ပြင်းထန်စွာ တိုက်ခတ်နေသည့် ဆိုင်ကလုန်း မုန်တိုင်းသည် သတ္တဝါကြီး၏ ဦးခေါင်းနှင့် တိုက်လိုက်သည်တွင် အစပင်ရှာ၍ မရနိုင်အောင် ပျောက်ကွယ်သွား ခဲ့ရသည်။
ဝမ်လင်းသည် လွန်စွာ စိတ်လှုပ်ရှားနေကာ သူအမွေဆက်ခံ ရရှိထားသည့် အမွေအနှစ် အပိုင်းအစအား အသက်သွင်း လိုက်တော့သည်။ ထိုသို့ အသက်သွင်း လိုက်သော်လည်း မည်သည့်တုံ့ပြန်မှု တစ်စုံတစ်ရာမျှ ခံစားမိခြင်း မရှိသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်း၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာသည်။ ယခင်က သူ့ထံတွင် ဤနေရာနှင့် ပတ်သက်ပြီး သံသယများစွာ ရှိနေခဲ့သည်။ သို့သော် ရှေးဟောင်း နတ်ဘုရား၏ အမွေအနှစ်နှင့် ပတ်သက်၍ကား ဤနေရာ၌ တစ်စုံတစ်ခုမှ မခံစားရသည်ဖြစ်ရာ နောက်ဆုံးတွင် ဤနေရာသည် အသိဉာဏ်ပင်လယ် မဟုတ်ကြောင်း တွေးထင်ထားသည့် သံသယများကို အတည်ပြု လိုက်တော့သည်။ ဤနေရာကား အသိဉာဏ်ပင်လယ် မဟုတ်ချေ။
နောက်ဆုံးတွင် သိလိုက်ရသည်ကား ယခင်က ကြိုးစားခဲ့သည့် အရာများ အားလုံးမှာ အချည်းနှီး ဖြစ်သွားပြီ ဆိုသည်ပင်။
ဝမ်လင်း၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာသည်။ သို့သော် ချက်ချင်းဆိုသလို သတိပြန်ဝင် လာသည်။ ယခု အခြေအနေသည် သာမာန် အခြေအနေတစ်ခု မဟုတ်သည် ကိုလည်း နားလည်သွားသည်။ သူရရှိထားသည့် အမွေအနှစ် အပိုင်းအစ အတွင်းမှ မှတ်ဉာဏ်များအရ ထူစီ၏ ဝိညာဉ်သည် သေဆုံးခြင်း ပင်လယ်နှင့် သွေးပင်လယ် အဖြစ်သို့ နှစ်ပိုင်းကွဲထွက် သွားသည်ဆိုသည့် အချက်မှာ မှန်ကန်နေသည်။
အကယ်၍ ဤနေရာသည်သာ သေဆုံးခြင်းပင်လယ် အစစ်အမှန်ဆိုလျှင် အဘယ်ကြောင့် အသိဉာဏ် အမွေအနှစ်က ဤနေရာတွင် တုံ့ပြန် မှု တစ်စုံတစ်ရာ မရှိရသနည်း။
ဝမ်လင်းက ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အရွယ်အစားအားဖြင့် ပေပေါင်း သန်းချီအောင် ကြီးမားလှသည့် သတ္တဝါကြီး၏ ကိုယ်ပေါ်ရှိ ကြေးခွံတစ်ခု အပေါ်သို့ ကျရောက် သွားသည်တွင် သူ၏ စိတ်ထဲ၌ အတွေးတချို့ ပေါ်လာလေသည်။
သူရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာကာ ထိုကြေးခွံပေါ်သို့ အာရုံစူးစိုက် လိုက်သည်။ ထိုနောက် သူ ရရှိထားသည့် အသိဉာဏ် အမွေအနှစ် အစိတ်အပိုင်းအား အသက်သွင်းကာ နိုးထစေ လိုက်သည်တွင် ထိုကြေးခွံမှ အားနည်းသည့် တုံ့ပြန်မှု အချို့အား ခံစားမိလိုက်သည်။
တုံ့ပြန်မှုက အလွန်ပင် အားနည်း လှသော်လည်း သူ၏ အမွေအနှစ် အစိတ်အပိုင်းမှ စွမ်းအင်များအား ပြန်လည် တုံ့ပြန်သည်ကို ကြည့်၍ ဤကြေးခွံမှာ မည်သည့် နည်းနှင့်မျှ သာမာန် မဖြစ်နိုင်သည်မှာ ထင်ရှားလှသည်။
ဝမ်လင်း၏ မျက်လုံးထဲတွင် အလင်းရောင်တချို့ လက်သွားသည်။ သူ၏ လက်ချောင်းလေး များအား ညင်သာစွာ ဝှေ့ယမ်း လိုက်သည်တွင် အလွန် သေးငယ်သည့် အက်ကွဲကြောင်းလေး တစ်ခု ဖြစ်ပေါ်လာကာ ချက်ချင်းပင် ပြန်လည် ပျောက်ဆုံး သွားပြန်သည်။ ဝမ်လင်းက သတိကြီးစွာ ထား၍ လျှို့ဝှက်စွာ လှုပ်ရှား လိုက်သည်ဖြစ်ရာ အက်ကွဲကြောင်းလေး တစ်ခု ဖြစ်ပေါ်လာပြီး ပြန်လည် ပျောက်ကွယ် သွားသည်ကို မည်သူကမှ သတိမထားမိ လိုက်ကြချေ။
ဝမ်လင်းတစ်ယောက် တိတ်တဆိတ်ခိုး၍ သက်ပြင်း ချလိုက်သည်။ သူ လှုပ်ရှား လိုက်သည်အား မည်သူမျှ သတိမထားမိ၍သာ တော်သေးသည်။ ယင်း အက်ကွဲကြောင်းလေး ဖြစ်ပေါ်လာသည့် အဓိပ္ပာယ်မှာ အမွေအနှစ် အစိတ်အပိုင်းကို အသုံးချကာသူ၏ ကိုယ်ပိုင်လှုပ်ရှားခြင်း နည်းစနစ်အား အသုံးပြုနိုင်ခြင်းပင် မဟုတ်လော။
ထို့နောက် သူ၏ကိုယ်ပိုင် သိုလှောင်အိတ်ထဲသို့ နတ်ဘုရား စိတ်အာရုံအား အသုံးပြု၍ စစ်ဆေးလိုက်ကာ စိတ်ထဲတွင် တစ်ချက် ပြုံးလိုက်သည်။ သူ့ထံတွင် သိုလှောင်အိတ်ပေါင်း များစွာ ရှိပေသည်။ ထိုသိုလှောင်အိတ်ပေါင်း များစွာ အထဲမှ သူ့အား စိတ်အပူစေဆုံး သိုလှောင်အိတ်မှာ သက်စောင့်ရတနာ ၁၀ ခု ၊ ဟွမ်ယွမ်း သားရဲ ထောင်ချောက် ၊ နှင့် ထိပ်တန်းစွမ်းအင် ကျောက်တုံး အတုံး ၂၀ ပါဝင်သည့် သိုလှောင်အိတ်ပင် ဖြစ်သည်။ သူသည် ထိုအရာများအား ရရှိသည့် အချိန်မှစ၍ ၎င်းတို့အား သတိတစ်ချက် မပြတ် စောင့်ကြည့် ထားခဲ့သည် မဟုတ်ပါလား။
ဤအဘိုးကြီးများသည် သူ့အား ဤကဲ့သို့သော ပစ္စည်းများအား ထိုသို့ လွယ်လင့်တကူ ပေးလိုက်သည်ကို မယုံနိုင်သေးချေ။
ထိုအဘိုးကြီးများအား သူပြောခဲ့သည့် စကားများမှာ အလိမ်အညာများသာ ဖြစ်လေသည်။
ဝမ်လင်းသည် အက်ကွဲကြောင်း များထဲသို့ ဝင်ရောက်သည့် အကြိမ် အရေအတွက် များလာသည်နှင့်အမျှ အမွေအနှစ်များကို အသုံးပြု၍ ဖွင့်လှစ်ရသည့် အက်ကွဲကြောင်း များမှာ သာမာန် အက်ကွဲကြောင်းများနှင့် မတူညီကြောင်း နားလည်လာသည်။
တစ်စုံတစ်ယောက်က ထိုအက်ကွဲကြောင်း အတွင်းသို့ ဝင်သွားလျှင် အက်ကွဲကြောင်း၏ အခြား တစ်ဖက်ဆီသို့ ချက်ချင်း ပြန်ထွက်ရန်မှာ မဖြစ်နိုင်ပါချေ။ အဘယ်ကြောင့် ဆိုသော် အက်ကွဲကြောင်း အတွင်းသို့ ဝင်သည့် ဝင်ပေါက်နှင့် ထွက်ပေါက် အကြားတွင် သေးငယ်သည့် နယ်ပယ်လေး တစ်ခု တည်ရှိနေခြင်းကြောင့် ဖြစ်၏။ ထိုသေးငယ်သည့် နယ်ပယ်လေးက အက်ကွဲကြောင်း အတွင်းသို့ မည်သည့် နတ်ဘုရား စိတ်အာရုံများကမျှ ဝင်ရောက်ခြင်း မရှိနိုင်အောင် ကာကွယ်ပေးထား နိုင်လေသည်။
ထိုအရာအား ကိုယ်တိုင် စမ်းသပ်ရန် ဝမ်လင်းသည် ရုတ်တရက် ဓားပျံတစ်ချောင်းကို ထုတ်လိုက်ကာ အက်ကွဲကြောင်း အတွင်းသို့ ပစ်လိုက်သည်။ ဓားပျံသည် အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အာရုံခံဆက်သွယ်၍ မရတော့သည်ကို သိလိုက်ရသည်။ ဓားပျံက အက်ကွဲကြောင်း၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားသည့် အခါမှသာ ပြန်လည်၍ ဆက်သွယ်နိုင် လေတော့သည်။
ဝမ်လင်းတစ်ယောက် စိတ်လှုပ်ရှား သွားသည်။ အကယ်၍သူသာ ဤ အက်ကွဲကြောင်း များ၏ စွမ်းရည်များအား ကောင်းမွန်စွာ အသုံးချနိုင်မည် ဆိုပါက သူ့အတွက် မယုံကြည်နိုင် ဖွယ်ရာများ ဖြစ်လာနိုင်လိမ်မည် ဖြစ်လေသည်။
အတန်ငယ် စဉ်းစားလိုက်ပြီးနောက် ဝမ်လင်းသည် အဆင့်မြင့် စွမ်းအင် ကျောက်တုံးများ၊ သားရဲထောင်ချောက်နှင့် သက်စောင့်ရတနာ ၁၀ ခု ပါဝင်သည့် သိုလှောင်အိတ်အား ထုတ်ယူလိုက်ကာ အဆိုပါ ပစ္စည်းများအား ရောနှောလိုက်ပြီး မတူညီသည့် သိုလှောင်အိတ် သုံးခု အတွင်းသို့ ထည့်လိုက်လေသည်။
ထိုအခိုက်မှာပင် ပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ် လာတော့သည်။
ဒူမိုတို့အဖွဲ့မှ အဘိုးကြီးများသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြကာ လက်များကို ချိတ်ဆက် လိုက်ကြသည်။ ထိုအခါ အဘိုးကြီး ၁၀ ယောက်၏ ခန္ဓာကိုယ်များအား ချိတ်ဆက် ထားသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထူးဆန်းသည့် ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာပြီး ထာဆန်းအား ဝန်းရံထား လေတော့သည်။
ထာဆန်း၏ မျက်လုံးများ မှာလည်း တဖြည်းဖြည်း အေးစက်လာပြီး အဘိုးကြီး ၁၀ ယောက်အား ကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ ပြုံးလိုက်ကာ လှောင်ပြောင်သည့် ဟန်ဖြင့် ပြောလိုက်သည်။
“မင်း တို့ ၁၀ ယောက်က ဒီလောက်နှစ်တွေ အကြာကြီး စောင့်လာတာ အခုမှ အခွင့်အရေး ရတော့တယ် ထင်တယ်…၊ ဟုတ်လား … အရမ်း ကောင်းတယ်…။”
ထိုစကားကို ကြားသည်တွင် အဘိုးကြီး၏ မျက်နှာမှာ မည်းမှောင် သွားတော့သည်။ ထို့နောက် ချက်ချင်းပင် သူ၏ လက်နှစ်ဖက်အား ဝှေ့ယမ်းလိုက်ကာ လက်ဟန်အချို့ကို ပြုလုပ်လိုက်သည်။ အခြား အဖိုးကြီး ၉ ယောက်မှာလည်း ပထမ အဘိုးကြီးနည်းတူ လက်ဟန်များ ပြုလုပ်လိုက်ကြ၏။ လက်ဟန်များမှာ တဖြည်းဖြည်းနှင့် ပိုမို မြန်ဆန် လာတော့သည်။
ထိုစဉ် ထူးဆန်းသည့် ပုံသဏ္ဌာန်ကြီးသည် အလင်းရောင်များဖြင့် စတင်တောက်ပ လာကာ ထာဆန်း နှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။
ထာဆန်း က အေးစက်စွာ ပြုံးလိုက်ပြီး သတ္တဝါကြီးအား ကြည့်ကာ ပြောလိုက်သည်။
“ကြည့်ရတာ မင်းတို့က တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက် ထားပြီးသား ထင်တယ် … မင်းတို့ အစီအစဉ်က ငါ့ကို နောက်တစ်ခေါက် ထပ်ပြီး ပိတ်လှောင်ထားဖို့ပဲ… ဟုတ်တယ်မလား… … ”
သတ္တဝါကြီးက ထာဆန်းအား စိုက်ကြည့်လျက် အေးစက်စွာ ပြောသည်။
“မင်းကို ပိတ်လှောင် ပြီးသွားရင် ဒီ လူ ၁၀ ယောက်က အမွေအနှစ်ကို တစ်ယောက် တစ်ပိုင်းစီ ရလိမ့်မယ် … ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ဘယ်သူက သဘောမတူပဲ နေမှာလဲ… … ”
ထာဆန်းက သူ့ထံသို့ တဖြည်းဖြည်း နီးကပ်လာနေသည့် ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည့် အလင်းတန်းအား ဂရုစိုက်ဟန်ပင် မရချေ။
“ဟား …… ဟား …… ဟား …………”
ထာဆန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ၏ လှံရှည်အား ဆုပ်ကိုင်လိုက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်၏။ ထိုအခိုက်တွင် ကြီးမားသည့် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသည့် အနက်ရောင် နဂါးကြီး တစ်ကောင် ထွက်ပေါ်လာကာ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည့် အလင်းတန်းဆီသို့ ပြေးဝင်သွားတာ့သည်။
ချက်ချင်းပင် အနီရောင်ဆံပင်နှင့် လူက သူ၏လက်အား မျက်ခုံးနှစ်ခု အကြားသို့ ညွှန်လိုက်ပြီး အဘိုးကြီးအား အေးစက်စွာ စိုက်ကြည့်၍ အော်လိုက်သည်။
“ပေါက်ကွဲသွားစမ်း………”
ထိုစဉ် အဘိုးကြီး၏ အမူအရာတို့သည် ပြောင်းလဲသွားကြသည်။ အဘိုးကြီး၏ ခန္ဓာကိုယ်မှာ အနီရောင် အလင်းတန်းများ လင်းလက်လာသည်။ ခန္ဓာကိုယ်အတွင်းမှ ငွေရောင် အဖျက်အဆီး ချီများ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း ပြင်းထန်စွာ တုန်ခါလျက် ရှိနေ၏။ ထို့နောက် သူ၏ လက်များအား ဝမ်းဗိုက်သို့ ပို့လိုက်ကာ အော်လိုက်သည်။
“ပျက်စီးသွားစမ်း… … ”
ရုတ်တရက် အဘိုးကြီး၏ ခန္ဓာကိုယ်မှ အပေါက်ငယ်လေး တစ်ခု ဖြစ်ပေါ်လာကာ အနီရောင် အလင်းတန်း တစ်ခုက ထိုအပေါက်ငယ်လေးမှ ထွက်ပေါ် လာတော့သည်။ အခြား အဘိုးကြီး ၉ ယောက်တို့၏ မျက်နှာများ ထက်တွင်လည်း ပို၍ လေးနက်သည့် အမူအရာများ ထွက်ပေါ်လာကြကာ လက်ဟန်များကို ချက်ချင်း ပြောင်းလဲ လိုက်ကြသည်။ ဤလက်ဟန်များက သူတို့ကို ချီစွမ်းအင်များအား လျင်မြန်စွာ စုပ်ယူပေး နိုင်လေသည်။
ထိုစဉ် ထွက်ပေါ်လာသည့် အနီရောင် အလင်းတန်းသည် သေးငယ်သည့် အနီရောင် အလင်းတန်းလေး ၉ ခု အဖြစ်သို့ ပြောင်းလဲသွားကာ အဘိုးကြီး ၉ ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် သွားကြတော့သည်။ ထိုအလင်းတန်းများသည် တဖြည်းဖြည်း တောက်ပလာကြသည်။ ထိုစဉ် အဘိုးကြီးက လျင်မြန်စွာ အော်လိုက်သည်။
“ပိတ်ဆို့လိုက်စမ်း…”
ထိုအခိုက်တွင် အနီရောင် အလင်းတန်းက အဘိုးကြီး ၉ ယောက်၏ ခန္ဓာကိုယ်မှ ထွက်သွားလိုက် အထဲသို့ တစ်ဖန်ပြန်ဝင် သွားလိုက်ဖြစ်နေ၏။ ထိုစဉ်တွင် အဘိုးကြီး၏ ခန္ဓာကိုယ်သည် တုန်ခါလာပြီး အနက်ရောင် သွေးများကို ပါးစပ်ဖြင့်အပြည့် အန်ထုတ် လိုက်ရသည်။ သူ့မျက်နှာမှာလည်း သွေးဆုတ် ဖြူရော်သွား လေတော့သည်။ ထို့နောက် ထာဆန်းအား တစ်ချက် ကြည့်လိုက်ပြီး ရယ်လိုက်ကာ ပြောသည်။
“ထာဆန်း … ငါက မင်းကို သတ်ဖို့ ပြင်ဆင်ထားပြီးပြီ ဆိုမှတော့ မင်းရဲ့ နည်းစနစ်ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းကို ကြိုပြင်ဆင်ထား ခဲ့ပြီးသားကွ … မင်းရဲ့ ဒီနည်းစနစ်က အခုချိန်မှာ အသုံးမဝင်တော့ဘူး… ဟား…ဟား…ဟား…… … ”
ဤအဖြစ်အပျက် များသည် အကြာကြီးဟု ထင်ရသော်လည်း အမှန်တကယ် အားဖြင့် အချိန် အနည်းငယ်မျှသာ ကြာမြင့်ခြင်း ဖြစ်သည်။
ထာဆန်း က ကျိတ်ပြုံးလိုက်သည်။ ထို့နောက် သူ၏ မျက်ခုံးနှစ်ခု အကြားသို့ လက်ညွှန်လိုက်ပြီး သူ့ရှေ့ရှိ အဘိုးကြီး(၉)ယောက်အား တစ်ယောက်ချင်း သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လိုက်ကာ ရေရွတ်လိုက်သည်။
“ပေါက်ကွဲသွားစမ်း … ”
ထိုစဉ် အဘိုးကြီး၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားကာ အော်လိုက်တော့သည်။
“လီဖုန်…”
ထိုအသံကို ကြားသည်တွင် ထာဆန်း တစ်ယောက် ရပ်တန့်သွားမိသည်။ ထိုနာမည်အား သူ့ အနေနှင့် ကောင်းစွာ သိရှိထားသည် မဟုတ်ပါလား။ ဤနာမည် အမည်ရှိလူသည် လွန်ခဲ့သည့်နှစ်များ အတွင်းက ဤ အဘိုးကြီး ၁၁ ယောက် အဖွဲ့အတွင်းမှ အသက်ရှင်လျက် လွတ်မြောက် သွားသော တစ်ဦးတည်းသော သူပင်ဖြစ်၏။
ထိုအခိုက်မှာပင် ကြီးမားလှသည့် သတ္တဝါကြီး၏ ပါးစပ်အတွင်းမှ ကျယ်လောင်သည့် ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။ ယင်းအသံမှာ သတ္တဝါကြီးထံမှ ထွက်ပေါ်လာခြင်း မဟုတ်သည်မှာ ထင်ရှားလှသည်။ လူတစ်ယောက် … ။
သတ္တဝါကြီးက ပါးစပ်ဟ လိုက်သည်တွင် ကြီးမားသည့် အလုံးကြီးတစ်ခု ထွက်ပေါ်လာကာ တစ်ဖြည်းဖြည်း ကြီးမားလာသည်ကို တွေ့ရ၏။
ယင်း ကြီးမားသည့် အသားလုံးကြီးသည် သတ္တဝါကြီးထံမှ ကပ်ပါးကောင် တစ်ကောင် အလားပင်။ အသားပို အလုံးကြီးမှာ တဖြည်းဖြည်း ပို၍ပို၍ ကြီးမားလာပြီး အက်ကွဲကြောင်း များပင် ပေါ်လာတော့သည်။ အဆိုပါ အက်ကွဲကြောင်း အတွင်းမှ လူတစ်ယောက်၏ မျက်နှာလည်း ထွက်ပေါ် လာတော့သည်။ ထိုလူ၏ မျက်နှာမှာ ပညာရှိဆန်သည့် ပုံပန်းသဏ္ဌာန် ရှိနေသော်လည်း မိစ္ဆာအငွေ့ အသက်များက သူ၏ မျက်လုံးများ အတွင်းမှ ထွက်ပေါ်နေလေသည်။ ထိုမျက်လုံများမှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်လာကာ ထာဆန်းအား စူးရဲစွာ စိုက်ကြည့် လိုက်သည်။ ထို့နောက် အတန်ငယ် ရှုပ်ထွေးသည့် လင်္ကာတချို့ ရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာ၏။
လင်္ကာက စက်ဝိုင်း ၁၀ ခုအား အဘိုးကြီး ၁၀ ယောက်၏ ဘေးပတ်ပတ် လည်တွင် ဖန်တီးလိုက်ကာ ထာဆန်း ထုတ်လွှတ်လိုက်သည့် စွမ်းအား ဝိညာဉ် အပိုင်းအစများ ပေါက်ကွဲခြင်းမှ ကာကွယ် ပေးလေသည်။
ထာဆန်း၏ မျက်နှာထက်တွင် အနည်းငယ် အံ့အားသင့်သည့် အမူအရာတချို့ ထွက်ပေါ်သွားကာ သတ္တဝါကြီး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည့် မျက်နှာအား အေးစက်စွာ စိုက်ကြည့် လိုက်တော့သည်။ ထို့နောက် သူ၏ မျက်နှာတစ်ခုလုံး မည်းမှောင်လာကာ ပြောလိုက်သည်။
“ဒါကြောင့် ဒီနှစ်တွေမှာ မင်းတို့ကို ဖမ်းလို့ မမိခဲ့တာ မထူးဆန်း တော့ပါဘူး … မင်းတို့ကို ဒီသတ္တဝါက ကာကွယ်ပေး ထားတာကိုး… … ”
သတ္တဝါကြီး အတွင်းမှ ထွက်ပေါ်လာသည့် ခေါင်းက ခါးသက်စွာ ရယ်မောလိုက်သည်။ သူ့ အသံထဲတွင် ကြီးမားလှသည့် အမုန်းတရားများ ပါဝင်နေကာ တစ်ခွန်းချင်း ပြောလိုက်တော့သည်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါတို့ ၁၀ ယောက်က မင်းကို ထူစီ ရဲ့ ချိပ်တံဆိပ် အမှတ်အသားကို ချိုးဖျက်တဲ့ နေရာမှာ ကူညီပေးခဲ့တယ် … နောက်ပြီး မင်းကို အသက်ရှင်လျက် ထားခဲ့ရတယ်… … ၊
ဒါကပဲ ငါတို့ရဲ့ ဘဝမှာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တဲ့ အချက်ဆိုတာကို ငါတို့ တဖြည်းဖြည်းနဲ့ နားလည် လာခဲ့တယ် … .။ဒီနေ့တော့ ငါတို့ လုပ်ခဲ့တဲ့ အမှားကို ပြန်လည် ပြင်ဆင်ဖို့ အချိန်ရောက်လာပြီ … စွမ်းအား အမွေအနှစ်နဲ့ အသိဉာဏ် အမွေအနှစ် ၂ မျိုးစလုံးက ငါ့တို့ဟာပဲ ဖြစ်ရမယ်………”
ထာဆန်း က သူ့လက်ထဲမှ လှံရှည်အား ဝှေ့ယမ်း လိုက်သည်။ သူ၏မျက်နှာထက်တွင် လှောင်ပြောင် သရော်နေသည့် အပြုံးတစ်ခုအား ထုတ်ဖော်လိုက်ကာ အေးစက်စွာ ပြောသည်။
“မင်းတို့ ၁၀ ယောက်က ငါ့ကို သစ္စာဖောက်သွား ခဲ့ကြတယ် … နောက်ပြီး ဒီသတ္တဝါကလည်း တခြားလူ တစ်ယောက်ကို ဖုံးကွယ်ထား ခဲ့သေးတယ် …. ဒီတော့ မင်းတို့တွေရဲ့ ဝှက်ဖဲက ဒါတင် မကနိုင်လောက်ဘူး … တခြား ဝှက်ဖဲတွေလည်း ရှိဦးမှာ အသေအချာပဲ… … ”
ထိုသို့ဆိုလိုက်ပြီး ဝမ်လင်းနှင့် အခြား မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အယောက်ပေါင်း ၁၀၀ ကျော်ခန့်အား အေးစက်စွာ ကြည့်လိုက်သည်။
သတ္တဝါကြီး အတွင်းမှ ထွက်လာသည့် မျက်နှာက လှောင်ပြောင်သည့်ဟန်ဖြင့် ပြောသည်။
“အိုး… … မင်း ရိပ်မိသွားပြီလား…… … ”
ထိုသို့ပြောကာ သတ္တဝါကြီးနှင့် ထူးဆန်းသည့် နည်းစနစ်တစ်ခုအား အသုံးပြုကာ ဆက်သွယ် လိုက်တော့သည်။ ထိုအခိုက်မှာပင် သတ္တဝါကြီး သည့် ရှေ့သို့ ပြင်းထန်စွာ တိုးထွက်လာ ပြီးနောက် ရေထဲတွင် သူ၏ ခန္ဓာကိုယ်အား ရစ်ခွေလိုက်တော့၏။
ယင်းသတ္တဝါကြီးသည် ထာဆန်း၏ ခန္ဓာကိုယ်ရှိရာ အမြင့်အထိ ရောက်အောင် ကြီးမားလေရာ ထာဆန်းအား ရစ်ပတ် လိုက်တော့သည်။
ထိုအခိုက်တွင် ထာဆန်း လက်ထဲရှိ လှံရှည်သည် ကြီးမားလှသည့် အနက်ရောင် နဂါးကြီးတစ်ကောင် အဖြစ်သို့ ပြောင်းသွားကာ ထာဆန်းအား ရစ်ခွေထားသည့် သတ္တဝါကြီး၏ ကိုယ်ထည် အတွင်းမှ ထွက်ပေါ် လာတော့သည်။ ထို့နောက် ယင်းအနက်ရောင် နဂါးကြီးသည် ထာဆန်း၏ ခန္ဓာကိုယ် တစ်ခုလုံးအား ရစ်ပတ်ကာ ကာကွယ် လိုက်လေသည်။ ထာဆန်း ၏ အမူအရာမှာလည်း အေးဆေး တည်ငြိမ်လျက်ပင် ရှိနေလေ၏။ ထို့နောက် သရော်သည့် ဟန်ဖြင့် ပြုံးလိုက်ကာ လခြမ်းဓားအား ရှေ့သို့ ညွှန်လိုက်ရာ ခရမ်းရောင် လျှပ်စီး အလင်းတန်းများက ရှေ့သို့ ပြေးထွက် လာကြသည်။ ထို လျှပ်စီး အလင်းတန်းများသည် သူ၏ ဘယ်ဖက်လက်ဖဝါး အတွင်းသို့ စုစည်းသွားကြ၏။ ထာဆန်းသည် လှံရှည်အား ညာဖက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး လခြမ်းဓါးအား ဘယ်ဖက်လက်ဖြင့် ဆုပ်ကိုင် ထားလေသည်။ ထို့နောက် လက်နှစ်ဖက်လုံးနှင့် တိုက်ခိုက်တော့သည်။
ထိုအခိုက်တွင် သူ၏နဂါးနက် အသွင်သဏဏ္ဌာန်မှာ ပျက်စီးသွားတော့သည်။
ထာဆန်း၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားသည်။ ထို့နောက် သူ့လက်ထဲရှိ လက်နက်နှစ်ခုကို ရှေ့သို့ ပစ်လိုက်သည်တွင် လွန်စွာ ကြီးမားလှသည့် အသွင်သဏ္ဌာန် ရှိသော သတ္တဝါကြီး၏ ခန္ဓာကိုယ်အား ထိမှန်သွားလေသည်။
အဘိုးကြီး ၁၀ ယောက်အနက် ၄ယောက်မှာ သွေးတစ်လုတ် အန်သည်။ သူတို့၏ ခန္ဓာကိုယ် များမှာလည်း မတ်တတ်ပင် မရပ်နိုင်လောက်အောင် တုန်ခါသွား ကြသည်။ ထိုအခိုက်တွင် သတ္တဝါကြီး၏ ခေါင်းမှ ခန္ဓာကိုယ် တစ်ခုလုံးအား ကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ ကြေးခွံများမှာ စိန်ပွင့်များ သဏ္ဌာန်ရှိနေပြီး သူ့ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက် အရှိန်အဝါများက လူသားတစ်ဦး မဟုတ်ကြောင်း ဖော်ပြနေလေသည်။
ထိုလူသည် သူ၏ ပါးစပ်မှ လွန်စွာ ကျယ်လောင် စူးရှသည့် အသံတစ်ခုကို ပြုမူအော်ဟစ်ရင်း ထွက်ပေါ်လာသည်။ အသံမှာ အလွန်ပင် စူးရှ ကျယ်လောင် လှသည်ဖြစ်ရာ ထာဆန်း၏ ခန္ဓာကိုယ်ထက်တွင် မရေမတွက် နိုင်အောင် များပြားလှသည့် ပုံသဏ္ဌာန် မရှိသည့် ဓါးသွားများ ဖြစ်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် အဘိုးကြီး၏ အမူအရာမှာ အားတင်းထားသည့် အမူအရာများ ဖြစ်ပေါ်လာသည်။ သူ၏ နဖူး တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေလေသည်။ သူတို့ ထုတ်လွှတ် ထားသည့် ကြီးမားသည့် ပုံသဏ္ဌာန်ရှိသည့် အရာကြီးအား သူတို့ တစ်ကိုယ်လုံးရှိ စွမ်းအားများနှင့် ထောက်ပံ့ဖန်တီး ထားသည်ဖြစ်ရာ သူတို့၏ အစွမ်းဖြင့် ထိုအရာအား အချိန်ကြာမြင့်စွာ ထိန်းမထားနိုင်ပေ။ ထို့ပြင် ထာဆန်းက သူတို့ ဖန်တီးထားသည့် အရာကြီးအား ခုခံနိုင်သည်ကို တွေ့ရာ သူတို့၏ စိတ်နှလုံးသည် ပြင်းထန်စွာ တုန်လှုပ် နေကြတော့သည်။ ထို့နောက် အဘိုးကြီးသည် ဝမ်လင်းအား လှမ်းအော် လိုက်သည်။
“ကောင်လေး … စတော့……”
ဝမ်လင်း တစ်ယောက် စိတ်ပျက်စွာဖြင့် ထာဆန်းအား ကြည့်လိုက်သည်။ ထိုအခိုက်တွင် အဘိုးကြီးများသည် စတင်လှုပ်ရှား ခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ သူတို့၏ အမူအရာများမှာ အေးဆေး တည်ငြိမ်လျက် ရှိနေသည်ကို သတိထားမိ လိုက်သည်။
အဘိုးကြီး၏ စကားသံ အဆုံးတွင် ဝမ်လင်းသည် အဘိုးကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွား လိုက်တော့သည်။ ထိုအခိုက်တွင် အဘိုးကြီး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာ တော့သည်။ သူက ဝမ်လင်းအား ပြောလိုက်သည်တွင် ဝမ်လင်းသည် လျင်မြန်စွာပင် ရှေ့သို့ ပြေးထွက်လာပြီး သတ္တဝါကြီးရှေ့သို့ ရောက်ရှိသွား လေသည်။
ဝမ်လင်းသည် ဤအဘိုးကြီးများ သေသည် ရှင်သည်ကို ဂရုစိုက်ခြင်း အလျဉ်းမရှိချေ။ သူ အမှန်တကယ် ဂရုစိုက်သည်ကား သတ္တဝါကြီး၏ ကိုယ်ပေါ်ရှိ ထူးဆန်းသည့် ကြေးခွံလေးသာ ဖြစ်၏။ သူ့အနေဖြင့် ယခင်ကတည်းက ထိုအဘိုးကြီးများ ပြောသည့် ချိပ်တံဆိပ် အမှတ်အသား ခတ်နှိပ် ပိတ်လှောင်ရန် ကိစ္စအား စိတ်ဝင်စားခြင်း မရှိခဲ့ပါချေ။ သူ့ထံတွင်လည်း ထိုသို့ ချိပ်တံဆိပ် ခတ်နှိပ် ပိတ်လှောင်နိုင်သည့် အစွမ်းလည်း မရှိသည်ကို သိထားပြီး မဟုတ်လား။
အဘိုးကြီး၏ မျက်နှာထက်တွင် စိတ်မရှည် တော့သည့် အမူအရာများ ထွက်ပေါ်လာလေသည်။ ထို့နောက် သူ၏ လက်အား ရင်ဘတ်ပေါ်သို့ တင်လိုက်ကာ စိန်ပွင့် ပုံသဏ္ဌာန် ပြုလုပ်လိုက်ပြီး အော်ဟစ်လိုက် လေတော့သည်။
“သက်စောင့် ရတနာတွေ သူကို တိုက်ခိုက်စမ်း …”
အဘိုးကြီး အော်ဟစ်လိုက်သည့် စကားအပြီးတွင် ဝမ်လင်းသည် သူ၏ ညာလက်အား လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး အက်ကွဲကြောင်း တစ်ခုကို ဖွင့်လှစ်လိုက်ကာ ယင်းအက်ကွဲကြောင်း အတွင်းသို့ ခုန်ဝင်ကာ ပျောက်ကွယ် သွားတော့၏။
***
🥶
🔯☯️⚛️♈