အရောင်ငါးမျိုး အကာအကွယ် အစီအရင် ပျက်စီးသွားသည်တွင် ပေါက်ကွဲသွားသော ကျောက်တိုင် အပိုင်းအစများသည် အနီရောင်များ တောက်ပလင်းလက် လာကြသည်။ အနီရောင်ဆံပင်နှင့်လူ အနားတွင်လည်း ဝိညာဉ်အပိုင်းအစများ မရှိတော့ချေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိပ်တံဆိပ် အမှတ်အသား သည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိပ်တံဆိပ် အမှတ်အသားသည် ယာယီသာ ပျက်စီးသွားသည်ဟု ဆိုနိုင်လေသည်။ မိစ္ဆာဆန်သည့် အငွေ့အသက်များက သူ၏ မျက်ဝန်းများမှ ဖြာထွက်နေသည်။ သူ၏ လက်အား အပေါ်ဘက်သို့ မြှောက်ထားရာမှ အောက်သို့ လျင်မြန်စွာ ညွှန်လိုက်သည်။
ထိုအခိုက်တွင် ကြီးမားသည့် အက်ကွဲကြောင်းကြီး တစ်ခုက သူ၏ အပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
အက်ကွဲကြောင်းကြီးသည် လွန်စွာကြီးမားသည့် အပြင် ထို အက်ကွဲကြောင်းကြီး အတွင်းမှ မီးခိုးရောင် မြူခိုးများဖြင့် ပြည့်နှက်နေသည့် အလွှာများ ထွက်ပေါ်လာတော့သည်။
ဝမ်လင်းသည် ဤ မီးခိုးရောင် မြူခိုးများအား အလွန်ရင်းနှီး နေသလို ခံစားမိသည်။ ချက်ချင်းပင် ဤမီးခိုးရောင် မြူခိုးများသည် ဝိညာဉ်သေ ပင်လယ် အပြင်ဘက်ရှိ မြူခိုးများ ဖြစ်ကြောင်း သတိထားမိ လိုက်သည်။
ထိုအချိန်တွင် ကျောက်တိုင်များ ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော အနီရောင် အမှုန်လေးများ အတွင်းမှ မရေမတွက် နိုင်အောင် များပြားလှသည့် အနီရောင် အလင်းတန်းများ ထွက်ပေါ် လာတော့သည်။ ၎င်း အနီရောင် အမှုန်လေးများသည် ဝိညာဉ်အပိုင်းအစ အဖြစ်သို့ ပေါင်းစည်းသွားကာ အနီရောင် ဆံပင်နှင့်လူထံသို့ အရှိန်ပြင်းစွာ တိုးဝင်သွား ကြတော့သည်။
အနီရောင်ဆံပင်နှင့်လူ၏ အကြည့်တို့သည် တဖြည်းဖြည်း အေးစက်လာသည်။ သူ့အနေဖြင့် ထို ဝိညာဉ်အပိုင်းအစ များက သူ့အား နောက်တစ်ကြိမ် ပိတ်လှောင် ထားမည်ကို ခွင့်မပြုနိုင်တော့ချေ။ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ညာလက်အား ဖြည်းညင်းစွာ မြှောက်လိုက်ကာ အော်ပြောလိုက်သည်။
“ထူစီ က ဟိုးအရင် ကတည်းက သေဆုံးသွားခဲ့ပြီးပြီ…၊ အခု ထာဆန်း ဆိုတဲ့ ငါ့ရဲ့ နာမည်ကို အသုံးပြုပြီး ငါ့ရဲ့ သက်စောင့်လက်နက်ကို ဆင့်ခေါ်မယ် … ကမ္ဘာဖျက်လှံ … ဒီကိုလာခဲ့ … ”
အနီရောင်ဆံပင်နှင့်လူက ထိုသို့ပြောအပြီးတွင် နဂါးနက် တစ်ကောင်၏ အသွင်ဏ္ဌာန် ရှိသည့် လှံရှည်တစ်စင်းသည် ရုတ်တရက် မီးခိုးရောင် မြူခိုးထဲမှ ထွက်လာကာ သူ့ရှေ့သို့ ရောက်ရှိလာသည်။ လှံရှည်သည် တစ်ခဏမျှ ရပ်တန့်လိုက်ကာ အနီရောင်ဆံပင်နှင့်လူ၏ လက်ထဲသို့ ပျံသန်း ရောက်ရှိသွား၏။
အနီရောင်ဆံပင်နှင့်လူက လှံရှည်အား ဆုပ်ကိုင် လိုက်သည်တွင် မိုးချုန်းသံကဲ့သို့ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ် လာလေသည်။ ထို့နောက်တွင် သူရပ်နေသည့် ကျောက်တိုင်သည် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲ သွားတော့သည်။
အနီရောင်ဆံပင်နှင့် လူသည်ကား လေထဲတွင် ရပ်နေလေသည်။ သူ၏ မျက်ဝန်းများထဲတွင် ဝင့်ကြွားမှုများကား အပြည့်။
သူ့အား ကြည့်ရသည်မှာ ဝိညာဉ်အပိုင်းအစ များကိုပင် ဂရုစိုက်စရာ မလိုတော့သည့်ပုံပင်။ သူ၏ လှံရှည်အား ဝှေ့ယမ်း လိုက်သည်တွင် ဝိညာဉ်အပိုင်းအစ များသည် လေထဲတွင် ရပ်တန့်သွားကြကာ သူနှင့် ၁၀ ပေ အကွာ လေထုထဲတွင် မျောလွင့် နေကြတော့သည်။
ထိုစဉ် အနီရောင်ဆံပင်နှင့် လူသည် အက်ကွဲကြောင်းကြီး ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ထိုအခိုက်မှာပင်ဒူမိုတို့ အဖွဲ့သည်လည်း စိတ်လှုပ်ရှားသည့် အမူအရာများပင် ထွက်ပေါ် လာကြတော့သည်။ သူတို့သည် ချက်ချင်းပင် ထာဆန်း ဝင်ရောက်သွားသည့် အက်ကွဲကြောင်းကြီး အတွင်းသို့ လိုက်ပါဝင်ရောက် သွားကြတော့၏။
ဝမ်လင်းအနားသို့ အရောက်တွင်ဒူမိုတို့ အဖွဲ့အတွင်းမှ အဘိုးကြီးက ဝမ်လင်းအား တစ်ချက်ကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်။ ဝမ်လင်းသည်လည်း ထုတ်လွှတ် ထားသော သူ၏ ဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ အက်ကွဲကြောင်းကြီး အတွင်းသို့ လိုက်ပါဝင်ရောက် သွားလိုက်သည်။
အသက်ရှင်လျက် ကျန်ရှိနေသည့် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ များမှာလည်း တုံ့ဆိုင်းခြင်းမရှိပဲ အဆိုပါ အက်ကွဲကြောင်းကြီး အတွင်းသို့ ဝင်ရောက် လိုက်ကြတော့သည်။
အက်ကွဲကြောင်းကြီး အတွင်းသို့ ရောက်သည်တွင် ဝမ်လင်းသည် စိတ်ဝိညာဉ် ပင်လယ်၏ အပြင်ဘက်၌သာ ရှိနေသေးကြောင်း သတိထားမိ လိုက်သည်။ သူတို့၏ အောက်တည့်တည့် တွင်ကား ဝမ်လင်း ယခင်က ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသည့် ဝိညာဉ်သေပင်လယ် ရှိနေလေသည်။
စိတ်ဝိညာဉ် ပင်လယ်သည် သွေးပင်လယ် တစ်ဝက် ဝိညာဉ်သေပင်လယ် တစ်ဝက်တို့ဖြင့် ဖွဲ့စည်းထားသည် မဟုတ်ပါလား။
ဝမ်လင်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုအား စဉ်းစားလိုက်မိသည်။ သူသည် အက်ကွဲကြောင်းကြီး အတွင်းသို့ ဝင်ရောက်လိုက်သည့် အချိန်မှ ဤနေရာသို့ ရောက်သည့် အချိန်အထိ သတိကြီးကြီး ထားခဲ့သည်။ သူ၏ ဘေးပတ်ဝန်းကျင်အား တစ်ချက် အကဲခတ် လိုက်သည်တွင် ဒူမိုတို့အဖွဲ့၏ နေရာယူထားပုံသည် သူနှင့် အနီရောင် ဆံပင်နှင့်လူတို့အား သွယ်ဝိုက်သော နည်းလမ်းဖြင့် ဝိုင်းရံထားသည်ကို သတိထားမိ လိုက်သည်။
ဒူမို တို့အဖွဲ့ နေရာယူထားပုံမှာ လွန်စွာ နည်းစနစ် ကျလျက်ရှိပြီး တစ်စုံတစ်ယောက် ကသာ သေချာ သတိထား၍ မကြည့်ဘူးဆိုလျှင် မည်သို့မှ မသိနိုင်ချေ။ သို့သော် ဝမ်လင်း အတွက်မူကား ဤအခြေအနေအား သတိထားမိရန် တစ်ချက်မျှ ကြည့်လိုက်ရုံသာ လိုအပ်သည်။
ဝမ်လင်း၏ အမူအရာမှာ တည်ငြိမ်လျက် ရှိနေသော်လည်း သူ၏ စိတ်ထဲတွင်ဒူမို တို့အဖွဲ့အား လှောင်ရယ် နေလေသည်။ သူသည် ထိုအဖွဲ့အား သံသယရှိနေသည်မှာ ကြာပြီဖြစ်သည်။ ဤနှစ်များတွင် ဒူမိုတို့အဖွဲ့သည် ထာဆန်းအား ဆန့်ကျင် တိုက်ခိုက်ဖို့ရန် လျှို့ဝှက်စွာ ကြံစည်ထားကြ သော်လည်း မည်သည့် အရိပ်အယောင်မျှပင် ဖော်ပြခြင်းမရှိပဲ လျှို့ဝှက်စွာ နေထိုင်ခဲ့ကြသည် မဟုတ်ပါလား။ သို့သော် အနည်းငယ်မျှ သံသယဖြစ်စရာ ကောင်းသည့် အချက်မှာကား ဤလူများသည် သူတို့၏ အစီအစဉ်ကို နှစ်ပေါင်းများစွာ ကြာအောင် စီစဉ်ခဲ့ကြပြီး ထာဆန်း ရှေ့တွင် အချိန်မည်မျှ ကြာအောင် ထိန်းသိမ်း လျှို့ဝှက် ထားနိုင်မည်လဲ ဆိုသည့်အချက်ပင် ဖြစ်၏။
သို့သော် ဤအချက်အား ထာဆန်း သိသည်ဖြစ်စေ မသိဘူးဖြစ်စေ ဝမ်လင်းအနေဖြင့် ဤကိစ္စအား စိတ်မဝင်စားချေ။
သူစိတ်ဝင်စားသည်ကား ဝိညာဉ်သေ ပင်လယ်အား ဖွင့်သည့်အချိန်တွင် အထဲသို့ ဝင်ရောက်နိုင်ရန်နှင့် သူထံတွင်ရှိသည့် အသိဉာဏ် အမွေအနှစ်မှ အစိတ်အပိုင်း အချို့ကို အသုံးပြုကာ ဤနေရာမှ ထွက်သွားနိုင်ရန်သာ ဖြစ်လေသည်။
အနီရောင်ဆံပင်နှင့်လူသည် ဝိညာဉ်သေ ပင်လယ်ထက်တွင် ရပ်လိုက်ကာ အရူးတစ်ယောက် သဖွယ် စတင်ရယ်မော လေတော့သည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်ပြောဆို လိုက်သည်။
“ဟား … ဟား … ဟား …၊ ထူစီ ရာ … ထူစီ … ထူစီ …၊ မင်း ငါ့ကို အမြဲတမ်း ပိတ်လှောင် မထားနိုင်ပါဘူးကွ … ဟား … ဟား … ဟား …၊ နောက်ဆုံးတော့လည်း ဒီ အမွေအနှစ်တွေက ငါပိုင်တဲ့ အရာတွေ ဖြစ်လာတာပဲ မဟုတ်လား … ”
ထို့နောက် သူ၏ မျက်နှာသည် ရက်စက် ကြမ်းတမ်းသည့် အသွင်သို့ ပြောင်းသွားကာ သူ့လက်ထဲရှိ လှံရှည်အား ဝှေ့ယမ်းလိုက်သည်။
ဝိညာဉ်သေ ပင်လယ်အား ဝန်းရံထားသည့် မြူခိုးနံရံများသည် ရုတ်တရက် ပြိုကျ ပျက်စီးသွားပြီး ဝိညာဉ်သေပင်လယ် အတွင်းသို့ ဝင်ရောက်နိုင်သည့် နက်ရှိုင်းလှသည့် လှိုဏ်ခေါင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဝန်းရံထားသည့် မြူခိုးများမှာလည်း လျင်မြန်စွာ ပျောက်ကွယ် သွားသည်။
လှိုဏ်ခေါင်းသည် အဆုံးသတ်ကိုပင် မမြင်နိုင် လောက်သည်အထိ ရှည်လျား လှသည်။ လှိုဏ်ခေါင်း အတွင်းမှ တစ်စုံတစ်ခု အော်ဟစ်နေသည့် အသံတစ်ခုကို ဝိုးတဝါး ကြားနေရ လေသည်။
အနီရောင်ဆံပင်နှင့် လူက သူ၏ လှံကို ဝှေ့ယမ်းလိုက်ရင်း ပြောသည်။
“ထူစီ … မင်းရဲ့ သက်စောင့် လက်နက်ဖြစ်တဲ့ ကမ္ဘာဖျက် လှံကတောင်မှ ငါ့ကို အသိအမှတ် ပြုလိုက်ပြီးပြီ …
နောက်ပြီး မင်းရဲ့ အမွေအနှစ်တွေကို ဆက်ခံနိုင်တဲ့ အရည်အချင်း ရှိတဲ့သူကလည်း ငါ တစ်ယောက်ပဲ ရှိတော့တယ်…”
အနီရောင်ဆံပင်နှင့် လူက သူ၏လှံကို ဒေါင်လိုက် အနေအထား အတိုင်း ဝှေ့ယမ်း လိုက်ပြန်သည်။ လှံချက်များသည် တစ်ခုနှင့်တစ်ခု ကြက်ခြေခတ် သဏ္ဌာန် ဖြတ်သန်း သွားပြီးနောက် ယင်းကြက်ခြေခတ် သဏ္ဌာန်၏ အလယ်တွင် ပေပေါင်းများစွာ ကျယ်ဝန်းသည့် အပေါက်ကြီး တစ်ခု ဖြစ်ပေါ် လာတော့သည်။ အနီရောင် ဆံပင်နှင့် လူလည်း ထိုအထဲသို့ ဝင်သွား လိုက်တော့သည်။
အနီရောင်ဆံပင်နှင့်လူ ဝင်သွားသည်တွင် ဒူမိုတို့ အဖွဲ့သည် ပိုမို စိတ်လှုပ်ရှားသည့် အမူအရာများ ထွက်ပေါ်လာကာ ထိုလူနောက်မှ လျင်မြန်စွာ လိုက်ဝင် သွားကြသည်။ ဝမ်လင်း၏ မျက်လုံးများ မှာလည်း အရောင် တစ်ချက်မျှ လက်သွားကာ သူတို့နောက်မှ လိုက်ပါ ဝင်ရောက် သွားလိုက်သည်။ ထိုအခိုက်တွင် အသက်ရှင် ကျန်ရစ်သည့် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ၏ မျက်နှာထက်ဝယ် လွန်စွာ စိတ်လှုပ်ရှားသည့် အမူအရာများ ထွက်ပေါ် လာကြကာ ပျော်ရွှင်စွာ အော်ဟစ် ကြတော့သည်။
အနီရောင်ဆံပင်နှင့် လူသည် နောက်သို့ လှည့်လိုက်ကာ သူ့နောက်မှ ပါလာသည့် လူများအား ကြည့်၍ နှုတ်ခမ်းတစ်ချက် တွန့်ကာ အေးစက်စွာ ပြုံးလိုက်၏။ မကြာခင်မှာပင် သူသည် မီးခိုးရောင် မြူခိုးအလွှာ၏ အောက်ခြေသို့ ရောက်ရှိသွား လေသည်။
ထိုနေရာတွင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းထားသည့် အလွှာတစ်ခုက လမ်းကြောင်းအား ပိတ်ဆို့ ထားသည်ကို တွေ့လိုက်ရသည်။ အဆိုပါ တိမ်တိုက်အလွှာ အတွင်းတွင် ခရမ်းရောင် လျှပ်စီး အလင်းတန်းများက မျက်စိကျိန်း လောက်အောင်ပင် တဖျတ်ဖျတ် တောက်ပနေကြ လေသည်။
အနီရောင်ဆံပင်နှင့် လူသည် စကားတစ်ခွန်းမျှ မပြောပဲ သူ၏လှံရှည်ကို ရှေ့သို့ လှမ်းပစ်လိုက်ရာ လှံရှည်သည် အနက်ရောင် နဂါးကြီးအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
၎င်း အနက်ရောင် နဂါးသည် တိမ်တိုက်များ အကြားသို့ ပြေးဝင်သွားကာ ခရမ်းရောင် လျှပ်စီး အလင်းတန်းများနှင့် သွားရောက်တွေ့ဆုံ လေတော့သည်။ ထို့နောက်တွင် အနီရောင်ဆံပင်နှင့် လူသည် သူ၏ လှံရှည်ကို မရပ်တန့်ပဲ ရှေ့သို့သာ ဆက်သွား စေလိုက်သည်။ သူသည်လည်း သူ၏ လှံရှည်နောက်သို့ တစ်မုဟုတ်ချင်း ပျံသန်းလိုက်ပါ သွားလေတော့သည်။ ထိုအခိုက်တွင် တိမ်တိုက်များ အတွင်းမှ မရေမတွက် နိုင်အောင် များပြားလှသည့် ခရမ်းရောင် လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်အား လာရောက်ထိမှန် ကြတော့သည်။
ထိုသို့ အဆက်မပြတ် ကျရောက်လာသည့် ခရမ်းရောင်လျှပ်စီး အလင်းတန်း မိုးကြိုးများ အောက်တွင် ရှိနေသည့် ထာဆန်း၏ ခန္ဓာကိုယ် တစ်ခုလုံးအား လျှပ်စီးမိုးကြိုး များဖြင့်သာ လွှမ်းခြုံထား လေသည်။ သို့သော်လည်း ထိုလျှပ်စီး မိုးကြိုးများက သူ့အား တစ်စုံတစ်ရာ ထိခိုက်စေနိုင်သည့် အစွမ်းမရှိသည့် အလားပင်။ သူသည် ထိုမိုးကြိုးများ အကြားတွင် ပျံသန်းရင်း ရယ်ပင် ရယ်မောနေလိုက် သေးသည်။
ဝမ်လင်းသည် အနီရောင်ဆံပင်နှင့် လူအား ထူးဆန်းစွာ ကြည့်လိုက်သည်။ ဤခရမ်းရောင် လျှပ်စီး အလင်းတန်းများသည် ဒုတိယနယ်မြေရှိ ကန့်သတ်ခြင်း တောင်တွင် ရှိသည့် ခရမ်းရောင် လျှပ်စီး အလင်းတန်းများနှင့် ဆင်တူသည်ကို သတိရလိုက်သည်။
ဝမ်လင်းက မျက်စိ မှိတ်လိုက်ကာ မတ်တတ်ရပ်၍ စဉ်းစားလိုက်သည်။ ထိုစဉ်မှာပင် သူ၏ နောက်မှ အဘိုးကြီး၏ အသံကို ကြားရသည်။
“ကောင်လေး … ၊ ဘာလို့ ရပ်လိုက်တာလဲ … ”
ဝမ်လင်းက နောက်သို့ လှည့်မကြည့်ချေ။ သွေးပင်လယ်မှ စတင် ထွက်ခွာလာသည့် အချိန်မှစ၍ ဤအဘိုးကြီး ၁၀ ယောက်သည် သူ့ကို နောက်ပြန်လှည့်ကာ ထွက်မပြေးနိုင် မျက်စိ ဒေါက်ထောက် စောင့်ကြည့်နေခဲ့ ကြလေသည်။
ယခုလည်း ခေတ္တမျှသာ ရပ်ရသေး သော်လည်း ထိုသို့ ရပ်လိုက်သည်နှင့် တစ်ပြိုက်နက် သူ့အား ချက်ချင်းပင် မေးခွန်း ထုတ်လာသည်။ ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဤနေရာသို့ လာရသည့် အဓိက အကြောင်းအရင်းသည် လွန်စွာ အရေးကြီးသည့် အရာဖြစ်ကြောင်း ဝမ်လင်း တစ်ယောက် သေချာပေါက်ပင် ပြောနိုင်သည်။
သို့သော် သူနားမလည် နိုင်သည်ကား ဤ အဘိုးကြီးများသည် အဘယ်ကြောင့် ထာဆန်း ကိုပင် လစ်လျူရှုထား နိုင်ရလောက်သည် အထိ ယုံကြည်မှု ရှိနေကြသနည်း ဆိုသည့် အချက်ကိုပင်။ သို့သော် ဤသည်ကား အရေးမကြီးပေ။ အရေးကြီးသည်ကား ဤနေရာမှ အမြန်ဆုံး ထွက်ခွာ သွားနိုင်ဖို့ပင်။
လျှပ်စီးမိုးကြိုးများ အကြားတွင် အနီရောင်ဆံပင်နှင့် လူသည် ထူးဆန်းသည့် လက်ဟန် တစ်မျိုးကို ထုတ်ဖော်လိုက်ကာ အော်ပြော လိုက်သည်။
“ထူစီ က သေဆုံးသွားခဲ့တာ ကြာလှပြီ … အခု ထာဆန်း ဆိုတဲ့ ငါ့နာမည်ကို အသုံးပြုပြီးတော့ ငါ့မိသားစုရဲ့ လျှပ်စီးမိုးကြိုး လက်နက်တစ်ခု ဖြစ်တဲ့ ခရမ်းရောင် လမင်းဆိုတဲ့ လက်နက်ကို ဆင့်ခေါ်တယ် … အခုချက်ချင်း ရောက်လာစမ်း … ”
ထိုအခိုက်တွင် ထူးဆန်းသည့် နည်းစနစ် တစ်ခုသည် သူ၏ လက်အတွင်းမှ ထွက်ပေါ်လာပြီး တိမ်တိုက်များ အတွင်းသို့ ဝင်ရောက် သွားလေသည်။ မကြာမီတွင် တိမ်တိုက်ကြီးသည် စတင် တုန်ခါလာတော့သည်။ အဆက်မပြတ် ကျရောက်နေသည့် ခရမ်းရောင် လျှပ်စီးမိုးကြိုး အလင်းတန်း သည်လည်း တဖြည်းဖြည်း အားလျော့လာကာ ပျက်စီး ပျောက်ကွယ် သွားတော့၏။
အဆိုပါ တိမ်တိုက်မှာလည်း လခြမ်းဓါး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အနီရောင် ဆံပင်နှင့်လူ၏ လက်အတွင်းသို့ ရောက်ရှိ သွားလေသည်။ အနီရောင်ဆံပင်နှင့် လူသည်လည်း ၎င်း လခြမ်းဓားလေးအား ကြည့်လိုက်ကာ သူ၏ ပါးစပ်ကိုဟ လိုက်သည်တွင် လခြမ်းဓားသည် တစ်ချက်မျှ တုန်ခါသွားပြီး သူ၏ပါးစပ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
မီးခိုးရောင် မြူခိုးများ အောက်တွင် ခရမ်းရောင် လျှပ်စီးမိုးကြိုး အလင်းတန်း တိမ်တိုက် ရှိနေပြီး ထိုခရမ်းရောင် လျှပ်စီးမိုးကြိုး အလင်းတန်း တိမ်တိုက် အောက်တွင်ကား အနက်ရောင် ပင်လယ်တစ်ခု ရှိနေလေသည်။ ဤသည်ကား ရှေးဟောင်းနတ်ဘုရား ထူစီ သေဆုံးသွားသည့် အချိန်တွင် သူ၏ ဝိညာဉ်တစ်ဝက်ဖြင့် ပြုလုပ်ခဲ့သည့် ဝိညာဉ်သေ ပင်လယ်ပင် ဖြစ်ပေတော့သည်။
ဆံပင်အနီရောင်နှင့် လူသည် လခြမ်းဓားအား တစ်ချက် ကြည့်လိုက်သည်။ သူ့ မျက်နှာထက်တွင် စိတ်လှုပ်ရှား နေသည့် အမူအရာများပင် ထွက်ပေါ် လာလေသည်။ ထို့နောက်တွင် သူ့အောက်၌ ရှိသည့် သေဆုံးခြင်း ပင်လယ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွား လေသည်။
ထိုအခိုက်တွင် မာန်ဖီသံကြီး တစ်ခုအား ကြားလိုက်ရလေ တော့သည်။ မကြာခင်မှာပင် နဂါးကဲ့သို့သော် သတ္တဝါကြီး တစ်ကောင်သည် သေဆုံးခြင်း ပင်လယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသတ္တဝါကြီး လှုပ်ရှားသည့် အခါတွင် သေဆုံးခြင်း ပင်လယ် အတွင်းတွင် လှိုင်းကြမ်းများပင် ဖြစ်ပေါ်လာရသည်။
များမကြာမီပင် သတ္တဝါကြီး၏ ဦးခေါင်းသည် သေဆုံးခြင်း ပင်လယ်အတွင်းမှ ထွက်ပေါ်လာကာ ဆံပင်အနီရောင်နှင့် လူအား စိုက်ကြည့် နေလေတော့သည်။
ထာဆန်းသည် ထိုသတ္တဝါအား မျက်မှောင် ကြုတ်လျက် ကြည့်လိုက်ကာ အော်ပြောလိုက်သည်။
“ဘယ်လိုလဲ နဂါးမိစ္ဆာ မင်းကရော ငါ့ကို အသိအမှတ် မပြုသေးဘူးလား … ”
အလျားအားဖြင့် ပေပေါင်း သန်းပေါင်းများစွာ ရှည်လျားသည့် သတ္တဝါကြီးသည် ဖြည်းညင်းစွာ ရွေ့လျား လိုက်သည်တွင် သေဆုံးခြင်းပင်လယ် အတွင်းတွင် လှိုင်းများပင် ခက်ထန် သွားလေသည်။ ၎င်းသတ္တဝါကြီးက ထာဆန်းအား စိုက်ကြည့်ကာ လူသား ဘာသာစကားဖြင့် ပြောလိုက်သည်။
“ထာဆန်း…၊ မင်းက ငါ့ဆရာက မှင်ရည် အသွင်ပြောင်း စီးဆင်းခြင်း နတ်ဘုရား နည်းစနစ်တစ်ခုကို လေ့ကျင့်နေတုန်း ဖြစ်ပေါ်လာတဲ့ မကောင်းဆိုးဝါး အဆင့်သာသာ ရှိတဲ့ကောင်ပါကွာ… ငါက ဘယ်လိုလုပ်ပြီး မင်းကို မေ့သွားရမှာလဲ … တကယ်လို့ မင်းသာ ငါ့ဆရာ အဆင့်တက်ဖို့ ကြိုးစားနေတုန်း မလုပ်ကြံခဲ့ဘူး ဆိုရင် ဆရာလည်း သေမှာ မဟုတ်ဘူး … ”
ထာဆန်း က အေးစက်စွာ ပြောလိုက်သည်။
“ဟမ့် … အဲဒီကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ … ထူစီ ကိုယ်တိုင်ကိုက ရည်မှန်းချက်တွေ အရမ်းကြီးမား လွန်းနေတာပဲလေ … တကယ်လို့ အပြစ်တင်မယ် ဆိုလည်း ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ နတ်ဘုရား နည်းစနစ် တစ်ခုကို အောင်မြင်အောင် လေ့ကျင့်ဖို့ ကြိုးစားခဲ့တဲ့ သူ့ကိုပဲ အပြစ်တင်ရမယ် … အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး ငါ့ကို ဖန်တီးနိုင်ခဲ့မှာလဲ… မဟုတ်ဘူးလား… သူက ငါ့ကို သူ့ရဲ့ ဝိညာဉ်နဲ့ ခွဲထုတ်ပြီးတဲ့ နောက်မှာ ငါ့ကို စွန့်ပစ်လိုက်တယ်လေ … ဒါပေမဲ့လည်း ငါကတော့ သူ့ကို အဲဒီကိစ္စအတွက် ကျေးဇူးတောင် တင်မိသေးတယ် … တကယ်လို့ သူသာ အဲဒီလို မလုပ်ခဲ့ဘူးဆိုရင် သူသေသွားတဲ့ အချိန်ကတည်းက ငါလည်း သူနဲ့အတူတူ သေသွားလို့ အခုလောက်ဆို အရိုးတောင် ဆွေးနေလောက်ပြီ … ”
ကြီးမားလှသည့် သတ္တဝါကြီး၏ မျက်ဝန်းများမှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်လာကာ ပြောလိုက်သည်။
“ဆရာ မသေခင်တုန်းက သူ့ရဲ့ အသိဉာဏ် အမွေအနှစ်ကို သေချာ စောင့်ရှောက်ဖို့ ငါ့ကို မှာသွားခဲ့တယ် … ဒါကြောင့် ငါ့ခွင့်ပြုချက်မရပဲ ဘယ်သူမှ ဆရာ့ရဲ့ အမွေအနှစ်ကို ထိဖို့ မကြိုးစားနဲ့ …”
ဆံပင်အနီရောင်နှင့် လူက သူ၏လှံရှည်အား ဝှေ့ယမ်းကာ ပြောသည်။
“ထူစီ ရဲ့ စွမ်းအား အမွေအနှစ်ကိုတော့ ငါ ရပြီးပြီ … အခု ဒီ အသိဉာဏ် အမွေအနှစ်ကို ယူဖို့ပဲ ကျန်တော့တယ် … တကယ်တော့ ထူစီ ရဲ့ မှတ်ဉာဏ်တွေက ငါ့အတွက် အသုံးမဝင်ပါဘူးကွာ … ဘာလို့လဲဆိုတော့ သူသိထားတာ မှန်သမျှ ငါလည်း သိတာပဲလေ … တကယ်လို့သာ သူ့ရဲ့အမွေအနှစ် ၂ မျိုးလုံးကို ဆက်ခံရရှိနိုင်မှ သူ့ရဲ့ စွမ်းအား အမွေအနှစ်တွေကို ပြီးပြည့်စုံအောင် ထိန်းချုပ်လို့ ရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်သာ မထားခဲ့ရင် … ငါလည်း အခုလိုမျိုး ဆင်းရဲဒုက္ခခံပြီး လုပ်နေမှာ မဟုတ်ဘူး … ဘာမဟုတ်တဲ့ သွေးပင်လယ် ထဲမှာလည်း နှစ်ပေါင်းများစွာ ကြာအောင် အပိတ်မိခံနေမှာ မဟုတ်ဘူး … ”
ထိုစဉ်မှာပင် အနက်ရောင် ဆိုင်ကလုန်းမုန်တိုင်း တစ်ခုက သတ္တဝါကြီးဆီသို့ ဦးတည်ကာ ထွက်ပေါ်လာ လေတော့သည်။ ဆိုင်ကလုန်း မုန်တိုင်းသည် တဖြည်းဖြည်းနှင့် လေထုအက်ကွဲသံ များကိုပင် ကြားရသည်အထိ ကြီးမားလာသည်။
ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းအား ကြည့်ကာ စိတ်ရှုပ်ထွေးစွာ တွေးလိုက်မိသည်။ အကယ်၍သာ ဤသတ္တဝါကြီး ပြောသွားသည်မှာ မှန်ကန်နေသည် ဆိုလျှင်၊ ဤသတ္တဝါကြီးသည် သူပြောသလို အသိဉာဏ် အမွေအနှစ်အား အမှန်တကယ် ကာကွယ် စောင့်ရှောက်နေသည် ဆိုလျှင် ကောင်းကင်နတ်ဆိုး ပညာရှင်က အသိဉာဏ် အမွေအနှစ် ရှိရာနေရာသို့ ရောက်ရှိနိုင်သည့် တည်နေရာ ကူးပြောင်းခြင်း အစီအရင်အား အသုံးပြုခဲ့စဉ်က အဘယ့်ကြောင့် ဘေးအန္တရာယ် တစ်စုံတစ်ရာ မတွေ့ခဲ့ရသနည်း…။ ထို့အပြင် အသိဉာဏ် အမွေအနှစ်၏ တစ်စိတ်တစ်ပိုင်းအား ရယူခဲ့သည့် အချိန်တွင် အဘယ်ကြောင့် ဤသတ္တဝါက သူ့အား သတိထားမိသည့် အရိပ်အယောင် တစ်ခုတစ်လေမျှပင် မရှိခဲ့သနည်း … ။
ဝမ်လင်းသည် ဝိညာဉ်သေပင်လယ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ ရင်ထဲတွင် သံသယဖြစ်စရာ အချက်များကား ပို၍ များပြားလာ လေတာ့သည်။ ဝမ်လင်းသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ကာ သူ၏ စိတ်ထဲတွင် ရှေးဟောင်းနတ်ဘုရား ကျင့်စဉ် လျင်မြန်စွာ အသက်သွင်း လိုက်သည်။ သူ ဆက်ခံရရှိထားသည့် မှတ်ဉာဏ်များအရ ဆိုလျှင် အမွေအနှစ်အား ဆက်ခံရရှိနိုင်သည့်သူ သာလျှင် ဆက်ခံရရှိထားသည့် အမွေအနှစ်အား အသက်သွင်းကာ ဤ ဝိညာဉ်သေပင်လယ် အတွင်းမှ ထွက်သွားနိုင် လိမ့်မည်ဖြစ်၏။
ကြီးမားသည့် သတ္တဝါကြီးက ဆံပင်အနီရောင်နှင့် လူအား အေးစက်စွာ စိုက်ကြည့် လိုက်သည်။ သူ့ထံသို့ ဝင်လာနေသည့် ဆိုင်ကလုန်းမုန်တိုင်းကို ဂရုပင် မစိုက်သည့် အလားပင်။ မုန်းတိုင်းကား သူ့ရှေ့သို့ ရောက်သည်တွင် သူ၏ ဦးခေါင်းကို ဆန့်ထုတ်လိုက်ကာ ထိုမုန်တိုင်းအား တိုက်ချလိုက် တော့သည်။
***