“ဝင်ပေါက်နှစ်ခုဖွင့်နိုင်တဲ့သူထက် ပိုကောင်းတယ်လား…”
ဇူချင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ ဇူယွမ်နဲ့ချင်ယုတို့ရဲ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့ရသည်။
“ဆရာကန်းယွမ်က မညာခဲ့ဘူးပဲ… ငါ့ရဲ့စွမ်းအင်ဝင်ပေါက်တွေဖွင့်ဖို့က ပိုပြီးခက်ခဲပေမဲ့လည်း အကျိုးကျေးဇူးက တကယ့်ကိုကြီးမားတာပဲ…” ဇူယွမ်ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။ သူ့အဖေရဲ့ထင်မြင်ချက်အရ သူ့ခန္ဓာကိုယ်ရဲ့စွမ်းရည်က ဝင်ပေါက်နှစ်ခုဖွင့်နိုင်တဲ့ကျင့်ကြံသူတစ်ယောက်ထက် ပိုမြင့်ပြီးတော့ ဝင်ပေါက်တစ်ခုသာဖွင့်နိုင်သေးတဲ့ကျင့်ကြံသူတွေကို ကောင်းစွာဖိနှိပ်နိုင်လိမ့်ပေမည်။
တကယ်လို့သာ သူသိထားခဲ့တဲ့ မူလမှော်စာလုံးတွေကို ထပ်ပေါင်းလိုက်မယ်ဆိုရင် သူ့ရဲ့တိုက်ပွဲစွမ်းရည်က ဝင်ပေါက်သုံးခုဖွင့်နိုင်တဲ့ကျင့်ကြံသူတွေတောင်မှ သူ့ကိုရှုံးနိမ့်သွားအောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။
“တကယ်လို့ ငါသာကျားဟိန်းသံမှော်စာလုံးကို ကျွမ်းကျင်သွားခဲ့ရင် ဝင်ပေါက်လေးခုဖွင့်နိုင်တဲ့ ကျင့်ကြံသူတွေနဲ့တောင် ရင်ဆိုင်နိုင်လောက်တယ်…” ဇူယွမ်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိပြီး သူ့နှလုံးသားထဲမှာတော့ ပျော်ရွှင်မှုလှိုင်းတွေ ဖြစ်ပေါ်လာခဲ့ရသည်။ ကုန်လွန်ခဲ့တဲ့အချိန်တွေအတွင်းမှာ သူ့ရဲ့ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုက ကျေနပ်စရာကောင်းတဲ့ရလဒ်တစ်ခုကို ရရှိစေခဲ့ပေသည်။
အရေးအကြီးဆုံးက ဇူယွမ်မှာမျှော်လင့်ချက်တစ်ခုရှိသွားခဲ့ပြီဖြစ်ပြီး ဒီမျှော်လင့်ချက်က အရာရာကို သူပြောင်းလဲနိုင်တဲ့နေ့ရောက်သည်အထိ အဆက်မပြတ်တက်လှမ်းသွားနိုင်ဖို့ပင်။
ဇူချင်ရဲ့မျက်လုံးတွေကတောက်ပနေခဲ့ပြီး ဇူယွမ်ကိုကြည့်လိုက်သည်။ တစ်ဖက်တည်းရှိတဲ့ သူ့ရဲ့လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ဇူယွမ်ရဲ့ပုခုံးကို ပြင်းပြင်းထန်ထန်ပဲပုတ်လိုက်မိသည်။ သူ့ရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတာ မြင်တွေ့နိုင်ပေသည်။
“ယွမ်အာ… သားကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ!”
ဒီအချိန်မှာဇူချင်ရဲ့စကားသံက အနည်းငယ်တုန်ယင်နေခဲ့ကာ သူ့ရဲ့မျက်လုံးတွေကလည်း နီရဲနေလျက်ရှိသည်။
“ဝူဘုရင်က သားရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုနဲ့ ငါတို့ဇူကလန်ရဲ့မြင့်မြတ်တဲ့နဂါးက အဆုံးမရှိတဲ့ချောက်နက်ကြီးတစ်ခုထဲကို ကျဆင်းသွားခဲ့ပြီလို့ယုံကြည်နေပေမဲ့ ကြည့်ရတာ သူကသားကိုလျှော့တွက်ထားပုံပဲ!”
စိတ်လှုပ်ရှားနေတဲ့ ဇူချင်ကိုကြည့်လျက် ဇူယွမ်ရဲ့စိတ်က မတည်ငြိမ်နိုင်အောင် ဖြစ်နေရသည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို နှစ်ပေါင်းများစွာကြာအောင်မဖွင့်နိုင်ခဲ့ခြင်းက သူ့အဖေရဲ့ကြီးမားတဲ့ရည်မှန်းချက်တွေကို တဖြည်းဖြည်းနဲ့ရက်စက်စွာပျက်စီးသွားစေခဲ့ရပြီး သူ့အဖေရဲ့နှလုံးသားထဲမှာ စိတ်ပျက်အားငယ်မှုတွေခံစားခဲ့ရတာကို သူသိပေသည်။
တကယ်ကိုလည်း ဇူချင်ကမျှော်လင့်ချက်ရေးရေးလေးတောင် မြင်တွေ့နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ဝူအင်ပါယာက လျင်မြန်စွာတိုးတက်ကြီးပွားပြီး စွမ်းအားမြင့်လာခဲ့တဲ့အချိန်မှာ ဇူအင်ပါယာကတော့ သေခြင်းရဲ့တံခါးဝကိုရောက်ရှိနေခဲ့ရသည်။ တစ်ချိန်ချိန်မှာ ဝူဘုရင်သတ်မှတ်ထားတဲ့ အချိန်ကာလကိုရောက်ရှိလာခဲ့မယ်ဆိုရင် ဇူအင်ပါယာက သူတို့ရဲ့အဆုံးသတ်ကို ပျော်ရွှင်စွာစောင့်ကြိုနေကြရလိမ့်မည်ဖြစ်ကြောင်းကို သူသိပေသည်။
သို့ပေမဲ့လည်း အခုအချိန်မှာ ဇူယွမ်ကသူ့ရဲ့စွမ်းအင်ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ဇူချင်ရဲ့စိတ်ပျက်အားငယ်နေမှုတွေက နောက်ဆုံးမှာ အလင်းရောင်အနည်းငယ်ကို မြင်တွေ့လာနိုင်ခဲ့ရပြီဖြစ်သည်။
အခုအချိန်မှာ ဒီအလင်းရောင်က အနည်းငယ်မျှသာဖြစ်နေစေကာမူ တစ်နေ့မှာဒါက ရဲရဲတောက်နေတဲ့နေတစ်စင်းကဲ့သို့ တောက်ပလာမည်ကို ဇူချင်ယုံကြည်ပေသည်။ ဒီလက်စားချေမှုက ဝူအင်ပါယာကို အလုံးစုံဖျက်စီးသွားနိုင်လိမ့်မည်ဖြစ်သလို တစ်ချိန်က ဇူအင်ပါယာဆုံးရှုံးသွားခဲ့ရတဲ့ အရာရာတိုင်းကိုလည်း ပြန်လည်ယူဆောင်နိုင်ပေလိမ့်မည်။
လက်ရှိအချိန်မှာ ဝူအင်ပါယာက အိမ်နီးချင်းအင်ပါယာနှစ်ခုနဲ့ စစ်ပွဲရင်ဆိုင်နေသည့်အတွက် ဇူအင်ပါယာအပေါ် စိတ်ဝင်စားဖို့ အချိန်မရှိပေ။ ဒါက ဇူယွမ်ကြီးထွားလာဖို့ အချိန်ကောင်းပင်ဖြစ်သည်။
ဇူယွမ်အသက်တစ်ချက်ပြင်းစွာရှူလိုက်ပြီး သူ့နှလုံးသားထဲကခံစားမှုတွေကို ထိန်းချုပ်လိုက်သည်။ သူနဲ့ဝူအင်ပါယာအကြားမှာ တိုင်းတာမရလောက်အောင်ကွာခြားမှုရှိတာကို သူသိပေသည်။ ထို့ကြောင့် လက်ရှိအချိန်မှာ အလှမ်းကွာဝေးနေသေးတဲ့အရာတစ်ခုကို စဉ်းစားမနေဖို့ လိုအပ်ပေသည်။
လက်ရှိအချိန်မှာ သူလုပ်ဆောင်ရမှာက ကျောင်းသားသစ်စာမေးပွဲကိုကျော်ဖြတ်ပြီး ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်ဖို့နှင့် တော်ဝင်ဇူကျောင်းတော်ရဲ့ကျောင်းအုပ်နေရာကို ပစ်မှတ်ထားနေသည့် ချီအိမ်တော်ရဲ့အစီအစဉ်ကို အလုံးစုံပျက်စီးသွားစေရန်လိုအပ်ပေသည်။
“လက်တွေ့မှာ ကျောင်းသားသစ်စာမေးပွဲရဲ့ ထိပ်ဆုံးဆယ်နေရာကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက်က ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့် စွမ်းအားမျိုးရှိနေဖို့ပဲ… ငါ့အတွက်က ဝင်ပေါက်သုံးခုဖွင့်နိုင်တဲ့ ကျင့်ကြံသူတွေကို ကြောက်စရာလိုမှာမဟုတ်ဘူး… ဒါပေမဲ့ ဝင်ပေါက်လေးခုဖွင့်နိုင်တဲ့ကျင့်ကြံသူတစ်ယောက်နဲ့ယှဉ်လိုက်ရင် ငါ့အတွက်အခွင့်အရေးက နည်းနေတုန်းပဲ…”
ဇူယွမ်ရဲ့မျက်လုံးတွေတောက်ပသွားခဲ့ရသည်။ တစ်စုံတစ်ခုသာလွဲချော်မှုဖြစ်မသွားခဲ့ဘူးဆိုရင် ကျောင်းသားသစ်စာမေးပွဲမတိုင်ခင်မှာ သူ့ရဲ့ဒုတိယဝင်ပေါက်ကိုဖွင့်ဖို့ အချိန်လုံလောက်ပေသည်။ သူ့ရဲ့ဒုတိယဝင်ပေါက်ကို ဖွင့်နိုင်ခဲ့မယ်ဆိုရင် ဇူယွမ်အနေနဲ့ဘာတစ်ခုကိုမှ ကြောက်ရွံနေစရာလိုလိမ့်မည်မဟုတ်ပေ။ ဒီလိုသာဆိုရင် သူ့အတွက် အခွင့်အရေးအချို့ရှိလာလိမ့်မည်ဖြစ်ပြီး ပထမနေရာအတွက် ထင်ကြေးပေးခြင်းအခံရဆုံးဖြစ်တဲ့ လင်ဖုန်းကိုတောင်မှ သူ့အနေနဲ့အခက်အခဲဖြစ်စေနိုင်ပေလိမ့်မည်။
“ငါ့အနေနဲ့ ပါရမီရှင်အတန်းကိုဝင်ရောက်နိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အနားယူနေလို့ မဖြစ်ဘူး…” ဇူယွမ်တိတ်တဆိတ်တွေးလိုက်မိသည်။
“ယွမ်အာ… သားကအခုသားရဲ့ပထမဆုံးဝင်ပေါက်ကိုဖွင့်နိုင်ခဲ့ပြီ… အဲ့ဒီတော့ သားကမူလကျင့်စဉ်အချို့ကို လေ့လာနိုင်ပြီး သားရဲ့စွမ်းအားတွေကို အပြည့်အဝထုတ်သုံးနိုင်လိမ့်မယ်…” ဇူချင်သူ့ရဲ့လက်ကိုပြန်ရုတ်လိုက်ရင်းမှ ပြောလိုက်သည်။
မူလကျင့်စဉ်တွေက ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သလို လူတစ်ယောက်ရဲ့ မူလချီတွေကိုလည်း ပိုပြီးအစွမ်းထက်လာအောင် အသုံးချနိုင်စွမ်းရှိပေသည်။ ဒီကမ္ဘာကြီးထဲမှာ မူလကျင့်စဉ်တွေကလည်း မူလလက်နက်တွေလိုပင် သာမန်အဆင့်၊ အနက်ရောင်အဆင့်၊ ကောင်းကင် အဆင့်နဲ့ တော်ဝင်အဆင့်ဆိုပြီး အဆင့်လေးဆင့်ခွဲခြားထားသည်။
သို့ပေမဲ့လည်း မူလကျင့်စဉ်တွေအဆင့်မြင့်လာလေလေ ခန္ဓာကိုယ်ပေါ်က လိုအပ်ချက်တွေကလည်း ကြီးမားလာလေလေဖြစ်သည်။
ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကျင့်ကြံသူအများစုက သာမန်အဆင့်မူလကျင့်စဉ်ကိုသာ လေ့လာနိုင်ပေသည်။
“သားလေ့ကျင့်နိုင်ဖို့အတွက် တော်ဝင်ဘဏ္ဍာတိုက်ထဲက သင့်တော်တဲ့မူလကျင့်စဉ်အချို့ကို အဖေတစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်…”
ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ အခုအချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ကိုဖွင့်နိုင်ခဲ့ပေမဲ့လည်း သူ့ရဲ့စွမ်းအားတွေအပြည့်အဝအသုံးပြုနိုင်ခြင်းမရှိသေးပေ။ အဓိကအကြောင်းအရင်းက သူ့အနေနဲ့မူလကျင့်စဉ်တစ်ခုတစ်လေကိုမျှ လေ့ကျင့်ခဲ့ရခြင်း မရှိသောကြောင့်ပင်။
ထို့ကြောင့် ဒီနေ့ကစပြီး သူ့ရဲ့နေ့စဉ်ကျင့်ကြံခြင်းလုပ်ငန်းမှာ နောက်ထပ်အလုပ်တစ်ခုထပ်ပေါင်း ထည့်ရပေမည်။
…
ဇူချင်ရဲ့လုပ်ဆောင်နိုင်မှုက အရမ်းကိုမြင့်မားပေသည်။ ဒါ့ကြောင့်ပင် များပြားလှတဲ့ မူလကျင့်စဉ်တွေ ဇူယွမ်ရဲ့လက်ထဲကို လျင်မြန်စွာရောက်ရှိလာခဲ့ရသည်။
ကျောက်တုံးအိမ်လေးထဲမှာ ဇူယွမ်ကမူလကျင့်စဉ်တွေကို ဖတ်ရှုလေ့လာနေလျက်ရှိလေသည်။ သူတို့တွေထဲမှာ အထင်ကြီးစရာအကောင်းဆုံးက မူလစကြာဝဠာလက်သီးကျင့်စဉ်နှင့် လေအလင်းကွဲထွက်ခြင်းလက်သီးကျင့်စဉ်တို့ပင်။ ထိုကျင့်စဉ်နှစ်ခုစလုံးက အလယ်အလတ်အဆင့်မူလကျင့်စဉ်တွေဖြစ်ကြပေသည်။
ဇူယွမ်နက်နက်ရှိုင်းရှိုင်းတွေးတောနေလျက် ၎င်းမူလကျင့်စဉ်နှစ်ခုကိုစိုက်ကြည့်နေလိုက်သည်။ သူတို့တွေက ပုံမှန်အားဖြင့်ခက်ခဲရှုပ်ထွေးခြင်းမရှိပေမဲ့ အဆင့်နိမ့်မူလကျင့်စဉ်တွေထက် အနည်းငယ်ပိုကောင်းရုံသာရှိပေသည်။ တစ်ကယ်တော့ ဝင်ပေါက်ဖွင့်ခြင်းအဆင့်မှာ ရှိတဲ့လူတစ်ယောက်ဟာ လုံလောက်တဲ့မူလချီတွေရှိမနေခဲ့ဘူးဆိုရင် သူ့အနေနဲ့ပိုပြီးလေးနက်ဆန်းကြယ်တဲ့ မူလကျင့်စဉ်တွေလေ့ကျင့်ထားစေဦးတော့ ၎င်းရဲ့အစစ်အမှန်စွမ်းအားကို ထုတ်ယူနိုင်လိမ့်မည်မဟုတ်ပေ။
ဇူယွမ်ကအလယ်အလတ်အဆင့်မူလကျင့်စဉ်နှစ်ခုကြားမှာ နစ်မြှုပ်နေလျက်ရှိစဉ်မှာ ရုတ်တရက်သူက သင်းပျံ့တဲ့မွှေးရနံ့တစ်ခုကို ရလိုက်သည်။ သူ့ရဲ့အမူအယာကချက်ချင်းဆိုသလို အနည်းငယ်ပြောင်းလဲသွားခဲ့ရပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ယောင်ယောင်က သူ့ဘေးမှာရပ်နေလျက် သူ့လက်ထဲကမူလကျင့်စဉ်နှစ်ခုကို သာမန်မျှသာ တစ်ချက်ကြည့်ခဲ့လိုက်သည်။
“အရမ်းကို ရိုးရှင်းတဲ့မူလကျင့်စဉ်တွေပဲ…” ယောင်ယောင်ကသူမရဲ့အကြည့်တွေကို အလျင်အမြန်လွှဲဖယ်သွားခဲ့ပြီး ပေါ့ပေါ့တန်တန်ပဲမှတ်ချက်ပေးလိုက်သည်။ ဇူယွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ရင်းက ပြောသည်။
“ဒါတွေက သာမန်အလယ်အလတ်အဆင့်သာရှိတဲ့ မူလကျင့်စဉ်တွေပဲ… ဒါတွေကို ကျွမ်းကျင်အောင်လေ့ကျင့်နိုင်ဖို့က ဘယ်လိုလုပ်ခက်ခဲမှာလဲ…”
“နင်က မူလကျင့်စဉ်တွေသင်ချင်လို့လား…”
ဇူယွမ်ရဲ့အကြည့်က စာအုပ်တွေပေါ်မှာပဲဆက်ရှိနေခဲ့ပြီး ခေါင်းညိတ်ကာပြောသည်။ “အခုငါက ငါ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကိုဖွင့်နိုင်ခဲ့ပြီးပြီ… ငါကမူလချီအချို့ကိုအသုံးပြုနိုင်ပြီးတော့ ငါ့ရဲ့တိုက်ပွဲစွမ်းရည်ကို အထောက်အကူဖြစ်စေဖို့အတွက် မူလကျင့်စဉ်တွေ သင်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်…”
တကယ်လို့သာ လူတစ်ယောက်က မူလကျင့်စဉ်တစ်ခုတစ်လေကိုမျှ လေ့ကျင့်ထားခြင်းမရှိခဲ့ဘူးဆိုလျှင် တိုက်ပွဲမှာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်စွမ်းရည်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ကလွဲပြီး အခြားရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပေ။
ယောင်ယောင်ကဒါကိုကြားလိုက်ရတဲ့အခါ ကူညီပေးနိုင်ခဲ့ခြင်းမရှိပေမဲ့ ဇူယွမ်ကိုထူးဆန်းစွာ ကြည့်လိုက်သည်။
“နင့်မှာ အစောကတည်းက အစွမ်းထက်တဲ့ကျင့်စဉ်ရှိနေပြီပဲ… ဘာလို့ဒီလိုသာမန်ကျင့်စဉ်တွေကို ဆက်ကြည့်နေရတာလဲ…”
ဇူယွမ်ရဲ့မျက်လုံးတွေက ရုတ်ခြည်းတည်ငြိမ်သွားခဲ့ပြီး သူ့ရဲ့ခေါင်းကိုမော့၍ ယောင်ယောင့်ကိုကြည့်လိုက်မိသလို သူ့ရဲ့မျက်ခုံးတွေကလည်းတွန့်ကွေးသွားခဲ့ရသည်။ “နင်ဘာကို ပြောချင်တာလဲ…”
သူ့ရဲ့အမူအယာကိုမြင်လိုက်ရတဲ့အခါ ယောင်ယောင်ရဲ့နီထွေးပြီး သေးငယ်တဲ့ပါးစပ်ကလေးကနေ မကျေမနပ်ရေရွတ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
“အသုံးမကျတဲ့ကောင်…”
ဇူယွမ်က သူ့ရဲ့မေးရိုးကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မနှစ်သက်စရာကောင်းတဲ့အသံနဲ့ ပြောသည်။ “ငါပေးခဲ့တဲ့ သေရည်တွေက အလကားဖြစ်သွားပြီလား…”
ယောင်ယောင်ကသူမရဲ့လက်ကို သူမပါးပေါ်တင်လိုက်ကာ ပျင်းရိစွာနဲ့ပြောလိုက်သည်။
“နင်ကနဂါးကခုန်ခြင်းပုံစံကို နေ့တိုင်းလေ့ကျင့်နေပြီးတော့ ဘာတစ်ခုမှသဘောမပေါက်ခဲ့ဘူးလား…”
ဇူယွမ်ရဲ့မျက်နှာပေါ်မှာ တွေးတောနေတဲ့ပုံစံထင်ဟပ်လာခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူကရုတ်တရက်ထရပ်လိုက်ပြီး ကျောက်တုံးအိမ်ရဲ့အပြင်ဘက်ကို လျှောက်လှမ်းသွားခဲ့၍ သူ့ရဲ့လက်သီးကိုမြှောက်လိုက်ကာ နဂါးကခုန်ခြင်းပုံစံလှုပ်ရှားမှု ၉၈ မျိုးကို ဖြည်းညှင်းစွာစတင်လုပ်ဆောင်လိုက်သည်။
ဒီတစ်ကြိမ်မှာ လှုပ်ရှားမှုအားလုံးကို သူကအလျင်လိုခြင်းမရှိဘဲ လှုပ်ရှားမှုတစ်ခုချင်းစီကို ဖြည်းညှင်းစွာဖြင့် သတိထားလုပ်ဆောင်ခဲ့သည်။ အမွှေးတိုင်တစ်ဝက်စာထွန်းချိန် ကုန်ဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့လှုပ်ရှားမှုတွေအားလုံး ပြီးဆုံးသွားခဲ့ရသည်။
သူကနေရာမှာပဲရပ်နေလျက် သူကိုယ်တိုင်လှုပ်ရှားမှုတစ်ခုစီတိုင်းမှာ နစ်မြုပ်နေသည့်ပုံပင်။ အချိန်အတော်ကြာပြီးနောက်မှာ သူ့ရဲ့နုနယ်တဲ့မျက်နှာလေးက အံ့အားသင့်တုန်လှုပ်သွားခဲ့ရသလို သူ့ရဲ့မျက်လုံးတွေထဲမှာလည်း မယုံကြည်နိုင်ခြင်းတွေ ထွက်ပေါ်လာခဲ့သည်။
အဲ့ဒီနောက်မှာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ကျောက်တုံးအိမ်ထဲကယောင်ယောင်ကို ကြည့်လိုက်ကာ မယုံကြည်နိုင်တဲ့လေသံနဲ့ ပြောလိုက်သည်။
“ဒါက… ဒီနဂါးကခုန်ခြင်းပုံစံတွေက မူလကျင့်စဉ်ကို ဖုံးကွယ်ထားတာလား…”
ယောင်ယောင်ရဲ့ဆောင်းဦးလကဲ့သို့နူးညံ့သိမ်မွေ့တဲ့မျက်နှာလေးပေါ်မှာ လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“နင်ကနည်းနည်းတော့ အသုံးမကျပေမဲ့ အဖတ်ဆယ်လို့မရအောင်တော့ မဖြစ်သေးဘူးပဲ…”
အဲ့ဒီနောက်မှာ သူမကသေးသွယ်တဲ့လက်ချောင်းလေးတွေကို ဆန့်ထုတ်လိုက်ရင်းမှ အေးစက်စက်ပြောလိုက်သည်။
“သေချာတိတိကျကျပြောရရင် နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးထဲမှာ ဖုံးကွယ်ထားတဲ့မူလကျင့်စဉ်နှစ်ခုရှိတယ်…”