နတ်ဆိုးပင်လယ်ထဲ၌ အပျက်အစီး ကြယ်များစွာ ရှိနေ၏။
ထိုနေရာများက များစွာသော ဂြိုဟ်များ ပျက်စီးရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထူးဆန်းသော အားများကလည်း ထိုနေရာ၌ ဖြစ်ပေါ်လျက် ရှိနေ၏။ ၎င်းနေရာများက ဝင်ရောက်သည် ဖြစ်စေ၊ ထွက်ခွာသည် ဖြစ်စေ တစ်စုံတစ်ယောက်က သူနှင့်ကျင့်ကြံသော အဆင့်တူပုံတူ တစ်ယောက်နှင့် ယဉ်ဆိုင်ရမည် ဖြစ်၏။ သူနှင့်အဆင့်တူ ပုံတူကို နိုင်အောင် တိုက်နိုင်မှသာ လူတစ်ယောက်က ထိုနေရာသို့ ဝင်နိုင်ထွက်နိုင်မည် ဖြစ်ပေသည်။ ထို့ပြင် အပျက်အစီး ကြယ်များရှိသော နေရာများက အလွန်အန္တရယ် များသောကြောင့် လူများစွာက လာရောက်ကြခြင်း မရှိပေ။
ဓားအလင်းတန်း နှစ်ခုက ထိုနေရာများသို့ ဦးတည်၍ ပျံသန်းလျက် ရှိသည်။ ရှေ့တွင်ရှိသော အလင်းတန်းထဲရှိ အမျိုးသမီး၏ မျက်နှာက ဖျော့တော့လျက် ရှိသည်။ သူမက အနီရောင် အဝတ်ကို ဝတ်ဆင်ထားပြီး အလွန် လှသည့်ပုံပင်။
နောက်မှ လိုက်လာသော အလင်းတန်းက သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ကာ လေးထောင့် မျက်နှာနှင့် နက်မှောင်သော မျက်ခုံးများ ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်၏။ သူ့မျက်လုံးများက ဘောလုံးတစ်လုံး စာလောက် လုံးဝန်းကြီးမားကာ သူကရှေ့ရှိ အမျိုးသမီးကို လှောင်ပြောင်ဟန် လှမ်းကြည့်လိုက်သည်။
နောက်မှ လိုက်လာသော လူကြီးက သူ့ရှေ့ရှိ အမျိုးသမီးနှင့် ပိုမိုနီးကပ် လာသည်။ ထိုအခါ ထိုအမျိုးသမီးက ရှေ့ရှိ အပျက်အစီး ကြယ်များအား လှမ်းကြည့်ရင်း စိတ်ထဲ၌ အကြံတစ်ခု ရလိုက်သည်။ သူမက ထွက်ပြေး နေရသည်မှာ တစ်လခန့် ရှိပြီး၏ ဖြစ်ကာ မလွတ်မြောက်နိုင်ဘဲ ရှိနေသည်။ သူမက လွတ်မြောက်ရန် လျှို့ဝှက်နည်းစနစ် တချို့သာမရှိလျှင် အစောကြီး ကတည်းက ဖမ်းမိနေ ပေလိမ့်မည်။ သို့သော် ထိုနည်းစနစ် ကလည်း စိတ်စွမ်းအားများစွာ အသုံးပြုရပြီး သူမက အကြိမ်အနည်းငယ် သုံးပြီး နောက်မှာတော့ ထပ်မံမသုံးစွဲနိုင် ဖြစ်နေရသည်။ သူက နောက်မှ လိုက်ဖမ်းသော လူ၏ ဖိအားကြောင့် အပျက်အစီး ကြယ်များရှိရာသို့ ဦးတည် နေသည်ကိုပင် သတိမထားမိနိုင် ဖြစ်နေရသည်။ သူမက လမ်းကြောင်း ပြောင်းလိုက် လျှင်လည်း နောက်မှလိုက်လာသော လူ၏ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် သူမက မည်သို့မျှ မတက်နိုင်ဘဲ ရှေ့သို့သာ ဆက်သွား နေရသည်။ ဤသို့ဖြင့် သူတို့နှစ်ယောက် လုံးသည် အပျက်အစီး ကြယ်များနှင့် နီးကပ်လို့ လာခဲ့တော့သည်။
သူမက သူ့နောက်မှ လိုက်လာသော လူသည် သူ့ခွန်အားကို အကုန်အစင် မသုံးရသေးကြောင်း သိနေခဲ့သည်။ သူက သူမကို ကစားနေပြီး ရှေ့သို့ဆက်သွားရန် ဖိအားများ ပေးနေ၏။ သူမက အပျက်အစီး ကြယ်နယ်မြေထဲသို့ ဝင်ရောက် မသွားရန် သေချာသတိထား လိုက်သည်။ သို့သော် သူမက ထိုနယ်မြေများနှင့် တစ်ဆတစ်ဆ နီးကပ်လာခဲ့နေ၏။ ချန်ခွန်းကတော့ သူမနောက်မှ ဆက်လိုက်လျက် ရှိနေသေးသည်။ သူက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
“ယွင်ဖေး … နင့်ရှေ့မှာ အပျက်အစီး ကြယ်တွေပဲ ရှိတော့တယ် … ခုချိန်ထိ ဒီနေရာကို ကံကောင်းလို့ ဖြတ်သွားနိုင်တဲ့လူ မရှိသေးဘူး… မင်းက ကြိုးစားကြည့်ချင် နေတာလား…”
အမျိုးသမီး၏ မျက်နှာက ပို၍ ဖျော့တော့ လာခဲ့သည်။ သူမက အပျက်အစီး ကြယ်နယ်မြေသို့ ရောက်ရန် ငါးပေခန့် လိုတော့ပေ၏။ ထို့ကြောင့် သူမက ရပ်တန့်လိုက်ကာ နောက်သို့ ပြန်လှည့် ကြည့်လိုက်သည်။ ထို့နောက် သူမက လျှာကိုကိုက်ကာ ပြောလိုက်သည်။
“စီနီယာ ဂျူနီယာက ကံကောင်းလို့ အဲဒီနေရာကနေ လွတ်လာခဲ့တယ် …။ ဒါကို ဘာလို့ စီနီယာက ကျွန်မကို သတ်ချင်နေတာလဲ …”
ချန်ခွန်းက ပါးစပ်ရွဲ့လိုက်သည်။ သူက အမျိုးသမီးနှင့် ဆယ်ပေအကွာမှာ ရပ်လိုက်ကာ သူမနောက်ရှိ အပျက်အစီး ကြယ်များကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ငါက ဒီနေရာကို အမိန့်ကြောင့် လာခဲ့ရတာပဲ …။ မင်းက မင်းမှာ မရှိသင့်တဲ့ အရာတစ်ခု ယူဆောင်သွားတဲ့ အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ် …”
အမျိုးသမီးက ရယ်မောလိုက်လေ၏။ သူမက သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ချန်ခွန်းအား ကြည့်၍ ခပ်တိုးတိုး ပြောလိုက်၏။
“ဒီဟာက ငါ့ဆရာနဲ့ ပတ်သက်နေတဲ့ အရာတစ်ခု ဖြစ်တယ် … ဒါကြောင့်မလို့ ငါကဘာလို့ မယူသင့်တာလဲ … ။ စီနီယာ … မှော်နန်းတော်ထဲမှာ ဒါနဲ့ ချွတ်စွပ်တူတဲ့ ပုံတူတစ်ခု ရှိသေးတယ် မလား…။ ငါက ဒီကျောက်စိမ်းပြား အပိုင်းလေးကို ယူသွားတာ မှော်နန်းတော် အတွက် ဘာများထိခိုက် သွားနိုင်လို့လဲ …”
ချန်ခွန်းက ကျောက်စိမ်း အပိုင်းအစလေးအား သေချာကြည့် လိုက်သည်။ သူ့ပုံစံက လောဘများ ပြည့်လျှံ နေသည့်ဟန် ရှိနေ၏။ သူ့တာဝန်မှာ သည်အမျိုးသမီးကို သတ်ပြီး ကျောက်စိမ်းပြားကို ပြန်ယူဆောင် လာရန်သာ ဖြစ်သည်။
မှော်နန်းတော်သည် ထိုကျောက်စိမ်းပြားကို ချိပ်ပိတ် ထားလေ၏။ ချန်ခွန်းက ထိုကျောက်စိမ်းပြား သူ့လက်ထဲ ရောက်နေလျှင်တောင် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိထား၏။ သူက ၎င်းကို ပြန်ယူသွားရန် တစ်ခုသာ တတ်နိုင်ပေသည်။ ခုသူ့ရှေ့ရှိ အမျိုးသမီးကတော့ ကျောက်စိမ်းပြားကို ဖတ်ရှုနိုင်၏။ ထို့အတွက်ကြောင့်မို့ သူက သူမကို မသတ်ဘဲ နောက်မှသာ ကပ်၍ လိုက်နေခြင်း ဖြစ်ပေသည်။
ချန်ခွန်းက လေးလေးနက်နက် ပြောလိုက်သည်။
“ဒီကျောက်စိမ်းပြားက ယူဆောင်သွား ခံရတာက မှော်နန်းတော်ကို အကျိုး သက်ရောက်မှု ရှိလား၊ မရှိလား ငါမသိဘူး …။ ငါက ဒါကို ပြန်ယူသွားရင် ငါ့အတွက် အကျိုအမြတ် အများကြီးရမယ် ဆိုတာပဲ သိတယ် … ”
အမျိုးသမီး အသွင်ကလည်း လေးနက်လို့ သွား၏။ ထို့နောက်သူမက ပြောလိုက်သည်။ “စီနီယာ…နင့်မှာ ပြောစရာရှိရင် ပြောပါ …။ ဒါပေမဲ့ ကျောက်စိမ်းပြားက ဘယ်လောက် အရေးကြီးတယ် ဆိုတာကိုလည်း စဉ်းစားကြည့်ဦး …”
ချန်ခွန်းက ဘာမှပြန်မပြော သော်လည်း သူ့မျက်လုံး များကတော့ ပျော်ရွှင် သွားသည့်ဟန် ပေါ်နေ၏။ သူက ယွန်ဖေးသည် ကျော်ကြားသော ချီဟောင် ကလန်၏ ဆက်ခံသူ တစ်ယောက် ဖြစ်သည်ကို သိနှင့်ပြီးဖြစ်၏။ ချီဟောင်ကလန်က ထူးဆန်းသော အင်အား တစ်ခုကြောင့် ပျက်စီး ခဲ့ရသော်လည်း သည်အမျိုးသမီးက အန္တရယ်မရှိဘဲ လွတ်မြောက် လာနိုင်သေးသည် မဟုတ်လား …။
မှော်နန်းတော်က ချီဟောင်ကလန်၏ အဖိုးတန် ဆေးဖော်စပ်နည်း ပါဝင်သော ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသော သည်အမျိုးသမီးအား ဖမ်းဆီးထားကာ ကိုယ်လုပ်တော် အဖြစ် အတင်းခိုင်း စေထားခြင်း ဖြစ်သည်။ အခုနှစ်များစွာ ကြာမြင့်ပြီးနောက် သူမက ကျောက်စိမ်းပြားနှင့် အတူ ထွက်ပြေးနိုင်လာခြင်း ဖြစ်၏။
ချန်ခွန်းက အလယ်အလတ် အမြုတေဖွဲ့ တည်ခြင်းအဆင့်သို့ ရောက်နေပြီး ဖြစ်သည်။ နောက်တစ်ဆင့်သို့ တက်ရန် သူက ကျင့်ကြံမှု၌ အကန့်အသတ် ကြုံနေရသည်။ သူက နောက်ဆုံး အဆင့်သို့ မဝင်ရောက်နိုင်မည်ကို အလွန်ထိန့်လန့် နေမိသည်။ သို့သော် ကျောက်စိမ်းပြားထဲမှ ဆေးနည်းကိုရကာ ဖော်စပ်သောက်သုံး နိုင်မည်ဆိုလျှင် အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိအောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
အမျိုးသမီးက သက်ပြင်း ချလိုက်သည်။ ထို့နောက်သူက ကျေက်စိမ်းပြားကို ယူလိုက်ကာ အချက်အလက်များကို မှတ်သားထား လိုက်သည်။
“စီနီယာ … ငါက အချက်အလက်တွေကို မှတ်ထားပြီး ဖြစ်တဲ့အတွက် နင်ငါ့ကို လွှတ်ပေးမယ်ဆိုရင် ဒီဟာက နင့်ဟာ ဖြစ်သွားပြီ … ”
ချန်ခွန်းက ရယ်မောကာ ပြောလိုက်သည်။
“ကောင်းတယ် … ငါ့ကို ကျောက်စိမ်းပြား အရင်ပေး … ။ အချက်အလက်တွေ သေချာပြီဆိုရင် ငါမင်းကို သွားခွင့်ပေးမယ် … ”
သူက ထိုသို့ ပြောပြီးပြီးချင်း ရှေ့သို့ တိုးလိုက်သည်။
ထိုအခါ အမျိုးသမီးက ခပ်မြန်မြန် လှမ်းအော်လိုက်သည်။
“ရပ်လိုက် … ”
သူမက ကျောက်စိမ်းပြားကို လက်ထဲမှာကိုင် လိုက်ပြီး စိတ်စွမ်းအား အနည်းငယ် ထုတ်ဖော်လိုက်ကာ နှစ်ပေခန့် နောက်ဆုတ် လိုက်သည်။ ထို့နောက် ချန်ခွန်းအား ကြည့်ကာ ပြောလိုက်၏။ စီနီယာ နင်က အမြုတေဖွဲ့တည်ခြင်း အလယ်အဆင့်ကို ရောက်နှင့်နေပြီး ဖြစ်တယ် … ။ ငါက ခုမှ စဦးအမြုတေ ဖွဲ့တည်ခြင်းပဲ ရှိသေးတယ် …။ စီနီယာက ကျောက်စိမ်းပြားကို ရပြီး ကတိမတည်ရင် ငါဘာမှ တက်နိုင်မှာ မဟုတ်ဘူး …”
ချန်ခွန်းက အနည်းငယ် မျက်မှောင် ကြုတ်မိသွား၏။ သူက သူမလက်ထဲရှိ ကျောက်စိမ်းပြားကို အေးစက်စက် ကြည့်၍ ပြောလိုက်သည်။
“မင်းက ဘာကိုဆိုလိုတာလဲ … ။”
ယွင်ဖေးက သေချာရှင်းပြ လိုက်သည်။
“ငါက စီနီယာကို ပေတစ်ထောင်လောက် နောက်ဆုတ် စေချင်တယ် … ။ ကျောက်စိမ်းပြားကို ဒီနေရာမှာပဲ ထားခဲ့မယ် …။ ငါထွက်သွားတဲ့ အချိန်ကျရင် စီနီယာက ကျောက်စိမ်းပြားကို လာယူနိုင်တယ် …။ ဒီလိုမှ မဟုတ်ရင် ငါက ကျောက်စိမ်းပြားကို ခွဲလိုက်ပြီး ငါ့ကိုယ်ငါ သတ်သေ ပစ်လိုက်မယ် …။ ဒါဆို စီနီယာလည်း ဘာမှ ရတော့မှာ မဟုတ်ဘူး … ”
ချန်ခွန်းက အေးစက်စွာ ပြုံးလိုက်၏။
“လာနောက်နေတာလား …။ ငါက နင့်ကျောက်စိမ်းပြားက အတုလား၊ အစစ်လား ဘယ်လိုသိမလဲ … ။ မင်းလိမ်သွားရင် ဘယ်လိုလုပ်မလဲ …”
ထိုအချိန်၌ အပျက်အစီး ကြယ်များအတွင်း၌ သုံးပေရှည်သော အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ် သွားခဲ့သည်။ ထိုအရာကို သူတို့ နှစ်ယောက်လုံးက သိရှိလိုက်ခြင်း မရှိကြပေ။ ထိုအက်ကွဲကြောင်းမှ အနက်ရောင် စွမ်းအင်များ ထွက်ပေါ်လျက် ရှိ၏။
ယွင်ဖေး၏ မျက်နှာက ခက်ထန်သွားကာ ချန်ခွန်းအား ပြန်ပြောမလို ပြင်လိုက်၏။ သို့သော် ချန်ခွန်းက ဆက်ပြော လိုက်သည်။
“ငါ့မှာ နင်နဲ့ဖြုန်းဖို့ အချိန်မရှိဘူး။ ကျောက်စိမ်းပြား ပေးမယ်ဆိုရင် အသက်ရှင်ခွင့် ပေးမယ်…။ ဒီလိုမဟုတ်ဘူး ဆိုရင် ငါ့ရက်စက်မှု အတွက် အပြစ်မတင်နဲ့ …”
သူက ဤသို့ ပြောပြီးပြီးချင်း ရှေ့သို့ တိုးလိုက်သည်။
ယွင်ဖေးက မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားကို တစ်ဖက်သို့ ပစ်လိုက်ပြီး ချန်ခွန်းအနားမှ လျင်မြန်စွာ ထွက်ပြေး၏။
ချန်ခွန်းက အလင်းပမာ မြန်ဆန်စွာဖြင့် ကျောက်စိမ်းပြားကို ဖမ်းလိုက်သည်။ ထို့နောက်သူက ၎င်းအား နတ်ဘုရား အာရုံဖြင့် စစ်ဆေး လိုက်သည်။ စိတ်လှုပ်ရှားမှု များက သူ့မျက်နှာ၌ ပေါ်လာခဲ့၏။ ထို့နောက်သူက ရယ်မောပြီးနောက် ယွင်ဖေးနောက်သို့ လိုက်သွားသည်။ သူ့အမြန်နှုန်းက စောနတုန်းကနှင့် မတူဘဲ ပိုမြန်လာခဲ့၏။
ယွင်ဖေးက အလျင်စလို ထွက်ပြေး ခဲ့သော်လည်း ချန်ခွန်းပေါ်သို့ နတ်ဘုရား စိတ်အာရုံ ထားခဲ့၏။ ချန်ခွန်းက ကျောက်စိမ်းပြားကို ဖမ်းလိုက်သည်ကို တွေ့လိုက်သည်နှင့် သူက ပိုမြန်အောင် ထပ်ပြေးလေ၏။ သူမ ထင်ထားသည့် အတိုင်း ချန်ခွန်းက သူ့ကတိကို ဖောက်ဖျက်ကာ သူမနောက်သို့ လိုက်လာလေသည်။
ယွင်ဖေးက စိတ်ထဲကနေ နှခေါင်း ရှုံ့လိုက်သည်။ “ချန်ခွန်း … ငါသေရမယ် ဆိုရင်တောင် နင်လည်း ဒီဆေးနည်း အတိုင်း ဖော်စပ် အသုံးပြုမယ်ဆိုရင် ဆိုးဆိုးရွားရွား သေရလိမ့်မယ် …။ ဒါက နင့်အမှားကြောင့်ပဲ … ”
ထို့နောက်သူမက သက်ပြင်းချကာ ဆက်မပြေးတော့ဘဲ ရပ်လိုက်သည်။
ချန်ခွန်းက ယွင်ဖေး ရပ်တန့် လိုက်သည်ကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်၏။ ထို့နောက်သူက ပြောလိုက်သည်။
“နင်က ငါ့ကို ကျောက်စိမ်းပြား ပေးခဲ့တဲ့အတွက် သက်တောင့် သက်သာ သေရအောင် လုပ်ပေးမယ် …။ ဒါမှမဟုတ် နင်ခန္ဓာကိုယ်က ဘယ်လောက်လှလို့ မှော်ဆရာသခင်ကို ဆွဲဆောင်နိုင်လဲ ဆိုတာ ကြည့်ရမယ် …။ တကယ်လို့ နင်က ငါ့လက်အောက်မှာ အမှုထမ်းမယ် ဆိုရင် ငါမင်းကို ခွင့်လွှတ်ပေးမယ် …”
ချန်ခွန်းက ထိုသို့ ပြောလိုက်ပြီးပြီးချင်း အပျက်အစီး ကြယ်များကို ထိန့်လန့်စွာ ကြည့်လိုက်မိသည်။ သူ့မျက်လုံးများက အံ့အားသင့်မှုများ ပြည့်နေ၏။ သို့သော် ချက်ချင်းပင် ကြောက်ရွှံ့မှုသို့ ပြောင်းသွားလေ၏။
ယွင်ဖေးကလည်း အလားတူ အပျက်အစီး ကြယ်များထံသို့ ကြည့်လိုက်ရာ သူမ မျက်နှာပေါ်၌ တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ချန်ခွန်း နှင့် ယွင်ဖေးတို့က သူတို့ရှေ့ရှိ ကြီးမားသော အက်ကွဲကြောင်း ကြီးကို ကြည့်လိုက်သည်။ ထိုအက်ကွဲကြောင်း ပေါ်လာသောအခါ ချန်ခွန်း၏ခေါင်းမှာ တစစ်စစ် ခံစားလိုက်ရ၏။ သူက ယွင်ဖေးအား သတ်ချင်စိတ် မရှိတော့ပဲ သည်နေရာမှ ထွက်ပြေး ချင်စိတ်သာ ရှိတော့၏။ သူက ထိုသို့အတွေးကို ဖိနှိပ်လိုက်ပြီး အပျက်အစီး ကြယ်များကို စူးစိုက်ကြည့်ကာ စိတ်သက်သာရာ ရသွားသည်။ သည်နေရာ၌ အစီအရင် တစ်ခုရှိကာ ထိုအက်ကွဲကြောင်းမှ ထွက်လာသော အရာသည် မည်မျှ သန်မာပါစေ ချိုးဖျက်ကာ အပြင်သို့ ထွက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ထွက်ပြေးစရာ မလိုကြောင်း တွေးလိုက်သည်။
ထိုအချိန်မှာပင် အက်ကွဲကြောင်းက ပိုမိုတောက်ပ၏။ အက်ကွဲကြောင်း ထဲမှ ထူးဆန်းသော အနက်ရောင် အလင်းများ ထွက်ပေါ်လျက် ရှိသည်။ သိပ်မကြာခင်မှာပဲ အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်က ၎င်းအထဲမှ တည်ငြိမ်စွာ ထွက်ပေါ် လာတော့၏။ သူက ဆံပင်ဖြူများ ပိုင်ဆိုင်ထားပြီး ရှေးဆန်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သို့သော် မျက်လုံးများ ကတော့ ကြမ်းတမ်း ရက်စက်မည့်ဟန် ပေါ်နေ၏။ သူ့နဖူး ပေါ်၌လည်း ခရမ်းရောင် ကြယ်တစ်လုံး ရှိကာ ထိုအရာက နတ်ဆိုးစွမ်းအင်များ ပြည့်နေသကဲ့သို့ ခံစားမှုကို ပေးစွမ်းနေသည်။ သူက ငရဲမှ တက်လာသော နတ်ဆိုး တစ်ကောင်နှင့် တူနေပေ၏။
သူက လက်ဝှေ့ယမ်း လိုက်ရာ အက်ကွဲကြောင်းက ပြန်ပိတ်သွား၏။ သူက လေထဲမှာ ရပ်လျက်ပင် အပျက်အစီး ကြယ်များအား ကြည့်လိုက်သည်။ ထိုအခါ ဝမ်းနည်းသည့် အရိပ်အယောင်များက သူ့မျက်လုံးထဲ၌ ပေါ်လာခဲ့၏။ ထို့နောက် သူက ချန်ခွန်းနှင့် ယွင်ဖေးတို့အား ကြည့်လိုက်သည်။
ချန်ခွန်းက အက်ကွဲကြောင်းမှ ထွက်လာသော လူငယ်ကို ကြည့်၍ ကြောက်ရွှံ့စွာ ခံစားလိုက် ရသည်။ သူတို့နှစ်ယောက် ကြားမှာ အတားအဆီးတစ်ခု ရှိနေသေးသောကြာင့် သူ့နတ်ဘုရား အာရုံဖြင့် မထောက်လှမ်း နိုင်ပေ။ သို့ရာတွင် တကယ်တော့ အတားအဆီး မရှိဘူး ဆိုရင်တောင် သူက ထိုလူငယ်ကို နတ်ဘုရား စိတ်အာရုံဖြင့် မထောက်လှမ်းရဲချေ။ ထိုလူငယ်က အက်ကွဲကြောင်းမှ ထွက်လာ နိုင်သောကြောင့် သူက ဘယ်အဆင့်သို့ ရောက်နေသည်ကို မသိနိုင်ချေ။ အနည်းဆုံး သူက စဦးစိတ်ဝိညာဉ် အဆင့်ဖြစ်ရင်ဖြစ်၊ သည်လိုမှ မဟုတ်ရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တောင် ဖြစ်နိုင်ပေသည်။
ထိုအတွက်ကြောင့် သူက လူငယ်နှင့် အတိုက်အခံ မည်သို့လုပ်ရဲ မည်နည်း။
ဆံပင်အဖြူနှင့် လူငယ်က အပျက်အစီး ကြယ်များကြားမှ လှမ်းကြည့် လိုက်တာတောင်မှ ချန်ခွန်းက သူ့ခြေလက်များ ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သူက ချက်ချင်း ထွက်ပြေးချင်စိတ် ပေါက်သွား၏။ သို့သော် သူက သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။
ချန်ခွန်းက လူငယ်သည် အပျက်အစီး ကြယ်များရှေ့ရှိ အတားအဆီးကို ဖြတ်လာ နိုင်မည်ဆိုပါက သူပြေးလည်း မလွတ်နိုင်သည်ကို တွေးမိလိုက်သည်။ သူ့အတွက် ပြေးတာနှင့် မပြေးတာက အတူတူပင် ဖြစ်နေ၏။
သူက ထိုသို့ တွေးပြီးနောက် လက်နှစ်ဖက်ဆုပ်၍ လေးစားစွာ ပြောလိုက်သည်။
“ဒီဂျူနီယာက အဆိပ်ဘုရင် မှော်နန်းတော်မှ ငါးဆက်မြောက် မျိုးဆက်တပည့် တစ်ယောက်ပါ။ ချန်ခွန်းက စီနီယာကို နှုတ်ဆက်ပါတယ် …”
ယွင်ဖေးကလည်း ချန်ခွန်းနည်းတူ တွေးလိုက်၏။ သူမက ထွက်ပြေးလျင် ချန်ခွန်းကြောင့် သေဆုံးရ ပေလိမ့်မည်။ သို့သော် သည်မှာနေမည် ဆိုပါက အသက်ရှင်ရန် အခွင့်ရေး ရှိနေသေး၏။
သူမက ထိုသို့ တွေးပြီးနောက် လေးစားစွာ ပြောလိုက်သည်။
“ဒီဂျူနီယာက ချီဟောင်ကလန်က ထူးမောယွင်ပါ … ။ စီနီယာကို နှုတ်ဆက်ပါတယ် …”
ဆံပင်အဖြူရောင်နှင့် လူငယ်က သူတို့ နှစ်ယောက်လုံးအား အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက်သူက အပျက်အစီး ကြယ်များဆီသို့ ကြည့်လိုက်ကာ အနည်းငယ် စဉ်းစားလိုက်သည်။ သိုလှောင်အိတ်ထဲမှ သေးငယ်သော ပုံသဏ္ဌာန်လေး တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာက အတောင်ပံ သုံးစုံပါသော သားရဲတစ်ကောင် ဖြစ်ပေသည်။ ၎င်းက ချက်ချင်းပင် ရှေ့သို့ ပြန်တက်သွား၏။ ၎င်းက အပျက်အစီး ကြယ်များရှိသည့် နေရာကို ရောက်သွား သောအခါ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုသားရဲနှင့် ပုံသဏ္ဌာန်တူ သားရဲတစ်ကောင် ပေါ်လာခဲ့တော့၏။
သားရဲနှစ်ကောင်က တစ်ကောင်နှင့် တစ်ကောင် တွေ့ဆုံသည်နှင့် စတင်တိုက်ခိုက် ကြတော့သည်။ အဖြူရောင်ဆံပင်နှင့် လူငယ်က မျက်မှောင် ကြုတ်မိသွားသည်။ သူက သူ့လက်ကို ဝှေ့ယမ်း လိုက်သောအခါ ထိုသားရဲလေးက မုန်တိုင်းငယ် တစ်ခုအလား အတားအဆီးထဲမှ ပြန်ထွက်လာခဲ့ကာ လူငယ်၏ပခုံးပေါ်မှာ လာရောက် နားခိုလေ၏။
ထိုဆံပင်အဖြူရောင်နှင့် လူငယ်မှာ ဝမ်လင်းပင် ဖြစ်၏။ သူက ရှေးဟောင်းနတ်ဘုရား နယ်မြေမှ ထွက်ခွာရန် ရှေးဟောင်းနတ်ဘုရား မှတ်ဉာဏ်များအား အသုံးပြု၍ ဥမင်ကို ဖွင့်ကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဥမင်အဆုံးသတ်၌ အပျက်အစီး ကြယ်များရှိနေကာ သူက ထွက်ခွာလိုလျှင် ထိုကြယ် အဝန်းအဝိုင်းကို ဖြတ်ကျော်နိုင်မှ ရပေမည်။
ဝမ်လင်းက ခဏတာ စဉ်းစားပြီး နောက်မှာတော့ ကြယ်အဝန်းအဝိုင်း ထဲသို့ ဝင်ရောက်ရန် စိတ်ဆုံးဖြတ် လိုက်သည်။
ဝမ်လင်းက အဝန်းအဝိုင်းထဲသို့ ဝင်ရောက်မည်ကို တွေ့သောအခါ ချန်ခွန်းသည် တုန်လှုပ်သွား၏။ သူက ထိုအရာကို ပထမဆုံး မြင်ဖူးခြင်း မဟုတ်ပေ။ လွန်ခဲ့သော နှစ်များစွာက သူသည် မှော်နန်းတော်မှ စဦးစိတ်ဝိညာဉ် အဆင့် အကြီးအကဲ တစ်ယောက်က ဤသို့ လုပ်ဆောင် ဖူးသည်ကို တွေ့ရှိခဲ့ဖူး၏။ သို့သော်သူက ချက်ချင်း ဆိုးရွားစွာ သေဆုံးခဲ့ရကာ သူ့စဉီး စိတ်ဝိညာဉ်ပင် ထူးဆန်းသော အား၏ ဝါးမျိုခြင်း ခံလိုက်ရပေသည်။
ယွမ်ဖေးကလည်း သူမ၏ သေခြင်း ရှင်ခြင်းသည် ထိုလူငယ်အပေါ် မူတည်ကြောင်း တွေးလိုက်သည်။ ထိုလူငယ်သာ အဝန်းအဝိုင်းကို ဖောက်ထွက် လာနိုင်မည်ဆိုပါက သူမက ကျောက်စိမ်းပြားကို လက်ဆောင်ပေးမည် ဖြစ်သည်။ ထိုအခါ သူမအတွက် ချန်ခွန်းလက်မှ လွတ်မြောက်ရန် အခွင့်အရေး ရကောင်း ရလာနိုင်ပေမည် ဖြစ်၏။
ဝမ်လင်းက ထိုသို့ဝင်ရောက်ရန် လုပ်ဆောင် သောအခါ ချန်ခွန်းက အာရုံစိုက်ကြည့် လိုက်၏။
ဝမ်လင်းက အပျက်အစီး ကြယ်အဝန်းအဝိုင်း ထဲသို့ ဝင်ရောက် လိုက်သည့်အခါ အလင်းမှုန်များ စုဝေးလာပြီး သူနှင့်ပုံစံတူကိုယ်ပွား တစ်ယောက် ပေါ်လာခဲ့သည်။ ဝမ်လင်း ကိုယ်ပွားက အေးစက်စွာ ပြုံးလိုက်ပြီး သိုလှောင်အိတ်ထဲမှ အနက်ရောင်ဓားကို ထုတ်လိုက်သည်။ ဝမ်လင်းက ထိုဓားကို သေချာကြည့် လိုက်သောအခါ ထူးဆန်းသော စွမ်းအားများ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်လင်းကိုယ်ပွားက သူ့ဓားရတနာကိုပင် ပုံတူလုပ်နိုင် နေလေသည်။ ဝမ်လင်းက သူ့ကိုယ်ပွားအား မတိုက်ခိုက်ပဲ ထောက်လှမ်းရန်သာ ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့ကိုယ်ပွားက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အနက်ရောင်ဓားဖြင့် ဝမ်လင်းအား တိုက်ခိုက် လိုက်သည်။ ဝမ်လင်းက နှုတ်ခမ်းတွန့်ကာ သိုလှောင်အိတ်ထဲမှ သူ့အနက်ရောင် ဓားကို ထုတ်ယူလိုက်၏။
ပုံသဏ္ဌာန်တူ ဓားနှစ်လက်က တစ်လက်နှင့် တစ်လက် တိုက်ခိုက် ကြတော့သည်။
ထို့နောက် ဝမ်လင်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ့ ဂျိနယ်ပယ် နတ်ဘုရားအာရုံကို ထုတ်ဖော်လိုက်ကာ သူမျက်လုံးများက အနီရောင်သို့ ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပွား၏ မျက်လုံးကလည်း ထိုသို့ အနီရောင် ပြောင်းသွား လေသည်။
ဝမ်လင်းက သူ့ကိုယ်ပွား၏ မျက်လုံးအား သေချာစူးစိုက် ကြည့်လိုက်ရာ အနီရောင် အလင်းတစ်ချက် ဖြတ်ခနဲ တောက်ပသွားသည်ကို တွေ့လိုက်ရသည်။ ထို့အတူ သူ့ကိုယ်ပွား၏ မျက်လုံးက တောင့်မခံနိုင်ဘဲ စတင် တုန်ခါလာပြီး ပေါက်ကွဲ ထွက်သွား၏။
ဝမ်လင်းက သူ့ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် တိုက်ခိုက်ခြင်း မရှိဘဲ သူ့ကိုယ်ပွားက ထိုဂျိနယ်ပယ်ကို ပုံတူကူးနိုင်လား၊ မကူးနိုင်လား စမ်းသပ်လိုက်ရုံသာ ရှိ၏။ အခု သူက သည်အဝန်းအဝိုင်းက ထူးဆန်းသော်လည်း သူ့ဂျိနယ်ပယ် ကိုတော့ ပုံတူကူးနိုင်ခြင်း မရှိကြောင်း သိလိုက်သည်။
ဒူမိုတို့ အပြောအရ သည်အဝန်းအဝိုင်းမှာ မိုင်တစ်ရာ ကျယ်သည်ဟု သူ သိခဲ့ရ၏။ ပထမ ကိုယ်ပွားကို အနိုင်ယူနိုင်လျှင် မိုင်ငါးဆယ် ဆက်သွားနိုင်မည် ဖြစ်သည်။ နောက်ထပ်မိုင် ငါးဆယ်အတွက် လူတစ်ယောက်သည် သူ့ကိုယ်ပွား နှစ်ယောက်ကို တိုက်ခိုက် အနိုင်ယူနိုင်မှ သွားနိုင်မည် ဖြစ်သည်။
ချန်ခွန်းက နှလုံးသား တစ်ခုလုံး ပြုတ်ထွက် သွားသလို ခံစားလိုက်ရသည်။ အကြောင်းမှာ သူက ဝမ်လင်း၏ ကိုယ်ပွားက အခုလို လျင်မြန်စွာ သူ့ကိုယ်သူ ပေါက်ကွဲလိမ့်မည်လို့ လုံးဝ မထင်ထား မိသောကြောင့်ပင် ဖြစ်၏။ ထိုအတူ ယွင်ဖေးကလည်း ဝမ်လင်းအား ထူးဆန်းစွာ ကြည့်လိုက်မိသည်။
ဝမ်လင်းက ရှေ့သို့ လွယ်ကူစွာ ဆက်သွားလိုက်သည်။ သို့သော် သူက ဆယ်ပေခန့် ရောက်သောအခါ အလင်းမှုန်များ စုဝေးလာပြီး သူ့ကိုယ်ပွား နှစ်ယောက် ထွက်ပေါ်လာခဲ့၏။ ဝမ်လင်း၏ အသွင်က တည်ငြိမ် နေသော်လည်း စိတ်ထဲမှာတော့ တုန်လှုပ်မိသွား၏။ ကြည့်ရသည်မှာ သူက ပထမကိုယ်ပွားကို မြန်ဆန်စွာ ဖျက်ဆီး ခဲ့သောကြောင့် အခုလို ဖြစ်လာသည့်ပုံပင်။ ကိုယ်ပွား နှစ်ယောက်မှာ တစ်ယောက်က ဓားပျံတစ်ခု ကိုင်ဆောင်ထားပြီး နောက်တစ်ယောက်က မှော်စာလိပ် ကိုင်ဆောင် ထားလေ၏။
သို့သော် ဝမ်လင်းက ပုံမှန်အတိုင်းပင် ရှိနေပြီး အေးစက်တည်ငြိမ် နေဆဲပင်။ သူ့ကိုယ်ပွား နှစ်ယောက် ထွက်ပေါ် လာသောအခါ သူက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ထုတ်ဖော် လိုက်သည်။ ထိုအချိန်၌ ကိုယ်ပွား နှစ်ယောက်က ဂျိနယ်ပယ်ကို ပုံတူမလုပ်တော့ဘဲ သူတို့လက်နက် ရတနာများကို လျင်မြန်စွာ အသုံးပြုလိုက်၏။
ဝမ်လင်းက မျက်လုံး ပင့်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ ကိုယ်ပွားနှစ်ယောက် ဆီသို့ တိုးဝင်သွား တော့သည်။ အခုချိန်မှာ သူက ရှေးဟောင်း နတ်ဘုရား၏ အမွေကို လက်ခံရရှိပြီးနောက် သူ့ခန္ဓာကိုယ်မှာ မည်မျှ သန်မာလာသည်ကို စမ်းသပ်ချင်နေ၏။ သူ့ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်းက သူ့မှတ်ဉာဏ် ထဲကလို သန်မာနိုင်ပါ့မလား …။
***