာသည်နှင့် ထိုထူးဆန်းသော အဖြစ်အပျက်များ ဘာကြောင့် ဖြစ်လာသည်ကို အမွေအနှစ် အသိဉာဏ်များ သုံး၍ အသည်းအသန် စဉ်းစားလိုက်၏။

ထိုစဉ် နတ်ဆိုးပင်လယ်၏ အထက်၊ အနီ‌ရောင် မြူခိုးများက (၁၀)ကီလိုမီတာခန့် ကျယ်ပြန့်လာပြီးမှ တဖြည်းဖြည်း ပြန်ကျုံ့သွားကာ နောက်ဆုံးတွင် အနီရောင် တိုင်လုံးကြီး တစ်ခု အဖြစ်သို့ သိပ်သည်း သွားလေ၏။ ထိုအနီရောင် တိုင်လုံးကြီးက နတ်ဆိုး ပင်လယ်ထက်ရှိ မြူများထဲသို့ ပြုတ်ကျလာ၏။ ထိုအခါ လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ် လာခဲ့သည်။ လေထုထဲ၌ အက်ကွဲကြောင်းများလည်း ဖြစ်ပေါ်လာပြီး ကောင်းကင်သည် ကွဲကြေနေသော မှန်တစ်ချပ် ကဲ့သို့ ဖြစ်‌နေတော့သည်။ အနီရောင် တိုင်လုံးနှင့် နတ်ဆိုး ပင်လယ်ပေါ်ရှိ မြူများ ထိတိုက်မိသောအခါ မြူများက စတင် ဆူပွက်လာပြီး မြူထဲရှိ သားရဲများကလည်း ဆူညံစွာ အော်ဟစ်၍ ထွက်ပြေး ကုန်ကြသည်။ နတ်ဆိုးပင်လယ်ရှိ မြူများက အနီရောင် တိုင်လုံးနားသို့ ရစ်သီလာ၏။ ပထမဆုံး အနေနှင့် နတ်ဆိုးပင်လယ် အထက်ရှိ‌ ကောင်းကင်ကို ဖုံးလွှမ်းထားသော မြူများသည် လွင့်ပြယ်ကုန်၏။ အကြောင်းမှာ မြူတွေအကုန်လုံးက အနီရောင် တိုင်လုံးအနားသို့ တဖြည်းဖြည်း စုဝေးလာသော ကြောင့်ပင်။ ဝမ်လင်းက ထိုအဖြစ်အပျက်များကို သူ့ဒုတိယ မကောင်းဆိုးဝါးမှ တစ်ဆင့် သေချာ တွေ့နေရသည်။ သူက အနီရောင် တိုင်လုံးကို တွေ့လိုက်သော အခါ သူ့အမွေအနှစ် မှတ်ဉာဏ်များ အသုံးပြု၍ စဉ်စားလိုက်ရာ စကားစု တစ်ခု ပေါ်လာခဲ့၏။

“နတ်ဘုရား ဒဏ်ခတ်ခြင်း”

ဝမ်လင်းက သူ့အမွေအနှစ် မှတ်ဉာဏ်များ ထဲက နတ်ဘုရား ဒဏ်ခတ်ခြင်းနှင့် ပတ်သက်သည်များကို ရှာဖွေလိုက်၏။ ရှေး‌ဟောင်းနတ်ဘုရား ထူစီက သူ့ဘဝ သက်တမ်း တစ်လျှောက်တွင် နတ်ဘုရား ဒဏ်ခတ်ခြင်းကို အကြိမ်များစွာ တွေ့ကြုံခဲ့ ရသည်ကို တွေ့လိုက်ရ၏။

ယခုနတ်ဘုရား ပြစ်ဒဏ်က ဝမ်လင်းတွင်ရှိသော မှင်ကျောက်တုံးများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုမှင်ကျောက်တုံးက ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ် အတွင်း၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သောကြောင့် အထဲရှိ မ‌ရေမတွက်နိုင်သော စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းမိနေပြီ ဖြစ်သည်။ ထိုသို့သော အကြောင်းတရားများ ကောင်ကြောင့် နတ်ဘုရား ဒဏ်ခတ်ခြင်းသည် လက်ရှိကျင့်ကြံခြင်း လောက၌ မတွေ့ရသည်မှာ အချိန် အ‌တော်ကြာပြီ ဖြစ်၏။

ဝမ်လင်း၏ စိတ်ထဲ၌ ဤကဲ့သို့ အတွေးများ ပေါ်လာခဲ့၏။ သူက မှင်ကျောက်တုံးများနှင့် ပြုလုပ်နေသော သူ့အတားအဆီး အလံကြောင့် ယခုလို နတ်ဘုရား ဒဏ်ခတ်ခြင်း ဖြစ်ပေါ်လာသည်ကို သဘော ပေါက်လိုက်၏။

ဝမ်လင်းက ထိုသို့ တွေးမိနေစဉ်မှာပင် မိုးခြိမ်းသံ အလား ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ နတ်ဆိုးပင်လယ်၌ ပထမဆုံး အကြိမ်အဖြစ် ကောင်းကင်ကို ပိတ်ဆို့ထားသော မြူများမရှိတော့ သောကြောင့် ကြီးမားသော ချိုင့်ခွက်ကြီး အလား ဖြစ်တည် နေတော့သည်။ ထိုမိုးခြိမ်းသံကြီး ထွက်ပေါ်လာရခြင်းမှာ အနီရောင် တိုင်လုံးကြီးက ချီလင်မြို့ အ‌ပေါ်သို့ ကျရောက် လာသောကြောင့် ဖြစ်၏။

ချီလင်မြို့ထဲရှိ ကျင့်ကြံသူများ အားလုံးသည် ထိန်းမရအောင် ကြောက်လန့်၍ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။

အနီရောင် တိုင်လုံးကြီးက ချီလင်မြိုကို ထိရိုက်မိသောအခါ အလွန် ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ် လာခဲ့တော့၏။ ၎င်းတိုင်လုံးကြီးကြောင့် ချီလင်သားရဲ (ချီလင်မြို့) ၏ ကြေးခွံများသည် လွင့်ကြေ ကုန်တော့သည်။

ထိုအချိန်၌ ဝမ်လင်းက လိုဏ်ဂူ အတွင်း၌ ရှိနေကာ သူက အဘက်ဘက်မှ ပျံ့နှံ့လာသော အားကောင်းသည် စွမ်းအားများကို ခံစားလိုက် ရ၏။ သူက ထိုစွမ်းအားကြောင့် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။ ထိုနောက် ဝမ်လင်းက ချီလင်မြို့ထဲမှ တစ်ဟုန်ထိုး ထွက်ခွာလိုက်၏။ ချီလင်မြို့က ပြိုကျ ပျက်စီးနေပြီ ဖြစ်၏။ သူက ထွက်ခွာ လာနိုင်သော်လည်း အနီရောင် အကြောင်းတစ်ခုက သူ့လက်ထဲရှိ အတားအဆီး အလံဆီသို့ တိုးဝင် လာနေသည်ကို တွေ့လိုက်ရ၏။ အနီရောင် အလင်းတန်းက သူ့ညာလက်ပေါ်သို့ ရောက်လာသည်နှင့် ဝမ်လင်းတစ်ကိုယ်လုံး တုန်လှုပ်သွားကာ သွေးအန် လိုက်ရ၏။ သူက ထိုအနီရောင် အမျှင်တန်းများ ပေါက်ကွဲ မသွားအောင် မလုပ်နိုင်ဘူး ဆိုရင် သူ သေဆုံးရပေမည်။ ဝမ်လင်း၏ မျက်နှာက ဖျော့တော့သွား၏။ သူ့ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များမှာ ကပြောင်းကပြန် ဖြစ်နေသောကြောင့် သူက ထိုအနီရောင် အမျှင်တန်းများကို သူ့အမြုတေဖြင့်သာ တားဆီး နေရ၏။ သို့သော် သူက ထိုအရာသည် အကန့်အသတ် ရှိကြောင်းသိ၏။ သူက အနီရောင် အမျှင်တန်းကို မြန်မြန် မဖယ်ရှားနိုင်လျှင် သူ့စိတ်ဝိညာဉ် စွမ်းအင်များ ကုန်ဆုံးပြီး အမြုတေမှာလည်း ပျက်စီးသွားကာ သူလည်းသေဆုံး သွားရပေမည်။ သူ့ စိတ်ဝိညာဉ်မှာလည်း နတ်ဘုရား ဒဏ်ခတ်ခြင်း စွမ်းအားကြောင့် လွတ်မြောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ဝမ်လင်းက ထိုသို့ ဖြစ်နေစဉ် ချီလင်မြို့ရှိ ကျင့်ကြံသူများ ကတော့ လွတ်မြောက်ရန် ကြိုးစားနေရ သဖြင့် ဝမ်လင်း၏ ထူးဆန်းသော အခြေအနေကို သတိပြုမိကြခြင်း မရှိပေ။ သူတို့အားလုံးက နေရာအနှံ့ ပြန့်ကျဲလျက် ရှိ၏။ ချီလင်မြို့ တစ်ခုလုံးလည်း ပျက်စီးနေပြီ ဖြစ်၏။

ထိုသို့ ဖြစ်နေစဉ်မှာပင် အမည်းရောင် မိုးစက်များက ကောင်းကင်မှ ရွာသွန်းလာ၏။ ထိုအမည်းရောင် မိုးများမှာ နတ်ဘုရား ဒဏ်ခတ်ခြင်းကြောင့် နတ်ဆိုး ပင်လယ်ရှိ မြူခိုးများက တိမ်များအဖြစ် သိပ်သည်းပြီး မိုးအဖြစ် ရွာချလာခြင်း ဖြစ်၏။ ဤအရာက ပထမဆုံး အကြိမ်အဖြစ် နတ်ဆိုးပင်လယ်၌ မိုးရွာခြင်း ဖြစ်၏။

နတ်ဘုရား ဒဏ်ခတ်ခြင်းကြောင့် နတ်ဆိုးပင်လယ်မှာ များစွာ ပြောင်းလဲကုန်၏။ အချို့သော သက်ရှိများမှာ ထိုအဖြစ်ကြောင့် သေဆုံး ခဲ့ရသော်လည်း အများစုမှာ လွတ်မြောက် ခဲ့ကြ၏။ နတ်ဆိုးပင်လယ် အတွင်းရှိ စွမ်းအားကောင်းသော သားရဲများကလည်း ပေါ်ထွက်လို့ လာခဲ့၏။ ထိုအခါ သားရဲများက ကျင့်ကြံသူများကို သတ်လိုက်၊ ကျင့်ကြံသူများက သားရဲများကို သတ်လိုက် ဖြစ်ကုန်ကြ၏။ အကြောင်းမှာ ကျင့်ကြံသူများက ထိုသားရဲများ၏ အမြုတေများသည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေ နိုင်သောကြောင့် လိုက်သတ်ကြခြင်း ဖြစ်သည်။ နတ်ဆိုးပင်လယ်၏ အခြေအနေမှာ အလွန်တရာ ရှုပ်ထွေးလျက် ရှိနေတော့သည်။

သို့သော် ထိုအရာများက ဝမ်လင်းနှင့် သက်ဆိုင်ခြင်းမရှိ ဖြစ်နေ၏။ အခုလက်ရှိတွင် သူက သူ့အမြုတေမှာ စတင် ကြုံလာသည်ကို ခံစားမိနေသည်။ အနီရောင် အမျှင်တန်းများက သူ့စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေသဖြင့် သူ့အမြုတေက အက်ကွဲကာ ပျက်စီးလာသည်။ အချိန် ဆက်စောင့်လျှင် ဝမ်လင်းအတွက် သေလမ်းသာ ရှိတော့၏။ သူက တဖြည်းဖြည်းနှင့် အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်မှ အလယ်အဆင့်သို့ လျော့ကျလာပြီ ဖြစ်သည်။ အချိန်ကြာလည်သည်နှင့်အမျှ ပိုဆိုးလေဖြစ်လာပြီး သူ့အမြုတေကလည်း ကွဲကြေသွား ပေလိမ့်မည်။

ဝမ်လင်းက (၇)ရက်ကြာလျှင် ချူးစစ်ပိုင်နှင့် တွေ့ရန် တွေးတောခြင်း မပြုနိုင်တော့ဘဲ ခုလက်ရှိ သူ့ကိုယ်ထဲရှိ အနီရောင် အမျှင်တန်းကိုသာ ဖယ်ရှားရန် အလျင်လို နေပေတော့သည်။ ဝမ်လင်း အသွင်ကလည်း လုံးဝ နက်မှောင် နေပေပြီ။ ထိုစဉ် သူ့ရှေ့သို့ အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် တစ်ယောက် ဝင်လာနေသည်ကို တွေ့လိုက်ရ၏။

”အမြုတေ ဖွဲ့တည်ခြင်း အလယ်အလတ် အဆင့် … မင်းက ငါ့အတွက်ပဲ”

ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူ့မျက်လုံးထဲမှ အနီရောင် အလင်းတန်းများ ထွက်ပေါ် လာခဲ့၏။ သူက ဂျိနယ်ပယ်နှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ ထို့နောက် ဝမ်လင်းက သူ့အမြုတေကို ထုတ်ယူဝါးမျို လိုက်သည်။ သူက သူ့သိုလှောင် အိတ်ကိုတောင် ကောက်ယူနိုင်ခြင်း မရှိဘဲ နောက်ပစ်မှတ် တစ်ခုကို အလျင်အမြန် ထပ်ရှာရတော့သည်။ ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ရှိ ယောက်ျားမိန်းမ၊ သားရဲအကုန်လုံးကို အမဲလိုက်တော့သည်။ စဦးစိတ်ဝိညာဉ် အဆင့်သို့ မရောက်သေးသောသူ မှန်သမျှ ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံရတော့၏။

သူက အမြုတေများကို ပို၍ ဝါးမျိုလေလေ သူ့ကျင့်ကြံမှု အဆင့် လျော့ကျခြင်းက တဖြည်းဖြည်း လျော့ကျလာသည်က ရပ်တန့်လို့ လာသည်။ သို့သော် ထိုအခြေအနေက တစ်နာရီလောက်သာ ကြာမည်ဖြစ်၏။ တစ်နာရီ ကြာပြီးနောက်မှာ သူ့အမြုတေက လျင်မြန်စွာ ပြန်ကြုံလာမည် ဖြစ်သည်။ သူက ထိုပြဿနာကို ဖြေရှင်းရန် အမြုတေအဆင့် များစွာကို သတ်၍ သူတို့၏ အမြုတေများကို ဝါးမျိုပြီး သူ့စိတ်ဝိညာဉ် စွမ်းအင်မျာကို လုံလောက်အောင် စုစည်းပြီး အနီရောင် အမျှင်တန်းများကို ဖယ်ရှားပစ်ရန်သာ ရှိ၏။ ထို့ကြောင့် သူက လူများစွာကို သတ်ဖြတ်ရန်သာ ရှိတော့၏။ ထို့နောက်သူက သူ့နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်ရာ သူနှင့် (၂၀၀၀) ကီလိုမီတာ အကွာတွင်ရှိသော အုပ်စုတစ်စုအား တွေ့လိုက်ရ၏။ သူတို့ထဲက သုံးယောက်မှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်များ ဖြစ်ကြသည်။ သူတို့က သားရဲ တစ်ကောင်နှင့် တိုက်ခိုက် နေကြခြင်း ဖြစ်သည်။ ဝမ်လင်းက သူတို့ရှိရာသို့ လျင်မြန်စွာ သွားလိုက်၏။ ထိုစဉ် အကွာအဝေး တစ်ခုမှ အသံတစ်ခု ထွက်ပေါ် လာသည်ကို ကြားလိုက်ရသည်။

“အဆိပ်ဘုရင် မှော်နန်းတော်က ဒီနေရာက သတ်ဖြတ်ခြင်းတွေကို တားမြစ်တယ် … အကုန်လုံး မလှုပ်ရှားကြတော့နဲ့”

***

Comment

  1. Huu Nyo says:

    weng lin ကမိစ္ဆာပဲ ဘာလို့အကုန်လိုက်သတ်နေတာလဲ လူကောင်းလေးဖြစ်လို့မရဘူးလား

Leave a Reply

Options

not work with dark mode
Reset