ဝမ်လင်းက ထိုသို့ ပြောပြီးနောက် ထွက်ခွာ သွားတော့သည်။ ဝမ်လင်းလည်း ထွက်ခွာသွားရော ချူးစစ်ပိုင် မျက်နှာပေါ်ရှိ အပြုံက ပျောက်ကွယ်လို့ သွား၏။ ထို့နောက်သူက ဝမ်လင်းနှင့် ဆန့်ကျင်ဘက်သို့ ထွက်သွားတော့သည်။ ဝမ်လင်းက ချီလင်မြို့သို့ မပြန်ခင် မကောင်းဆိုးဝါး ရှုလီကောကို ချူးစစ်ပိုင်နောက်သို့ လိုက်ခိုင်းလိုက်ကာ သူ့ကို စောင့်ကြည့် စေလိုက်သည်။
ဝမ်လင်းက ချီလင်မြို့ရှိ သူနေထိုင်သော နေရာသို့ ပြန်ရောက်သော အခါ သူ့လက်ထဲရှိ အရာနှစ်ခုကို ကြည့်လိုက်၏။ ထိုနှစ်ခုထဲမှ တစ်ခုမှာ ယွင်ဖေး၏ သိုလှောင်အိတ် ဖြစ်ပြီး အခြားတစ်ခု ကတော့ အံ့ဖွယ် ဆေးမီးဖို ဖြစ်၏။
ဝမ်လင်းက ယွင်ဖေး၏ သိုလှောင်အိတ်ကို သူ့နတ်ဘုရား အာရုံဖြင့် တစ်ခုပြီးတစ်ခု စစ်ဆေး ကြည့်လိုက်၏။ ထို့နောက် သို့လှောင်အိတ်ထဲရှိ ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်၏။ ထိုကျောက်စိမ်းပြားများကို ခဏကြာ စစ်ဆေးပြီးနောက် ဝမ်လင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းသွားလေ၏။ ကျောက်စိမ်းပြားများ ပေါ်၌ ဆေးဖော်စပ်နည်းများကို ဖော်ပြ ထားလေသည်။ ထိုဆေးနည်းများမှာ ဆေးဝါးပညာရှင် တစ်ယောက်၏ ဗဟုသုတများကို စုစည်းထားခြင်း ဖြစ်ပေသည်။
ဝမ်လင်းက ကျောက်စိမ်းပြားကို တစ်ဖန်ထပ်ကြည့် လိုက်ပြန်သည်။ အခုအခါမှာတော့ သူက ကျောက်စိမ်းပြားထဲရှိ အရာများကို လွယ်ကူစွာ တွေ့နိုင်ပြီ ဖြစ်၏။ သူက အထဲကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ လိုက်မိသည်။ ယွင်ဖေးက အမှန်သေဖို့ ထိုက်တန်သော တစ်ယောက်ဖြစ်၏။ ယွင်ဖေးက ဝမ်လင်းနှင့် ပထမဆုံး တွေ့ဆုံခဲ့တုန်းက သူမ အသက်အတွက် ဆေးနည်းဖြင့် လဲလှယ် ခဲ့ပေသည်။ သို့သော် သူမက မှန်ကန်သော ဆေးဖော်စပ်နည်းကို ပေးခဲ့ခြင်း မဟုတ်ပေ။
အခုချိန်၌ ဝမ်လင်းက ကျောက်စိမ်းပြား အစစ်ကို ကြည့်ပြီးသောအခါ ယွင်ဖေးပေးခဲ့သော ဆေးနည်းနှင့် ဆင်တူသော်လည်း ပါဝင်ပစ္စည်း အချိုးများမှာ အနည်းငယ် ကွဲပြားနေကြောင်း သိလိုက်ရသည်။ ထိုသေးငယ်သော ကွာဟမှုလေးက လူတစ်ယောက်၏ သေခြင်း၊ ရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်စွမ်းရှိ၏။
ဝမ်လင်းက ဆေးဖော်စပ်ခြင်းဖြင့် ပတ်သက်၍ သေချာ မသိခဲ့ပေ။ သူမသိတာ ကလည်း တကယ်တော့ မထူးဆန်း။ သူက ရှေးဟောင်း နတ်ဘုရား၏အသိဉာဏ်ကို ရရှိထားသော်လည်း ရှေးဟောင်း နတ်ဘုရားများက ဆေးလုံးများ ပြုလုပ်ခဲ၏။ သူ့အတိတ်တုန်းက အတွေ့အကြုံ အရလည်း ဆေးပညာနှင့် ပတ်သက်၍ ဘာမျှမသိခဲ့။
ထို့နောက်သူက သည်ကျောက်စိမ်းပြားကို ရတနာတစ်ခုလို သိမ်းထားလိုက်ကာ ဆေးပညာနှင့် ပတ်သက်၍ ကျွမ်းကျင်အောင် လုပ်ရန်လည်း ဆုံးဖြတ်လိုက်၏။
ထို့နောက်တွင်တော့ ရှုလီကောက ချူးစစ်ပိုင်အား စောင့်ကြည့် နေစဉ်မှာ သူက သိုလှောင်အိတ်ထဲရှိ အလံကို ထုတ်လိုက်ပြီး သန့်စင်လိုက်၏။ အခုချိန်မှာတော့ ရှုလီကောက အလွန် စိတ်လှုပ်ရှားလို့ နေကာ သူ့စိတ်ထဲမှာလည်း သူ့သခင်က သူ့ကို နံပါတ်နှစ် (ဒုတိယ မကောင်းဆိုးဝါး) ထက် ပိုအလေး ပေးကြောင်းခံစား နေရသည်။ ထိုအတွက်လည်း သူက ဂုဏ်ယူမိနေသည်။ တစ်နေ့မှာ ရှုလီကောက သူ့သခင်မှာ မကောင်းဆိုးဝါး နံပါတ် (၃)၊ (၄)၊ (၅)ကနေ ကိုးဆယ်လောက်ထိ ရှိလာပြီး ထိုမကောင်းဆိုးဝါးများကို သူ့အား ရိုက်လာမည်ကို အလွန် စိုးရိမ်နေပေ၏။ ထိုအဖြစ်က သူ့အား ဝမ်လင်း၏ အသတ် ခံရခြင်းထက် ပိုစိုးစေသည်။ ရှုလီကောက ဤသို့ ဖြစ်မလာစေရန် သူ့ကိုယ်သူ ဆုံးဖြတ်ချက် ချလိုက်၏။ သူက အမြဲတမ်း နံပါတ်တစ် ဖြစ်နေရပေမည်။ ထိုသို့ ဖြစ်လာရန်လည်း သူက ဝမ်လင်း၏ အမိန့်ကို နာခံကာ ဝမ်လင်း ပြောသမျှကိုလည်း ပြီးမြောက်အောင် ကြိုးစားပေးရန် တွေးလိုက်၏။
အခုချိန်မှာတော့ သူက ချူးစစ်ပိုင်နောက်မှ ကပ်လိုက်လျက် ရှိသည်။ ချူးစစ်ပိုင်က မည်မျှမြန်မြန် သွားသည်ဖြစ်စေ သူက အလွယ်တကူ နောက်ယောင်ခံ လိုက်နိုင်၏။
သည်လိုနှင့် အချိန်က နှစ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ သည်နှစ်ရက် အတွင်း၌ ဝမ်လင်းက ဂူထဲမှ ထွက်ခွာခြင်း မရှိဘဲ အလံကို သန့်စင်လို့ နေသည်။
သည်အတားအဆီး အလံသန့်စင်ခြင်း၌ မတူညီသော အတားအဆီး (၉၉၉,၉၉၉) ခုလိုအပ်၏။ ပထမ အဆင့်တွင် အတားအဆီး (၉၉၉)ခု ပါဝင်သည်။ ဝမ်လင်း ပထမ အဆင့်ကို အောင်မြင်ရန် ကြိုးစားနေခဲ့သည်။
ဝမ်လင်းက နတ်ဆိုး ပင်လယ်တွင် သူ့အတွက် အန္တရာယ်များ အချိန်မရွေး ကြုံနိုင်သည်ကို သိ၏။ ထို့ကြောင့်လည်း သူက အတားအဆီး အလံကို အလျင်အမြန် ပြုလုပ်နေခြင်း ဖြစ်သည်။ သူက အတားအဆီး အလံအတွက် သူ့ထံတွင်ရှိသော နတ်ဘုရား နယ်မြေတွင် ရခဲ့သည့် မင်ကျောက်တုံး သုံးခုကို နတ်ဘုရား အလံအတွက် အသုံးပြုပြီး ဖြစ်သည်။
နောက်ထပ်နှစ်ည ကုန်ပြီးနောက် ဝမ်လင်းက နောက်ဆုံး အတားအဆီး တစ်ခုကို ပြုလုပ်ပြီးနောက် ရုတ်တရက် အလံပေါ်ရှိ အမည်းစက်များသည် အလံ တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၎င်းက အဖြူရောင်မှ အမည်းရောင်သို့ ပြောင်းသွားလေသည်။
ရှေးဟောင်း ငွေရောင် အငွေ့အသက်များက အလံပေါ်မှ ထွက်ပေါ်လျက် ရှိ၏။ ထို့နောက် ရွှေရောင် သင်္ကတေများ ထွက်ပေါ်လာပြီး အလံကို ဖုံးလွှမ်း သွားလေသည်။
ထိုအချိန်၌ ချီလင်မြို့ အထက်ရှိ တိမ်အစုအဝေး အပေါ်၌ ကြယ်ထောင်းပေါင်း များစွာ ဖြစ်ပေါ်လာ၏။ ထိုကြယ်များထဲမှ အနီရောင် တိမ်တိုက်တစ်ခုသည် စတင် စုဝေးလို့ လာ၏။ ထိုအနီရောင် တိမ်တိုက်က တဖြည်းဖြည်း ကြီးမား ကျယ်ပြန့်လာပြီး အချင်း ကီလိုမီတာ တစ်ရာလောက်ပင် ဖြစ်လာခဲ့သည်။
ထိုခဏမှာပင် နတ်ဆိုးပင်လယ်၏ အရှေ့ဘက်၌ လူတစ်ယောက တောင်ထိပ် တစ်ခုမှ ထွက်ပေါ်လာခဲ့သည်။ ထိုလူက သေခြင်းရနံ့များ ဖုံးလွှမ်းနေပြီး သူ့ပုံစံကိုလည်း ကောင်းစွာ မမြင်ရပေ။
ထိုလူက သူ့အပေါ်ရှိ အနီရောင် တိမ်တိုက်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“နတ်ဘုရား ဒဏ်ခတ်ခြင်း … ဘယ်လို ဖြစ်နိုင်မှာလဲ … ရှေးဟောင်း ကျင့်ကြံခြင်း လောကက ပျက်စီးသွားပြီ မလား …။ နတ်ဘုရား ပြစ်ဒဏ်က ဘယ်လို ဖြစ်လာရတာလဲ …။ ရှေးဟောင်း ကျင့်ကြံသူတွေက မသေသေးတာလား”
သူကထိုသို့ ပြောပြီးနောက် အနီရောင် တိမ်တိုက်ထဲသို့ ဦးတည် သွားလိုက်တော့သည်။
နတ်ဆိုးပင်လယ်၏ အရှေ့ဘက် တစ်နေရာကတော့ ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်၏။ ထိုချိုင့်ဝှမ်းထဲ၌ ရေများ ပြည့်နေခဲ့၏။ သည်နေရာ၌သာ တိမ်များသည် ပင်လယ်ရေအဖြစ် ပြောင်းလဲ နိုင်သည်ကို အကြောင်းရင်း ရှာမရပေ။ ရုတ်တရက် ပင်လယ်ရေများက ပြင်းထန်စွာ လှုပ်ရှား လာခဲ့သည်။ ထိုစဉ် အပြာရောင် ဝတ်စုံဖြင့် လူကြီးက ရေထဲမှ ထွက်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ တုန်လှုပ် သွားလေ၏။
“နတ်ဘုရား ဒဏ်ခတ်ခြင်း …” ဘယ်အချိန်တုန်းကများ ဒီလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရာမျိုး နတ်ဆိုး ပင်လယ်မှာ ဖြစ်ပေါ် လာခဲ့တာလဲ …။ ဒီနတ်ဘုရား ဒဏ်ခတ်ခြင်းက ပုန်းကွယ်နေတဲ့ မွန်းစတား အိုကြီးတွေကို ထွက်ပေါ် လာစေလိမ်မယ် …”
ထိုသို့ ပြောပြီးနောက် သည်လူကြီးက ချိုင့်ဝှမ်းထဲရှိ ရေများနှင့် ပေါင်းစပ်လိုက်ပြီး အနီရောင် တိမ်တိုက်ထဲသို့ ရွေ့လျား သွားတော့သည်။
နတ်ဆိုးပင်လယ်၏ တောင်ဘက်ခြမ်း ရတနာ သန့်စင်ခြင်း ခန်းမဆောင်၏ သုံးထပ်မြောက်တွင် အဖြူရောင်ဆံပင်နှင့် လူအိုကြီးက သားရဲအရိုး တစ်ခုကို ကိုင်ဆောင်ထားကာ အခြေခံ တည်ဆောင်ခြင်း ကျင့်ကြံသူ တစ်ယောက်ကို ကြွားလုံး ထုတ်နေ၏။
သည်အခြေခံ တည်ဆောက်ခြင်း ကျင့်ကြံသူက ဒေါသ ထွက်နေပြီ ဖြစ်သည်။ သူက ရတနာခန်းမ၏ စည်းမျဉ်းများကို မဆန့်ကျင် ရဲသောကြောင့်သာ သည်လူအိုကြီးကို မရိုက်နှက်ခြင်း ဖြစ်သည်။ သည်လူအိုကြီးက သူ့ကို ပထမထပ်ကနေ အခုသုံးထပ်မြာက်ထိ နှောင့်ယှက်နေခြင်း ဖြစ်သည်။ သူ့အမြင်အရ သည်လူအိုကြီးက ချီစုဆောင်းမှု အဆင့် ၈သာ ရှိသေး၏။
နောက်ဆုံးမှာတော့ သူက စိတ်မရှည်တော့ဘဲ ရတနာခန်းမမှ ထွက်လာခဲ့၏။ သို့သော် လူအိုကြီးက သူ့ကို လိုက်နှောင့်ယှက် နေတုန်းပင်။ အခြေခံ တည်ဆောက်ခြင်း ကျင့်ကြံသူက မြေကြီးပေါ်သို့ အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးများ ပစ်ချလိုက်၏။ သူ့ပုံစံက တိရစ္ဆာန် တစ်ကောက်ကို အစာကြွေး သလိုမျိုး လူအိုကြီးထံ ပစ်ပေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက်သူက ဒီည၌ လူအိုကြီးကို သင်ခန်းစား ပေးရန် ဆုံးဖြတ်လိုက်သည်။
ဆံပင်ဖြူနှင့် လူကြီးက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးများကို ပြုံး၍ ကောက်ယူလိုက်၏။ ထို့နောက်သူက သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။ ထိုခဏ၌ သူ့အမူအရာက တိမ်များကို ကြည့်၍ ရုတ်တရက် ပြောင်းလဲ သွားတော့သည်။
***