ဝမ်လင်း၏ မျက်လုံးများက အေးစက်သွား၏။ သူက ချန်ခွန်းအား စူးစိုက်ကြည့်၍ မေးလုက်သည်။
“ခါးကုန်းကြီးမုံ့က မင်းဆရာလား…”
ချန်ခွန်းက ကြောက်ရွှံ့တုန်လှုပ် သွားသည်။ သူတို့ရဲ့ ဘိုးဘေးဖြစ်သူ အဆိပ်ဘုရင် မှော်နန်းတော်မှ မုံ့ချင်းဖန်သည် နတ်ဆိုးပင်လယ်၌ အလွန်ထင်ရှားခဲ့၏။ သူနှင့်အဆင့်တူ များသာ မုံ့ချင်းဖန်အား ခါးကုန်းကြီးမုံ့လို့ ခေါ်ရဲကြသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိနေသောသူ ဖြစ်နေပြီး ထိုအဆင့်က နတ်ဆိုးပင်လယ်၌ အလွန်ရှား၏။ ထို့ပြင်သူ၏ အဆိပ်ဖြင့် တိုက်ခိုက်မှုများ ကလည်း ခုခံကာကွယ်ရန် အလွန်ခက်ခဲ လှသည်။ ခါးကုန်းကြီးမုံ့၏ အဆိပ်များက အရောင်အဆင်းနှင့် အနံ့ကင်းမဲ့၏။ လူအများသည် သူ့အဆိပ်ကြောင့် သူတို့ကိုယ်သူတို့ မည်သို့ သေဆုံးသွားသလဲ ဆိုတာကို မသိလိုက်ဘဲ အသက် ထွက်သွားခဲ့ရခြင်း ဖြစ်သည်။
မုံ့ချင်းဖန်၏ စိတ်နေစိတ်ထား အရ သူက သူ့ရှေ့မှာ လူတစ်ယောက်က စကားတစ်လုံး မှားတာနဲ့ သည်လူ၏ ကလန်တစ်ခုလုံးအား သတ်ဖြတ်ပစ်လေ့ ရှိသည်။ တစ်ခါတုန်းက နတ်ဆိုးပင်လယ်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မရှိသော ကလန်တစ်ခုရှိ၏။ သို့သော် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျွမ်းကျင်သူ များစွာရှိသောကြောင့် နတ်ဆိုးပင်လယ်၌ ကျော်ကြားလေ၏။ ထိုကလန်ထဲမှ တစ်ပည့် တစ်ယောက်က ခါးကုန်းကြီးမုံ့ အကြောင်း မသိဘဲ သူ့အားလှောင်ပြောင် ခဲ့မိလိုက်သည်။ ထိုညမှာပဲ ခါးကုန်းကြီးမုံ့ ၎င်းကလန်ထဲသို့ လမ်းလျှောက် ဝင်သွား၏။ တစ်နာရီလောက် ကြာပြီး သူပြန်ထွက် လာသောအခါ ထိုကလန် တစ်ခုလုံးရှိ အတွင်းတစ်ပည့်၊ အပြင်တပည့်၊ ယောက်ျား၊ မိန်းမ၊ ကလေးအပါအဝင် လူပေါင်း (၃၉၆၀) လုံး သေဆုံးသွားခဲ့၏။ စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်များပါ သေဆုံးခဲ့ရပေသည်။ ခါးကုန်းကြီးမုံ့၏ ထိုသို့ ကြမ်းကြုတ် ရက်စက်မှုများက နတ်ဆိုးပင်လယ်ရှိ လူအများ၏မျက်နှာများအား ဖြူဖတ်ဖြူရော် ဖြစ်သွားစေခဲ့သည်။
နတ်ဆိုးပင်လယ်ထဲရှိ လူအနည်းငယ်သာ မုံ့ချင်းဖန်အား ခါးကုန်းကြီးမုံ့လို့ ခေါ်ရဲကြသည်။ ချန်ခွန်းက ဝမ်လင်း၏ ခါးကုန်းကြီးမုံ့လို့ ခေါ်လိုက်သော အသံကို ကြားလိုက်သောအခါ ဝမ်လင်းအပေါ် သူ့ထင်မြင်ချက်များက ပိုသေချာလာ၏။ ထို့အတွက်ကြောင့် ချန်ခွန်းက ဝမ်လင်းအား မလိမ်ရဲတော့ဘဲ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
“စီနီယာ … အကြီးအကဲမုံ့က ကျွန်တော်တို့ ကလန်ရဲ့ ဘိုးဘေး တစ်ယောက်ပါ…”
သူက ထိုသို့ ပြန်ဖြေပြီးနောက် ကြောက်ရွှံ့မှုကြောင့် မေးများတစ်စက်စက် တုန်ရင်သွား၏။
လွန်ခဲ့သော နှစ်များက ချန်ခွန်းသည် ဘိုးဘေး ခါးကုံးကြီးမုံ့နှင့် ပတ်သက်သော သတင်းများကို ကြားလိုက်ရ သေးသည်။ သူက အမှန်တကယ် ပျောက်ကွယ်သွားခြင်း မရှိဘဲ အပျက်အစီး ကြယ်များထဲသို့ ဝင်ရောက် သွားသည်ဟု ပြောကြခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ခါးကုန်းကြီးမုံ့က ဒုတိယအကြိမ် ပြန်ဝင်ရောက်သွားခြင်း ဖြစ်ပုံရသည်။ ချန်ခွမ်းက အပျက်အစီး ကြယ်များကြား၌ ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ခါးကုန်းကြီးမုံ့ ပြန်ရောက်လာပြီ လို့လည်း ကြားခဲ့ရသေးသည်။ သို့သော် အချိန်များစွာ ကြာပြီးနောက် မည်သို့မှ ထူးခြားခြင်း မရှိတာကြောင့် ထိုခါးကုန်းကြီးနဲ့ ပတ်သက်သော သတင်းက မေ့ပျောက် သွားပြန်သည်။
ယခုအချိန်မှာတော့ သူက အက်ကွဲကြောင်း ပွင့်လာသည်ကို တွေ့လိုက်ရ သော်လည်း သူထင်ထားသလို စီနီယာ ခါးကုန်းကြီးမုံ့ ပြန်ရောက်လာခြင်း မဟုတ်သည်ကို တွေ့လိုက်ရ၏။ ထို့ပြင် အခြားစိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်များဖြစ်သော ဒူမို၊ လိုအင်ခြောက်မျိုး နတ်ဆိုးသခင်နှင့် ရှေးဟောင်း အင်ပါယာတို့လည်း ပြန်ရောက်လာခြင်း မဟုတ်ပေ။ ထိုအစား သည်လူငယ်လေး တစ်ယောက်သာ ထွက်ပေါ်လာခြင်းကို တွေ့ရ၏။
ထိုအဖြစ်အပျက်က သူ့အား များစွာ ထင်မြင်မှန်းဆ မှုများကို ဖြစ်စေခဲ့၏။
ဝမ်လင်းက ချန်ခွန်းပြောသည့် အကြောင်းများကို နားထောင်ပြီးနောက် သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ ထိုအရာက ချန်ခွန်းအား လုံးဝမသက်မသာ ခံစားလိုက်ရကာ မေးရိုးများပင် တုန်ရီသွားစေ၏။ ချက်ချင်းပင် သူက သူ့သိုလှောင်အိတ်ထဲက အမည်းရောင် သဲမှုန်များကို ထုတ်ယူ၍ ဝမ်လင်းထံသို့ လှမ်းပစ်လိုက်သည်။ ထို့နောက်သူက နောက်လှည့်် မကြည့်တော့ပဲ တစ်ချိုးတည်း ထွက်ပြေးတော့သည်။
အမည်းရောင် သဲများက ငါးညှီနံများ ထွက်ပေါ်နေကာ လေထဲထဲ၌ ပေါက်ကွဲမှု အသေးစားများပင် ဖြစ်ပွားစေ၏။ ဝမ်လင်းက အားပါးတရ ရယ်မောလိုက်၏။ သူက ထိုသဲများကို လုံးဝ မှုစရာမလိုပေ။ ထို့နောက် သူက သိုလှောင်အိတ် ထဲကနေ အဆိပ်ဓားကို ထုတ်ယူ လိုက်တော့သည်။ အဆိပ်ဓားက အမည်းရောင် သဲများစီသို့ တန်းတန်းမတ်မတ် ဝင်သွားကာ ထိုသဲများအား အစိမ်းရောင် မီးတောက်များဖြင့် လောင်ကျွမ်း စေလိုက်သည်။ ပေါက်ကွဲသံများပင် ထွက်ပေါ်လာခဲ့၏။ အမည်းရောင် သဲများက အစိမ်းရောင် အငွေ့များအဖြစ်သို့ ပြောင်းသွားပြီး အဆိပ်ဓား၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။
ထိုအဖြစ်အပျက်များက လျှင်မြန်စွာ ဖြစ်ပွားသွားခြင်း ဖြစ်သည်။ ချန်ခွန်းက အမည်းရောင်သဲများဖြင့် တိုက်ခိုက်ပြီး လွတ်မြောက်အောင် ကြိုးစားပြီးပြီးချင်း ဝမ်လင်း အဆိပ်ဓားက ချက်ချင်း စုပ်ယူလိုက်ခြင်း ဖြစ်သည်။
ချန်ခွန်းက စိတ်ထဲ၌ တစ်ဖန်တုန်လှုပ် သွားပြန်သည်။ သူ့တစ်ကိုယ်လုံးပင် အလွန် အေးစက်လာ၏။ သူက မြန်နိုင်သမျှ မြန်အောင် ထွက်ပြေး လိုက်ပြန်သည်။ ဝမ်လင်း မျက်နှာကတော့ နဂိုအတိုင်း မှုန်ကုပ်စွာရှိနေ၏။ ထို့နောက်သူက သူ့မျက်ခုံး နှစ်ခုကြား လက်ညှိုးဖြင့် ထောက်လိုက်ရာ အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရိပ်မှာ ဝမ်လင်း၏ မကောင်းဆိုးဝါး ရှုလီကောပင် ဖြစ်၏။ မကောင်းဆိုးဝါး ရှုလီကောက ထွက်ပေါ်လာပြီးနောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
“နောက်ဆုံးတော့ ငါလွတ်လာခဲ့ပြီ… ငါက သေလောက်အောင် ပျင်းနေတာ… မပြေးစမ်းနဲ့… မင်းအဘိုး ရှုလီကောက မင်းကို ဝါးမျိုပေးမယ်…။ မင်းကြောင့်ငါ ထွက်လာရတဲ့ အတွက် မင်းကို တက်နိုင်သလောက် သက်သက်သာသာနဲ့ သေအောင် လုပ်ပေးရမှာပေါ့…”
ရှုလီကောက ထိုသို့ ပြောပြီးပြီးချင်း မိုးခိုးတန်း တစ်ခုလို ချန်ခွမ်း အနောက်သို့ လိုက်ဖမ်းတော့သည်။ ချန်ခွန်းက ရှုလီကော သူ့ကို ခုန်အုပ်လိုက်သော အခါ ကြက်သေ သေသွားမိသည်။ မကောင်းဆိုးဝါး ရှုလီကောက ချန်ခွန်း၏ဝိညာဉ်အား ဝါးမျိုပြီးသောအခါ ရွှေရောင်အမြုတေ တစ်ခုနှင့် သိုလှောင်အိတ် တစ်ခုကို ဝမ်လင်းထံ ပြန်ယူလာ ခဲ့တော့သည်။ သူ့အပြင်ဘက် အမူအရာမှာတော့ ပျော်ရွှင်ဟန် ပြနေသော်လည်း စိတ်ထဲမှာတော့ ထိုအမြုတေကို ဝမ်လင်းအား ပေးချင်စိတ်မရှိပေ။
ဝမ်လင်းက အမြုတေကို တစ်ချက် ကြည့်လိုက်ပြီး ပါးစပ်ထဲသို့ တန်းထဲ့လိုက်သည်။ အမြုတေ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ရှေးဟောင်းနတ်ဘုရား၏ နည်းစနစ်ကို စတင်လေ့ကျင်ကာ ၎င်းအမြုတေအား အချိန်တိုအတွင်း စုပ်ယူချေဖျက် လိုက်၏။ ဝမ်လင်းက (၈၀)ရာခိုင်နှုန်းကို သူ့ခန္ဓာကိုယ်က စုပ်ယူသွားသည်ပြီး ကျန် (၂၀) ရာခိုင်နှုန်းကို သူ့စိတ်ဝိညာဉ်က စုပ်ယူလိုက်သည်ဟု ခံစားလိုက်ရသည်။ ဝမ်လင်းက အမြုတေကို စုပ်ယူချေဖျက် ပြီးနောက် သိုလှောင်အိတ်ကို ယူလိုက်ကာ ချန်ခွမ်း၏ခန္ဓာကိုယ်ကိုတော့ သူ့လက်ထဲရှိ မီးတောက်လုံးဖြင့် ပြာမှုန်အဖြစ်သို့ လောင်ကျွမ်း စေလိုက်သည်။
***