ဝမ်လင်းက ယွင်ဖေးအား အသုံးဝင်သေး သောကြောင့် မသတ်သေးပေ။ တကယ်လို့ သူမက အပျက်အစီး ကြယ်များကြားထဲမှ ထွက်လာသော သူ့အကြောင်းကို ပေါက်ကြား စေခဲ့မည်ဆိုပါက ဝမ်လင်းက သူမအား ငရဲသို့ပို့ကာ ချန်ခွန်းနှင့် ပြေးတမ်းလိုက်တမ်း ဆော့ကစား စေလိုက်မည် ဖြစ်၏။
ဝမ်လင်းက သွမ့်မု၊ လိုအင်ခြောက်မျိုး နတ်ဆိုးသခင်၊ ခါးကုန်းကြီးမုံ့နှင့် ရှေးဟောင်း အင်ပါယာတို့၏ တပည့်သားမြေးများက သူ့အကြောင်းကို သိသွားမည်ဆိုပါက သူ့အတွက် ပြဿနာ များသွားစေမည်ကို သိသည်။ သူက ထိုကလန်များမှ မရေမတွက်နိုင်သော လူများ၏ အမဲလိုက်ခြင်းကို ခံရမည်ဖြစ်၏။ စဦးစိတ်ဝိညာဉ် အဆင့်အောက်ရှိ ကျင့်ကြံသူများသည် သူ့အတွက် စာဖွဲ့စရာ မလိုသော်လည်း စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများပါ ပါဝင်လာပါက သူ့အတွက် ဒုက္ခများ သွားစေမည် ဖြစ်၏။
ဝမ်လင်းအတွက် တိတ်ဆိတ်စွာ နေထိုင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပြီး သူ့အတွက် အန္တရာယ် အကင်းဆုံးလည်း ဖြစ်ပေလိမ့်မည်။ တကယ်လို့ သူက လူအများကို မသတ်ချင်ဘူး ဆိုရင်တောင် သူ့ရှင်သန်မှု အတွက်တော့ သတ်ရလိမ့်မည် ဖြစ်၏။
အခုချိန်ထိ ဝမ်လင်း၏ စိတ်ထဲ၌ နောင်တရနေကာ ပူဆွေးနေရသော အရာတစ်ခု ရှိ၏။ ထိုအရာက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူကမေ့လို့ မရနိုင်သေးပေ။
အတိတ်တုန်းက ဝမ်လင်းသည် ကျောက်နိုင်ငံရှိ ဟုန်ယွီကလန်မှ ထွက်ခွာလာ သောအခါ သူက သူငယ်ချင်းဟောင်း ကျန်းဟူနှင့် ပြန်ဆုံမိ၏။ သူက ကျန်းဟူအား ကယ်တင်ရန် အတွက် သူ့ဆရာကို သတ်ဖြတ်ခဲ့သည်။ ဤမြင်ကွင်းကို သေမျိုးများက မျက်မြင် တွေ့ရှိခဲ့ကြသည်။
ကျန်းဟူက ထိုသေမျိုး အားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ် ခဲ့သော်လည်း ဝမ်လင်းက ထိုသို့ မလုပ်ရက်ခဲ့ချေ။ ထို့အတွက် သူက ထိုသေမျိုး အားလုံး၏ မှတ်ဉာဏ်များကိုသာ ဖျက်ပစ်ခဲ့၏။
သို့သော် လူအိုကြီး ဂျိမိုက ကျန်းဟူ၏ ဆရာအပေါ် မန္တန်ဖြင့် ပြုစားခဲ့သည်ကို မသိလိုက်ချေ။ ထိုအခါ အဖြစ်အပျက် အားလုံးကို အဘိုးကြီးမိုက သိသွားခဲ့၏။
ထိုအဖြစ်အပျက်က လူအိုကြီးဂျိမိုအား ဒေါသထွက်စေခဲ့ကာ ထျန်းဟယွမ်၏ မြေးနှင့်တွေ့ဆုံ စေခဲ့သည်။ ထိုအခါ ဝမ်လင်းက ထျန်းဟယွမ်၏ မြေးကိုပါ သတ်ပစ်ခဲ့ရသည်။ ထိုအဖြစ်က စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အလွန်အမင်း ဒေါသထွက်စေခဲ့ပြီး သူ့တစ်မိသားစုလုံး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဝမ်လင်းက ချီစုဆောင်းမှုအဆင့် တစ်ယောက်သာ ဖြစ်သောကြောင့် ဘာမှမတက်နိုင်ခဲ့ပဲ သူကိုယ်တိုင်လည်း တစ်ကြိမ် သေဆုံးခဲ့ရ၏။
ဤကပ်ဆိုးက ဝမ်လင်း၏ သေမျိုးတို့ကို မသတ်လိုက်သော အဖြစ်အပျက် ကလေးကနေ စတင်ခဲ့ခြင်းဖြစ်၏။ အခုချိန်မှာတော့ တစ်ကြိမ် သေဆုံးပြီးနောက် ဝမ်လင်း၏ နှလုံးသားက ပြောင်းလဲသွားပြီ ဖြစ်၏။
တကယ်တော့ လူတစ်ယောက်က မွေးလာကတည်းက ကြမ်းကြုတ် ရက်စက်သော၊ အေးစက်သော နှလုံးသားကို ဖက်တွယ်ပြီး မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ ထိုသို့ လူတစ်ယောက်၏ နှလုံးသား အေးစက်လာရခြင်းမှာ သူကြုံတွေ့ခဲ့ရသော အတွေ့အကြုံက ပြောင်းလဲပေး လိုက်ခြင်းကြောင့် ဖြစ်၏။
အကယ်၍သာ ရွေးချယ်ခွင့်သာ ရှိမည်ဆိုပါက မြေခွေးတစ်ကောင်လို ကြမ်းကြုတ် ရက်စက်သော လူအဖြစ် လူအနည်းငယ် ကသာ ရွေးချယ်ပေလိမ့်မည် ဖြစ်၏။
ဝမ်လင်းက ကျောက်နိုင်ငံမှ ထွက်ခွာ လာပြီးနောက် အပြင်ဘက် တိုက်ပွဲနေမြေနှင့် ရှေးဟောင်း နတ်ဘုရား၏ နယ်မြေတို့၌ အချိန်ကုန်ဆုံး ခဲ့သည်မှာ နှစ်ပေါင်းလေးရာ ကျော်ရှိခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ပေါင်း လေးရာကျော်က လူတစ်ယောက်၏ စိတ်နှလုံးကို လုံးဝပြောင်းလဲ သွားရန် လုံလောက်ပေသည်။ ယခုအချိန်တွင် သူက ကျောက်နိုင်ငံရှိ ဟုန်ယွီကလန်မှ ထွက်ခွာလာသော ကောင်လေး တစ်ယောက် မဟုတ်တော့ပဲ အလွန်ခြားနားသော လူတစ်ယောက် ဖြစ်ခဲ့ပြီ ဖြစ်၏။
ဝမ်လင်းက အသက်တစ်ချက် ရှူထုတ်လိုက်ကာ အတိတ်ကို ပြန်လည်တွေးတော နေသည်ကို ရပ်တန့်လိုက်သည်။ သူ့စိတ်ထဲရှိ ခံစားချက်များကိုလည်း ဖယ်ထုတ်ရှင်းလင်း လိုက်၏။
ထို့နောက် ဝမ်လင်းက ကျောင်းနိုင်ငံရှိ လူအိုကြီး ဂျိမို၊ ထျန်ဟွယွမ်၊ ဖူစီနန်နှင့် အခြား ကျင့်ကြံသူများ အပါအဝင် အလောင်းကောင် ဂိုဏ်းခေါင်းဆောင်ပါ မချန် သတ်ပစ်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့ပြင် ထျန်းဟွယွမ်အား သူ့မိသားစုကို ရှာတွေ့ရန် ကူညီပေးခဲ့သော လူတစ်ယောက် ကိုလည်း သူက စုံစမ်း သတ်ဖြတ်ပစ်မည် ဖြစ်သည်။
ဝမ်လင်းက ယွင်ဖေး၏ ဦးဆောင်မှုဖြင့် လေးရက်မြောက်နေ့မှာ ရှေးဟောင်း ကောင်းကင်သားရဲကြီး တစ်ကောင်ကို အဝေးမှ လှမ်းမြင် လိုက်ရသည်။ ထိုသားရဲကြီးက ချီလင် သားရဲဖြစ်ကာ တစ်နည်းအားဖြင့် ချီလင်မြို့လည်း ဖြစ်ပေသည်။ အဝေးက ကြည့်လျှင် ချီလင်မြို့သည် ရှေးဟောင်း ချီလင်သားရဲကြီး တစ်ကောင် မြေကြီးပေါ်မှာ လှဲလျောင်းနေဟန် နှင့်ဆင်တူနေကာ ထူးဆန်းသော စိတ်ဆန္ဒများလည်း ပေးစွမ်းလို့နေ၏။
ကြီးမားသော ချီလင်သားရဲသည် များစွာသော အကြေးခွံများရှိနေ၏။ တကယ်တော့ ထိုအကြေးခွံများက လိုဏ်ဂူများပင် ဖြစ်သည်။ ထိုချီလင်သားရဲကြီး ပုံစံဖြစ်ပေါ်နေသော မြို့အတွင်း၌ နတ်ဆိုးပင်လယ်၏ ထူးဆန်း ကောင်းမွန်သော ရတနာများ အားလုံးကို ရောင်းဝယ် နေကြပေသည်။
ချီလင်သားရဲကြီးက တကယ်တော့ တောင်တန်းများ ပတ်ချာလည်ဝန်းရံ ထားသလိုမြို့ကို ဝန်းရံထားခြင်း ဖြစ်သည်။ လူအများက မြို့ထဲသို့ သွားလိုလျှင် တောင်များကို ဖြတ်ထားသော ဥမင်လိုဏ်ခေါင်း များမှ တစ်ဆင့် သွားရသည်။ ထိုဥမင်လိုဏ်ခေါင်း များကို ဖွင့်ရန် စွမ်းအားများစွာ အသုံးပြုရ၏။
ဝမ်လင်းက ချီလင်မြို့ကို သေချာကြည့်လိုက်ရာ ချီလင်သားရဲကြီး၏ မျက်လုံးအား တွေ့လိုက်ရသလို သူက အံ့ဩမှင်တက် သွားသည်။
ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ထိုကျောက်စိမ်းပြားက သူ့အား ခွဲခွာနီး လက်ဆောင်အဖြစ် လီမူဝမ် ပေးခဲ့သော ကျောက်စိမ်းပြားဖြစ်၏။ ထိုကျောက်စိမ်းပြားထဲ၌ တောက်ရှုကလန် အကြောင်းအကုန်လုံး ပါဝင်လေသည်။
သူက ကျောက်စိမ်းပြားကို ကြည့်လိုက်ရင်း ချီလင်သားရဲက တောက်ရှုကလန်၏ အစိမ်းရောင် နဂါးနှင့် ဆင်တူကြောင်း သဘောပေါက် လိုက်သည်။
တဖြည်းဖြည်းနှင့် ဝမ်လင်းနှင့် ယွင်ဖေးတို့သည် ချီလင် မြို့တံခါးနားသို့ ရောက်လာ ခဲ့ကြသည်။ တောင်ထိပ် တစ်ခုပေါ်ရှိ ဂိတ်တံခါးပေါ်၌ အပြာရောင် ဝတ်စုံနှင့် ကျင့်ကြံသူ နှစ်ယောက်ကို တွေ့လိုက်ရသည်။ ဝမ်လင်းက သူတို့နှစ်ယောက်ကို သေချာကြည့် လိုက်သောအခါ ခန္ဓာကိုသန့်စင်ခြင်း အလယ်အဆင့် နှစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူတို့က မြို့ထဲသို့ ဝင်ထွက်သွားလာ နေသောလူများအား အေးစက်စက် ကြည့်ကာ စစ်ဆေးလျက်ရှိ၏။ မြို့ထဲသို့ လာရောက်ကြသော အချို့လူများဆိုလျှင် အမြုတေဖွဲ့တည်ခြင်း အဆင့်များ ဖြစ်ကြသည်။ သို့သော် သည်အခြေခံ အဆင့်နှစ်ယောက်က သူတို့အား အနည်းငယ် လေးစားဟန်ပင် မရှိချေ။ အမြုတေ ဖွဲ့တည်ခြင်းမှ လူများကလည်း ထိုသို့ဆက်ဆံမှုကို စိတ်ဆိုးဟန် မတူ။ ဝမ်လင်းက ထူးဆန်းသော ဤမြင်ကွင်းက စိတ်ဝင်စားစွာ ကြည့်လိုက်မိ၏။
ယွင်ဖေးက ခပ်မြန်မြန် ရောက်လာကာ ဝမ်လင်းကို ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီကျင့်ကြံသူတွေက ချီလင် မြို့တော်ဝန်အိမ်က လူတွေပဲ…။ ချီလင်မြို့မှာ ဒီမြို့တော်ဝန် အိမ်လောက် အင်အား တောင့်တဲ့အုပ်စု မရှိဘူး…။ ချီလင်မြို့အပြင်က ကလန်တွေက မြို့ထဲကို လာမယ်ဆိုရင် သူတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရတယ်…”
ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။ သူက ချီလင်မြို့တော်ဝန်အိမ်က အင်အားအလွန်ကြီးလို့ အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူတွေက သည်အစောင့်အရှောက် လေးတွေကို ပြဿနာမရှာခြင်း ဖြစ်ကြောင်း တွေးမိလိုက်၏။
ယွင်ဖေးက သူ့ကျောက်စိမ်းပြားကို ပြပြီး စိတ်ဝိညာဉ် ကျောက်တုံးအချို့ကို အစောင့်တွေအား ပေးလိုက်ပြီး ဝမ်လင်းကို မြို့ထဲသို့ ခေါ်လာခဲ့သည်။ မြို့ထဲသို့ ရောက်လာသောအခါ ချီလင်သားရဲ၏ ထူးဆန်းသော အရှိန်အဝါများက ပိုပြင်းထန်လာသည်လို့ ထင်မှတ်ရ၏။ သို့သော် ဝမ်လင်းကတော့ မည်သို့မျှ တုန်လှုပ်ဟန်မရှိပေ။ အကြောင်းမှာ သူက ရှေးဟောင်းနတ်ဘုရား နယ်မြေအတွင်းရှိ အရာများဖြင့် ယှဉ်လျှင် ချီလင်မြို့က ဘာမျှ မဟုတ်တော့ခြင်း ကြောင့်ပင် ဖြစ်၏။ ဝမ်လင်းက အနည်းငယ် လေ့လာကြည့် ပြီးနောက် ယွင်ဖေးကို ပြောလိုက်သည်။
“ငါ့ကို မင်း အိမ်ခေါ်သွားတော့…”
ယွင်ဖေးက ခေါင်းညိတ် ပြလိုက်၏။ သူမက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး စိတ်စွမ်းအင် တချို့ကို ၎င်းအထဲသို့ ပို့လိုက်၏။ ထို့နောက် အစိမ်းရောင် အလင်းလန်း တစ်ခုပေါ်လာပြီး ကြေးခွံများက ရေကဲ့သို့ ဖြစ်လာကာ ထိုကြေးခွံများက ဖောက်ထွင်း မြင်ရမတတ် ဖြစ်လာ၏။ ဝမ်လင်းနှင့်ယွင်ဖေးက ထိုကြေးခွံထဲသို့ လမ်းလျှောက် သွားလိုက်ကြသည်။ သူတို့က ကြေးခွံထဲ နစ်မြုပ်နေသလို ခံစားရ၏။ ဝမ်လင်းက မျက်လုံး ပင့်မိသွား၏။ နောက်ဆုံးတော့ သူတို့က ယွင်ဖေး၏အိမ်ဖြစ်သော လိုဏ်ဂူထဲသို့ ရောက်သွားခြင်း ဖြစ်သည်။ ထို့နောက် ယွင်ဖေးက ဝမ်လင်းအား ထိုကျောက်စိမ်းပြားလေးကို ပေးလိုက်သည်။ ကျောက်စိမ်းပြား ကလေးသည် ဥမင်လိုဏ်ခေါင်းကို ထိန်းချုပ်နိုင်သော အရာတစ်ခု ဖြစ်၏။ ဝမ်လင်းက ကျောက်စိမ်းပြားကို အနည်းငယ် စစ်ဆေးလိုက်ပြီး ယွင်ဖေးအား ပြောလိုက်သည်။
“မင်း လွတ်လွတ်လပ်လပ် နေနိုင်တယ် … ဒါပေမဲ့ ငါ့အကြောင်းကို ထုတ်ဖော်ခဲ့ရင်တော့ ရက်စက်မှုအတွက် ငါ့ကို အပြစ်မတင်နဲ့…ငါနတ်ဆိုးပင်လယ်မှာ ရှိနေစဉ် ကာလပတ်လုံး မင်းက ငါ့သတင်းကို လုံခြုံအောင် ထားနိုင်မယ် ဆိုရင်တော့ ငါထွက်ခွာ သွားတဲ့အခါ မင်းကိုယ်ထဲက အတားအဆီးကို ဖယ်ရှား ပေးခဲ့မယ်…”
ဝမ်လင်းက ထိုသို့ ပြောပြီးနောက် အခြား အတားအဆီးတစ်ခုကို ဖန်တီးလိုက်ကာ ယွင်ဖေး၏နဖူးထဲသို့ ထည့်သွင်း လိုက်တော့သည်။
***