ဝမ်လင်းက ရုတ်တရက် ရွေ့လျားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပွား နှစ်ယောက်ကလည်း သူတို့၏ ရတနာများကို အသုံးပြုလိုက်၏။ ဝမ်လင်းက သူတို့ရှေ့သို့ ရောက်လာပြီး ရှေးဟောင်း နတ်ဘုရား၏ အမွေအနှစ်ထဲမှ မှတ်ဉာဏ်ကို အသုံးပြု၍ လက်ဟန်တစ်ခု ဖော်ထုတ် လိုက်သည်။
“ပျက်စီးစမ်း …”
ရုတ်တရက် ဝမ်လင်းလက်မှ ထူးဆန်းသော အားများ ထွက်ပေါ်လာခဲ့၏။ ထိုဖိအားများကြောင့် ကိုယ်ပွား နှစ်ယောက်မှာ အနည်းငယ် ရပ်တန့်လို့ သွားရသည်။ ထိုနောက် ဝမ်လင်းက ကိုယ်ပွား နှစ်ယောက်စီ တဟုန်ထိုး တိုးဝင် သွားလိုက်သည်။ ကိုယ်ပွား နှစ်ယောက်ကလည်း ဝမ်လင်း နည်းစနစ်အတိုင်း လုပ်ဆောင် လိုက်ကြ၏။ ဝမ်လင်းက မှော်စာလိပ် ကိုင်ဆောင်ထားသော ကိုယ်ပွားကို ပစ်မှတ်ထားကာ တုံ့ဆိုင်းချင်းမရှိဘဲ သူ့ခန္ဓာကိုယ်ဖြင့်ပင် ဝင်တိုက်ခိုက် လိုက်သည်။ ထိုကိုယ်ပွားမှာ ချက်ချင်း လွင့်စဉ်သွားရ၏။ သူ့အမြင်အရ ထိုမှော်စာလိပ် ကိုင်ဆောင်ထားသော ကိုယ်ပွားသည် အလွန် ထူးဆန်းနေပြီး ၎င်းအား မှော်စာလိပ် အသုံးပြုရန် အခွင့်အရေး နည်းနည်းတောင် ပေးလို့မရပေ။
အခြားကိုယ်ပွား တစ်ယောက်က အနက်ရောင်ဓားကို ထိန်းချုပ်ပြီး ဝမ်လင်းအား တိုက်ခိုက် လိုက်သည်။ ထိုအနက်ရောင်ဓားက သူရှိ ပျံသန်း လာသောအခါ ဝမ်လင်းက ညာလက်ဖြင့် ပုံရိပ်ယောင် စက်ဝိုင်းတစ်ခုကို ဖော်ထုတ်လိုက်၏။ အတားအဆီး တစ်ခုက ဝမ်လင်းနှင့် ဓားပျံကြားမှာ မြန်ဆန်စွာ ကြီးထွားလာပြီး ၎င်းဓားအား တားဆီးလိုက်သည်။ ထို့နောက် အခြားတစ်ယောက်စီ ဝမ်လင်းက ဝင်ရောက် တိုက်ခိုက် လိုက်ပြန်သည်။ ထိုအခါ ကိုယ်ပွားက လျင်မြန်စွာ ရှောင်တိမ်း လိုက်နိုင်၏။ ဝမ်လင်းက လွတ်မြောက် သွားသော ကိုယ်ပွားနောက်သို့ ဆက်လိုက် လိုက်သည်။
ကိုယ်ပွားများသည် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရား အမွေအနှစ်ဖြင့် ပြန်တည်ဆောက် ထားသော ခန္ဓာကိုယ်၏ သန်မာမှုနှင့် အမြန်နှုန်းကို တုပနိုင်စွမ်း မရှိပေ။ ထို့ကြောင့် ထိုကိုယ်ပွားက ဝမ်လင်း၏ အတင်း ဝင်ဆောင့်ခြင်းကို ခံလိုက်ရကာ လဲကျသွားပြန်သည်။ ဝမ်လင်းကို မရပ်တန့်ဘဲ တရစပ် ဆက်လက် တိုက်ခိုက် လိုက်သည်။ သူက သည်နေရာမှာ အချိန်ဆက်လက် မဖြုန်းတီး သောကြောင့် သူ့ခန္ဓာကိုယ် နှင့်သာမက ဂျိနယ်ပယ်ဖြင့်ပါ တိုက်ခိုက်၍ ရှေ့သို့လျင်မြန်စွာ ဆက်သွား လိုက်သည်။
ဝမ်လင်းက မိုင် (၇၀) ထိ ဆက်လက် ပြန်သန်း လာခဲ့သည်။ သူဖြတ်သန်း ခဲ့သော လမ်းတစ်လျှောက်၌ အသံလှိုင်း ပေါက်ကွဲသံများပင် ကြားရလေ၏။ တစ်ချိန်တည်း မှာလည်း ကိုယ်ပွားများက တစ်ယောက်ပြီး တစ်ယောက် သူ့ရှေ့မှာ ပေါ်လာခဲ့သည်။ သို့သော် ဝမ်လင်းက သူတို့အားလုံးအား သူ့ခန္ဓာကိုယ်ဖြင့်ပင် ဝင်တိုက် ဖျက်ဆီးပစ်ခဲ့၏။
အပျက်အစီးကြယ် နယ်မြေသည် စွမ်းအားများစွာ ရှိသော်လည်း သည်နေရာက ဝမ်လင်း၏ဂျိနယ်ပယ်နှင့် ပြန်လည် တည်ဆောက်ထားသော ခန္ဓာကိုယ်၏ သန်မာမှုကိုတော့ ပုံတူလုပ်နိုင်ခြင်း မရှိခဲ့ပေ။ သည်နယ်မြေ အဝန်းအဝိုင်းက နတ်ဘုရား ကျူးကျော်သူ နည်းစနစ်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ဝမ်လင်း၏ ဂျိနယ်ပယ်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ တည်ရှိမှုတစ်ခု ဖြစ်နေပေ၏။ သည်နတ်ဘုရား နည်းစနစ်က ၎င်းပုတီးစေ့ကို ပုံတူကူးနိုင်စွမ်း မရှိပေ။ ထို့ပြင် ရှေးဟောင်း နတ်ဘုရား၏ခန္ဓာကိုယ်ကိုလည်း ပုံတူကူးနိုင်မည် ဆိုပါက ရှေးဟောင်း နတ်ဘုရားများသည် ထူးဆန်းအံ့ဖွယ် ဖြစ်နေမည် မဟုတ်တော့ပေ။
အခုချိန်မှာ ဝမ်လင်းက ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလို ဖြစ်နေသည်သာမက သူ့ဂျိနယ်ပယ်ကလည်း အမြုတေ ဖွဲ့တည်နိုင်စွမ်း ရှိခဲ့ပြီ ဖြစ်၏။ ထိုရလဒ်မှာ ဝမ်လင်းအနေနှင့် စဦးစိတ်ဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို အနိုင်မယူ နိုင်သေးပေမဲ့ သူက ထိုအဆင့် ကျွမ်းကျင်သူ တစ်ယောက်၏ တိုက်ခိုက်မှု ကြောင့်တော့ မသေဆုံးနိုင်ဟု ယုံကြည်မှုရှိ၏။ ထို့ပြင် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်ကို သူ၏ ထူးဆန်းအံဖွယ် နည်းစနစ်များ၊ ရတနာများနှင့် တိုက်ခိုက်ပါက နိုင်နိုင်ခြေ ရှိသည်ဟု ထင်မိနေသည်။ အရင် အခြေအနေတွေ တုန်းကတော့ သူက စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်ကို တွေ့သည်နှင့် မသေဆုံးအောင် ထွက်ပြေးရသည့် တစ်လမ်းသာ ရှိခဲ့၏။
စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်၏ စွမ်းအားသည် စဦးစိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်မှ ရရှိလာခြင်း ဖြစ်၏။ စဦးစိတ်ဝိညာဉ် အဆင့်တွင် စိတ်စွမ်းအင် အမျှင်တန်းလေး တစ်ခုက အမြုတေဖွဲ့တည်ခြင်း အဆင့် တစ်ယောက်၏ စုစည်းထားသော စိတ်စွမ်းအင်များ အားလုံးနှင့် နှိုင်းယှဉ်နိုင်ပေသည်။ စဦးစိတ်ဝိညာဉ် ကျွမ်းကျင်သူများ၏ အထင်ရှားဆုံး နည်းစနစ်တစ်ခုမှာ တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်း ရှိခြင်းဖြစ်၏။ ထို တည်နေရာ ရွှေ့ပြောင်းနိုင်ခြင်း နည်းစနစ်ကြောင့် စဦးစိတ်ဝိညာဉ် ကျွမ်းကျင်သူများမှာ အဆင့်သုံးနိုင်ငံ၌ ထိပ်ဆုံးက ရပ်တည်နိုင်ခြင်း ဖြစ်ပေ၏။ အမြုတေဖွဲ့တည်ခြင်း အဆင့်နှင့် စဦးစိတ်ဝိညာဉ် အဆင့်တို့က တူညီသော နည်းစနစ်ကို အသုံးပြုမည်ဆိုလျှင် စဦးစိတ်ဝိညာဉ် အဆင့်က အမြုတေဖွဲ့တည်ခြင်း အဆင့်ထက် အဆတစ်ရာကနေ အဆတစ်ထောင်ထိ ပိုမိုသာလွန်သော စွမ်းအား ရှိပေသည်။ ဤသို့ ကွာဟချက် များကြောင့် ကျင့်ကြံမှု သမိုင်း တစ်လျှောက်တွင် အမြုတေဖွဲ့တည်ခြင်း အဆင့်ရှိ လူအနည်းငယ် ကသာ စဦးစိတ်ဝိညာဉ် အဆင့်ရှိလူများကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ရတနာအချို့ ဖြင့်တောင် အမြုတေဖွဲ့တည်ခြင်း အဆင့်များက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရုံသာ ရှိခဲ့သည်။ တကယ်တော့ ရတနာများရဲ့ စွမ်းအားကလည်း အဆင့်ကွာဟမှုကို အနည်းနဲ့အများ လျှော့ချပေးနိုင်စွမ်း ရှိပေသည်။
စဦးစိတ်ဝိညာဉ် အဆင့်သည် ကျင့်ကြံမှုကမ္ဘာအား ခွဲခြားပေးထားသော စည်းတစ်ခုလည်း ဖြစ်၏ အကြောင်းမှာ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်မှသာ သန်မာသော ကျင့်ကြံသူ ဖြစ်သည်ဟု ယူဆလို့ ရသောကြောင့်ပင်။ သည်အချက်များက စဦးစိတ်ဝိညာဉ်အဆင့် ဖြစ်ပေါ်ခြင်းသည် မည်မျှ အရေးကြီးသည်ကို ပြသနေပေသည်။
ထို့ပြင် ကျင့်ကြံမှုအဆင့် ကွာဟမှုက ကြီးမားသော ကွာဟချက်ကို ဖြစ်ပေါ်စေ၏။ အဆင့်တစ်ဆင့်စီက အနည်းဆုံး (၁၀) ဆလောက် ကွာဟချက် ရှိပေသည်။ တစ်နည်းအားဖြင့် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်က အလယ်အလတ်အဆင့် တစ်ယောက်ထက် ဆယ်ဆခန့် ပိုသန်မာသလို၊ အစောပိုင်း အဆင့်ထက် ဆိုလျင် အဆ (၁၀၀) လောက် ပိုသန်မာပေသည်။
သည်အရာများ အားလုံးက ဝမ်လင်း၏ ထင်မြင်ချက်များ ဖြစ်သည်။ သူက အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် ဖြစ်နေသော်လည်း စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်အား အနိုင်ယူနိုင်ရန် မသေချာသေးပေ။
သူက သည်အပျက်အစီး ကြယ်အဝန်းအဝိုင်း ထဲမှ ထွက်လာရင် စဦးစိတ်ဝိညာဉ် တစ်ယောက်ကို သွားယောက် မရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် သူက လုံးဝမိုက်မဲရာ ကျပေလိမ့်မည်။
ထို့နောက် ဝမ်လင်းက ချန်ခွန်းနှင့် ယွင်ဖေးတို့အား စူးစိုက်ကြည့် လိုက်သည်။ သို့သော် သူက သူတို့ နှစ်ယောက်ကြားရှိ ပြဿနာကို စိတ်ဝင်စားခြင်း မရှိဘဲ သူမေးလိုရာကိုသာ မေးလိုက်၏။
“အနီးဆုံးမြို့က ဘယ်မှာလဲ …”
ဝမ်လင်းက သူတို့ရှိရာသို့ လှမ်းလာသည်ကို တွေ့သောအခါ ချန်ခွန်းက အလွန်လေးစားသည့် အသွင် ဖြစ်ပေါ်လာသည်။ သို့သော် သူ့နှလုံးသားကတော့ တင်းကျပ်မှုကို ခံစားနေရ၏။ ဝမ်လင်းမေးခွန်းကို သူက ဖြေမလို ကြံလိုက်ရုံရှိသေး ယွင်ဖေးက သူ့အရင် လှမ်းဖြေလိုက်သည်။
“စီနီယာ … ဒီနေရာနဲ့ မိုင် (၁၀၀၀၀) ပတ်လည်မှာ ဘာမြို့မှမရှိဘူး …။ အနောက်ဘက် မိုင် (၃၀၀၀၀)လောက် သွားရင်တော့ ချီလင်မြို့ ရှိတယ်”
ယွင်ဖေးက ထိုသို့ပြောပြီးနောက် ဆံပင်ရှည်များကို သပ်လိုက်ရာ သူမ၏ လှပတင့်တယ်မှုများ ထွက်ပေါ်လာ၏။
ကံမကောင်းစွာ သည်လုပ်ဆောင်မှုက ဝမ်လင်းအား ဆွဲဆောင်နိုင်ခြင်း လုံးဝ မရှိပေ။ ယွင်ဖေးက ဝမ်လင်းက သူမအား စိတ်မဝင်စားသည်ကို တွေ့လိုက်ရ သောအခါ အနည်းငယ် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။ သို့သော် သူမက လက်မလျှော့ လိုသေးပေ။ သူမက ပြီးပြည့်စုံအောင် မလှသော်လည်း အိပ်ရာပေါ်၌ စွမ်းဆောင်ရည် ရှိကြောင်း သူမဘာသာ သိပေ၏။ ဝမ်လင်းက အဝန်းအဝိုင်းကို ချိုးဖျက် ထွက်လာသည်နှင့် သူမက သူ့ကျင့်ကြံမှုကို အသည်းအသန် ခန့်မှန်းလျက် ရှိနေသည်။ သည်လူငယ်က သူမကို ကူညီပေးဖို့ ဆန္ဒရှိမည်ဆိုပါက ထိုအရာက သူမ၏ကံကောင်းမှုသာ ဖြစ်သည်။
ဝမ်လင်းကတော့ ယွင်ဖေး၏ အတွေးကို လုံးဝမသိချေ။ သူက အနောက်ဘက်ကို လှမ်းကြည့်ရင်း မေးလိုက်၏။
“ချီလင်မြို့မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေ ရှိလား …”
“မရှိပါဘူး … စီနီယာ …။ ချီလင်မြို့မပြောနဲ့ … နတ်ဆိုးပင်လယ်ရဲ့ ထိပ်ဆုံး ဆယ်မြို့မှာတောင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်က အများကြီးမရှိဘူး …”
သည်တစ်ခါတော့ ချန်ခွန်းက ယွင်ဖေးထက် ဦးအောင် ဖြေလိုက်သည်။ သူက အခုချိန်ထိ တစ်ခွန်းမှ မပြောဘူးဆိုလျှင် စီနီယာက စိတ်ဆိုးစေမိပြီး သည်လိုဖြစ်တာက သူ့အတွက် ကောင်းကျိုး မရှိပါဘူး။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် မရှိဘူးလား …”
စီနီယာ … လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) လောက်က နတ်ဆိုးပင်လယ်ရဲ့ ကျော်ကြားတဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျွမ်းကျင်သူတွေက ဒီအပျက်အစီး ကြယ်တွေထဲမှာ ပျောက်ကွယ် သွားခဲ့တယ် …။ ဒါကြောင့် သူတို့က အရေအတွက် သိပ်မကျန်တော့ဘူး …။ ချန်ခွန်းက ခပ်မြန်မြန် ဖြေလိုက်ပြန်သည်။ သူက ထိုသို့ဖြေပြီးနောက် ဝမ်လင်းကို ကြည့်လိုက်သောအခါ သူ့အမူအရာက ပြောင်းလဲသွားကာ မျက်လုံးများ ပြူးကျယ်လာသည်။ သူက ချက်ချင်း ခေါင်းငုံ့လိုက် သော်လည်း စိတ်ထဲမှာတော့ ဗြောင်းဆန်ဆဲ ရှိနေ၏။
ဝမ်လင်း၏ မျက်လုံးများက ဖြတ်ခနဲ လက်သွားကာ ပိုမိုအေးစက် လာသည်။ သူက ငရဲမှ ထွက်ပေါ်လာသော အသံအလား အလွန်အေးစက်စွာ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာ လောက်က အပျက်အစီး ကြယ်တွေ ကြားထဲမှာ ပျောက်ကွယ်သွားတဲ့ စိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေက ဘယ်သူတွေလဲ …”
ယွင်ဖေးက အံ့အားသင့်ဟန် ဖြစ်သွားသည်။ သူမက လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) လောက်က ကောလာဟလကို ပြန်မှတ်မိ လိုက်သည်။ သူမက နီရဲရဲနှုတ်ခမ်းလေးကို ကိုက်ပြီး ပြန်ဖြေလိုက်၏။ “စီနီယာ … ဂျူနီယာက လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀) လောက်က အဖြစ်အပျက် အချို့ကိုတော့ သိပါတယ်…။ အဆိပ်ဘုရင် မှော်နန်းတော်ရဲ့ မင်းသား မုံ့ချင်းဖန်၊ ချီမင်မြို့ရဲ့ ခေါင်းဆောင် သွမ့်မူကျိ၊ ရွမ်တျန်ကလန်ရဲ့ ခေါင်းဆောင် လိုအင်ခြောက်မျိုး နတ်ဆိုးသခင်၊ ထျန်းမိုတုံ့ရဲ့မိစ္ဆာအို ရှေးဟောင်း အင်ပါယာ။ ဒီလူလေးယောက်က ဒီနေရာမှာတွေ့ခဲ့ပြီး အတူတကွ ပျောက်ကွယ် သွားခဲ့ကြတယ်…။ သူတို့ရဲ့ ဆက်ခံသူ မျိုးဆက်တွေက နှစ်ပေါင်းနှစ်ရာ အတွင်း ဒီနေရာကို ခဏခဏ လာခဲ့ပေမဲ့ ဘာသဲလွန်စမှ မရခဲ့ကြဘူး …”
ဝမ်လင်း၏ အသွင်က တည်ငြိမ်လျက်ပင် ရှိ၏။ ဒါပေမဲ့ သူ့နှလုံးသား ကတော့ ကြက်သေသေ သွားခဲ့သည်။ မမျှော်လင့်ဘဲနဲ့ သူက ရှေးဟောင်းနတ်ဘုရား နယ်မြေတွင် နှစ်ပေါင်း (၂၀၀) လောက် ကြာမြင့်ခဲ့လေသည်။
ဝမ်လင်းက သူ့ပူဆွေးမှု အတွေးတွေ၊ ခံစားချက်တွေကို ရပ်တန့်လိုက်ပြီး ချန်ခွန်းကို တစ်ဖန် စူးစိုက်ကြည့်လိုက် ပြန်သည်။ သည်လူက အဆိပ်ဘုရင် မှော်နန်းတော်မှ ဖြစ်ပြီး ခါးကုန်းကြီးမုံ့၏ ဂျူနီယာလည်း ဖြစ်တော့ အနည်းငယ်တော့ ထူးခြားနေ၏။ ဝမ်လင်း၏ အကြည့်အောက်၌ ချန်ခွန်း၏ ခြေထောက်များမှာ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ဒူးထောက် ကျသွားသည်။ ထို့နောက်သူက ကြောက်ရွှံ့လေးစားစွာ ပြောလိုက်သည်။
“စီနီယာ …။ ဒီဂျူနီယာက ဘာမှမသိလို့ စီနီယာကို မပြောမိတာပါ …။ ကျေးဇူးပြု၍ သက်ညှာပေးပါ … စီနီယာ …”
***