နတ်ဆိုးပင်လယ် အတွင်းရှိ လူများက လကို မြင်ရခြင်း မရှိပေ။ ထူထဲသော မြူများကို ဖြတ်၍ လရောင် အနည်းငယ်ကိုသာ မြင်ရပေသည်။ သို့သော် ကျင့်ကြံသူများ အတွက် ထိုလရောင် အနည်းငယ်က သူတို့အတွက် မြင်ရရန် လုံလောက်ပေသည်။
ယွင်ဖေးက လိုဏ်ဂူမှ ထွက်လာသောအခါ သူမက ဂိတ်တံခါးဝသို့ တန်းသွားလိုက်သည်။ သူမက ဂိတ်တံခါးဝကို ဖြတ်၍လာစဉ် တစ်စုံတစ်ယောက် ထွက်လာသည်ကို တွေ့သောကြောင့် ရပ်တန့်လိုက်သည်။ ထိုလူမှာ အမည်းရောင် ဝတ်စုံကို ဝတ်ဆင် ထားလေ၏။
ထိုအမည်းရောင် ဝတ်စုံဖြင့်လူက ယွင်ဖေးအား စကားတစ်လုံးမှ မပြောဘဲ လှမ်းကြည့်လိုက်သည်။ ယွင်ဖေးက တုံ့ဆိုင်းဆိုင်း ဖြစ်ပြီးနောက် ထိုလူနောက်သို့ လိုက်သွားလိုက်သည်။ သူတို့ နှစ်ယောက်လုံးက ဂိတ်တံခါးကို အလွယ်တကူ ဖြတ်သွားကာ မည်သည့် အစောင့်ကမှ တားဆီးခြင်း မရှိကြပေ။
ဝမ်လင်က သူ့ဒုတိယ မကောင်းဆိုးဝါးကို အသုံးပြု၍ သူတို့နှစ်ယောက်ကို မြင်နေရ၏။ သူက နှာခေါင်း ရှုံ့လိုက်ကာ သူတို့နောက်သို့ တိတ်တဆိတ် လိုက်သွား လိုက်တော့သည်။
ဝမ်လင်းက သူ့ဒုတိယ မကောင်းဆိုးဝါးကြောင့် ထိုအမည်းရောင် ဝတ်စုံဖြင့်လူက အလယ်အလတ် အဆင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ရှိကြောင်း သိလိုက်ရသည်။ သူက ထိုလူကို သတ်လိုလျှင် သူ့နတ်ဘုရား အာရုံဖြင့် ထိုလူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီး၍ သတ်ဖြတ် နိုင်ပေသည်။
ယွင်ဖေးနှင့် ထိုလူတို့က မြို့ကနေ ထွက်ခွာပြီး အရှေ့ဘက်ရှိ မြူများ ဖုံးအုပ်နေသော တောင်တစ်ခုဆီသို့ ဦးတည် သွားနေကြသည်။ ထိုနေရာက ချီလင်မြို့နှင့် မိုင်(၃၀၀၀)ခန့် ကွာဝေးပေသည်။
“ဘိုးဘေး … တပည့်က ဒီလူကို ခေါ်လာခဲ့ပါတယ်” အမည်းရောင် ဝတ်ရုံနှင့်လူက မြေကြီးပေါ် ဒူးထောက်လိုက်ပြီး လေးစားစွာ ပြောလိုက်၏။
ထိုအခါ တောင်ပေါ်မှ မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းပြန်နိုင်ပြီ”
ထိုအခါ အမည်းရောင် ဝတ်ရုံနှင့်လူက တစ်ချက်တောင် လှည့်မကြည့်တော့ဘဲ တောင်မှ ထွက်ခွာသွား၏။
ဝမ်လင်းက မိုင်(၁၀၀၀)လောက်ကနေ မတ်တတ်ရပ်လျက် ထိုလူကို စောင့်ကြည့်လျက် ရှိ၏။ အမည်းရောင် ဝတ်ရုံနှင့်လူ ထွက်ခွာလာသည်ကို တွေ့လိုက်သောအခါ ဝမ်လင်းက သူ့မျက်ခုံး နှစ်ခုကြား လက်ထောက်လိုက်ပြီး မကောင်းဆိုးဝါး ရှုလီကောအား ထွက်ပေါ်စေ လိုက်သည်။ ရှုလီကောက ဝမ်လင်း၏ အမိန့်ကို ရလိုက်ပြီးနောက် သူက အမည်းရောင် ဝတ်စုံနှင့်လူ နောက်သို့ လိုက်သွားတော့၏။
ယွင်ဖေးက အမည်းရောင် မြူများ၏ အပြင်ဘက်၌ မတ်တတ်ရပ်လျက် ရှိသည်။ သူမက တစ်ဖန်စိတ်ရှုပ်ထွေး လာပြီး တုံ့ဆိုင်းမိ သွားပြန်သည်။
ဝမ်လင်းက တံခါးပိတ်၍ လေ့ကျင့် နေစဉ်မှာ ယွင်ဖေးက သူမ၏ အတားအဆီးကို ဖယ်ရှားဖို့ အကူအညီ တောင်းရန် ကျင့်ကြံသူများအား လိုက်ရှာဖွေ နေခဲ့သည်။ သို့သော် သူတို့အားလုံးက ဖယ်ရှားနိုင်ခဲ့ခြင်း မရှိပေ။ သူမက လက်လျှော့ရန် လုပ်နေစဉ်မှာပင် မမျှော်လင့်ဘဲ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက သူမ၏ အတားအဆီးကို ဖယ်ရှားပေးနိုင်ကြောင်း ပြော၏။ သို့သော် သူမက တန်ဖိုး တစ်ခုတော့ ပြန်ပေးရမည့် အကြောင်းလည်း ပြောလိုက်သည်။ သို့သော် သူမက ထိုလူ၏ စကားကို မယုံကြည်ပေ။ သို့သော် သည်မနက်တွင် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်ရှိသူ တစ်ယောက်က သူ့ကို ကျောက်စိမ်းပြား တစ်ခုပေးခဲ့သည်။ ထိုကျောက်စိမ်းပြား ထဲ၌ သူမကိုယ်ထဲရှိ အတားအဆီးများ အကြောင်းနှင့် ပတ်သက်၍ ပါရှိနေသဖြင့် သူမက ကြက်သေ သေမိသွားသည်။ သူမက ထိုကျောက်စိမ်းပြား ထဲရှိ အချက်အလက်များကို သိလိုက်သောအခါ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် ယွင်ဖေးနှင့် အမည်းရောင် ဝတ်စုံနှင့်လူက ချီလင်မြို့ အပြင်ဘက် သည်နေရာကို ရောက်လာကြခြင်း ဖြစ်သည်။
ထိုခဏ၌ ယွင်ဖေးက တောင်ထိပ်ပေါ်ရှိ နားနေဆောင်ကို မော့ကြည့်လိုက်သည်။ သို့သော် မြူများက ကွယ်နေသောကြောင့် တောင်ထိပ်ပေါ်ရှိ လူကို သေချာ တွေ့ရခြင်း မရှိပေ။
ယွင်ဖေးက အောက်နှုတ်ခမ်းကို ကိုက်၍ ခပ်တိုးတိုး ပြောလိုက်သည်။
“စီနီယာက ဂျူနီယာရဲ့ အတားအဆီးကို တကယ် ဖယ်ရှားပေးနိုင် မလား”
“ငါ့ရှိကို အရင်လာပြီးမှ ပြောကြစို့ …” ထိုအသံက လွှမ်းမိုးနိုင်စွမ်း ရှိသော အင်အားများ ပါဝင်နေပေသည်။ သူက ထိုသို့ ပြောပြီးပြီးချင်း အမည်းရောင် မြူများက ရုတ်တရက် လွင့်ပြယ်သွားကာ နဂါးသဏ္ဌာန် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ယွင်ဖေးက ကြောက်ရွံ့မှုဖြင့် ထိုလမ်းကြောင်း အတိုင်း ဆက်တက် သွားလိုက်သည်။
သူမက တောင်ထိပ်ရှိ နားနေဆောင်ကို ရောက်သွားသောအခါ ဝတ်ရုံတစ်ခု ခြုံထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အလွန် ကြည့်ကောင်းပြီး စွမ်းအားကြီးသည့် အော်ရာများ ထွက်ပေါ်လျက် ရှိသည်။ သူက ယွင်ဖေးအား မျက်လုံးပင့်၍ ကြည့်ကာ ပြောလိုက်သည်။
“နင့် ကိုယ်ထဲမှာ ရှိတဲ့ အတားအဆီးက ရှေးဟောင်းအတားအဆီး တစ်ခုပဲ … ငါက ဒါကို ဖယ်ပေးနိုင်တယ်။ ဒါပေမဲ့ နင်က နင့်အပေါ်မှာ ဒီအတားအဆီး ထားခဲ့တဲ့ သူက ဘယ်သူလဲ ဆိုတာ ပြောပြရမယ်”
ယွင်ဖေးက တုံ့ဆိုင်း သွားပြီးနောက် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
“စီနီယာ … ဂျူနီယာက ဒါကိုတော့ မပြောနိုင်ဘူး … ဒီအစား ဆေးလုံးတွေ ပေးလို့ မရဘူးလား”
သက်လတ်ပိုင်း လူကြီးက ခေါင်းခါ၍ ပြောလိုက်သည်။ နင်ငါ့ကို မပြောဘူး ဆိုရင် ဒီအတားအဆီးကို မဖယ်ရှား ပေးနိုင်ဘူး။ ငါပြောလိုက်မယ် … နတ်ဆိုး ပင်လယ်ထဲမှာ ဒီအတားအဆီးကို ဖယ်ရှားပေးနိုင်တဲ့ လူက အများကြီး ရှိနိုင်မှာ မဟုတ်ဘူး …။ ဒါကို နင်အရင် စဉ်းစားကြည့်လိုက်”
ယွင်ဖေးက ဂနာမငြိမ် ဖြစ်လာ၏။ သူမက အနည်းငယ် စဉ်းစားလိုက်ပြီး ပြန်ပြေလိုက်သည်။
“ကောင်းပြီ … စီနီယာက ဒီအတားအဆီးကို အရင် ဖြေပေးနိုင်ရင် ပြောပြမယ်”
ထိုအခါ သက်လတ်ပိုင်း လူကြီးက လက်ဝှေ့ယမ်း လိုက်ရာ ခရမ်းရောင် ကျောက်တုံးလေး တစ်ခုက သူ့လက်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သည်ကျောက်တုံးလေး ထံမှ အနီရောင် အလင်းတစ်ခု ထွက်လာပြီး ယွင်ဖေး၏ နဖူးထဲသို့ တိုးဝင် သွားတော့သည်။
ယွင်ဖေးက အလွန် တုန်လှုပ်မိ သွားသည်။ သူမက အနီရောင် အလင်းတန်းက သူမ ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီးနောက် အနီရောင် အမျှင်တန်းများစွာ ကွဲထွက်လာ သွားပြီး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ သွားသည်ကို ခံစားရ၏။ ထိုခဏ၌ သတ်လတ်ပိုင်း လူကြီး၏ အသွင်က အလွန် လေးနက်လာသည်။ သူက ယွင်ဖေးကို သေချာ လေ့လာလို့နေ၏။
သိပ်မကြာခင်မှာပဲ ယွင်ဖေး၏ နဖူးပေါ်တွင် ဖျော့တော့သော သင်္ကေတ တစ်ခုပေါ်လာခဲ့ပြီး ထိုအရာက ရှေးဆန်သော ခံစားချက်ကို ပေးစွမ်းလို့နေ၏။ သက်လတ်ပိုင်း လူကြီးက ထိုသင်္ကေတကို မြင်လိုက်သောအခါ သူ့အသွင်က ပျော်ရွှင်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ဒါက တကယ့်ကို ရှေးဟောင်း အတားအဆီး တစ်ခုပဲ … ဒီလို အတားအဆီးကို တစ်ယောက်ယောက်က လုပ်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ ငါ မမျှော်လင့်မိဘူး”
ထိုစဉ်မှာပင် ပြောင်းလဲမှုတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။ ယွင်ဖေး၏ ဆံပင်ထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုအရိပ်က သားရဲတစ်ကောင်၏ ဦးခေါင်းပုံစံ ရှိနေ၏။ ထို့နောက် ထိုအရိပ်က ယွင်ဖေးကို ဝါးမျို လိုက်တော့သည်။ ထိုအရာက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက် သွားခြင်းပင် ဖြစ်သည်။
ထိုအရိပ်က ယွင်ဖေး၏ ခန္ဓာကိုယ်ကို ဝါးမျိုပြီးနောက် သိုလှောင်အိတ်၊ ဆေးမီးဖိုနှင့် သူမ၏ ရွှေရောင်အမြုတေ တစ်ခုတို့ကို ယူဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
သက်လတ်ပိုင်း လူကြီးက ထိုအရိပ်ကို မြင်လိုက်သော အခါ သူ့အမူအရာက ပြောင်းသွား၏။ သူက ထိုသားရဲနှင့် တူသော အရိပ်ကို မည်သည့်သားရဲ ဖြစ်သည်ကို မသိပေ။ ထိုအရိပ်က လူတစ်ယောက်ကို ဝါးမျိုပြီး သူ့အမြုတေကို ယူသွားနိုင်စွမ်း ရှိနေပေသည်။
သူက စိတ်ရှုပ်ထွေးမှုကြောင့် မှင်တက် နေစဉ်မှာပင် ထိုအရိပ်က ထွက်သွားနေပြီ ဖြစ်၏။ သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက အေးစက်လို့ လာသည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ မြူများက နဂါးသဏ္ဌာန် ဖြစ်သွားပြီး ထိုအရိပ်သားရဲကို ဝန်းရံလိုက်၏။
ထို့နောက် သူက သိုလှောင်အိတ်ထဲမှ ဗုံအသေးလေး တစ်ခုကို ထုတ်ယူလိုက်ပြီး ညင်သာစွာ တီးလိုက်သည်။ ဗုံသံထွက်ပေါ် လာသည်နှင့် အမည်းရောင် မြူများက တုန်ခါသွားပြီး အမျိုးမျိုးသော လက်နက်များ ကိုင်ဆောင်ထားသော စစ်သားများ အဖြစ်သို့ ပြောင်းသွားပြီး ထိုအရိပ်နောက်သို့ လိုက်လာတော့သည်။ တကယ်တော့ ထိုအရိပ်က ဝမ်လင်း၏ ဒုတိယ မကောင်းဆိုးဝါး ဖြစ်ချေသည်။
ဒုတိယ မကောင်းဆိုးဝါး၏ ရှေ့၌ မြူများပိတ်ဆို့ ထားပြီး နောက်တွင်လည်း စစ်သားများက တဖြည်းဖြည်း နီးကပ်လို့ လာနေသည်။ စစ်သားများ၏ လက်နက်မျိုးစုံက အရောင်မျိုးစုံ တောက်ပနေပြီး ဒုတိယ မကောင်းဆိုးဝါး အပေါ်သို့ မိုးရွာသလို လက်နက်များ ကျလာတော့သည်။
သို့သော် ဒုတိယ မကောင်းဆိုးဝါးက အရမ်းစွမ်းအား မကြီးသော်လည်း အံ့ဩဖွယ် လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ ထိုမကောင်းဆိုးဝါးက အချိန်ဆွဲခြင်း မရှိဘဲ ယွင်ဖေး၏ အမြုတေကို မျိုချလိုက်၏။ ထိုအခါ သူ့အရွယ်အစားက ရုတ်တရက် နှစ်ဆခန့် ဖြစ်လာပြီးနောက် ကိုယ်ပွား ဆယ်ခုကနေ အခုတစ်ရာအထိ ကွဲထွက် သွားတော့သည်။ ထိုကိုယ်ပွား အခုတစ်ရာက စူးရှစွာ အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံး အသံလှိုင်းများဖြင့် တုန်ခါကုန်။ ထိုကိုယ်ပွား တစ်ရာက သူတို့၏ အတောင်များကို ခတ်လိုက်ရာ ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်လာကာ ရှေ့သို့ ဆက်တိုး သွားတော့သည်။ ဤနည်းဖြင့် ဒုတိယ မကောင်းဆိုးဝါးသည် ရှေ့သို့ ဆက်သွားလိုက်၏။ သူ့ရှေ့ရှိ မြူများကလည်း သူ့အား တားဆီး ထားနိုင်ခြင်း မရှိတော့ပေ။ နောက်မှ လိုက်လာသော စစ်သား အချို့သည်လည်း မုန်တိုင်းကြောင့် ပျက်စီး သွားကြရသည်။
သက်လတ်ပိုင်း လူကြီးက မုန်တိုင်းကို ကြည့်၍ အလွန် စိတ်ဝင်စား မိသည်။ အကြောင်းမှာ ထိုမုန်တိုင်းက သားရဲသဏ္ဌာန် မကောင်းဆိုးဝါး တစ်ကောင်က ဖန်တီးခဲ့ခြင်း ကြောင့်ပင်။ ထို့နောက်သူက ဗုံကို အကြိမ်အနည်းငယ် ထပ်တီး လိုက်ပြန်သည်။ ဗုံတီးသံလေးချက် ထွက်ပေါ် လာပြီးနောက် မြူများက ထူးဆန်းသော သားရဲကြီးလေးကောင် အသွင်သို့ ပြောင်းသွားလေ၏။ သည်သားရဲ လေးကောင်က သတ်ဖြတ်လိုသော ဆန္ဒဖြင့် မုန်တိုင်းကို စူးစိုက်ကြည့် နေကြသည်။
“မင်းဆရာ ဘယ်သူလည်း ငါ ဂရုမစိုက်ဘူး … ဘယ် စိတ်ဝိညာဉ် သားရဲကမှ ငါ့မျက်စိအောက်က မလွတ်နိုင်ဘူး …။ ဒါကို မင်းနားလည်မယ် ဆိုရင်တော့ ငါ့စကားကို ကောင်းကောင်းနားထောင် …။ တကယ်လို့ မင်း မနာခံဘူး ဆိုရင် ငါမင်းကို တိုက်ခိုက် ရလိမ့်မယ်”
***