ဝမ်လင်း၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားသည်။ လက်သည်းခွံ အရွယ်အစား ရှိသည့် ဝိညာဉ်အမြုတေက သူ၏ မျက်ခုံးနှစ်ခု ကြားမှ ထွက်ပေါ်လာသည်။ သူ၏ ဂျိနယ်ပယ် ဝိညာဉ်သည်လည်း လျင်မြန်စွာ ထွက်ပေါ်လာကာ ဆံပင်အနီရောင်နှင့် လူအား လှည့်ပတ် လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် အနီရောင် ဆံပင်နှင့်လူအား လှည့်ပတ်နေသည့် အနီရောင် အလင်းတန်း ၁၀ ခုကျော်ခန့်အား စုပ်ယူဝါးမျို လိုက်တော့သည်။
ဝမ်လင်းက ဝိညာဉ်အပိုင်းအစ များအား စပ်ယူဝါးမျို ပြီးသည်တွင် ဝိညာဉ်စားသုံးသူ ကလည်း ဝိညာဉ်အပိုင်းအစ များအား ချေဖျက်ပြီးပြီ ဖြစ်ရာ အနီရောင် ဆံပင်နှင့်လူ အနီးရှိ ဝိညာဉ်အပိုင်းအစ များအား ထပ်မံဝါးမျို လိုက်ပြန်သည်။ ဤသို့ ဝမ်လင်းနှင့် ဝိညာဉ်စားသုံးသူ တို့သည် ဝိညာဉ်အပိုင်းအစ များအား တစ်လှည့်စီ စုပ်ယူဝါးမျို ကြလေသည်။ သွေးပင်လယ် အတွင်းရှိ အနီရောင် အလင်းတန်းများက ဝါးမျိုခံလိုက်ရသည့် ဝိညာဉ်အပိုင်းအစများ နေရာတွင် ပြန်လည် အစားထိုးဝင်ရောက် ကြသော်လည်း ယခင်ကထက်စာလျှင် ပမာဏအားဖြင့် လျော့နည်းသွားပြီ ဖြစ်သည်။
ကြည့်ရသည်မှာ သွေးပင်လယ်က အနီရောင် အလင်းတန်းများကို ထုတ်ပေးရန် အတွက် အချိန်အနည်းငယ် ယူရဟန်တူသည်။ အနီရောင် ဆံပင်နှင့်လူ၏ မျက်နှာတွင် စိတ်ကျေနပ်သည့် အမူအရာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ အနီရောင် အလင်းတန်းများအား ဆွဲထုတ်သည့် အချိန်တုန်းက မခံမရပ်နိုင်အောင် နာကျင်ခဲ့ သော်လည်း သူ့မျက်စိရှေ့တွင် အနီရောင် အလင်းတန်းများက တဖြည်းဖြည်း လျော့နည်း လာသည်ကို မြင်ရသည့်အခါတွင် နာကျင်မှုသည် ၁၀ ဆ ပြင်းထန် လျှင်တောင်မှ လုပ်ဆောင်ရန်သာ လိုလားမိလေသည်။
တရွေ့ရွေ့နှင့် အချိန်များ ကုန်ဆုံးလာသည်။ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အသက်ရှူဖို့ရန် မေ့သွားသည်အထိ ဆွံ့အ နေကြတော့သည်။ ဒူမိုတို့ အဖွဲ့တောင်မှ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ် နေကြလေသည်။ ဝမ်လင်း၏ ချိတ်တံဆိပ် အမှတ်အသားကို ချိုးဖျက်နိုင်သည့် စွမ်းရည်သည် သူတို့၏ အနာဂါတ် အစီအစဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည် မဟုတ်ပါလား။ အကယ်၍သာ ချိတ်တံဆိပ် အမှတ်အသားအား မချိုးဖျက်နိုင် ခဲ့ဘူးဆိုလျှင် သူတို့ စီစဉ်ထားသည့် အစီအစဉ် များသည်လည်း အလကားသာ ဖြစ်သွားပေလိမ့်မည်။
အချိန်များစွာ ကြာမြင့်ပြီးသည့် နောက်တွင် ဆံပင်အနီရောင်နှင့်လူ အနီးရှိ အနီရောင် အလင်းတန်း များသည် အနီရောင် ဆံပင်နှင့်လူအား ပိုမိုလျင်မြန်စွာ လှည့်ပတ် လာကြတော့သည်။ သို့သော် အလင်းတန်း အရေအတွက်မှာကား တဖြည်းဖြည်းနှင့် စတင် လျော့နည်းလာပြီ ဖြစ်သည်။ ဆံပင် အနီရောင်နှင့်လူ သည် တစ်ချက်မျှ ကြုံးဝါးအော်ဟစ် လိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင် အလင်းတန်းများအား အဆက်မပြတ် ဆွဲထုတ် လေတော့သည်။ သူ၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ် ကောင်းသည့် အမူအရာတို့ ထွက်ပေါ်လာကာ သွေးကြောများ မှာလည်း ဖောင်းကားလျက် ရှိနေပြီး အစိမ်းရောင်များပင် သန်းနေလေတော့သည်။
နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ ထဲတွင် ကောင်းကင်နတ်ဆိုး ပညာရှင်သည် ခါးသက်စွာ ရယ်လိုက်သည်။ သူ့ရှေ့ရှိ မြင်ကွင်းအား စိတ်ပျက်စွာ ကြည့်လိုက်မိသည်။ သူသည် တစ်ချိန်လုံး သူ၏အစီအစဉ် အောင်မြင်အောင် ကြိုးစားအားထုတ် ခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ အစီအစဉ်များမှာ ပျက်စီးသွား ခဲ့ရသည်။ သူ့နှလုံးသားမှ သွေးများ ထွက်သည့်နှယ် နာကျင်ခံစားရ၏။
ယခုတော့ သူ၏ အစီအစဉ် များမှာလည်း ပျက်စီးသွားရသလို အနီရောင် ဆံပင်နှင့်လူက သူ့မျက်စိရှေ့တွင် ချိတ်တံဆိပ် အမှတ်အသားအား ချိုးဖျက်နေသည်ကို ဘာမှမလုပ်နိုင်ပဲ စိတ်ပျက်စွာ ကြည့်နေရသည်။
ဆံပင်အနီရောင်နှင့် လူသည် ချိတ်တံဆိပ် အစီအရင်အား ချိုးဖျက်ပြီးလျှင် ဝိညာဉ်သေ ပင်လယ်အတွင်းသို့ ဝင်ရောက်လိမ့်မည် ဖြစ်၏။ ထိုအခါ အသိဉာဏ် အမွေအနှစ်သည် သုံးပုံ တစ်ပုံသာ ကျန်ရှိတော့သည်ကို သတိထားမိ သွားလိမ့်မည် ဖြစ်သည်။ ဆံပင်အနီရောင်နှင့် လူ၏ ကျင့်ကြံခြင်း အဆင့်နှင့်ဆိုလျှင် ချက်ချင်း စုံစမ်းစစ်ဆေး လိုက်သည်နှင့် ထိုအမွေအနှစ် များအား ယူထားသောသူမှာ သူဖြစ်ကြောင်း ရှာတွေ့သွားလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ သူ့အတွက် သေလမ်း တစ်လမ်းသာ ရှိပေတော့မည်။
အရင်က ထိုအမွေအနှစ် များအား ယူရဲသည် ဆိုသည်မှာ ဆံပင်အနီရောင်နှင့် လူသည် သွေးပင်လယ်ထဲတွင် ပိတ်မိနေပြီး အပြင်ဘက်သို့ ထွက်လာရန်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန် တွင်တော့ သွေးပင်လယ်သည်လည်း သူ့အား ပိတ်လှောင် ထားနိုင်ဟန် မတူတော့ချေ။
ကောင်းကင်နတ်ဆိုး ပညာရှင်သည် ခါးသက်စွာ ရယ်မောလိုက်သည်။ ထို့နောက် ဝမ်လင်းအား တစ်ချက်မျှ လှမ်းကြည့်ကာ သက်ပြင်း ချလိုက်သည်။ ယခင်က ဝမ်လင်းသည် သူ၏ နောက်လိုက် တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူ၏ အစီအစဉ်ထဲတွင် ဆံပင် အနီရောင်နှင့် လူသည် ချိတ်တံဆိပ် အမှတ်အသားအား ချိုးဖျက် နိုင်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ အကယ်၍သာ သူ့အနေနှင့် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ခန့်က လိုအင် ၆ မျိုးနတ်ဆိုးသခင် တို့ တားဆီးခဲ့လျှင်၊ ဤနေရာသို့ ပြန်မလာဖြစ်ခဲ့လျှင် သူသည် ရှေးဟောင်း နတ်ဘုရား၏ အမွေအနှစ်များကို ရရှိနိုင်လိမ့်မည် မဟုတ်သော်လည်း သူ၏ အသက်သည်ကား လုံခြုံနေလိမ့်မည် ဖြစ်သည်။
ဤအရာများသည် သူ၏ ကံကြမ္မာများ ဖြစ်နေလေရော့ သလား။
ကောင်းကင်နတ်ဆိုး ပညာရှင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြန်သည်။ ထို့နောက် ဒူမိုတို့ အဖွဲ့အား တွေ့လိုက်သည်တွင် သူ့ရင်ထဲမှ အမုန်းတရားများ ပျောက်ကွယ်သွားကာ စတင် စဉ်းစား လိုက်မိသည်။
ထိုအခိုက်တွင် ကောင်းကင်နတ်ဆိုး ပညာရှင်၏ စိတ်က တည်ငြိမ်နေကာ သူ၏ မျက်နှာထက်တွင် မည်သည့်ခံစားမှု အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ထို့နောက်တွင် တစ်စုံတစ်ခုကို တွေးလိုက်မိသည့် အလား ကောက်ကျစ်စွာ ပြုံးလိုက် လေတော့သည်။
ဆံပင်အနီရောင်နှင့် လူသည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်အပိုင်းအစ များအား ဆွဲထုတ်ကာ ဘေးပတ်ပတ်လည်ရှိ လူများ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းရန် ကြိုးစားလျက်ရှိပြီး ထိုလူများအား ထိန်းချုပ်ရန် ပြုလုပ်နေလေသည်။ သို့သော် ကောင်းကင်နတ်ဆိုး ပညာရှင်၏ စိတ်သည် မည်သည့် ထိန်းချုပ်မှုကိုမှ မခံစားရသကဲ့သို့ တည်ငြိမ် နေလေသည်။ ထိုသို့ တည်ငြိမ်နေသည်မှာ သူ၏ ကျင့်စဉ် နည်းစနစ်ကြောင့် ဖြစ်ဟန်ရလေသည်။ သူ့ထံတွင် အလွန် ဆန်းကျယ်သည့် ကျင့်စဉ်ရှိနေသည့် အပြင် အလွန်ထူးခြား ဆန်းကျယ်သည့် လင်္ကာလည်း ရှိနေသည်။ ထို ဆန်းကျယ်သော လင်္ကာအား ဤနေရာသို့ လာသည့်ပထမဆုံး အခေါက်တွင် အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်၏။
သူ့ထံတွင် ထိုလင်္ကာ ရှိနေကြောင်းကို အခြား မည်သူ့ကိုမျှ ပြောပြခဲ့ခြင်း မရှိပါချေ။ ယုတ်စွအဆုံး လိုအင် ၆ မျိုးနတ်ဆိုးအရှင်ပင် သူ့ထံတွင် ထိုလင်္ကာ ရှိနေမှန်း မသိထားပါချေ။ အဘယ်ကြောင့် ဆိုသော် သူသည် ထိုလင်္ကာနှင့် ကျင့်စဉ်အား နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံထားခဲ့ပြီး အကယ်၍ တစ်ချိန်ချိန်တွင် ဆံပင် အနီရောင်နှင့်လူက သူ့အား ဖမ်းမိသွားကာ သူ့အား ဝိညာဉ်အပိုင်းအစ များနှင့် အတင်းအကျပ် ပေါင်းစည်းခံရပါက သူ့အနေနှင့် ဝိညာဉ်အပိုင်းအစ များအား လက်ဦးမှု ရယူကာ မပေါင်းစည်း နိုင်အောင် ဖိနှိပ်ထားနိုင်ရန် ဖြစ်လေသည်။
ဒူမိုတို့ အဖွဲ့ရှိရာသို့ တစ်ချက် လှမ်းကြည့် လိုက်ပြန်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ဤနေရာရှိ ကျင့်ကြံသူ ထောင်ပေါင်းများစွာ အကြားတွင် သူတစ်ယောက်တည်းသာ သူ၏ ဝိညာဉ် အပိုင်းအစအား ပေါင်းစပ်ရန် အတင်းအကျပ် ဖိအားပေး ခံရလိမ့်မည် မဟုတ်၊ အခြားကျင့်ကြံသူ များမှာလည်း သူနှင့်အတူတူ သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။
ထိုလူများကို ကြည့်ရသည်မှာ သွေးပင်လယ် ဗိုလ်ချုပ် ၁၀ ယောက်နှင့် များစွာ တူညီကြလေသည်။
ကောင်းကင်နတ်ဆိုး ပညာရှင်သည် လွန်စွာစိတ်လှုပ်ရှား သွားသည်။ အကယ်၍ ထိုလူများ သည်လည်း သူတွေးထင်ထား သကဲ့သို့ ဖြစ်လာမည်ဆိုလျှင် ချိတ်တံဆိပ် အမှတ်အသား ကျိုးပျက်သွားသည့် အခါတွင် သူခန့်မှန်းထား သကဲ့သို့ ဖြစ်လာလိမ့်မည် ဖြစ်၏။ ထိုသို့ဆိုလျှင် ကြည့်ရသည်မှာ သူ့အတွက် အခွင့်အရေး ရှိသေးသည် မဟုတ်ပါလား။
ထိုအကြောင်းအား စဉ်းစားမိသည်တွင် ကောင်းကင်နတ်ဆိုး ပညာရှင်၏ မျက်နှာတွင် လွန်စွာ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ထွက်ပေါ်လာ လေတော့သည်။ ထို့နောက် စိတ်တည်ငြိမ် သွားအောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဝမ်လင်းအား ကြည့်လိုက်တော့သည်။
ဝမ်လင်း၏ ဝိညာဉ် အမြုတေသည် အနီရောင် အလင်းတန်းများကို ဝါးမျိုလိုက်သည့် အကြိမ်တိုင်း ပိုမိုကြီးမား လာလေသည်။ ထိုသို့ ဝိညာဉ်အမြုတေ ပိုမိုကြီးမားလာလေ သူ၏ စိတ်အာရုံသည် ပိုမိုရှင်းလင်း ပြတ်သားလာလေ ဖြစ်နေသည်ကို သတိထားမိသည်။
ဝမ်လင်းနှင့် ဝိညာဉ်စားသုံးသူတို့ နှစ်ယောက် အတွဲညီစွာ စုပ်ယူဝါးမျို နေသည်မှာ တဖြည်းဖြည်း ပို၍ပို၍ အဆင်ပြေလာသည်ကို သတိထားမိ ကြသည်။ ထို့အတူ အနီရောင် ဆံပင်နှင့်လူကို လှည့်ပတ်နေကြသည့် ဝိညာဉ် အပိုင်းအစများ၏ အရောင်မှာလည်း တဖြည်းဖြည်း မှေးမှိန်လာကာ ဝိညာဉ်အပိုင်းအစ အရေအတွက် သည်လည်း ပိုမို လျော့နည်း လာလေတော့သည်။
ထိုအခိုက်တွင် သွေးပင်လယ်၏ မျက်နှာပြင်သည် ရုတ်တရက် မြင့်တက်လာသည်။ မြေပြင်တစ်ခုလုံးအား သွေးများဖြင့် ဖုံးလွှမ်းထားကာ ဝိညာဉ်အပိုင်းအစ ထောင်ပေါင်းများစွာ ထွက်ပေါ် လာတော့သည်။ ထိုဝိညာဉ် အပိုင်းအစများ၏ ဦးတည်ရာကား အနီရောင် ဆံပင်နှင့်လူ ထံသို့ပင်။
ဤသို့ ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေကြောင့် လူတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့ သွားကြတော့သည်။ ဝမ်လင်းသည်လည်း ထိုအခြေအနေကြောင့် သူ့ဝိညာဉ်အား ထိခိုက်မိသွားမည် စိုးသဖြင့် နောက်သို့ ပြန်ဆုတ် လိုက်သည်။
အနီရောင်ဆံပင်နှင့် လူသည် တစ်ချက် မာန်သွင်းကာ အော်ဟစ်လိုက်သည်။ သူ၏ လက်အား လျင်မြန်စွာ ဝှေ့ယမ်း လိုက်သည်တွင် စက်ဝိုင်းပုံ ချိတ်တံဆိပ် အမှတ်အသား တစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုစက်ဝိုင်းပုံ ချိတ်တံဆိပ် အမှတ်အသားအား ထိလိုက်သည့် အခါတွင် အရောင်ငါးမျိုး ပါဝင်သည့် အလင်းတန်း မြောက်မြားစွာ တို့သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကြကာ အရောင်ငါးမျိုး ကာကွယ်ရေး အစီအရင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အား ကာကွယ်ပေးထား လေတော့သည်။
ဝိညာဉ်အပိုင်းအစ များမှာလည်း ထိုကာကွယ်ရေး အစီအရင်အား အရှိန်အဟုန် ပြင်းစွာ ဝင်ရောက် တိုက်ခိုက် ကြတော့သည်။
အနီရောင်ဆံပင်နှင့် လူ၏ မျက်နှာထက်တွင် လွန်စွာ မောက်မာ ဝံ့ကြွားသည့် ဟန်ပန်များ ထွက်ပေါ်လာကာ ကြုံးဝါးရေရွတ် လိုက်လေသည်။
“ငါ့ကို ဒီထောင်ချောက် အစီအရင်လေးက တစ်သက်လုံး ပိတ်လှောင် မထားနိုင်ပါဘူး ထူစီရာ… ဟား…ဟား … ဟား…”
ထိုအခိုက်တွင် ဆံပင်အနီရောင်နှင့် လူသည် သူ၏ ညာလက်အား ကုတ်ဆွဲလိုက်သည့် သဏ္ဌာန် ဝှေ့ယမ်း လိုက်သည်တွင် အနီးရှိ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်သည် လေထုထဲသို့ မြှောက်တက် သွားလေသည်။ ထိုကျင့်ကြံသူ၏ မျက်နှာထက်တွင် ထိတ်လန့်သည့် အမူအရာများ ထွက်ပေါ်လာသည်။ စကားတစ်လုံးမျှပင် မပြောနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်က အရောင်ငါးမျိုး ကာကွယ်ရေး အစီအရင် အနီးသို့ ရောက်ရှိသွားကာ ဝိညာဉ်အပိုင်းအစ ၁၀ ခုကျော် ခန့်သည် ထိုလူ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် သွားကြတော့သည်။
ထိုနတ်ဆိုးလမ်းစဉ် ကျင့်ကြံသူသည် ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ် နေလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဒဏ်ရာများ သွေးများဖြင့် ဖုံးလွှမ်းသွား လေတော့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်အပိုင်းအစ တစ်ခုပင် ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိရာ ထိုသို့ ဝိညာဉ်အပိုင်းအစ ၁၀ ခု ကျော်က သူ၏ခန္ဓာကိုယ် အတွင်းသို့ ရုတ်တရက် ဝင်ရောက် သွားသည်တွင် သူ၏ ကံကြမ္မာသည်ကား သေဆုံးခြင်းပင် ဖြစ်သွားတော့သည်။
အနီရောင်ဆံပင်နှင့် လူသည် ပုံမှန်ဆိုလျှင် ဤသို့သော နည်းလမ်းအား အသုံးပြုလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် ဤနည်းလမ်းအား အသုံးပြုလျှင်လည်း အသုံးပြုခံရသူသာ သေဆုံးသွားမည် ဖြစ်ပြီး ဝိညာဉ်အပိုင်းအစသည် သူ့ထံသို့ ပြန်လည်ရောက်ရှိ လာသောကြောင့် သူ့အတွက် အသုံးမဝင်ချေ။ ဤနည်းလမ်းဖြင့် ချိတ်တံဆိပ် အမှတ်အသားအား ချိုးဖျက်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
သို့သော် ယခုအချိန်တွင်တော့ မတူညီတော့ချေ။ ချိတ်တံဆိပ် အမှတ်အသားအား ချိုးဖျက် နိုင်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ အကယ်၍ သူသာ ဤနည်းလမ်းအား အသုံးပြုကာ ဝိညာဉ်အပိုင်းအစ များအား နှောင့်နှေးအောင် မလုပ်ခဲ့ဘူးဆိုလျှင် ကာကွယ်ရေး အစီအရင် ပျက်စီးသွားသည့် အခါတွင် ဝိညာဉ်အပိုင်းအစ များသည် သူ၏ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာကြမည်ဖြစ်ပြီး ယခင်က ကြိုးစားထားသည့် အရာများအားလုံး မှာလည်း အသုံးမဝင် ဖြစ်သွားလိမ့်မည် ဖြစ်လေသည်။
ဆံပင်အနီရောင်နှင့် လူသည် ထိုကျင့်ကြံသူအား တစ်ချက်ပင် လှည့်မကြည့်ပဲ လက်များကို ဝှေ့ယမ်းကာ လေထဲတွင် အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။ ရွှေရောင်သင်္ကေတ တစ်ခုက ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။ ထိုစဉ် ကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုလုံးအား ရွှေရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွား လေတော့သည်။
ထိုအခိုက်တွင် ဆံပင်အနီရောင်နှင့် လူ၏ မျက်လုံးမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ် လာလေသည်။ သူ့လက်များကို ဝှေ့ယမ်း လိုက်သည်တွင် ကျင့်ကြံသူအချို့၏ ခန္ဓာကိုယ်များမှာ လေထဲသို့ မြှောက်တက် သွားတော့၏။ အနီရောင် အလင်းတန်းများက ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့် အခါတွင် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအား လွှမ်းခြုံထားလေသည်။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှာလည်း သွေးများဖြင့် အတိသာ ရှိနေကြတော့သည်။
ဝမ်လင်းက ထိုလူများအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုအခိုက်တွင် အနီရောင်ဆံပင်နှင့် လူသည် ကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ်အား ဆွဲယူလိုက်ပြန်သည်။ ဆွဲယူခံလိုက်ရသည့် ကျင့်ကြံသူ၏ မျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်သည့် အမူအရာများ ထွက်ပေါ်လာသည်။ သို့သော် ချက်ချင်းပင် တိကျခိုင်မာသည့် ဆုံးဖြတ်ချက်တို့က ကြောက်လန့်မှုအား အစားထိုးနေရာယူ သွားသည်။ ကျင့်ကြံသူသည် သူ့လက်အား မြှောက်လိုက်ကာ နည်းစနစ် တစ်မျိုးကို ထုတ်ဖော် လိုက်သည်တွင် သူ့ခန္ဓာကိုယ်သည် သေးငယ်သည့် အစက်လေးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မူလ ရပ်နေသည့် နေရာနှင့် ၁၀ ပေခန့်အကွာတွင် ပြန်ပေါ်လာသည်။
ထိုကျင့်ကြံသူသည် ပြန်ပေါ်လာသည့် အချိန်တွင် လေထဲ၌ အက်ကွဲကြောင်းကြီး တစ်ခုကို ဖန်တီးလိုက်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
ထိုအရာကို တွေ့သည့်အခါတွင် အနီရောင်ဆံပင်နှင့် လူသည် အေးစက်စွာ ပြုံးလိုက်သည်။ သူသည် ထွက်ပြေးရန် ကြိုးစားနေသည့် ကျင့်ကြံသူအား မတားဆီးပေ။ သို့သော် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်ခုံးနှစ်ခု ကြားသို့ လက်နှင့် ညွှန်လိုက်ပြီး အော်ပြောလိုက်သည်။
“ပေါက်ကွဲသွားစမ်း … ”
ဘမ်း……… … ။
ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ အက်ကွဲကြောင်းကြီး ဆီသို့ ထွက်ပြေး ပျံသန်းနေသည့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွား လေတော့သည်။ ပေါက်ကွဲသွားသည့် ကျင့်ကြံသူ၏ အသားစများ သွေးများမှာ နေရာအနှံ့အပြားသို့ လွင့်စဉ်သွားကြသည်။ တစ်ပြိုင်နက်ပင် ထိုကျင့်ကြံသူထံမှ ဝိညာဉ် အပိုင်းအစများသည် အနီရောင်ဆံပင်နှင့် လူထံသို့ ပြေးဝင်သွားကြကာ ကာကွယ်ရေး အစီအရင် အပြင်ဘက်ရှိ အခြားဝိညာဉ် အစိတ်အပိုင်းများနှင့် အတူ ပြန်လည် ပေါင်းစပ် သွားကြလေသည်။
အတွေးတစ်ခုက အနီရောင်ဆံပင်နှင့် လူ၏ စိတ်အတွင်းသို့ ဝင်ရောက်လာသည်။ ရုတ်တရက် သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ အော်ဟစ်လိုက်သည်။ ထို့နောက် နောက်တစ်ဖန် ဆွဲယူလိုက်သည်တွင် ရာနှင့်ချီသော ကျင့်ကြံသူများသည် လေထဲသို့ မြှောက်တက် သွားကြပြန်သည်။ ထိုကျင့်ကြံသူများ၏ မျက်နှာထက်တွင်လည်း ကြောက်ရွံ့သည့် အမူအရာများ ထွက်ပေါ် လာကြသည်။ သို့သော် အချို့ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် စိတ်လျှော့လိုက်သည့် အမူအရာ များကိုလည်း တွေ့နေရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အရောင်ငါးမျိုး ကာကွယ်ရေး အစီအရင် ဆီသို့ ရောက်ရှိ သွားကြကာ ဝိညာဉ်အပိုင်းအစ များစွာတို့မှာလည်း သူတို့ခန္ဓာကိုယ်များ အတွင်းသို့ ဝင်ရောက် သွားကြတော့သည်။ ရှေ့လူများ ကဲ့သို့ပင် သူတို့ ၏ ခန္ဓာကိုယ်များထက်တွင် ဒဏ်ရာများ သွေးများနှင့် ပြည့်နှက် သွားကြသည်။
ရာနှင့်ချီသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအား အချိန်ဆွဲရန် အသုံးပြုအပြီးတွင် ကာကွယ်ရေး အစီအရင် အပြင်ဘက်ရှိ ဝိညာဉ်အပိုင်းအစ အရေအတွက်မှာ သိသာစွာပင် လျော့နည်း သွားလေသည်။ သို့သော် အရောင် ငါးမျိုး ကာကွယ်ရေး အစီအရင်၏ စွမ်းအားသည်လည်း ယခင်ကလောက် အားကောင်းခြင်း မရှိတော့ချေ။ ထို့နောက်တွင်တော့ အစီအရင်သည် တဖြည်းဖြည်း စတင် တုန်ခါလာကာ အချိန် ကျိုးပျက်တော့မည့် အနေအထားသို့ ရောက်လာ လေတော့သည်။
အနီရောင် ဆံပင်နှင်လူသည် စကားတစ်ခွန်းမျှပင် မဆိုပဲ သူ၏ လက်များကို ဝှေ့ယမ်းကာ ဆွဲယူလိုက် ပြန်သည်။ သို့သော် ဤအကြိမ်တွင် ပါလာသည့် ကျင့်ကြံသူ အရေအတွက်သည် အယောက်ပေါင်း ၃၀၀ ကျော်ခန့်မျှပင် ရှိလေသည်။ ထိုအထဲ တွင် ကျင့်ကြံ ၈ ယောက်သည် နည်းစနစ်အချို့ကို အသုံးပြုလိုက်ကြကာ လွတ်မြောက်နိုင်ရန် ကြိုးစား လိုက်ကြသည်။ သူတို့သည် အက်ကွဲကြောင်း များကို ဖွင့်လိုက်ကာ လွတ်မြောက်နိုင်ရန် အရဲစွန့်၍ ကြိုးစားလိုက်ကြခြင်း ဖြစ်သည်။
ထိုအခိုက်တွင် မြေပြင်ပေါ်တွင် ရှိနေသည့် ကျင့်ကြံသူ ၄ ယောက်သည် အက်ကွဲကြောင်းများ အတွင်းသို့ ခုန်ဝင်ကာ ပျောက်ကွယ် သွားကြသည်။ အနီရောင်ဆံပင်နှင့် လူက အေးစက်စွာ ပြုံးလိုက်သည်။ သူက ဤကျင့်ကြံသူများအား ယခင်က တစ်ယောက်ကဲ့သို့ သတ်ပစ်ခဲ့ခြင်း မရှိပေ။ ထိုလူများအား သတ်လိုက်လျှင် များစွာသော ဝိညာဉ်အပိုင်းအစ များက သူ့ထံသို့ပြန်လည် ရောက်ရှိလာကြကာ သူ၏ ကာကွယ်ရေး အစီအရင်အား ချိုးဖျက်နိုင်သည့် အခွင့်အရေးသည် ပိုမိုများပြား သွားမည် မဟုတ်ပါလား။ ထို့ကြောင့် ထိုလူများအား မသတ်ပဲ ထားလိုက်သည်သာ အကောင်းဆုံးပင် ဖြစ်သည်။
ဝမ်လင်းက အခြေအနေကို တစ်ချက် ကြည့်လိုက်ကာ နားလည်လိုက်သည်။ အနီရောင်ဆံပင်နှင့် လူက သူ့ကိုဆန့်ကျင် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ကျန်ရှိနေသည့် ဝိညာဉ်အပိုင်းအစ များကို စုပ်ယူဝါးမျိုရန် သူ့အား လိုအပ်နေသေးသည် မဟုတ်ပါလား။ ဒူမိုတို့အဖွဲ့သည် ထွက်ပြေး နေကြသူများထဲတွင် မပါဝင်ချေ။ သူတို့၏ ကျင့်ကြံခြင်း အဆင့်အရ ထွက်ပြေးရန် မလိုအပ်ပေ။ ၁၀ ယောက်လုံးသည် တည်ငြိမ်သည့် အမူအရာများနှင့် ထိုင်စောင့် နေကြလေသည်။
ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်တွင် ရွှေရောင် အလင်းတန်းများနှင့် ပြည့်နှက်နေသည့် ကျင့်ကြံသူပေါင်း ၄၀၀ ကျော် ရှိနေကြလေသည်။ ရွှေရောင် စက်ကွင်းတစ်ခုစီတွင် ဝိညာဉ်အပိုင်းအစ ၁၀ ခုကျော် ပါဝင်သည့် ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုစီ ရှိနေကြသည်။
အနီရောင်ဆံပင်နှင့် လူသည် ကျန်ရှိနေသေးသည့် ကျင့်ကြံသူ အယောက် ၁၀၀ ကျော်အား အေးစက်စွာ ကြည့်လိုက်သည်။
ရုတ်တရက် ဆိုသလိုပင် ကျင့်ကြံသူ ၃ ယောက်မှ ၅ ယောက်ခန့်သည် အက်ကွဲကြောင်း များကို ဖွင့်လှစ်ကာ ဝင်ရောက် ထွက်ပြေး သွားကြလေသည်။
အနီရောင်ဆံပင်နှင့် လူသည် ထို ထွက်ပြေးသွားသည့် ကျင့်ကြံသူများအား အထင်သေးဟန်ဖြင့် ကြည့်လိုက်ကာ စိတ်အနှောင့်အယှက် အဖြစ်မခံတော့ပဲ ဝိညာဉ်စားသုံးသူအား တစ်ချက် ကြည့်လိုက်ကာ အော်ပြော လိုက်သည်။
“ဝါးမျိုပစ်လိုက်စမ်း … ”
တိမ်တိုက်ကြီး အသွင်ရှိနေသည့် ဝိညာဉ်စားသုံးသူ၏ ခန္ဓာကိုယ်က ကြီးမားသော ပါးစပ်ကြီးတစ်ခု အသွင်သို့ ပြောင်းလဲလိုက်ကာ ကာကွယ်ရေး အစီအရင် အပြင်ဘက်ရှိ ဝိညာဉ်အပိုင်းအစ များအား စတင် ဝါးမျိုတော့သည်။ ဝိညာဉ်အပိုင်းအစ ၁၀ခု ကျော်ခန့်ကို ဝါးမျိုအပြီးတွင် ပြန်လည်ဆုတ်ခွာ သွားပြန်သည်။ အနီရောင်ဆံပင်နှင့် လူက မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ အကယ်၍ ဤအခြေအနေ အတိုင်းသာ ဆက်သွားပါက သွေးပင်လယ်က သူ့အား နောက်တစ်ကြိမ် ထပ်ပြီး ချိတ်တံဆိပ် ပိတ်ကာ ပိတ်လှောင်ထားဖို့ ကြိုးစားမည် ဆိုသည်ကို သိထားသည်။
သူ၏ မျက်နှာသည် ကြောက်မက်ဖွယ် ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ဝိညာဉ်စားသုံးသူအား ဆွဲယူလိုက်ကာ အမိန့်ပေး လိုက်သည်။
“ဆက်ပြီး ဝါးမျိုစမ်း… … ”
ဝိညာဉ်စားသုံးသူက တစ်ခဏမျှ တုံ့ဆိုင်းသွားကာ ပါးစပ်ကို ဖွင့်လိုက်ပြီး ဝိညာဉ်အပိုင်းအစ ၁၀ ခုကျော်ကို ထပ်မံဝါးမျို လိုက်ပြန်သည်။ အနီရောင်ဆံပင်နှင့် လူသည် ထိုအခြေအနေအား ကျေနပ်ပုံ မပေါ်ချေ။ သူ၏ လက်နှစ်ဖက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်တွင် ထူးဆန်းသည့် သင်္ကေတ ၂ ခု ထွက်ပေါ် လာလေသည်။ သင်္ကေတ ၂ ခုအနက် တစ်ခုမှာ အလင်းရောင် ငါးမျိုးကို ထုတ်လွှတ်လျက် ဝိညာဉ်စားသုံးသူ ထံသို့ ရောက်ရှိ သွားတော့သည်။
ဝမ်လင်းက ဝိညာဉ်စားသုံးသူသည် ရက်စက် ကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းသွားသည်ကို သတိထားမိ လိုက်သည်။ ဝိညာဉ်စားသုံးသူ ထံမှ မရေမတွက်နိုင်သည့် နတ်ဘုရား စိတ်အာရုံ အပိုင်းအစများ ထွက်ပေါ် လာသည်ကို ခံစားမိလိုက်သည်။
“မင်း … မင်း… ကတိ မတည်တဲ့ ကောင် … ”
အနီရောင်ဆံပင်နှင့် လူသည် ပါးစပ်ကို ဟ လိုက်ပြီး အစီအရင်တစ်ခုကို ထွေးထုတ်လိုက်ကာ ပြောလိုက်သည်။
“ငါ ဘယ်တုန်းက ကတိဖျက်လို့လဲ … အခုအချိန်မှာ မင်းကို ထိန်းချုပ်မှုလေး နည်းနည်းလောက် လုပ်လိုက်တာပါ…
မင်း ငါ့ကို ဒီ ချိတ်တံဆိပ် အမှတ်အသားကို ချိုးဖျက်ဖို့ ကူညီပေးပြီးတာနဲ့ ငါ့ရဲ့ ရှေးဟောင်း နတ်ဘုရား စွမ်းအင်ကို သုံးပြီးတော့ မင်း အတွက် လူသား ခန္ဓာကိုယ် တစ်ခုရအောင် လုပ်ပေးမှာပါ… နောက်ပြီး မင်းကို ပျက်စီးခြင်း လောကကနေ ထွက်သွားလို့ ရအောင်လည်း လုပ်ပေးဦးမှာ … အခု လောလောဆယ်တော့ ဝိညာဉ်အပိုင်းအ စတွေကို ဆက်ပြီး ဝါးမျိုလိုက်ဦး … ”
ထိုသို့ ပြောပြီးသည်တွင် အနီရောင်ဆံပင်နှင့်လူ ထွေးထုတ် လိုက်သည် သင်္ကေတ ၂ ခုအနက် ကျန်တစ်ခုသည် သူ၏ခေါင်းပေါ်တွင် ထွက်ပေါ်လာပြီး အကြိမ် အနည်းငယ်ခန့် ဝင်းလက်သွားသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စားသုံးသူ၏ ခေါင်းထက်တွင်လည်း တူညီသည့် သင်္ကေတ တစ်ခု ထွက်ပေါ် လာတော့သည်။
ထို့နောက်တွင်တော့ ဝိညာဉ်စားသုံးသူသည် ဝိညာဉ်အပိုင်းအစ များအား အရူး တစ်ယောက်နှယ် အဆက်မပြတ် စုပ်ယူဝါးမျို လေတော့သည်။ ဝိညာဉ်အပိုင်းအစ များအား တစ်ခုပြီးတစ်ခု ဝါးမျိုအပြီးတွင် ဝိညာဉ်စားသုံးသူ၏ ခန္ဓာကိုယ် သည်လည်း အနီရောင် အလင်းတန်းများနှင့် စတင်တောက်ပ လာသည်မှာ အနီရောင် တိမ်တိုက်တစ်ခု နှယ်ပင်။
ဝမ်လင်းသည် ဝိညာဉ်စားသုံးသူထံမှ နာကျင်လွန်းသည့် နတ်ဘုရား စိတ်အာရုံ လှိုင်းများအား ရှင်းလင်းစွာ ခံစားမိနေသည်။ ကြည့်ရသည်မှာ သူက အကန့်အသတ်ကို ကျော်လွန်ပြီး ဝါးမျိုခဲ့ပုံ ရလေသည်။ ဤပုံစံအတိုင်းသာ ဆက်သွားပါက ဝိညာဉ်စားသုံးသူ သည်လည်း ကျင့်ကြံသူများ နည်းတူ ပေါက်ကွဲ သေဆုံးသွားရ ပေတော့မည်။
အနီရောင်ဆံပင်နှင့် လူသည် ဝမ်လင်းအား အေးစက်စွာ ကြည့်လိုက်သည်။
ဝမ်လင်းသည် တည်ငြိမ်စွာပင် ဂျိနယ်ပယ် ဝိညာဉ်အား ထုတ်လွှတ်လိုက်ကာ ကာကွယ်ရေး အပြင်ဘက်ရှိ ဝိညာဉ် အပိုင်းအစများအား စတင် ဝါးမျိုလေတော့သည်။ ဤအကြိမ်တွင် ဝမ်လင်းသည် လျင်မြန်စွာ ဝါးမျိုနေလေသည်။ ဝိညာဉ်အပိုင်းအစ ၁၀ ခုကျော် ဝါးမျိုပြီးသည်တွင် အကန့်အသတ်သို့ ရောက်သွားသည်ကို ခံစားမိလိုက် သော်လည်း ရပ်တန့်ခြင်းမရှိပဲ ဆက်လက်ဝါးမျို လိုက်သည်။
ထို့နောက် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရား ကျင့်စဉ်ကို လျှို့ဝှက်စွာ အသုံးပြုလိုက်ရာ ဝါးမျိုထားသည့် ဝိညာဉ်အပိုင်းအစ အားလုံးသည် လျင်မြန်စွာပင် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွား လေတော့သည်။
အနီရောင်ဆံပင်နှင့် လူအား ကာကွယ် ပေးထားသည့် အရောင်ငါးမျိုး ကာကွယ်ရေး အစီအရင်သည် စတင်တုန်ခါ လာတော့သည်။ တုန်ခါမှုသည် တဖြည်းဖြည်း ပြင်းထန်လာရာ အချိန်မရွေး အလွယ်တကူ ကျိုးပျက် သွားတော့မယောင် ထင်ရလေသည်။ ကာကွယ်ရေး အစီအရင် အပြင်ဘက်တွင် ဝိညာဉ်အပိုင်းအစ အနည်းငယ် ကျန်ရှိနေသေး သော်လည်း ဝမ်လင်းနှင့် ဝိညာဉ်စားသုံးသူ နှစ်ယောက်စလုံး တို့မှာလည်း ဆက်လက် ဝါးမျိုခြင်းငှာ မစွမ်းသာတော့ချေ။
ထိုအချိန်တွင် အနီရောင် ဆံပင်နှင့်လူ ထိုင်နေသည့် ကျောက်တိုင်မှလွဲ၍ သွေးပင်လယ် အတွင်းရှိ ကျောက်တိုင်များမှာ စတင်ပေါက်ကွဲ သွားကြကာ အနီရောင် အမှုန့်လေးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းအနီရောင် အမှုန့်လေးများသည် ဝိညာဉ်အပိုင်းအစ များနှင့် ပေါင်းစပ် သွားကြလေသည်။
ကျောက်တိုင်များ ပေါက်ကွဲသွားသည်တွင် ကျောက်တိုင်ထက်ရှိ ကျင့်ကြံသူများသည် လေထက်သို့ ခုန်တက် လိုက်ကြသည်။
အနီရောင်ဆံပင်နှင့် လူ၏ မျက်နှာတစ်ခုလုံးမှာ မှောင်မည်း နေလေသည်။ သူသည် အံကြိတ်လိုက်ကာ ကျန်ရှိနေသည့် ကျင့်ကြံသူ အယောက် ၆၀၀ အတွင်းမှ အယောက် ၃၀၀ အား ကာကွယ်ရေး အစီအရင် ရှိရာသို့ ဆွဲယူလိုက်သည်။
ထိုစဉ်မှာပင် အရောင်ငါးမျိုး ကာကွယ်ရေး အစီအရင်သည် ပျက်စီးသွား လေတော့သည်။ ထိုသို့ ပျက်စီးသွားချိန်၌ အနီရောင်ဆံပင်နှင့် လူသည် သူ၏စွမ်းအားများကို အသုံးပြုကာ ဝိညာဉ်အပိုင်းအစ များအား ကျင့်ကြံသူ အယောက် ၃၀၀၏ ခန္ဓာကိုယ်များ အတွင်းသို့ ထည့်သွင်း လိုက်လေတော့သည်။
***
htet myat mathr kg
우와