အစီအရင် ပြုလုပ်ပြီးနောက် ဝမ်လင်းက ယွင်ဖေးကို မကြည့်တော့ဘဲ လိုဏ်ဂူထဲရှိ သူတို့နှစ်ယောက်၏ နေရာကို အလယ်က ကန့်ထားလိုက်၏။
ထို့နောက် ဝမ်လင်းက သူ့နေရာ၌ ခြေချိတ် ထိုင်လိုက်ကာ သူ့နဖူးအား လက်ညှိုးဖြင့် ထောက်လိုက်သည်။ ထိုအခါ မကောင်းဆိုးဝါး တစ်ကောင် ထွက်ပေါ်လာ၏။ ဤမကောင်းဆိုးဝါးမှာ ဝမ်လင်း၏ ဒုတိယ မကောင်းဆိုးဝါး ဖြစ်ချေသည်။
ထိုမကောင်းဆိုးဝါးက ထွက်ပေါ် လာပြီးနောက် မှင်သေသေနှင့် လေထဲမှာ ရပ်နေကာ ဝမ်လင်း၏ အမိန့်ကို စောင့်လို့နေ၏။ ဝမ်လင်းက စိတ်ဝိညာဉ် အမြုတေ ဖွဲ့တည်ပြီး ကတည်းက သည်ဒုတိယ မကောင်းဆိုးဝါး၏ အနည်းငယ်သော ပုန်ကန်လိုစိတ်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဝမ်လင်းက သူ့နတ်ဘုရား စိတ်အာရုံဖြင့် မကောင်းဆိုးဝါးအား အမိန့်ပေး လိုက်ရာ ၎င်းက ဝမ်လင်းအစီအရင် လုပ်ထားသော ယွင်ဖေး၏ အတားအဆီး ထဲသို့ ဝင်ရောက် သွားတော့သည်။ ယွင်ဖေးကတော့ သည်အဖြစ်ကို လုံးဝ သတိထား မိလိုက်ခြင်း မရှိပေ။
ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းက ယွင်ဖေးအပေါ် အာရုံစိုက်ခြင်း မရှိတော့ဘဲ ရှေးဟောင်း နတ်ဘုရား နယ်မြေတွင် သူ ကုန်ဆုံးခဲ့သော နှစ်ပေါင်း (၂၀၀) အကြောင်းကို ပြန်စဉ်းစား လိုက်သည်။ သူက ထိုနှစ်ပေါင်း နှစ်ရာအတွင်း အရာများစွာ ကြုံတွေ့ခဲ့ရ၏။ အခုချိန်မှာတော့ သူက ထိုအဖြစ်အပျက်များကို အိပ်မက် တစ်ခုလို ပြန်ခံစား မိနေသည်။
အချိန်တစ်ခု ကြာပြီးနောက် ဝမ်လင်းက သက်ပြင်း ချလိုက်မိသည်။ သူက ရှေးဟောင်းနတ်ဘုရား နယ်မြေ၌ အသိဉာဏ် အမွေအနှစ်ကို ရရှိခဲ့၏။ သို့သော်လည်း သူက စွမ်းအား အမွေအနှစ်ကိုတော့ ရရှိခဲ့ခြင်း မရှိပေ။
သွေးပင်လည်း၏ အရှင်သခင်ကလည်း ထိုအသိဉာဏ် အမွေအနှစ်အတွက် လက်လျှော့မည် မဟုတ်ပေ။ သူက ရှေးဟောင်း နတ်ဘုရား နယ်မြေက ထွက်လာသည်နှင့် ဝမ်လင်းကို ပထမဦးဆုံး လိုက်ရှာလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ဝမ်လင်းက သူရမည့် အသိဉာဏ် အမွေအနှစ်ကို ခိုးယူခဲ့ခြင်း ကြောင့်ပင် ဖြစ်၏။
ဝမ်လင်းက အသိဉာဏ် အမွေအနှစ်ကို ဆုံးရှုံးခဲ့မည် ဆိုပါက သူက သူ့ကိုယ်သူတောင် မကာကွယ်နိုင်သော တစ်ယောက် ဖြစ်သွားပေ လိမ့်မည်။
ဤသို့ တွေးမိလိုက်သည်နှင့် ဝမ်လင်းက သူ့အပေါ် ဧရာမတောင်ကြီး တစ်လုံး ဖိနှပ်ထားသလို ခံစားလိုက်ရ၏။ သို့သော် ဝမ်လင်းက ထိုဆံပင် အနီရောင်နှင့် လူကြီးသည် ရှေးဟောင်း နတ်ဘုရား နယ်မြေက လွတ်မြောက်ရန် မလွယ်ကူကြောင်း သိနေသည်။ ထို့အတွက်ကြောင့် ဝမ်လင်းက အခုချိန်မှာ သည်လူကြီးနှင့် ပတ်သက်၍ ပူပန်ခြင်း မရှိသေးပေ။
သို့ရာတွင် အချို့သော ပြင်ဆင်မှုများတော့ ကြိုပြုလုပ်ထားရန် လိုပေသည်။ ဝမ်လင်းက ချီလင်မြို့မှာ အခြေချရန် ဆုံးဖြတ်လိုက်ကာ ယွင်ဖေးကို ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင် အတွက် လိုအပ်သော အရာများကို ရှာခိုင်းမည် ဖြစ်သည်။
ထို့ပြင် သူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စဦးစိတ်ဝိညာဉ် အဆင့််သို့ ရောက်ရှိရန် ခြေတစ်လှမ်း လိုနေဆဲ ဖြစ်၏။
ဝမ်လင်းက အခြားလူများ အတွက် စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ရန် မည်မျှ ခက်ခဲသည်ကို မသိပေ။ သူ့အတွက်ကတော့ အလွန်ပင် ခက်ခဲလို့နေ၏။ သူက နဂါးခြင်ဆီနှင့် အခြား ဆေးဝါးများကို အသုံးပြုခဲ့ သော်လည်း ခုချိန်ထိ စဦးစိတ်ဝိညာဉ် မဖြစ်ပေါ်ဘဲ ရှိနေ၏။
ဝမ်လင်းက ထိုအဖြစ်ကို စဉ်းစား လိုက်သောအခါ သူ့ဂျိနယ်ပယ်နှင့် ပတ်သက် နေသည်ဟု ထင်မိ၏။ သူ၏ ဂျိနယ်ပယ် စိတ်စွမ်းအင်က အဆင့်တူ အတွင်း၌ ပြိုင်ဘက်မရှိ ဖြစ်စေသော်လည်း ကျင့်ကြံခြင်းအဆင့် တိုးတက်ရန်လည်း အလွန် ခက်သည့်ဟန် ရှိသည်။
တကယ်တော့ ဝမ်လင်းက ဂျိနယ်ပယ်နှင့် ပတ်သက်၍ ဘာမျှမသိပေ။ သူ ချီလင်မြို့သို့ လာရောက်ရသော အခြားအကြောင်း တစ်ခုမှာ ဂျိနယ်ပယ်နှင့် ပတ်သက်သော မှတ်တမ်းများကို သိချင်သောကြောင့်လည်း ဖြစ်၏။
ဝမ်လင်းက ခဏတာ စဉ်းစားပြီးနောက် သူ့သိုလှောင်အိတ်ကို ယူကာ အထဲရှိ အရာများကို ထုတ်လိုက်သည်။ ထိုအရာများမှာ သူရှေးဟောင်း နတ်ဘုရား နယ်မြေ၌ ရရှိခဲ့သော အရာများဖြစ်၏။
ပထမဦးဆုံး သူက ရှေးဟောင်း အင်ပါယာ၏ သိုလှောင်အိတ်ကို သူ့နတ်ဘုရား အာရုံဖြင့် ကြည့်လိုက်ရာ ဖျော့တော့သော အားတစ်ခုက သူ့နတ်ဘုရား အာရုံအား တွန်းထုတ် နေသည်ကို ခံစားလိုက် ရသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားကာ သူက စဉ်းစားလိုက်သည်။ ရှေးဟောင်း အင်ပါယာက မသေသေးတဲ့ပုံပဲ …။
သူက နှာခေါင်းရှုံ့ လိုက်ကာ အခြား တစ်ခုကို ယူလိုက်သည်။ ထိုအိတ်က သူ့အားအလွန် စိတ်လှုပ်ရှားမှုကို ဖြစ်စေ၏။ ထိုသိုလှောင် အိတ်မှာ ဒူမိုတို့အုပ်စု၏ ကိရိယာ ဆယ်ခုပင်။ သူက လက်ဝှေ့ယမ်း လိုက်ရာ ထိုအရာများက အပြင်သို့ ထွက်ကျလာ၏။
သူ့ရှေ့ရှိ ကိရိယာ ဆယ်ခုထဲ၌ တစ်ခြမ်းပဲ့လ ဓားတစ်ခုသာ အနည်းငယ် တောက်ပနေကာ အခြား ကိုးခုကတော့ အရောင် တောက်ပခြင်း မရှိတော့ပေ။
ဝမ်လင်းက အခြားကိုခုကို နတ်ဘုရား အာရုံဖြင့် အလျင်အမြန် စစ်ကြည့်လိုက်ရာ သူ့အသွင်က နက်မှောင်လို့ သွား၏။ ကိရိယာကိုးခု၏ ပိုင်ရှင်များက သေဆုံးသွားပြီ ဖြစ်သော်လည်း အခြား နတ်ဘုရား အာရုံတစ်ခုက ၎င်းတို့အား သူအသုံးပြုလို့ မရအောင် ကာကွယ် ထားလေ၏။
ဝမ်လင်းက မျက်မှောင်ကြုတ် သွားကာ နတ်ဘုရား စိတ်အာရုံဖြင့် ထိုကိရိယာ တစ်ခုစီကို သေချာထပ်ကြည့် လိုက်ပြန်သည်။ သူက ကိရိယာများ အပေါ်ရှိ အတားအဆီးကို အချိန်အတော်ကြာ လေ့လာ နေလိုက်၏။ ထို့နောက် ဝမ်လင်းက သူ့ရှေ့ရှိ သေးငယ်သော ကြေးမုံတစ်ခုကို စူးစိုက်ကြည့် လိုက်၍ မျက်လုံးပင့်မိ သွားသည်။ သူလေ့လာပြီး သလောက် သည်ကြေးမုံ တစ်ခုက လွဲလို့ အခြား ကိုးခုပေါ်ရှိ အတားအဆီးကို သူ၏အမြုတေ ဖွဲ့တည်ခြင်း အဆင့်ဖြင့် ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလို့ သွားနေသည်။ တစ်လခွဲခန့် ကြာပြီးနောက် ဝမ်လင်းက လိုဏ်ဂူထဲမှ ထွက်လာ၍ သူ့ပုံစံကလည်း တည်ငြိမ်လျက် ရှိနေပေသည်။ သူက ကြေးမုံပေါ်ရှိ နတ်ဘုရား စိတ်အာရုံကို လွန်ခဲ့သော တစ်လကတည်းက ချိုးဖျက် နိုင်ခဲ့ပြီး ဖြစ်၏။ ထို့နောက် သူက ကြေးမုံ၏အခြေခံ အဆင့်ကို နားလည်ရန် (၇)ရက်ခန့် အချိန်ပေးခဲ့ ရ၏။ သည်လိုနဲ့ ဝမ်လင်းက သူ့မီးတောက်ဖြင့် ကြေးမုံကို ပြန်လည် သန့်စင်ပြီး (၄၉)ရက် အကြာမှာ ၎င်းက သူ့ကိုယ်ပိုင် ဖြစ်သွားတော့၏။
ဝမ်လင်းက သည်ကြေးမုံမှာ လွန်ခဲ့သော အချိန်များ၌ ကျော်ကြားခဲ့သော ရတနာ တစ်ခု ဖြစ်ခဲ့လိမ့်မည်ဟု ယုံကြည် နေခဲ့ပေသည်။ ထိုသို့ မဟုတ်လျှင် ထိုအရာက ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်၏ အသက်ကယ် ရတနာတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ချေ။
သို့သော် ဝမ်လင်းက သည်ကြေးမုံ၏ အမည်ကို မသိချေ။ သူက ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်ကို ရရှိခဲ့သော်လည်း ရတနာများနှင့် ပတ်သက်၍ များစွာမသိချေ။ တကယ်တော့ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ် ကိုယ်တိုင်က အကောင်းဆုံးလက်နက် ဖြစ်နေသောကြောင့် သူတို့က ရတနာများကို သန့်စင်ခြင်း မရှိပေ။ သူတို့ သန့်စင်သော အခါ၌လည်း ထိုရတနာများက အဆုံးမဲ့သော စွမ်းအားများ ရှိနေလိမ့်မည် ဖြစ်၏။
ဝမ်လင်းက ရှေးဟောင်းနတ်ဘုရား ထူစီ၏ စတုရန်းပုံ ပိရမစ် အကြောင်းကို တွေးမိလိုက်သည်။
အသိဉာဏ် အမွေအနှစ်များ ရလာပြီးနောက် ဝမ်လင်းက များစွာသော ရတနာများကို ဖန်တီး နိုင်လာခဲ့၏။ သို့သော် ထိုသို့ပြုလုပ်ရန် အရင်းအမြစ်များစွာ လိုပေသည်။ သူက ဟင်္သာပြဒါး ဂြိုဟ်၏ အရင်းအမြစ်များ အားလုံးကို အသုံးပြုမည် ဆိုလျှင်တောင် ရတနာတစ်ခု အတွက် လုံလောက်နိုင်မည် မဟုတ်ချေ။
အခုချိန်မှာတော့ သူက ထိုပိရမစ် နာမည်ကို သိပြီ ဖြစ်၏။ ၎င်းမှာ အံ့ဖွယ် ကြယ်ပိရမစ် ဖြစ်၏။ ထိုပိရမစ်၏ စွမ်းဆောင်ရည်မှာ ချိပ်ပိတ်ခြင်း ဖြစ်သည်။ ၎င်းကို အသုံးပြု၍ ဂြိုဟ်တစ်ခုလုံး အပါအဝင် အရာအားလုံးကို ချိပ်ပိတ် ထားနိုင်စွမ်း ရှိ၏။
လွန်ခဲ့သော တစ်လခွဲက ဝမ်လင်းသည် ကြေးမုံအကြောင်းကို လေ့လာခဲ့သည့် အပြင် သူက မှင်ကျောက်တုံးဖြင့် အတားအဆီး အလံများ ပြုလုပ်ခြင်းကိုလည်း စလေ့လာ နေခဲ့၏။ သို့သော် ဝမ်လင်းက ထိုအတားအဆီး အတွက် အချို့သော အရင်းမြစ်များ မရှိဘဲ ဖြစ်နေသည်။ သူထွက်ခွာ လာခဲ့သော အကြောင်းမှာလည်း ထိုအရင်းအမြစ် ပစ္စည်းများကို ရှာဖွေရန်နှင့် မြို့အကြောင်း လေ့လာရန် ဖြစ်၏။
***