Switch Mode

အပိုင်း(၂၂၇)

ဂူစီအတွင်းရှိ စဦး စိတ်ဝိညာဉ် (၂)

ဒုတိယ မကောင်းဆိုးဝါးက လှောင်ရယ်မော လိုက်၏။ ထို့နောက် သူက သက်လတ်ပိုင်း လူကြီးအား စိတ်ဝိညာဉ် တိုက်ခိုက်မှု ပြုလုပ်လိုက်သည်။ ထိုအခါ သက်လတ်ပိုင်း လူကြီး၏ အမူအရာက ပြောင်းလဲသွား၍ သူက နောက်ဆုတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်၏။ မကောင်းဆိုးဝါး၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုက ထိုသွေးစက်များ ပေါ်သို့ ကျရောက်သွားပြီး တစီစီအသံများ ထွက်ပေါ်လာ၏။

တစ်ပြိုင်နက်တည်း မှာပင် သက်လတ်ပိုင်း လူကြီးက အနက်ရောင်သစ်သား အပိုင်းတစ်ခုကို သူ့သိုလှောင် အိတ်ထဲမှ ထုတ်ယူလိုက်သည်။ ထို့နောက်သူက အော်ဟစ်လိုက်၏။

“စုပ်ယူလိုက်စမ်း”

ထိုသို့ ပြောပြီးနောက် စိတ်ဝိညာဉ် တိုက်ခိုက်မှုက အနက်ရောင် သစ်သား အပိုင်းဆီသို့ ဦးတည် သွားလေ၏။ ထိုအခါ ဒုတိယ မကောင်းဆိုးဝါး၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုသည် ကျေပျက် သွားတော့လေသည်။

သက်လတ်ပိုင်း လူကြီး၏ နဖူးပေါ်တွင် ချွေးများစို့ လာခဲ့သည်။ သူသာ အနည်းငယ် နောက်ကျခဲ့မည် ဆိုပါက အန္တရယ် ရှိနိုင်ပေသည်။ သူက ခြောက်ကပ်ကပ် ပြောလိုက်လိုက်၏။

“ဒီကောင်က စိတ်ဝိညာဉ် တိုက်ခိုက်မှုကိုတောင် လုပ်နိုင်တယ် … ဒီစိတ်ဝိညာဉ် သားရဲ(ဒုတိယ မကောင်းဆိုးဝါး) ရဲ့ဆရာက ဘယ်သူဖြစ်ဖြစ် ငါက ဒီကောင်ကို ခိုးရမှာပဲ …”

သူက ထိုစကားများကို ပြောပြီးသည့်နောက် အကွာအဝေး တစ်ခုမှ အလွန်တရာ အေးစက်သော အသံကို ကြားလိုက်ရသည်။

“ခိုးကြည့်လိုက်လေ”

သက်လတ်ပိုင်း လူကြီးက အသံလာရာသို့ ကြည့်လိုက်သော အခါ သူ့ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာနေသော ဆံပင် အဖြူရောင်နှင့် လူငယ် တစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူငယ်မှာ ခပ်ဖြည်းဖြည်း လျှောက်လာသော အသွင် ရှိသော်လည်း အမှန်တော့ အလွန် မြန်ပေသည်။ မျက်စိတစ်မှိတ် အတွင်း လူငယ်က တောင်ထိပ်တွင် ပေါ်လာခဲ့၏။

သက်လတ်ပိုင်း လူကြီးက မျက်လုံး သူငယ်အိမ် ကျုံ့မိသွားသည်။ ထို့နောက်သူက ဗုံကို ထပ်ခါထပ်ခါ တီးလိုက်ရာ ပတ်ဝန်းကျင်ရှိ မြူများက သိပ်သည်းသွားပြီး အမည်းရောင် မြူလုံး (၈) လုံးသို့ ပြောင်းသွား၏။ ထိုမြူလုံးများက လူငယ်အား ဝန်းရံ သွားလေ၏။

ထိုသက်လတ်ပိုင်း လူကြီးမှာ ချူးစစ်ပိုင် ဖြစ်ကာ သူက မျက်လုံးပင့် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းက ရှေးဟောင်း အတားအဆီးကို ပြုလုပ်နိုင်တဲ့ တစ်ယောက် ဖြစ်ရမယ်”

အဖြူရောင် ဝတ်စုံနှင့်လူမှာ ဝမ်လင်း ဖြစ်၏။ ဝမ်လင်းက သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်ရာ သည်လူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်နေသည်ကို တွေ့ရပြီး စဦးစိတ်ဝိညာဉ် အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

ထိုလူက စဦးစိတ်ဝိညာဉ် အဆင့်မဟုတ်လျှင် ဝမ်လင်းက သူ့ကို အလွယ်တကူ သတ်နိုင်စွမ်း ရှိပေသည်။ ထို့နောက် ဝမ်လင်းက အေးစက်စွာ ပြောလိုက်၏။

“ငါက ဒီစိတ်ဝိညာဉ် သားရဲရဲ့ ဆရာပဲ … မင်းက စောနတုန်းက ဒီသားရဲကို ခိုးမယ်လို့ ပြောခဲ့တယ် … ကောင်းပြီ လာခိုးကြည့် … ငါမင်းကို အခွင့်အရေး တစ်ခုပေးလိုက်မယ်”

ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်ရာ ဒုတိယ မကောင်းဆိုးဝါးက သက်လတ်ပိုင်း လူကြီး၏ ရှေ့သို့ မှင်သေသေဖြင့် ထွက်လာတော့သည်။ ချူးစစ်ပိုင်က မျက်မှောင်ကြုတ်မိ သွားသည်။ ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် တစ်ယောက် ဖြစ်သော်လည်း အလွန် မောက်မာလွန်း နေ၏။ သည်ကောင်က တစ်ခုခုတော့ တစ်ခုခုပဲ။

ချူးစစ်ပိုင်က အလွန် သတိထားလိုက်၏။ သူက သူ့ရှေ့ရှိသားရဲ ( ဒုတိယ မကောင်းဆိုးဝါး) ကို စူးစိုက်ကြည့် လိုက်သည်။ ထို့နောက်သူက ခေါင်းယမ်းပြီး ပြောလိုက်၏။

“တောင်းပန်ပါတယ် … ရောင်းရင်း ကျင့်ကြံသူ … စောနတုန်းက ငါ ဒီတိုင်းစလိုက် မိတာပါ …။ ဒီသားရဲက မင်းနောက်လိုက်ပဲ … ငါဘယ်လိုခိုးရဲ ပါ့မလဲ …။ ရောင်းရင်း ကျင့်ကြံသူက ဒီလိုကိစ္စ သေးသေးလေး အတွက် စိတ်ထဲမထားဖို့ ငါ မျှော်လင့်မိပါတယ်”

ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်ရာ ဒုတိယ မကောင်းဆိုးဝါးက သူ့ထံသို့ ပြန်လာ၏။ ရုတ်တရက် သူ့ မျက်လုံးထဲ၌ အနီရောင် အလင်းတစ်ခု ပေါ်လာခဲ့၏။ ထိုအလင်းတန်းမှာ သူ၏ ဂျိနယ်ပင်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ချူးစစ်ပိုင်က စကားပြောမလို ပြင်လိုက်စဉ်မှာပင် သူက ဝမ်လင်း၏ မျက်လုံးထဲ၌ အနီရောင် တောက်ပ လာသည်ကို တွေ့လိုက်ရသည်။ သူက ဝမ်လင်းမှာ သူ့အား ထိုသို့ မပြောမဆို တိုက်ခိုက် လာလိမ့်မည်ဟု မမျှော်လင့် ထားမိချေ။ ထို့ကြောင့် သူက ဒေါသထွက် လာခဲ့ပေသည်။ ဝမ်လင်းက သူနှင့် ကျင့်ကြံမှု အဆင့်တူသူ တစ်ယောက်သာ ဖြစ်၏။

ချူးစစ်ပိုင်က နှာခေါင်းရှုံ့ လိုက်ပြီး နောက်သို့ ဆုတ်လိုက်ပြီး လက်ဝှေ့ယမ်း လိုက်သည်။ ထိုအခါ မြူလုံး(၈)လုံးက ထူထဲသော မြူအလွှာ တစ်ခုသို့ ပြောင်းသွားလေ၏။

“ပျက်စီးလိုက်စမ်း” ဝမ်လင်းက ထိုမြူအလွှာကို သူ့ဂျိနယ်ပယ်ဖြင့် မိုးကြိုးပစ်သလို တိုက်ခိုက်လိုက်၏။ ထိပ်တိုက် တွေ့ဆုံသောအခါ ဝမ်လင်း၏ ဂျိနယ်ပယ်ကို ချူးစစ်ပိုင်၏ မြူအလွှာက တောင့်ခံနိုင်ခြင်း မရှိဘဲ ချက်ချင်း ပျက်စီး သွားတော့သည်။

ချူးစစ်ပိုင်၏ အမူအရာက ရုတ်တရက် ပြောင်းသွားကာ သူက နောက်သို့ ချက်ချင်း ဆုတ်လိုက်၏။ ထို့နောက်သူက သွေးများစွာကို အန်ထုတ်လိုက်ပြီး အနီရောင် အလင်းတန်းအား တားဆီးလိုက်သည်။ သို့သော် ထိုလုပ်ဆောင်မှုက အလင်းတန်းအား ရန်တန့်နိုင်ခြင်း မရှိခဲ့ပေ။ ချူးစစ်ပိုင်၏ စိတ်ထဲ၌ သေဆုံးခြင်း နီးကပ်လာသော အခါ သူက စောစောက ထုတ်ယူခဲ့သော အနက်ရောင် သစ်သားပိုင်းကို ထပ်မံ ထုတ်လိုက်သည်။ သူက ထိုသို့ သစ်သားချောင်းကို ထုတ်ပြီးပြီးချင်း ဝမ်လင်း၏ ဂျိနယ်ပယ်က ၎င်းအပေါ်သို့ ကျရောက်လာခဲ့၏။ ထိုအခါ အနက်ရောင် သစ်သားအပိုင်း၏ အက်ကွဲသံများကို ကြားလိုက်ရပြီး ၎င်းသစ်သားက ပေါက်ကွဲထွက် သွားပေသည်။

ချူးစစ်ပိုင်၏ ခန္ဓာကိုယ်က တုန်ရင်သွားပြီး သူ့မျက်လုံးကလည်း ဝေဝါးလို့ သွား၏။ သူက သွေးအပြည့် အန်ထုတ်ပြီးသော အခါ သူ့မျက်လုံးများက ပြန်လည် ကြည်လင်လာသည်။ သို့သော် သူ့မျက်လုံးများ ထဲ၌ အကြောက်တရားများ ပြည့်နှက် နေသည်ကို မြင်ရပေသည်။

ဝမ်လင်းကလည်း အံ့ဩလို့သွား၏။ သည်လူက သူ့စိတ်ဝိညာဉ် တိုက်ခိုက်မှုအောက်၌ မသေဆုံး ခဲ့သောကြောင့်ပင်။ ဝမ်လင်း၏ မျက်လုံးများက မြင့်တက်လို့ သွားကာ သူက ချူးစစ်ပိုင် ရှေ့သို့ လျှပ်တစ်ပြက် ရောက်လာခဲ့တော့သည်။

ချူးစစ်ပိုင်က အလွန် ကြောက်ရွံ့နေသော်လည်း သူက အားတင်း ပြုံးလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ … သင်နဲ့ကျုပ် ကြားမှာ ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး … သင်က ကျုပ်ကို ဘာလို့သတ်ချင် နေရတာလဲ …” ချူးစစ်ပိုင်၏ စိတ်ထဲ၌ နောင်တ ရလာခဲ့သည်။ သည်လို ရှေးဟောင်း အတားအဆီးတစ်ခုကို ပြုလုပ်နိုင်သောသူ တစ်ယောက်က မည်သို့မျှ အားနည်းနိုင်မည် မဟုတ်ပေ။ ထိုလူငယ်က အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သာ ရှိသေးသော်လည်း သူ့စိတ်ဝိညာဉ် တိုက်ခိုက်မှုကို သူမည်သို့မျှ ခုခံနိုင်စွမ်း မရှိပေ။ သူ့ထံ၌သာ ရှေးဟောင်းရတနာ တစ်ခု မရှိခဲ့ဘူးဆိုလျှင် သူက သေဆုံးပြီးနေပြီ ဖြစ်၏။

သို့သော် ချူးစစ်ပိုင်က ထပ်တွေးလိုက်သည်။ ဝမ်လင်းက အလွန် အားကောင်း‌သော ရတနာ တစ်ခုကို ပိုင်ဆိုင်ထား သောကြောင့်သာ ဤသို့ စွမ်းအား ကောင်းသော စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခြင်း ဖြစ်မည်လို့ သူက တွေးလိုက်မိသည်။

ဝမ်လင်း၏ အမူအရာက အေးစက်စွာ ရှိနေဆဲပင်။ ထို့နောက် သူက ချူးစစ်ပိုင်ကို လှောင်ပြောင်၍ ပြောလိုက်သည်။

“မင်းက ရှေးဟောင်း အတားအဆီး ပြုလုပ်နိုင်တဲ့ ငါ့ကိုတွေ့ချင်လို့ လိုက်ရှာ နေတာလေ … ခုကျမှ ဘာလို့ထွက်ပြေး ချင်နေတာလဲ”

ချူးစစ်ပိုင်က အားတင်းပြုံးကာ ပြောလိုက်၏။ ရောင်းရင်း ကျင့်ကြံသူ … ငါ့မှာ တကယ်တော့ အခုလိုလုပ်တာ အငြိုး ထားလိုတဲ့ စိတ်ကြောင့်မဟုတ်ဘူး … ငါ … ငါက …”

သူက တုံ့ဆိုင်း သွားပြီးနောက် ဆက်ပြောလိုက်၏။

“ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိနိုင်တဲ့ အရာတစ်ခုကို ငါသိတယ် … ဒီအတွက် ငါက ရှေးဟောင်း အတားအဆီးကို ပြုလုပ်နိုင်တဲ့ လူတစ်ယောက်ရဲ့ အကူအညီ လိုနေလို့ပဲ”

ဝမ်လင်းက တည်ငြိမ်လျက် ရှိနေ၏။ သူ့မျက်လုံများက တစ်ဖန် တောက်လာပြန်သည်။ ချူးစစ်ပိုင်က အံကြိတ်လိုက်ပြီး အလျင်လိုစွာ ထပ်ပြော လိုက်ပြန်သည်။

“ရောင်းရင်းကျင့်ကြံသူ … သင်နဲ့ ကျူပ်က အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် ဖြစ်ကြတယ် … သင်သာ ကျုပ်စကားကို နားထောင်မယ် ဆိုရင် ကျုပ်တို့ရဲ့ စဦးစိတ်ဝိညာဉ်တွေ ဖြစ်ပေါ် လာနိုင်လိမ့်မယ်”

ဝမ်လင်း၏ မျက်လုံးများက အနီရောင် တောက်ပလာပြီး သူက ချူးစစ်ပိုင်ကို ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

“ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ် ရှိတယ် …။ ငါမင်းက စကားသုံးခွန်း ပြောခိုင်းမယ် … ဒါက ငါ့ကို စိတ်မဝင်စား စေဘူး ဆိုရင် ငါ့ရဲ့ ရက်စက်မှု အတွက် အပြစ် မတင်တော့နဲ့ …”

ချူးစစ်ပိုင်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး အသက်ဝဝ ရှူ၍ ပြောလိုက်၏။

“ရောင်းရင်း ကျင့်ကြံသူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်နဲ့ စဦးစိတ်ဝိညာဉ် အဆင့်တို့ကြား ကွာဟ ခြားနားမှုက သိမယ်လို့ ထင်ပါတယ် …။ စိတ်ဝိညာဉ် စွမ်းအင်တွေ ပေါများလှတဲ့ နေရာမှာ ဆိုရင်တောင် စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ဖို့က အရမ်း ခက်ခဲတာကိုရော ရောင်းရင်း ကျင့်ကြံသူ သိမှာပါ …”

ဝမ်လင်း၏ အသွင်က မှင်သေသေသာ ရှိနေသည်။

“ပထမတစ်ခွန်း …”

ချူးစစ်ပိုင်က နောက်တစ်ခွန်းကို အလျင်အမြန် ထပ်ပြောလိုက်၏။

“စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ဖို့ ဆေးလုံး အကူအညီနဲ့ ဆိုရင်လည်း မလုံလောက်သေးဘူး”

ဝမ်လင်းက ချူးစစ်ပိုင်ကို ကြည့်၍ ပြောလိုက်ပြန်သည်။

“ဒုတိယတစ်ခွန်း …”

ချူးစစ်ပိုင်က ထပ်ပြော လိုက်ပြန်သည်။

“ဒါပေမဲ့ … ဆေးလုံးတွေထက် ကောင်းတဲ့နည်းလမ်း တစ်ခုကို ငါသိတယ် … တစ်ယောက်ယောက်က ဒါကို မျိုချလိုက်မယ် ဆိုရင် စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်လာဖို့က လွယ်လွယ်လေးပဲ …။ ငါပြောတဲ့ အရာကတော့ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ စဦး စိတ်ဝိညာဉ်ပဲ … ငါက ဂူစီလို့ခေါ်တဲ့ နေရာတစ်ခု သိတယ် … အဲ့နေရာမှာ အနည်းဆုံး စဦးစိတ်ဝိညာဉ် နှစ်ခု ရှိနေတယ် …”

ချူးစစ်ပိုင်က နောက်ဆုံးစကားကို အသက် တစ်ခါရှူစာ အတွင်း တရစပ် ပြောလိုက်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset