ဝမ်လင်းလေ့ကျင့်နေစဉ် အတွင်း၌ ယွင်ဖေးက အိမ်အပြင်ထွက်ကာ သူ့အတားအဆီးကို ဖယ်ရှား ပေးနိုင်သော ကျွမ်းကျင်သူ များစွာကို သွားရောက် ရှာဖွေခဲ့၏။ သို့သော် သူမက အကြိမ်တိုင်း စိတ်ပျက်စွာ ပြန်လာခဲ့ရသည်။
ယွင်ဖေးက ဤသို့ လူသွားရှာရာတွင် အလွန် ဂရုစိုက်၍ လုပ်လေ့ရှိသည်။ သူမက မတော်တဆ ဝမ်လင်း၏အကြောင်း ပေါက်ကြား သွားမည်ကို အလွန် စိုးရွံ့မိ၏။ ထိုသို့ ဖြစ်လာရင် သူမက အတားအဆီးကို မပယ်ဖျက်ခင် သေဆုံးရမည် ဖြစ်သည်။
ယွင်ဖေးက သူမလုပ်သမျှ အရာအားလုံးကို ဝမ်လင်းက ဒုတိယ မကောင်းဆိုးဝါးမှ တစ်ဆင့် သိနေသည်ကို မသိချေ။ ဝမ်လင်းက အေးတိအေးစက် ရယ်လိုက်သည်။ သူမက သေဖို့ လမ်းရှာနေခြင်း ဖြစ်ပေမည်။
ထို့နောက် ဝမ်လင်းက ဂူထဲမှ ထွက်လိုက်ကာ ချီလင် မြို့ထဲသို့ ဦးတည်လိုက်သည်။ ချီလင် မြို့သည် အတွင်း၌ အလွန် ကြီးမားကာ ဆိုင်မျိုးစုံလည်း ရှိ၍ အမျိုးမျိုးသော ပစ္စည်းများ ရောင်းချလျက် ရှိသည်။
ဝမ်လင်းက မြို့ထဲသို့ လမ်းလျှောက် လာနေရင်း သူ့မကောင်းဆိုးဝါးကို ဆက်သွယ်၍ ယွင်ဖေး လုပ်နေသည်များကို ကြည့်လိုက်သည်။ သူမက အခန်းထောင့်ထဲမှာ ကျောက်ပြား တစ်ခုကို ယူလိုက်ပြီး ချီတုံချတုံ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်းက ထိုအဖြစ်ကို ကြည့်၍ နှာခေါင်းရှုံ့ လိုက်သည်။ သူမအသက်က သူ့လက်ထဲမှာ ရှိနေသောကြောင့် ဝမ်လင်းက အလျင်လိုခြင်း မရှိပေ။ သူက ချီလင်မြို့မှာ သူ့အတားအဆီးကို ဖယ်ရှား ပေးနိုင်သောသူ တစ်ယောက်ယောက်များ ရှိမလားကို သိချင်သေးသည်။
ဝမ်လင်းက ထပ်မံ လမ်းလျှောက်လာစဉ် သူက ဆိုင်တစ်ဆိုင်ကို ရုတ်တရက် အာရုံစိုက်မိ လိုက်သည်။ ထိုဆိုင်၏ အပေါ်၌ ရတနာသန့်စင်ခြင်း ခန်းမလို့ ရေးထိုး ထားလေ၏။
သူက ထိုရတနာ သန့်စင်ခြင်း ခန်းမကို ကြည့်ရင်း အတိတ်က နန်ဒူမြို့ရှိ ရတနာခန်းမကို ပြန်သတိရ သွား၏။ သူက ထိုရတနာ ခန်းမကို နဂါးအရေခွံနှင့် ဆေးပြင်းမီးဖို လဲလှယ်ရန် အတွက်သွားရာ လူများစွာ၏ နောက်က လိုက်လာခြင်းကို ခံရကာ သွေးစွန်း စေခဲ့သည်။
နောက်ဆုံးတော့ သူက ထိုဆေးပြင်း မီးဖိုကို လီမူဝမ်အား ပေးခဲ့လိုက်၏။
လီမူဝမ်အကြောင်း တွေးမိလိုက်သည်နှင့် သူမ၏ ညင်သာ လှပသော၊ အားနည်းသော ပုံရိပ်ကလေးက ဝမ်လင်း စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူက သည်ကောင်မလေးက သူ့ကို သဘော ကျနေသည်ကို သိ၏။ သို့သော်လည်း သူ့တွင် သွေးကြွေးများ ရှိနေခဲ့ပြီး ဖြစ်နေသည်။ ရက်စက်သော ကျင့်ကြံမှု လောက၌ သူက မည်သည့် အနှောင်အဖွဲ့မှ မလိုတော့ချေ။ သူက ကပ်ဆိုး တစ်ခုကို ဖန်တီးမည် ဆိုပါက သူမအပေါ်၌လည်း အန္တရာယ် ရှိလာလိမ့်မည် ဖြစ်သည်။ ဝမ်လင်းက ထိုသို့ တွေးမိလိုက်ပြီး သူ့နှလုံးသားက အေးစက် လာပြန်သည်။ သူက လုံလောက်အောင် မသန်မာပဲ မည်သည့် အနှောင့်အဖွဲ့မှ မထားတော့ရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်၏။
မျက်စိတစ်မှိတ် အတွင်း၌ နှစ်ပေါင်းနှစ်ရာ ကုန်ဆုံးခဲ့ပြီ ဖြစ်ကာ လီမူဝမ်လည်း သက်ရှိထင်ရှား ရှိချင်မှ ရှိပေတော့မည်။
သူက သူ့စိတ်ထဲရှိ လီမူဝမ်၏ ပုံရိပ်ကို ခက်ခက်ခဲခဲ ဖယ်ထုတ်လိုက်၏။ သူ့နှလုံးသားက တစ်ဖန်အေးစက် လာခဲ့ပြန်သည်။ ထို့နောက် ဝမ်လင်းက ရတနာ သန့်စင်ခြင်းခန်းမ ဆိုင်သို့ လှမ်းသွားလိုက်သည်။
ဝမ်လင်းက ဆိုင်ထဲ ဝင်သွားပြီးနောက် ဟိုဟိုဒီဒီ လှည့်ပတ် ကြည့်လိုက်ပြီး ဒုတိယထပ်သို့ တက်သွားလိုက်သည်။ ထို့နောက်သူက သူ့ဘယ်ဘက်ရှိ ဆိုင်နံရံကို စူးစိုက်ကြည့် လိုက်၏။ ထိုနံရံပေါ်တွင် နဂါးတစ်ကောင်၏ အရေခွံကို ချိတ်ဆွဲ ထားသည်အား တွေ့လိုက်ရသည်။
ဒုတိယထပ်၌ အပြာရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ယောက် ထိုင်လျက်ရှိကာ သူမက နေကြာစေ့ စားလျက်ရှိသည်။ ထို့နောက် ဝမ်လင်းကို ကြည့်ကာ သာယာသော အသံလေးဖြင့် ပြောလိုက်သည်။
“ဒီနဂါး အရေခွံက ကျွန်မတို့ ဆိုင်မှာ အပြည့်အစုံ ရှိတယ် … ဒါက ၎င်းနဲ့ညီမျှတဲ့ တန်ဖိုးရှိတဲ့ အရာနဲ့ပဲလဲ လှယ်လို့ရတယ်”
သည်နဂါး အရေခွံက ဝမ်လင်းအတွက် အတော် ရင်းရင်းနှီးနှီး ရှိနေသည်။ ၎င်းက ဝမ်လင်း ဆေးမီးဖိုဖြင့် လဲလှယ်ခဲ့သော နဂါးအရေခွံနှင့် ဆင်တူနေခဲ့၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်သည်။
“ဒီဟာက ဘယ်နေရာက ရလာတယ် ဆိုတာ ငါသိလို့ ရမလား”
ထိုမိန်းကလေးက ရယ်မောကာ ပြန်ဖြေလိုက်သည်။
“စီနီယာ … ဒီလိုမေးခွန်း မေးတာ စီနီယာ တစ်ယောက်တည်း မဟုတ်ပါဘူး … တကယ်တော့ နဂါးအရေခွံ ပြည့်ပြည့်ဝဝ ရဖို့က အလွန်ပဲ ခက်ခဲတယ် … ဒီနဂါးအရေခွံက နဂါးခွံကို ခွာထား နိုင်လိုက်တဲ့ ဟာပဲ”
ဝမ်လင်းက ခေါင်းညိတ် ပြလိုက်ပြီး သူ့အကြည့်ကို နဂါး အရေခွံ ပေါ်ကနေ မိန်းကလေးထံ အကြည့် ရွှေ့လိုက်သည်။
မိန်းကလေးက နေကြာစေ့ စားနေတာကို ရပ်လိုက်ပြီး ချိုချိုသာသာ ပြုံးပြလိုက်ကာ ထပ်ပြော၏။ အရိုးသားဆုံး ပြောရရင် … ဂျူနီယာက ဒီနဂါးအရေခွံ ဘယ်သူ့ဆီက ရခဲ့သလဲ ကိုတော့ မသိပါဘူး … နတ်ဆိုးပင်လယ်ရဲ့ အပြင်ဘက် နန်ဒူမြိုမှာရှိတဲ့ ဆိုင်ခွဲ တစ်ခုကနေ ဒီရောက်လာတာပဲ … ပြောကြတာ ကတော့ နဂါးအရေခွံနဲ့ ဆေးပြင်းမီးဖိုကို လဲခဲ့တဲ့ အဲ့ကျင့်ကြံသူ ကတော့ သေသွားပြီလို့ ပြောကြတာပဲ … ။
ဝမ်လင်းက ထိုမိန်းကလေး ပြောပြ နေသည်များကို တည်ငြိမ်စွာ နားထောင်လျက် ရှိ၏။ မိန်းကလေး စကားပြောပြီး အချိန်မှာ သူက ခေါင်းညိတ် ပြလိုက်ပြီး ဘာမျှ ထပ်မေးခြင်း မရှိတော့ပေ။
ထို့နောက် သူက ရတနာခန်းမမှ သူလိုအပ်သော အရာများကို ဝယ်ရန် အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ကျောက်တုံး (၃၀)ခန့် အသုံးပြုခဲ့၏။ ဝမ်လင်းက ထိုအရင်းအမြစ်များ အတွက် ကျေနပ်မိနေ၏။ သူက အတားအဆီး အလံအတွက် လိုအပ်သော အရာများ အားလုံးကို ရရှိခဲ့သောကြောင့်ပင် ဖြစ်သည်။
သို့သော် ဝမ်လင်းက သူ့ကျောက်စိမ်းပြားနှင့် ပတ်သက်ပြီးတော့ သိပ်ကျေနပ်ခြင်း မရှိပေ။ ရတနာ ခန်းမမှာလည်း ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင် အတွက် သတင်းအချက်အလက် များစွာ မရှိသောကြောင့်ပင် ဖြစ်၏။
ဂျိနယ်ပယ် အတွက်ကတော့ သူက တိုက်ရိုက် မေးမြန်းခြင်း မရှိဘဲ သွယ်ဝိုက်သော နည်းဖြင့်သာ စုံစမ်းခဲ့၏။ သို့သော်သူက ထိုဂျိနယ်ပယ် အကြောင်း ဘာမျှ မသိလာခဲ့ချေ။
သူက လိုဏ်ဂူကို ပြန်လာသော အခါ ယွင်ဖေးက သူ့အခန်းထဲမှာ ရှိနေတုန်းပင်။ သူက သူမကို အနည်းငယ် စစ်ဆေးပြီးနောက် သူ့နေရာကို သွားလိုက်ပြီး အတားအဆီး အလံကို စတင် ပြုလုပ်တော့သည်။
သူက ရှေးဟောင်း နတ်ဘုရား နယ်မြေ၏ ဒုတိယ နယ်ပယ်မှ ရခဲ့သော ကျောက်စိမ်းပြားလေးကို ထုတ်ယူလိုက်၏။ ၎င်းကျောက်စိမ်း ပြားထဲ၌ အတားအဆီး အလံပြုလုပ်ရန် အတွက် အချက်အလက်များ ပါဝင်နေပေသည်။
ဝမ်လင်းက မှင်ကျောက်တုံးကို ထုတ်လိုက်ပြီး သူ့စိတ်စွမ်းအားကို အထဲပို့လိုက်၍ အခြား လိုအပ်သော အရာများကိုလည်း ပေါင်းစပ်လိုက်၏။ သူက ကျောက်စိမ်းပြား ထဲရှိ ညွှန်ကြားချက်များ အတိုင်း လိုက်လုပ်ကာ သန့်စင်ခြင်းကို စတင်လိုက်သည်။
ဒီဖြစ်စဉ်ကို”လက်နက်အဆင့် မြှင့်တင်ခြင်း” ဟုခေါ်၏။
လက်နက်အဆင့် မြှင့်တင်ခြင်းက အတားအဆီး အလံ၏ လိုအပ်ချက်များအပေါ် မူတည်၍ အချိန်ကြာမြင့် နိုင်သလို အချိန်တိုလေး အတွင်း၌လည်း ပြီးနိုင်၏။
ထိုအတားအဆီး အလံကို အဆင့် (၄) ခုခွဲထားလေ၏။ ပထမ အဆင့်၌ အတားအဆီး (၉၉၉)၊ ဒုတိယ အဆင့်၌ (၉၉၉၉)ခု၊ တတိယ အဆင့်၌ (၉၉၉၉၉)ခု၊ နောက်ဆုံး အဆင့်၌ (၉၉၉၉၉၉)ခု ပါဝင်ပေသည်။ ဝမ်လင်း၏ ပထမဆုံး ပန်းတိုင်မှာ အတားအဆီး (၉၉၉)ခု ရရန်ဖြစ်၏။
ထို့နောက် ဝမ်လင်းက အတားအဆီး အလံကို အာရုံစိုက်၍ လုပ်နေလိုက်၏။ သူက တစ်ညတည်းဖြင့် အတားအဆီး ဆယ့်နှစ်ခုလောက် လုပ်ခဲ့သော်လည်း အလံပေါ်၌မူ အောင်မြင်စွာ ထားနိုင်ခြင်း မရှိသေးပေ။
ဝမ်လင်းက အလံပေါ်မှာ တစ်ချိန်တည်း၌ အတားအဆီး (၉)ခုကိုပြုလုပ် နိုင်သော်လည်း (၁၀) ခုမြောက်ပြုလုပ် လိုက်သောအခါ ထို (၉)ခုမှာ ပြန်ပျောက်သွား၏။
ဝမ်လင်းက ခဏနားပြီးနောက် (၁၃) ကြိမ်မြောက် အတားအဆီးကို အလံပေါ်၌ ပြုလုပ်ရန် ကြိုးစား လိုက်စဉ်မှာပင် သူက ခေါင်းမော့ကာ ယွင်ဖေးအား စူးစိုက်ကြည့် လိုက်သည်။ ဝမ်လင်း၏ မျက်လုံးများ ကလည်း အေးစက်လို့ လာခဲ့၏။
ဒုတိယ မကောင်းဆိုးဝါးမှ တစ်ဆင့် ဝမ်လင်းသည် ယွင်ဖေးက ဆေးမီးဖိုကို နောက်တစ်ကြိမ် ထုတ်ယူနေသည်ကို တွေ့လိုက်ရ၏။ သူမက ခဏတာ တုံ့ဆိုင်း သွားပြီးနောက် အံကြိတ်ကာ ထိုမီးဖိုကို သူ့သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အခန်းထဲမှ သူမက တိတ်ဆိတ်စွာ ထွက်လာခဲ့တော့သည်။ ဝမ်လင်းကလည်း နှာခေါင်း ရှုံ့လိုက်ကာ သူမနောက်သို့ လိုက်သွားတော့သည်။
အခုချိန်မှာ ယွင်ဖေးက ဆေးမီးဖိုကို သူမနှင့်အတူ ယူသွားခဲ့၏။ ကြည့်ရသည်မှာ အရေးကြီးသည့် အရာတစ်ခုခု ဖြစ်တော့မည့်ဟန် ရှိ၏။ ဝမ်လင်းက ဆေးမီးဖိုနှင့် ပတ်သက်၍ သိချင်စိတ် ဖြစ်လာခဲ့သည်။ သူက သည်မီးဖိုကို နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်ရာ ၎င်းက မန္တန် တစ်ခုခုနှင့် ကာကွယ် ထားသည်ကို တွေ့လိုက်ရသည်။
***