ဝမ်လင်း၏ အသွင်က မပြောင်းလဲပဲ ရှိနေ၏။ သို့သော် ချူးစစ်ပိုင်ပြောသော အကြောင်းကို သူက စိတ်ဝင်စား မိလေသည်။ ဂူစီလို့ခေါ်သော နေရာသည် စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများက နတ်ဆိုးများ၏ ကျူးကျော်ခြင်းကို ခံလိုက်ရကာ သူတို့၏စဦး စိတ်ဝိညာဉ်များအား လှောင်ပိတ်ခြင်း ခံထားရသော နေရာ ဖြစ်၏။ စဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားခြင်း မရှိသော်လည်း ခန္ဓာကိုယ်က အိပ်ပျော်နေ သကဲ့သို့ ဖြစ်နေ၏။
ဂူစီအတွင်း၌ ကျင့်ကြံသူ တစ်ယောက်က အချိန်အတော်ကြာ နစ်မြုပ်နေလျှင် နတ်ဆိုးက သူတို့အား ဝါးမျိုသွားမည် ဖြစ်ပြီး သူတို့၏ စိတ်ဝိညာဉ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာကာ ခန္ဓာကိုယ်ကလည်း ပုပ်သိုး သွားပေလိမ့်မည်။ သို့သော် ယေဘုယျအားဖြင့် ဂူစီအတွင်းသို့ ဝင်ရောက်သွားသော ကျင့်ကြံသူ အများစုက နိုးထ လာကြသော်လည်း သူတို့၏ ကျင့်ကြံခြင်း အဆင့်များ ဆုံးရှုံးသွားလေ့ရှိ၏။
ဂူစီက ကျင့်ကြံမှု လောက အတွင်း၌ လူသူများသော အရာတစ်ခုတော့ မဟုတ်ပေ။
ချူးစစ်ပိုင်က စကား ပြောပြီးနောက် သူက ဝမ်လင်းအား ကြည့်လိုက်၏။ သို့သော် ဝမ်လင်း၏ အမူအရာက မပြောင်းလဲဘဲ ရှိနေသေး၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားကာ မေးလိုက်သည်။
“မင်းက ဂူစီနေရာ အကြောင်းကို ဘယ်လို သိတာလဲ …”
ချူးစစ်ပိုင်က ဝမ်လင်း၏ မေးခွန်းကို လျင်မြန်စွာပင် ပြန်ဖြေလိုက်၏။
“ရောင်းရင်း ကျင့်ကြံသူ … ဒါကိုပြောမယ် ဆိုရင်တော့ အရှည်ကြီး ပြောမှရမှာ … ငါတို့ အေးဆေးထိုင်ပြီး ပြောကြရအောင် …”
ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်၏။
ထိုအခါ ချူးစစ်ပိုင်က တောင်ထိပ်ရှိ နားနေဆောင်သို့ လျင်မြန်စွာ ပျံသန်းသွား၏။ ချူးစစ်ပိုင် ထွက်သွားပြီးနောက ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှား လိုက်ရုံဖြင့် နားနေဆောင်သို့ ရောက်သွားလေ၏။ သူက ချူးစစ်ပိုင်နောက်မှ ထွက်ခွာသော်လည်း နားနေဆောင်သို့ သူနှင့် တစ်ချိန်တည်း ရောက်နေခဲ့၏။
တကယ်တော့ ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်သို့ ရောက်နေခဲ့သောကြောင့် သူ့အတွက် စဦး စိတ်ဝိညာဉ် ဖြစ်ပေါ်ရန် အလွန် အရေးကြီးနေ၏။ သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်သည်နှင့် ကျောက်နိုင်ငံသို့ ပြန်ကာ သွေးကြွေးဆပ်မည် ဖြစ်သည်။ သူက ထျန်းမိသားစုရှိ လူအားလုံးကို သတ်ပစ်ချင်နေကာ တိရစ္ဆာန် တစ်ကောင်ကိုပင် အလွတ် မပေးနိုင်ချေ။ သူက ထျန်းမိသားစုကို အကူအညီ ပေးခဲ့သော လူများအားလုံးနှင့် သူတို့၏ တပည့်သားမြေး များကိုပါ သတ်ပစ်မည် ဖြစ်၏။ သူက ထျန်းမိသားစု၏ ခေါင်းဆောင် ထျန်းဟွယွမ်၏ ဝိညာဉ်ကိုထုတ်၊ အရေပြားကို နွှာပြီး အပိုင်းပိုင်း လုပ်ပစ်မည် ဖြစ်၏။ နှစ်လေးရာ အတွင်း သူခံစားခဲ့ရသော ခါးသီးမှုများ အတွက် သူက မရရအောင် လက်စားချေမည် ဖြစ်ပြီး ကျောက်နိုင်ငံ တစ်ခုလုံးကို သွှေးလွှမ်း စေပေမည်။
ချူးစစ်ပိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အရက် တစ်ပုလင်းနှင့် ခွက်နှစ်ခွက် ပေါ်လာခဲ့သည်။ ထို့နောက်သူက အရက်ကို ခွက်နှစ်ခွက်လုံး ထဲသို့ ထည့်လိုက်ပြီး ပြုံး၍ ပြောလိုက်၏။
“ရောင်းရင်း ကျင့်ကြံသူ … ဒါက နတ်ဆိုး ပင်လယ်ရဲ့ အကောင်းစား အရက်နော် … တစ်ငုံသောက် လိုက်တာနဲ့ ဒီအရသာကို အချိန်အကြာကြီး မှတ်မိနေလိမ့်မယ် …။ ရောင်းရင်းက ဘာလို့ မသောက်ကြည့် ရတာလဲ”
ဝမ်လင်းက ငြင်းဆိုခြင်း မပြုဘဲ ခွက်ကိုယူ၍ သေချာ စစ်ဆေးကာ သောက်ချလိုက်သည်။ ထို့နောက် ချူးစစ်ပိုင်က ပြုံး၍ ပြောလိုက်၏။
“ရောင်းရင်း ကျင့်ကြံသူ … တခြား တစ်ယောက်ကသာ ဒီကိစ္စကို မေးမယ်ဆိုရင် ငါက လုံးဝ ပြောပြမှာ မဟုတ်ဘူး … ဒါပေမဲ့ သင်ကတော့ မတူဘူး …။ ရောင်းရင်းနဲ့ ကျုပ်က အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် သို့ရောက်နေကြပြီး စဦးစိတ်ဝိညာဉ် အဆင့်ရောက်ဖို့ ကလည်း ကျုပ်တို့ နှစ်ယောက်လုံးရဲ့ အိပ်မက်ပဲလေ”
“ငါက ဂူစီအကြောင်း ဘာလို့သိလဲ ဆိုတော့ သူတို့ထဲက တစ်ယောက်က ငါ့ဆရာ ဖြစ်နေလို့ပဲ”
ထိုသို့ပြောပြီး ချူးစစ်ပိုင်က ဝမ်လင်းအား ကြည့်လိုက်သည်။ ဝမ်လင်းက အရက်အနည်းငယ် သောက်၍ ချူးစစ်ပိုင်အား ပြောလိုက်သည်။
“မင်းဆရာကို မင်းသတ်လိုက် တာလား …”
ချူးစစ်ပိုင်က ရယ်မောကာ ပြန်ဖြေလိုက်သည်။
“ရောင်းရင်းကို ထိမ်ချန်ထားစရာ မရှိပါဘူး …။ သူက ငါ့ကို တပည့်အဖြစ် လက်ခံကတည်းက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လက်ခံခဲ့တာ မဟုတ်ဘူး …။ သူနဲ့ ငါ့ရဲ့စီနီယာ အစ်ကို နှစ်ယောက်လုံးက စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတွေပဲ …။ သူတို့ တံခါးပိတ် လေ့ကျင့်နေတုန်းမှာ ငါက သူတို့ကို တိတ်တဆိတ် နှောင့်ယှက် ဖျက်ဆီးခဲ့တယ် … ခုဆိုရင် သူတို့က ဂူစီမှာ ရှိနေတာ နှစ်သုံးဆယ်လောက် ရှိနေပြီ …။ ငါခန့်မှန်းတာ ကတော့ သူတို့ နှစ်ယောက်လုံးက နတ်ဆိုးတွေရဲ့ ကျူးကျော်ခြင်း ခံလိုက်ရပြီး သတို့ရဲ့ စဦးစိတ် ဝိညာဉ်ကို ထုတ်ယူဖို့ အကောင်းဆုံး အချိန်လို့ ထင်တယ် …”
ဝမ်လင်းက မျက်ခုံးပင့်၍ အနည်းငယ် စဉ်းစားကာ ပြောလိုက်၏။
“ဒါက ရှေးဟောင်း အတားအဆီးတွေကို သိတာနဲ့ ဘာဆိုင်လည်း ဆိုတာ ငါမသိသေးဘူး …”
ချူးစစ်ပိုင်က နောက်ဆုံး လက်ကျန် အရက်ကို သောက်လိုက်ပြီး ပြုံး၍ ပြောလိုက်၏။
“ငါ့ဆရာက ရှေးဟောင်းကျင့်ကြံမှု ဂူထဲမှာ လေ့ကျင်ခဲ့ပြီး သူက အဲ့နေရာကို မတော်တဆ တွေ့ခဲ့တာပဲ …။ ငါက သူတို့တံခါးပိတ် ကျင့်နေစဉ်မှာ နှောင့်ယှက် ဖျက်ဆီးနိုင်ခဲ့တယ် … ဘာလို့လဲ ဆိုတော့ ငါက ဒီအတွက် နှစ်အကြာကြီး ကြိုပြင်ဆင် ထားခဲ့လို့ပဲ …။ ငါက ဂူထဲက ရှေးဟောင်း အတားအဆီးများကို နှစ်ပေါင်းများစွာ လေ့လာ နေခဲ့တယ်”
“ဒါပေမဲ့ … ဒီဂူက ပိတ်ပြီး ပြန်ဖွင့်ဖို့ အလွန်ခက်ခဲတယ် …။ ငါက နတ်ဆိုးဟာ အတားအဆီး နောက်တစ်ခုနဲ့ ထပ်ပိတ်လိုက်မယ်လို့ ငါမမျှော်လင့်မိခဲ့ဘူး …။ ဒါကြောင့်ငါက ဒီအချိန်မှာ အဲ့ဂူထဲကို မဝင်နိုင်ဘဲ ဖြစ်နေရတယ်”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားလိုက်၏။
ချူးစစ်ပိုင်က သူ့သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားကို ထုတ်ပြီး ဝမ်လင်းအား ပေးလိုက်၏။
“ဒီထဲမှာ ငါကူးလာတဲ့ ဂူရဲ့အတားအဆီး သင်္ကေတတွေ ရှိတယ် … ရောင်းရင်းရဲ့ ဗဟုသုတနဲ့ ဆိုရင် အစစ်လား၊ အတုလား ခွဲခြားနိုင်လိမ့်မယ် …”
ဝမ်လင်းက ကျောက်စိမ်းပြားကို သူ့နတ်ဘုရား အာရုံဖြင့် စစ်ဆေးလိုက်၏။ ကျောက်စိမ်းပြားထဲရှိ သင်္ကေတများသည် အကာအကွယ် အစီအရင်များ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ချူးစစ်ပိုင်က မေးလိုက်သည်။
“ရောင်းရင်း … သင်ဘယ်လို ထင်လဲ”
ဝမ်လင်းက အချိန် အတော်ကြာအောင် စဉ်းစားပြီး ပြန်မေးလိုက်၏။
“အဲ့အထဲမှာ ရှိတဲ့ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူ နှစ်ယောက်က ဘယ်အဆင့်တွေလဲ”
ချူးစစ်ပိုင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
“ငါ့ဆရာကတော့ အစောပိုင်း စဦးစိတ်ဝိညာဉ် အဆင့်၊ စီနီယာ အစ်ကိုကတော့ ခုမှ ရောက်ခါစ ပဲရှိသေးတယ် … ဂူကို ဖွင့်နိုင်မယ် ဆိုရင် ရောင်းရင်းက ငါ့ဆရာရဲ့ စဦး စိတ်ဝိညာဉ်ကို ယူပါ …”
ဝမ်လင်းက အချိန်အတော်ကြာ စဉ်းစားပြီး ပြန်ပြောလိုက်သည်။
“ငါ ဒီကိစ္စကို ချက်ချင်း မဆုံးဖြတ်နိုင်သေးဘူး … ရက်အနည်းငယ်လောက် စဉ်းစားပြီးမှပဲ ဆုံးဖြတ်ချက် ချတော့မယ်”
***