အပိုင်း(၆) ဆန်းရော့ရှီ
ဆန်းလျန်မှာ ရုပ်ပိုင်းဆိုင်ရာတွင် မည်သည့် အခါမျှ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် သူ သတိထားမိသည်မှာ ကြွက်သားများ လှုပ်ရှားတိုင်း အာရုံခံနိုင်သည့် အစွမ်း ရှိနေခြင်းပင် ဖြစ်သည်။ သူ့ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည့် အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင် နိုင်သောကြောင့် ဆန်းလျန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။ အွန်လိုင်းဂိမ်းများ ဆော့၍ အဆင့်များ တက်လာသည့်အခါ ရရှိသည့် ဝမ်းသာ ပီတိမျိုး ဖြစ်လေသည်။
အရေးမပါလှသော အတွေ့အကြုံလေးများကတော့ မပြောပလောက်ပေ။ တိုးတက်မှုများကို ရှင်းလင်းစွာ သတိပြုပြီး လိုအပ်နေသည်များကို ဆက်လက် လေ့ကျင့်ရန်လိုလေသည်။
လူအများစုက လေ့ကျင့်မှု ပြုလုပ်ခြင်းကို စွန့်လွှတ် လိုက်ခြင်းမှာ ရည်မှန်းချက် မပြတ်သားခြင်း၊ အားတက်မှု မရှိခြင်းနှင့် သူတို့၏ ခန္ဓာကိုယ်ကို နားလည်နိုင်စွမ်း မရှိခြင်းတို့ကြောင့်ဖြစ်လေသည်။
ဆန်းလျန်မှာ သူတို့အားလုံးထက် ကံကောင်းသည်ဟု ဆိုရမည်။ ကြိုးစားခဲ့သည့် အကျိုး ကျေးဇူးကို ခံစားရပြီး ကျေနပ်အားရ ပျော်ရွှင် ရလေသည်။ ထိုခံစားချက်က သူ့ကို ရှေ့ဆက်ရန် တွန်းအားပေးသည်။ လေ့ကျင့်ခန်း လုပ်ပြီး မောပန်းနွမ်းနယ်ခြင်းများ ပြေပျောက်သွားသည့်တိုင် ချွေး စက်များကတော့ ဆုလာဘ်ဖြစ်လေသည်။
ချင်းရှကျောင်းတော်တွင် အထောက်အပံ့ နည်းပါးမှုကြောင့် ဆန်းလျန်မှာ လေ့ကျင့်မှုကို ကောင်းကောင်း မလုပ်နိုင်ခဲ့။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေမှုကြောင့် သူ၏ စမ်းသပ်မှုများကို ရပ်တန့်ထားရသည်။ အနည်းငယ် ပိုပြီး လေ့ကျင့် ခဲ့မိလျှင်တောင်မှ ဂျင်ဆင်း လက်ဖက်ရည် ကဲ့သို့သော အားပြည့်စေသည့် ဆေးဝါးများ မရှိသည့်အတွက် ဒုက္ခရောက် သွားနိုင်လေသည်။
အားဆေးကြောင့် ဖြစ်ပေါ်လာသည့် အတွင်းအား စီးဆင်းမှုကြောင့် ထုံကျဉ်နေသည့် ခံစားမှု ထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ် ထားလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲမှ အတွင်းအားများ တည်ငြိမ်သွားတော့မှ သစ်သား ရေချိုးစည်အတွင်းသို့ ဝင်ကာ ရေနွေးဖြင့် ရေချိုးလိုက်သည်။
ဤအခွင့်အရေးမျိုးမှာ ဆန်းအိမ်တော်သို့ ပြန်လာသည့်အတွက် ရရှိသည့် ရတောင့်ရခဲ အခွင့်အရေး ဖြစ်လေသည်။ ချင်းရှ ကျောင်းတော်မှာသာ ဆိုလျှင် သူက ဟိုဟိုဒီဒီ ကိစ္စများနှင့်သာ အလုပ်ရှုပ် နေရသည်က များလေသည်။
ရေချိုးရသည်မှ သက်သောင့်သက်သာ ရှိလှသည်။ ဆန်းလျန် စိတ်အာရုံများကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ် စာအုပ်ထဲမှ စိတ်အာရုံ ဖြေလျှော့သည့် ကျင့်စဉ် ဖြစ်လေသည်။ “မရှိမှု” မှ မွေးဖွားလာခဲ့သည့် နတ်သမီးမှာ မယုံကြည် နိုင်လောက်အောင် စွဲထင် ကျန်ရစ် လေသည်။ နတ်သမီးပုံကို ပန်းချီဆွဲခြင်းသည် သူ့ဝိညာဉ်ကို အားမဖြည့် နိုင်သော်လည်း စိတ်ရှုပ် ထွေးမှုများကိုတော့ ရှင်းလင်း သွားစေသည်။ စိတ်ဝိညဉ် သန့်စင်ခြင်းက သူ့ကို ငြိမ်သက် ပျော်ရွှင်စေသည်။
စိတ်ဝိညာဉ် ငြိမ်းချမ်းမှုကြောင့် ရရှိသည့် ပျော်ရွှင်မှုမှာ ရုပ်ဝတ္ထု ပစ္စည်းများကြောင့် ပျော်ရွှင် ရခြင်းထက် များစွာသာလွန် လေသည်။
“နှိမ့်ချသော စိတ်ထားဖြင့် ရိုးရှင်းသောဘဝကို ဖြတ်သန်းနေသော်လည်း ယန်ဟွေ့မှာ ပျော်ရွှင် သည့် လူတစ်ယောက်ဖြစ်သည်” ဆိုသည့် ပညာရှိကြီး ကွန်ဖြူးရှပ်၏ စကားလိုပင် ဖြစ်သည်။ ဆန်းလျန်မှာလည်း သူ၏ အခက်အခဲ ပြဿနာများကို ယန်ဟွေ့ကဲ့သို့ ရိုးရှင်းစွာ ရှုမြင်ထားသည်။ ဆန်းလျန်မှာ ယန်ဟွေ့ကဲ့သို့ သူတော်စင် တစ်ယောက် မဟုတ်သည့်အတွက် အမြဲတမ်းတော့ စိတ်ကို ငြိမ်းချမ်းစွာ မထားနိုင်။
သို့သော်လည်း သမိုင်းတစ်လျှောက် အောင်မြင်ခဲ့သည့် သူများမှာ စိတ်တည်ငြိမ် အေးချမ်းသည့် သူများ ဖြစ်ကြလေသည်။ စိတ် ငြိမ်းချမ်းသည့်အတွက် ပြင်ပမှ စိတ်ရှုပ်ထွေးစရာများ ဝင်ရောက်ခြင်း မရှိသောကြောင့် ကြီးမြတ်သည့် အောင်မြင်မှုကို ရလေသည်။
ရုတ်တရက် အခန်းတံခါး ခေါက်သံ ကြားလိုက်ရလေသည်။
တံခါး ခေါက်သံကြောင့် သူ၏ စိတ်အေးချမ်းနေမှုများ ပျောက်ကွယ်သွားသည်။
တံခါးခေါက်သူမှ အစေခံတစ်ယောက် မဟုတ်နိုင်။ ခုနကတည်းကပင် အစေခံများကို အဝေးသို့ သွားရန် ဆန်းလျန် ပြောခဲ့ပြီးပြီ။ ထို့ကြောင့် တံခါးခေါက်သူမှ ဆန်းမိသားစုမှ တစ်စုံတစ်ယောက် ဖြစ်နိုင် လေသည်။
အနှောင့်အယှက် ဖြစ်သွားရသည့်အတွက် ဆန်းလျန် သိပ်တော့ စိတ်မကြည်။ တာအို ကျင့်စဉ်များကို ကျင့်သည့် သူများသည် အဘယ်ကြောင့် လူသူမရှိသည့် တောင်ပေါ်တွင်သာ နေကြသည်ကို သူနားလည် သွားရတော့သည်။ ယခုကဲ့သို့ အနှောင့်အယှက်မျိုးကို သည်းမခံ နိုင်ကြသောကြောင့် ဖြစ်လေသည်။
“ဘယ်သူလဲ”
စိတ်မကြည်သော်လည်း ဆန်းလျန်မေးလိုက်သည်။
“ကျွန်မပါ…”
ရင်းနှီးနေသလို ရှိသည့် မိန်းကလေးသံတစ်သံ…
ဝမ်းကွဲအစ် မဆန်းရော့ရှီ၏ အသံဟု ဆန်းလျန် သိလိုက်သည်။
“ခဏလေးနော်…”
ဆန်းလျန်ရေများကိုအလျင်အမြန်သုတ်လိုက်ပြီး အင်္ကျီဝတ်လိုက်သည်။
ဆန်းရော့ရှီက အလျင်လိုနေသော်လည်း ဆန်းလျန်ကတော့ အလျင်စလိုမလုပ်…
သူတို့နှစ်ယောက်မှာ ဆွေမျိုး တော်စပ်သော်လည်း ဆန်းရော့ရှီအနေဖြင့် ယောက်ျားလေး တစ် ယောက်၏ အခန်းသို့ ယခုကဲ့သို့ လာရောက်သည်မှာ မသင့်တော်လှပေ။
ဆန်းရော့ရှီမှာ မစောင့်နိုင်တော့ သောကြောင့် တံခါးကို တွန်းဖွင့်လိုက်လေသည်။
ရေချိုးပြီးကာစ အချိန်လေးတွင် မိန်းမလှလေး တစ်ယောက်က အခန်းရှေ့တွင် စောင့်နေသည်မှာ အလွန်ပင် ကြည်နူးစရာ ကောင်းလေသည်။
သို့သော်…
သူမ၏ လူသတ်ချင်လောက်အောင် မုန်းတီးနေသည့် အကြည့်များကို တွေ့လိုက်မိသည့် အခါတွင်တော့…
ကြည်နူးစရာလေးမှ ဆန်းလျန်အတွက် သိပ်မသေချာတော့…
ဆန်းရော့ရှီမှာ ရုပ်ပိုင်းဆိုင်ရာအရ သူနှင့် သက်တူရွယ်တူခန့် ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာကတော့ ဆန်းလျန်နှင့် တူညီနိုင်မည်မဟုတ်ပေ။
ဆန်းရော့ရှီတို့အရွယ် မိန်းကလေးအများစုမှာ အရွယ်ရောက်ပြီး သူများကဲ့သို့ မရင့်ကျက် နိုင်သေးဟု ဆန်းလျန်တွေး လိုက်မိသည်။
ဆန်းရော့ရှီ ရုတ်တရက်ရောက်လာခြင်းမှာ လျှို့ဝှက်ကိစ္စ တစ်ခုကြောင့် ဖြစ်သည်ကို ဆန်းလျန်က ရိပ်မိခြင်းမရှိ။
“ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ”
ဆန်းလျန်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
ဆန်းလျန်မှာ မိသားစုဝင်များနှင့် အရမ်းမရင်းနှီးသလို သူမနှင့်လည်း သိပ်မရင်းနှီးပေ။ ထို့ပြင် ဆန်းရော့ရှီနှင့် ဆန်းလျန်တို့မှာ ကလေးဘဝ ကတည်းက သူငယ်ချင်းများလည်း မဟုတ်ခဲ့ကြ။ ထို့ကြောင့် သူ့အတွက် ပုံမှန်ထက် နီးနီးစပ်စပ် နေရန်မှာ မဖြစ်နိုင်ပေ။
ဆန်းလျန် ထိုသို့တဲ့တိုး မေးလိမ့်မည်ဟု ဆန်းရော့ရှီက မျှော်လင့်မထားခဲ့။
ဆန်းလျန်၏ လေသံနှင့် တည်ငြိမ်သည့် ပုံစံကြောင့် ဆန်းရော့ရှီမှာ ကလေးတစ်ယောက်က လူကြီး တစ်ယောက်နှင့် တွေ့ဆုံရသလို ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် ဝမ်းရော့ရှီမှာ သိမ်ငယ်ပြီး အရေးမပါသလို ခံစားလိုက်ရလေသည်။
ဆန်းရော့ရှီ တံခါးခေါက်ပြီး အတင်းဝင်လာသည့် ပုံစံက စိတ်အလိုမကျ ဖြစ်နေသည့် ကလေးငယ် တစ်ယောက်နှင့် တူနေလေသည်။
“ရှင်အခန်းထဲမှာ ဘာလုပ်နေတာလဲ မကောင်းတာ တစ်ခုခုများ လုပ်နေတာလား”
ဆန်းရော့ရှီက မေးလိုက်သည်။
“ကျွန်တော့်ဆံပင်တွေ ရေစိုနေတာ မမြင်ဘူးလား တကယ်တော့ ကျွန်တော်ရေချိုးနေတာ ခင်ဗျားက အရမ်းဝင်လာတော့ ကျွန်တော် ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”
နီးနီးကပ်ကပ် ကြည့်လိုက်မိတော့မှ ဆန်းလျန်မှာ တကယ်ပင် ရေချိုးထားသည်ကို ရော့ရှီ သိလိုက်ရသည်။ ဆပ်ပြာ ရနံ့လေးကို သူမရလိုက်သည် မဟုတ်ပါလား။
ဆန်းရော့ရှီမှာ ဆန်းလျန်ထက် ပိုပြီးထွားသောကြောင့် အသက်ပိုကြီးသလို ထင်ရလေသည်။ သူမက ချမ်းသာကြွယ်၀သည့် မိသားစုတွင် မွေးဖွားလာရပြီး အာဟာရပြည့်ဝစွာ စားသောက် ရသောကြောင့် ဖြစ်လေသည်။ ဆန်းလျန်မှာတော့ ကျင့်စဉ်ကို အားစိုက် လေ့ကျင့်ခဲ့သည့်အတွက် ကြီး ထွားမှုနှုန်းမှာ ရပ်တန့် သွားခဲ့ရခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ ရော့ရှီထက် အနည်းငယ် ငယ်နေသယောင် ထင်ရခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ မျက်ဝန်းများက လှပလေသည်။ နတ်ဘုရားကိုယ်တိုင် ဖန်ဆင်းထားသည့် မျက်ဝန်းများ ကဲ့သို့ပင် ဖြစ်လေသည်။ ရော့ရှီက ဆန်းလျန်၏ မျက်ဝန်းများကို တည့်တည့် ကြည့်လိုက် မိသည့် အခါတွင်တော့ ညဘက်တွင် သူမ ကြည့်လေ့ရှိသည့် ကြယ်များကို သတိရမိသွားလေသည်။
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံမိသည့်အခါ ဆန်းလျန်က ရှက်အမ်းအမ်းဖြစ်သွားပေမဲ့ အကြည့်ကို ရှောင်လွှဲခြင်းမျိုး မလုပ်ခဲ့ပါ။
မျက်လုံးမှာ လူတစ်ယောက်၏ စိတ်ဝိညာဉ်တံခါး ဖြစ်သည်ဟု ပြောကြသည် မဟုတ်ပါလား။
ဆန်းလျန်မှာ ဝိညာဉ်စွမ်းအား ပြည့်ဝသူဖြစ်လေသည်။ သူလုပ်ချင်သည် ဆိုလျှင် အရွယ်ရောက်ပြီး လူတစ်ယောက်ကိုပင် အကြည့် တစ်ချက်တည်းနှင့် ကြောက်သွားအောင် လုပ်လို့ ရလေသည်။ ရော့ရှီလို ငယ်ရွယ်သည့် မိန်းကလေးမျိုးကား ဆိုဖွယ်ရာမရှိတော့။
သူနှင့် ဆန်းရော့ရှီ၏ ကိစ္စကမပြီးသေး။ ရော့ရှီမှာ ဆန်းလျန်၏ အကြည့်တွင် ခဏတာမျှ ပျောက်ဆုံးသွားပြီး အချိန် အတန်ကြာအောင် မလှုပ်မယှက် ဖြစ်ပြီးမှ…
“ရှင်ကျွန်မကို ဘာလို့ ကြည့်နေတာလဲ ရှင့်ကိုကျွန်မ သတိပေးထားမယ် ရှင့်ကို ကျွန်မ လက်ထပ် လိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မထားနဲ့”
သူမက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
ထို့နောက် သူမ ရှက်သွေးဖြာပြီး သူမပြေးထွက် သွားတော့သည်။
သူမကို ကြည့်ရသည်မှ ပျာယာခတ်နေ လေသည်။ တကယ်တမ်းတွင် သူမက ဘယ်တော့မှ ဆန်းလျန်၏ဇနီး ဖြစ်မလာနိုင်ကြောင်း သိအောင်လုပ်ပြီး ဆန်းလျန်ကို အရှက်ခွဲရန် ရည်ရွယ်ထားခဲ့သည်။ ယခုတော့ သူမဘာဖြစ်သွားသည်ကို မိုးနတ်မင်းသာ သိပေလိမ့်မည်။ သူ့စိတ် ထဲရှိသည့် စကားများကို သူမ ထုတ်ပြောလိုက်သည်။
သူမက ခြေတစ်လှမ်း နှစ်လှမ်းခန့် သွားပြီးမှ ဆန်းလျန် တစ်ခုခု လုပ်မည်ကို စိုးရိမ်သည့်အလား ရုတ်တရက် လှည့်ကြည့်လိုက်ပြီး…
“ကျွန်မကို လှည့်စားမယ်တော့ မကြံနဲ့နော်”
ဟု သတိပေးသလို ပြောလိုက်လေသည်။
“မဟုတ်လို့ကတော့ ရှင့်ဘဝ တစ်လျှောက်လုံး နောင်တရအောင် လုပ်ပစ်မယ်”
သူမက တစ်ချက် ကြည့်လိုက်ပြီး လက်သီးဆုပ်ကာ ေ၀ှ့ယမ်းပြသွားလေသည်။
သူမပုံလေးက စိတ်ကူးယဉ်ဆန်ဆန် ကဗျာလေး တစ်ပုဒ်ကိုသတိရမိ စေသည်။
“သူမက အဝေးကို ထွက်ပြေးဖို့ ကြိုးစားတယ်
ဘယ်တော့မှ မရပ်ဘူး
ဒါပေမယ့် သူမ ပြန်လှည့်ကြည့်ပြီး
တံခါးဝမှာ မီနေလိုက်တယ်
ပန်းပွင့်လေးတွေကို နောက်တစ်ကြိမ် နမ်းရှိုက်ဖို့
သူမ ဟန်ဆောင်နေခဲ့တယ်”
လက်ရှိ အခြေအနေမှာ အလွန်ပင် ရယ်စရာကောင်းနေသည်ဟု ဆန်းလျန် ထင်မိလေသည်။
“ဘာမှမရှိသည့် ဂူထဲတွင် လေသည် အကြောင်းမဲ့ မတိုက်ခတ်” ဆိုသော တရုတ် စကားပုံတစ်ခု ကဲ့သို့ပင် မီးမရှိဘဲ မီးခိုး မထွက်နိုင်ကြောင်း ဆန်းလျန် သိသည်။ ဆန်းမိသားစုက သူ့ကို ဆန်းရော့ရှီနှင့် လက်ဆက်ပေးပြီး ဆန်းမိသားစုအတွက် သားသမီး မျိုးဆက်များ ရရှိစေလိုသော ရည်ရွယ်ချက် ရှိနေ လေသည်။
good
good
good
Gg
Good