ဝမ်လင်း၏ အမူအရာသည် လွန်စွာ တည်ငြိမ် နေလေသည်။ သို့သော် သူ၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အပြုံးကား အထင်းသား ပေါ်နေ၏။
ဒူမို မျက်လုံးများသည် တဖြည်းဖြည်း အေးစက်လာသည်။ သူက စကားဝင်ပြောရန် ပြင်လိုက်သော်လည်း လူအိုကြီးက သူ့အား တားဆီးလိုက်သည်။ လူအိုကြီးသည် ဝမ်လင်းအား ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒီ ဟွမ်ယွမ်းသားရဲ ထောင်ချောက်က ဒဏ္ဍာရီလာ ရတနာတစ်ခုပဲ … မင်းအနေနဲ့ ဒီရတနာနဲ့ မလုံလောက်ဘူး ဆိုရင်တော့ ငါ့မှာလည်း ဒီထက် ကောင်းတဲ့ဟာ မရှိတော့ဘူး … ”
ဝမ်လင်း၏ အမူအရာသည် ငြိမ်သက်လျက် ရှိသည်။ သူက သူ့အနားရှိ ကိရိယာများအား တစ်ချက် ကြည့်လိုက်ကာ စကားတစ်ခွန်းမှ မပြောပဲ ရပ်နေလေသည်။
လူအိုကြီးသည် တစ်ချက်မျှ တွေးလိုက်ကာ စကားဆိုသည်။
“ဒီဟာက ငါ့ရဲ့ အသက်ကယ် ရတနာပဲ … ဒါတော့ မင်းကို မပေးနိုင်ဘူး … ဒါပေမဲ့ ထိပ်တန်းစွမ်းအင် ကျောက်တုံး ၁၀ တုံး ပေးနိုင်တယ် … ဒါက မင်းကို ငါတို့ဘက်က ပေးနိုင်တဲ့ အကန့်အသတ် ပမာဏပဲ … ”
ဝမ်လင်းက ထိုသို့ တွန်းအားပေး ရသည်ကို ဘယ်လိုမှ မခံစားရချေ။ ဤလူများ၏ ကျင့်ကြံမှု အဆင့်သည် မခန့်မှန်း နိုင်လောက်သည် အထိ မြင့်မားနေပြီ မဟုတ်ပါလား။ အကယ်၍ သူ့မှာသာ နှစ်ဘဝစာ အတွေ့အကြုံ မရှိလျှင် ထိုမျှ စိတ်တည်ငြိမ်စွာ နေနိုင်မည် မဟုတ်ချေ။
ဝမ်လင်းက အေးစက်စွာ ပြောလိုက်သည်။
“စွမ်းအင်ကျောက်တုံး အခု ၁၀၀…”
“မဖြစ်နိုင်ဘူး…”
လူအိုကြီး၏ ပြန်ပြောသည့် စကားကိုပင် မစောင့်နိုင်တော့ပဲ ဒူမို တစ်ယောက် လျင်မြန်စွာ ပြောလိုက်သည်။ အခြားလူများ သည်လည်း ဝမ်လင်းအား အေးစက်စွာ ကြည့်လိုက်ကြသည်။
သို့သော် ဝမ်လင်းက ဤ အဘိုးကြီးများအား မကြောက်ပါချေ။ သူတို့ ပြန်ပြောလာမည့် စကားများကိုသာ စောင့်နေလိုက်သည်။
အဘိုးကြီးသည် ခေတ္တမျှ တုံ့ဆိုင်းသွားကာ စိတ်ပျက်စွာ ဆိုလာသည်။
“ကျောက်တုံး ၂၀ ပဲ … ဒီထက်ပိုပြီး တိုးမပေး နိုင်တော့ဘူး … ငါ့တို့မှာလည်း ထိပ်တန်းစွမ်းအင် ကျောက်တုံးက အများကြီး မရှိတော့ဘူး … ဒါတောင် မင်း သဘောမတူ သေးဘူးဆိုရင် ငါတို့ကို အဆိုးမဆိုနဲ့တော့ … တခြား နည်းလမ်းတွေ သုံးရလိမ့်မယ် … ”
ဝမ်လင်း၏ အမူအရာသည် တည်ငြိမ်လျက် ရှိသည်။ စကားတစ်ခွန်းမှ မပြောပဲ သူ၏ ညာလက်ကို ဆန့်ထုတ် လိုက်သည်။
အဘိုးကြီးသည် သူ၏ ရင်ဘတ်အား လက်နှင့် ညွှန်လိုက်သည်တွင် အနက်ရောင် မြွေတစ်ကောင် ထွက်ပေါ်လာပြီး သာမန်ဟု ထင်ရသည့် ကြေးကွင်း တစ်ကွင်းက သူ၏ လက်ထဲတွင် ရောက်လာသည်။ ထိုကြေးကွင်းအား ဝမ်လင်းထံသို့ လှမ်းပစ် လိုက်သည်တွင် ဝမ်လင်းကလည်း လှမ်းကာ ဖမ်းယူလိုက်၏။
ဝမ်လင်းက ကြေးကွင်းကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းမှာ လက်ကောက်ဝတ် အရွယ်ခန့်မျှ ရှိကာ ကြောက်မက်ဖွယ် ကောင်းသည့် သားရဲများ၏ ပုံသဏ္ဌာန်များဖြင့် ထွင်းထုထားသည်ကို တွေ့ရသည်။ ထွင်းထုထားသည်မှာ လွန်စွာလက်ရာ မြောက်၍ အမှန်တကယ် အသက်ဝင်နေ သကဲ့သို့ပင် ထင်မှတ်ရလေသည်။
ဝမ်လင်းက သူ၏ နတ်ဘုရား စိတ်အာရုံကို ထုတ်လွှင့်လိုက်ကာ ကြေးကွင်း အတွင်းသို့ ဝင်ရောက် သွားလေသည်။ ထိုအခိုက်တွင် သားရဲတစ်ကောင်၏ ဟိန်းဟောက် မာန်ဖီသံ တစ်ခုအား ကြားလိုက်ရသည်။ ၎င်းက သူ၏ နတ်ဘုရား စိတ်အာရုံအား မထိခိုက်သော်လည်း အနည်းငယ် တုန်ခါသွားသည် ဖြစ်ရာ သူ၏ နတ်ဘုရား စိတ်အာရုံအား လျင်မြန်စွာ ပြန်ရုပ်သိမ်း လိုက်၏။
ဝမ်လင်းက မည်သည့် စိတ်လှုပ်ရှားမှုမျိုးမှ မပြပဲ ထိုအရာကို သိမ်းလိုက်သည်။ ထို့နောက် အဘိုးကြီးအား လှမ်းကြည့် လိုက်သည်။
အဘိုးကြီး၏ လက်အတွင်းတွင် မီးခိုးရောင် သိုလှောင်အိတ် တစ်လုံး ထွက်ပေါ်လာလေသည်။ သူက ၎င်း သိုလှောင်အိတ်အား ဝမ်လင်းထံသို့ လှမ်း၍ ပစ်ပေးလိုက်သည်။ ဝမ်လင်းလည်း အိတ်ကို ဖမ်းယူကာ အတွင်းထဲသို့ ကြည့်လိုက်သည်တွင် ထိပ်တန်းစွမ်းအင် ကျောက်တုံး အတုံး ၂၀ ခန့်အား တွေ့လိုက်ရသည်။ စိတ်စွမ်းအင် လှိုင်းတချို့ သိုလှောင်အိတ် အတွင်းမှ ထွက်လာသည် ကိုလည်း ခံစားမိလိုက်၏။
ထိပ်တန်းစွမ်းအင် ကျောက်တုံးများကို သူ၏ ကိုယ်ပိုင် သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်ကာ မီးခိုးရောင် သိုလှောင်အိတ်အား မြေပြင်ပေါ်သို့ ပစ်လိုက်ပြီး မေးလိုက်သည်။
“ကျွန်တော့်မှာ မေးစရာ တစ်ခုရှိတယ် … တကယ်လို့ ကျွန်တော်က သွေးပင်လယ် သခင်ကို ချိပ်တံဆိပ် အမှတ်အသား အသုံးပြုပြီးသွားရင် ဒီနေရာကနေ ဘယ်လို ထွက်သွားရမလဲ…”
အဘိုးကြီးက ဝမ်လင်း၏ မေးခွန်းကို ကြားသည်တွင် စိုးရိမ်စိတ်များ လျော့ပါးသွား လေသည်။ သူက ဝမ်လင်း တစ်ယောက် ဤမေးခွန်းကို မေးလာမည့် အချိန်ကို စောင့်နေခြင်းပင်။ အကယ်၍ ဝမ်လင်းကသာ ဤမေးခွန်းကို မမေးပဲ နေမည်ဆိုလျှင် သူ့စိတ်ထဲတွင် သံသယများပင် ဝင်မိလိမ့်မည် ဖြစ်၏။
“အဲဒါက လွယ်ပါတယ် … ထာဆန်းကို ချိပ်တံဆိပ် အမှတ်အသားနဲ့ ပိတ်လှောင်ပြီး သွားပြီဆိုရင် ငါတို့ကလည်း ဒီနေရာကနေ ထွက်သွားလို့ရပြီ … ဒီနေရာကနေ ထွက်ခွာလို့ရမယ့် သော့က ဝိညာဉ်သေ ပင်လယ်ထဲမှာ ရှိနေတယ် … အဲဒီချိန်ကျရင် မင်းကလည်း ငါတို့နဲ့ အတူတူပဲ ဖြစ်သွားပြီ ဆိုမှတော့ မင်းလည်း ထွက်သွားလို့ ရပြီပဲ…”
ဝမ်လင်းသည် စိတ်ထဲတွင် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ဤအဘိုးကြီး များသည် လွန်စွာပင် ဉာဏ်နီဉာဏ်နက် များလှ၏။
သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ဝိညာဉ်သေပင်လယ် အတွင်းရှိ အသိဉာဏ် အမွေအနှစ် သည်သာ ဖြစ်သည်။ သို့သော် ဤ အဘိုးကြီး များသည် သူ့အား အရူးလုပ်၍ရမည် ထင်နေကြသည်။
ဝမ်လင်းသည် အေးစက်စွာ ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ကို မယုံကြည်တာတော့ မဟုတ်ပါဘူး … ဒါပေမဲ့ ဒီကိစ္စက ခင်ဗျားတို့လည်း သိတဲ့အတိုင်း အရမ်းအရေးကြီး နေတယ်လေ … ဒီတော့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ သေချာပေါက် ထွက်သွား နိုင်ပါ့မယ်လို့ အာမ မခံနိုင်ဘူး ဆိုရင်တော့ ခင်ဗျားတို့နဲ့ ဘာမှ ဆက်ပြောနေစရာ မရှိတော့ဘူး…”
အဘိုးကြီးသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ကာ ပြောသည်။
“ဒီ အဘိုးကြီးက မင်းကို ပေးထားတဲ့ ကတိကို ပြန်ရုပ်သိမ်းမှာ မဟုတ်ပါဘူး … စိတ်ချပါ…”
ဝမ်လင်းသည် ရပ်နေရာမှ မရွှေ့သေးပေ။ သူ၏ခေါင်းကို ခါယမ်းလိုက်ကာ …
“စီနီယာက စွမ်းအားကြီးမားတဲ့ ဆရာတစ်ယောက်ပါ … ဒီက ဂျူနီယာ လေးက ဘယ်လိုလုပ်ပြီး မယုံကြည်ပဲ နေပါ့မလဲ … ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်ရဲ့ သေခြင်း ရှင်ခြင်းနဲ့ ပတ်သက် နေတယ်လေ… တကယ်လို့ ဒီက ဂျူနီယာလေးက ဒီကိစ္စကို သေချာအောင် လုပ်မထား ခဲ့ရဘူးဆိုရင် ကျွန်တော်တို့ ကြားမှာ သဘောတူညီမှု တစ်စုံတစ်ရာ ပြုလုပ်ထားတယ် ဆိုရင်တောင်မှ ကျွန်တော့်အတွက် စိတ်အေး လက်အေးနဲ့ သစ္စာရှိရှိ မလုပ်နိုင်မှာကိုပဲ စိုးမိပါတယ်…”
ဒူမိုက ချောင်းတစ်ချက် ဟမ့်လိုက်ကာ သတ်ဖြတ်ခြင်း ဆန္ဒများအား ထုတ်ဖော်လိုက်ပြီး ပြောလိုက်သည်။
“ဂျူနီယာလေး … စကားကို လှည့်ပတ် ပြောနေတာက တကယ်ပဲ စိတ်တိုစရာ ကောင်းတယ်နော် … ငါ မင်းကို အရင်ကတည်းက ကတိပေးထား ပြီးသားပဲ … မယုံဘူး ဆိုရင်လည်း အရမ်းကြီးတော့ လွန်မလာနဲ့ … မင်းကို ချက်ချင်း ငရဲကို ပို့ပေးလိုက်မယ် … ”
ရုတ်တရက်ပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင် လက်ဝါးကြီးတစ်ခု ပြုလုပ်လိုက်ပြီး ဝမ်လင်းထံသို့ တိုးဝင်သွား လိုက်သည်။
ဝမ်လင်း၏ အကြည့်တို့သည် အေးစက် လာလေ၏။ သူသည် သူ့ထံသို့ လာနေသော အနက်ရောင် လက်ဝါးကြီးအား တစ်ချက်မျှပင် လှည့်မကြည့်ပေ။ ထိုအစား သူ့ရှေ့ရှိ အဘိုးကြီးကိုသာ စိုက်ကြည့် နေလိုက်သည်။
အနက်ရောင် လက်ဝါးကြီး ဝမ်လင်း၏ ဦးခေါင်းရှေ့ သုံးလက်မခန့် အလိုတွင် ရပ်တန့် သွားလေသည်။ အဘိုးကြီးက သူ၏လက်အား ဝှေ့ယမ်း လိုက်သည်တွင် ဒူမို၏ အနက်ရောင် လက်ဝါးကြီးသည် အနောက်ဘက်သို့ လွင့်စဉ်သွားသည်။
အဘိုးကြီးက ဒူမိုအား မျက်မှောင် ကြုတ်လျက် အေးစက်စက် ကြည့်ကာ ဝမ်လင်းအား ပြောသည်။
“မင်းက ဘာလိုချင်တာလဲ…”
ဝမ်လင်းသည် သူ၏ ဘေးပတ်ဝန်းကျင်ရှိ ကိရိယာများအား တစ်ချက် ကြည့်လိုက်ကာ ပြောသည်။
“ဒီရတနာတွေက စီနီယာတို့ရဲ့ အသက်ကို ကယ်တင်ပေးနိုင်တဲ့ အသက်ကယ် ရတနာတွေလို့ ပြောခဲ့တယ် ဆိုမှတော့ … ဒါတွေကို ဒီက ဂျူနီယာလေးဆီကို ပေးအပ်မယ် ဆိုရင်ရော ဘယ်လိုသဘော ရပါသလဲ … ကျွန်တော် ဒီနေရာကနေ ထွက်ခွာနိုင်ပြီ ဆိုတာနဲ့ ဒီရတနာတွေကို စီနီယာတို့ကို ပြန်ပေးပါ့မယ် … စီနီယာတို့အနေနဲ့ ကျွန်တော့်လို အမြုတေ ဖွဲ့တည်ခြင်း အဆင့်လေးသာ ရှိသေးတဲ့ ဂျူနီယာလေး တစ်ယောက်က ဒီရတနာတွေကို အပိုင်ယူသွားမှာကို စိတ်ပူဖို့ မလိုဘူး ဆိုတာကို ယုံကြည်ပြီးသားပါ … ”
အဘိုးကြီးသည် ဝမ်လင်းအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် တစ်ခဏ အကြာမျှ စဉ်းစားပြီး နောက်တွင် အေးစက်စွာ ပြုံးလိုက်ပြီး ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်း လိုက်သည်တွင် ကိရိယာ ဆယ်ခုတို့သည် သူ၏ လက်အတွင်းသို့ ပျံသန်း ရောက်ရှိ လာကြတော့သည်။ ထို့နောက် ထိုကိရိယာများ အပေါ်တွင် ချိပ်တံဆိပ် အမှတ်အသား တချို့ကို ပြုလုပ်လိုက်ပြီး ဝမ်လင်းဆီသို့ ပစ်ပေး လိုက်လေသည်။
ဝမ်လင်းကလည်း တုံ့ဆိုင်းခြင်း မရှိဘဲ ထိုကိရိယာများကို လှမ်းယူလိုက်၏။ အခြားသိုလှောင်အိတ် တစ်ခုကို ယူလိုက်ပြီး ကိရိယာ ၁၀ ခုလုံးအား သိုလှောင်အိတ် အတွင်းသို့ ထည့်သွင်းလိုက်ကာ အဆိုပါ သိုလှောင်အိတ်အား သေချာဂရုစိုက်၍ သိမ်းထား လိုက်တော့သည်။
သူတို့ ရောက်ရှိနေသည့် နေရာသည် ကိရိယာ ၁၀ ခု၏ စွမ်းအား ထောက်ပံ့ထားခြင်း မရှိတော့သည်တွင် ပျောက်ကွယ် သွားတော့သည်။ အဘိုးကြီးက ဝမ်လင်းအား တစ်ချက် ကြည့်လိုက်ကာ သူ၏လက်ကို ဝှေ့ယမ်း လိုက်သည်တွင် ကြီးမားလှသည့် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ဝမ်လင်း၏ အမူအရာသည် တည်ငြိမ်လျက်ပင် ရှိနေ၏။ ထို့နောက်တွင် သူသည် အက်ကွဲကြောင်းကြီး အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်း ထွက်သွားသည်တွင် ဒူမိုသည် စိတ်ပျက်နေသည့် အမူအရာနှင့် စတင် ပြောလိုက်သည်။
“အစ်ကိုကြီး… ”
“မင်း ပါးစပ်ကို ပိတ်ထား … ”
အဘိုးကြီး၏ ပုံစံသည် ဝမ်လင်းနှင့် စကားပြောနေစဉ်က တည်ငြိမ်နေရာမှ ပြောင်းလဲ သွားတော့သည်။
သူသည်လည်း ဒူမိုအား တစ်ချက် စိုက်ကြည့်လိုက်ကာ အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်သွား လေတော့သည်။
ဒူမို၏ဘေးမှ လူများသည်လည်း အက်ကွဲကြောင်း အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် သွားကြတော့၏။ နောက်ဆုံးအနေနှင့် ဝင်ရောက်သွားသည့် လူမှာ နက်မှောင်သော မျက်နှာရှိသည့် လူဖြစ်သည်။ သူသည် အက်ကွဲကြောင်း အတွင်းသို့ မဝင်ရောက်မီတွင် ဒူမိုအား ကြည့်ကာ ပြောလိုက်သည်။
“ဒူမို … မင်း အခုထိ နားမလည် သေးဘူးလား … အဲဒီ ဉာဏ်နီဉာဏ်နက်များတဲ့ ကောင်လေးက ငါတို့ အစီအစဉ် တစ်ခုလုံးကို တစ်ခုမကျန် သိသွားပြီလေ … သူက ငါတို့က သူ့ကို အသက်ရှင်လျက် ထားဖို့ လိုအပ်တယ် ဆိုတာ သိသွားပြီ … မင်းက ဒါလေးတောင် မရိပ်မိပဲ ရှက်စရာကောင်းတဲ့ ကိစ္စကိုတောင် လုပ်လိုက်သေးတယ်… ငါကတော့ ငါတို့ရဲ့ မျှော်လင့်ချက်တွေ အမှန်တကယ် ဖြစ်လာဖို့ ဒီကောင်လေး ပေါ်ကိုပဲ ပုံအပ်လိုက်ပြီ … အစ်ကိုကြီးကလည်း ဒီအချိန်ကို စောင့်နေခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ … လူတွေကသာ ထာဆန်း အပေါ်ကို အခုလောက်ထိ သစ္စာ ရှိမနေကြဘူး ဆိုရင် ကိစ္စတွေကလည်း အခုလိုမျိုး ခက်ခဲလာမှာ မဟုတ်ဘူး … ”
ထိုလူသည် ဒူမို အား စကားပြောပြီးသည်တွင် အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက် သွားလေသည်။ ဒူမိုသည်လည်း တစ်ချက်မျှ စဉ်းစားလိုက်ကာ အက်ကွဲကြောင်း အတွင်းသို့ လိုက်ပါ ဝင်ရောက် သွားတော့၏။
ဝမ်လင်းသည် အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက် လိုက်သည်တွင် သူ့ရှေ့တွင် သွေးနီရောင်များဖြင့် ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် သူ၏ မျက်လုံးများအား ဆွဲဆောင် ထားသည်မှာ ကြီးမားလှသည့် ကျောက်တိုင်ကြီးများပင် ဖြစ်သည်။ အထူးခြားဆုံး တစ်ခုမှာ ကောင်းကင်ဘုံသို့ တိုင်အောင် ရောက်သည်အထိ မြင့်မားသည်ဟုပင် ထင်နေရလေသည်။ ဤကျောက်တိုင်များကို ကြည့်သည်တွင် ဝမ်လင်း၏ စိတ်သည် စတင်လှုပ်ရှား လာတော့သည်။
ဤနေရာသည်ကား အမှန်တကယ်ပင် သွေးပင်လယ် ဖြစ်နေသည် မဟုတ်ပါလား။
ဝမ်လင်း၏ မျက်လုံးသည် ကျောက်တိုင်ထိပ်တွင် ရပ်နေသည့် လူ အပေါ်သို့ ရောက်ရှိ သွားသည်။ ထိုလူတွင် သွေးနီရောင် ဆံပင်များ ရှိနေသည်။ ဝင့်ကြွားသည့် အရှိန်အဝါ များသည် ထိုလူ့ထံမှ ထွက်ပေါ်နေသည်ကို ခံစားနေရသည်။ တစ်ချက်မျှ ကြည့်အပြီးတွင် ဝမ်လင်းသည် အသက်များပင် မရှူနိုင်သကဲ့သို့ ခံစားလိုက်ရသည်။
ထိုအခိုက်တွင် ဒူမိုတို့အဖွဲ့ အပါအဝင် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများလည်း ရောက်ရှိလာကြသည်။ သွေးပင်လယ် အတွင်းသို့ ဝင်ရောက်လာပြီး နောက်တွင် သူတို့သည် ကျောက်တိုင်များ ထက်တွင် ထိုင်ချလိုက်ကြသည်။
နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ များသည်လည်း ကိုယ်ပိုင် ကျောက်တိုင်များ အသီးသီး ရှာဖွေလိုက်ကြကာ ထိုင်ချလိုက်ကြပြီး ဝမ်လင်းအား စိုက်ကြည့် နေကြလေသည်။ သွေးပင်လယ် အတွင်းရှိ လူအားလုံးသည် ထိုင်နေကြသော်လည်း ဝမ်လင်း တစ်ယောက်သာ လေထဲတွင် ပျံသန်းနေသည်။
ဝမ်လင်းသည် သူ၏ ဘေးပတ်ဝန်းကျင် တစ်ခုလုံးအား လှည့်ပတ် ကြည့်ရှုကာ စစ်ဆေးလိုက်သည်တွင် အနည်းဆုံး ကျင့်ကြံသူပေါင်း တစ်ထောင်ခန့်မျှ ရှိသည်ကို တွေ့လိုက်သည်။ ထိုကျင့်ကြံသူများ ထဲတွင် ခါးကုန်းကြီးမုံ့၊ သွမ့်မူကျိ၊ ဝမ်ချင်းယွဲ့နှင့် ကောင်းကင်နတ်ဆိုး ပညာရှင်တို့ ကဲ့သို့သော် သူသိသည့် သူများကိုလည်း တွေ့မြင်နေရသည်။
ထိုအခိုက်တွင် အနီရောင် ဆံပင်နှင့်လူ၏ ရှေ့တွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ အရပ် ရှည်ရှည်နှင့် လူသည် အက်ကွဲကြောင်းထဲမှ ထွက်လိုက်သည်။ ထိုလူသည် ဝမ်လင်းအား စိတ်အား ထက်သန်စွာ ကြည့်လိုက်သည်။ ထို့နောက် ဆံပင်အနီရောင်နှင့် လူအား ပြောသည်။
“ဆရာ သူက ဝိညာဉ်စားသုံးသူ တစ်ယောက်ပါ … ”
ထိုသို့ပြောပြီး အနီးရှိ ကျောက်တိုင်ထက်တွင် ဝင်ထိုင်လိုက်သည်။
ဝမ်လင်းက ထိုလူအား တစ်ချက် ကြည့်လိုက်သည်တွင် ထိုလူသည် ကြီးမားလှသည့် လေလွင့် ဝိညာဉ်တစ်ယောက် ဖြစ်သည်ကို သတိထားမိ လိုက်သည်။
ဆံပင် အနီရောင်နှင့် လူထံမှ အသံအက်အက် တစ်ခု ထွက်လာသည်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
“ဝိညာဉ် စားသုံးသူ လား … ”
သူ၏ ခေါင်းကို မော့ကြည့် လိုက်သည်တွင် သွေးပင်လယ် တစ်ခုလုံး လှုပ်ယမ်းသွားသည်။ ကျောက်တိုင်များမှ မရေမတွက် နိုင်အောင် များပြားလှသည့် သွေးများ ပန်းထွက်လာသည်။ ထို့နောက်တွင်တော့ ကမ္ဘာတစ်ခုလုံးသည် သွေးများနှင့်သာ ပြည့်နှက် နေလေတော့သည်။
သူ၏ မျက်လုံး များမှာလည်း အဆုံးအရှိ စွမ်းအားများ ပိုင်ဆိုင်နေသည့် အလားပင်။ ထို့နောက် ဝမ်လင်းအား ကြည့်သည်တွင် နတ်ဆိုးဆန်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
ဝမ်လင်းက အနီရောင် ဆံပင်နှင့်လူက သူ့အား ကြည့်သည့်အခါတွင် မမြင်နိုင်သည့် စွမ်းအား တချို့က သူ့အားထိန်းချုပ်ရန် ကြိုးစားလာသည်ကို ခံစားမိလိုက်သည်။ ထိုအခိုက်မှာပင် သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှား၍ မရတော့သည်ကိုလည်း သိလိုက်၏။
“ဒီဝိညာဉ် အပိုင်းအစတွေကို စုပ်ယူဝါးမျိုပြီး ငါ့ကို ပိတ်လှောင်ထားတဲ့ ချိပ်တံဆိပ် အမှတ်အသားကို ချိုးဖျက်ဖို့ လုပ်ဆောင် ပေးမလား ဒါမှမဟုတ် သေမလား…”
ဆံပင်အနီရောင်နှင့် လူသည် ထိုစကားများကို ပြောပြီးသည်တွင် သူ၏ လက်ကို နဖူးဆီသို့ ညွှန်လိုက်သည်။ ထိုစဉ်သူ၏ မျက်နှာထက်တွင် နာကျင်သည့် အမူအရာများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ် တုန်ရီနေပြီး အနီရောင် အလင်းတန်း တစ်ခုကို သူ၏ ခန္ဓာကိုယ် အတွင်းမှ ဆွဲထုတ်လိုက်သည်။ သွေးနီရောင် အလင်းတန်းသည် ဝမ်လင်း၏ ရှေ့တွင် လွင့်မြော နေသည်ကို တွေ့နေရသည်။
ဆံပင် အနီရောင်နှင့် လူသည် အနီရောင် အလင်းတန်းအား ထုတ်ယူ အပြီးတွင် ခက်ခဲပြင်းထန်စွာ အသက်ရှူ နေရသည်။ အတန်ကြာမှ ပုံမှန် အသက်ရှူလာ နိုင်လေသည်။
အနီးရှိ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ အားလုံးသည် ကြောက်ရွံ့မှု၊ မနာလိုမှုများ ရောထွေးနေသော ခံစားချက်များဖြင့် သူတို့ရှေ့မှ အနီရောင် အလင်းတန်းအား စိုက်ကြည့် နေကြသည်။ အနီရောင် ဆံပင်နှင့်လူ၏ ခန္ဓာကိုယ် သည်လည်း တစ်ဖန်တုန်ခါ လာပြန်သည်။ သူ၏ ရှုပ်ထွေးနေသည့် ဆံပင်များ အကြားမှ ဝမ်လင်းအား စူးစိုက်၍ ကြည့်နေလေသည်။
ဝမ်လင်းက အံ့အားသင့်သွား သော်လည်း သူ၏ အမူအရာမှ ပြောင်းလဲခြင်း မရှိချေ။ ထို့နောက် သူက အေးစက် တည်ငြိမ်စွာ ပြောသည်။
“ကျွန်တော့်အနေနဲ့ ခင်ဗျားကို ကူညီပေးလို့ရတယ် … ဒါပေမဲ့ ခင်ဗျားရဲ့ ချိပ်တံဆိပ် အမှတ်အသားကို ချိုးဖျက် ပြီးသွားရင် ကျွန်တော့်ကို ဒီနေရာကနေ ထွက်သွားဖို့ ကူညီပေးရမယ်…”
ဆံပင်အနီရောင်နှင့် လူက ဝမ်လင်းအား ကြည့်ကာ ခေါင်းညိတ် လိုက်သည်။
ဝမ်လင်းကလည်း ဆံပင်အနီရောင်နှင့် လူအား သတိထားကာ ပြန်ကြည့် လိုက်သည်။ ထို့နောက် ဂျိနယ်ပယ် စိတ်ဝိညာဉ်အား ထုတ်လိုက်ကာ ကြီးမားလှသည့် ပါးစပ်ကြီးတစ်ခု အသွင်ပြောင်း သွားပြီး အနီရောင် အလင်းတန်းအား မျိုချလိုက်တော့သည်။
ထိုအခိုက် သူ၏ ဝိညာဉ်က မခံမရပ်နိုင်အောင် ပြင်းထန်လှသည့် နာကျင်မှု တစ်ခုအား ခံစားလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ခါလာတော့သည်။ အချိန်အနည်းငယ် ကြာပြီးသည်တွင် နာကျင်မှုကို မခံစားရတော့ချေ။ ဝမ်လင်းလည်း သူ၏ဝိညာဉ်အား စစ်ဆေး ကြည့်လိုက်ရာ မူလ အရွယ်အစားထက် နှစ်ဆခန့်ပိုမို ကြီးမားနေသည်ကို သတိထားမိ လိုက်သည်။
ဝမ်လင်း၏ မျက်နှာထက်တွင် ကြောက်ရွံ့ခြင်း ကင်းမဲ့သည့် အမူအရာ ထွက်ပေါ်လာသည်။ အဘယ်ကြောင့် ဆိုသော် စွမ်းအား အမွေအနှစ်နှင့် အသိဉာဏ် အမွေအနှစ်တို့သည် တစ်ဦးနှင့်တစ်ဦး အပေါ်တွင် မတူညီကြချေ။ တူညီသည့် အမွေအနှစ်ကို ဆက်ခံရရှိထားသည့် လူနှစ်ယောက်သည်ပင် တစ်ယောက်နှင့် တစ်ယောက် အမွေအနှစ် များအား ဆက်ခံထားသည်ကို သေချာသတိ မထားမိလျှင် သိနိုင်ခြင်း မရှိသည်ကို သူသိထားသည် မဟုတ်ပါလား။
ဤနည်းလမ်း အားဖြင့် ဝမ်လင်း ကိုယ်တိုင်သာမက အခြားသူများပင် သူထံတွင် အမွေအနှစ် အစိတ်အပိုင်း တချို့ ရရှိထားသည်ကို သိကြလိမ့်မည် မဟုတ်ချေ။
အနီရောင် အလင်းတန်းများ အနေနှင့်ကတော့ ဒူမို တို့အဖွဲ့၏ ပြောစကားများ အရဆိုလျှင် ၎င်းအလင်းတန်းမှာ ရှေးဟောင်းနတ်ဘုရား ဝိညာဉ်၏ အစိတ်အပိုင်း တစ်ခုဟု သိထားလေသည်။ ထိုအရာသာ အမှန်တကယ် ရှေးဟောင်း နတ်ဘုရား၏ ဝိညာဉ် အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါက အခြားသူများက ကြောက်ရွံ့ ကြလိမ့်မည် ဖြစ်သော်လည်း ဝမ်လင်းအနေနှင့် သူသည် ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်နေသည့် အတွက် ကိစ္စမရှိပေ။ ထိုဝိညာဉ်ကို သူ့အတွက်ပင် ဝါးမျိုပစ်လိုက်၍ ရပေသည်။
ဝိညာဉ် အစိတ်အပိုင်းသည် ဝါးမျိုခံလိုက်ရသည်ကို သိလျှင် ဆံပင်အနီရောင်နှင့် လူသည် ဝမ်လင်းအား အေးစက်စွာ ကြည့်လိုက်သည်။ အတန်ငယ် ကြာအောင် စိုက်ကြည့်ပြီးမှ စကားဆိုသည်။
“မင်းက ဝိညာဉ် စားသုံးသူ တစ်ယောက် ဖြစ်နေတဲ့အပြင် ဝိညာဉ်အမြုတေ မဖွဲ့စည်းရ သေးတာတောင်မှ ဒီဝိညာဉ် အပိုင်းအစတွေကို ဝါးမျိုပစ်နိုင်တယ် ဆိုတော့ တကယ်ကို မဆိုးဘူးပဲ … လေလွင့်ဝိညာဉ် … သူ့ကို ဝိညာဉ်အမြုတေ ဖွဲ့စည်းနိုင်အောင် ကူညီပေးလိုက်ပါ … ”
လူတစ်ဦး အသွင်သို့ ပြောင်းထားသော လေလွင့်ဝိညာဉ်၏ ခန္ဓာကိုယ်မှာ တုန်ခါ သွားလေသည်။ သူသည် အနည်းငယ်မျှ တုံ့ဆိုင်း နေသော်လည်း လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်ကာ ပြောလိုက်သည်။
“အရှင့်ဆန္ဒ အတိုင်းပါ … ”
ထို့နောက် သူ၏နဖူးအား လက်ဖြင့် ညွှန်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွား လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ နဖူးမှ အနီရောင် အလုံးတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုအနီရောင် အလုံးလေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုက်နက်ပင် သူ၏ ခန္ဓာကိုယ် သည်လည်း ပျက်စီးသွားကာ လေလွင့်ဝိညာဉ် ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ အချိန်အနည်းငယ် ကြာပြီးမှ လူသားတစ်ဦး အသွင်သို့ ဖြည်းညင်းစွာ ပြန်လည်ဖွဲ့စည်း နိုင်သွားသည်။
ထိုစဉ် ဝမ်လင်း၏ ဂျိနယ်ပယ် စိတ်ဝိညာဉ် သည်လည်း ထွက်ပေါ်လာကာ အနီရောင် အလုံးလေးအား လျင်မြန်စွာ ဝါးမျိုလိုက်တော့သည်။ ထိုအနီရောင် အလုံးလေးတွင် လေလွင့်ဝိညာဉ်၏ များပြားလှသည့် ဝိညာဉ်စွမ်းအားများ ပါဝင်လေသည်။ ဝမ်လင်း သည်လည်း အဆိုပါ ဝိညာဉ်စွမ်းအားများကို လျင်မြန်စွာ စုပ်ယူလိုက်၏။ နာရီဝက်ခန့် အကြာတွင် သူဝါးမျိုလိုက်သည့် ဝိညာဉ်စွမ်းအား များကို ကုန်စင်အောင် စုပ်ယူနိုင် လိုက်တော့သည်။
ဝမ်လင်းသည် သူ၏ ဝိညာဉ်မှာ ရုတ်တရက် အဆပေါင်းများစွာ ကြီးမား လာသည်ကို ရှင်းလင်းစွာ ခံစားနေရလေသည်။
အနီရောင်ဆံပင်နှင့် လူသည် အတန်ငယ် စဉ်းစားလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
“လေလွင့်ဝိညာဉ် … ဆက်လုပ်စမ်း … ”
လေလွင့်ဝိညာဉ် သည်လည်း ခါးသက်စွာ ရယ်လိုက်သည်။ သူသည် ဝမ်လင်းအား ဝိညာဉ်အမြုတေပင် မရှိသည့် ဝိညာဉ် စားသုံးသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူသိလိုက်သည့် အချိန်တွင်ကား အချိန်နှောင်းသွား ခဲ့လေပြီ။ လေလွင့်ဝိညာဉ်က ဝမ်းနည်း စိတ်ပျက်စွာ တွေးလိုက်သည်။ ဤဝိညာဉ် စားသုံးသူသည် တစ်ခုခုတော့ တစ်ခုခုပင်။ ဝိညာဉ်စွမ်းအင်လုံး တစ်ခုနှင့်ပင် သည်ကောင်လေးသည် ဝိညာဉ်အမြုတေ ဖွဲ့စည်းရန် မလုံလောက်သေးပေ။
ဝိညာဉ်အမြုတေ ဆိုသည်မှာ ဝိညာဉ် စားသုံးသူများက သတ်မှတ်ထားသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီး လုံလောက်သည့် ဝိညာဉ်ပမာဏကို ဝါးမျိုပြီးသည့် အချိန်မှသာ ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်လေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဝိညာဉ်စားသုံးသူ တစ်ယောက်သည် ဝိညာဉ်များအား ပိုမိုဝါးမျိုနိုင်လေ ဝိညာဉ်အမြုတေ ဖွဲ့စည်းနိုင်ချေ ပိုများလေဖြစ်၏။
ပုံမှန်အားဖြင့် ဝိညာဉ်စားသုံးသူ အများစုသည် ဝိညာဉ်အမြုတေ ဖွဲ့စည်းရန် ထိုမျှ အချိန်ကြာအောင် မစောင့်ဆိုင်းကြချေ။
ဝိညာဉ်အမြုတေ ရှိသည့် ဝိညာဉ်စားသုံးသူ များနှင့် မရှိသည့် ဝိညာဉ်စားသုံးသူ များအကြားရှိ ကွာခြားချက်မှာ ဝိညာဉ်အမြုတေ ရှိသော ဝိညာဉ်စားသုံးသူ များသည် လေလွင့် ဝိညာဉ်များကို ဖန်တီး နိုင်ကြခြင်းပင် ဖြစ်သည်။
လေလွင့်ဝိညာဉ်က ခါးသက်စွာ ရယ်မောလိုက်ပြီး နဖူးဆီသို့ လက်ကို ညွှန်လိုက်သည်တွင် နောက်ထပ် အနီရောင် အလုံးတစ်လုံး ထွက်ပေါ် လာပြန်သည်။ သူ၏ ခန္ဓာကိုယ် သည်လည်း နောက်တစ်ကြိမ် ထပ်ပြီး ပျက်စီးပျောက်ကွယ် သွားပြန်သည်။
သို့သော် ဤအကြိမ်တွင်တော့ လူသားအသွင် ပြန်ရဖို့ အချိန်သည် ယခင်ကထက် ပိုကြာမြင့်လာသည်။
ဤအကြိမ်တွင်တော့ သူ၏ အသက်ရှူသံ များပင် ပုံမှန် မဟုတ်တော့ချေ။ သာမန် လေလွင့်ဝိညာဉ် များထက် သန်မာနေသေး သော်လည်း ယခင် အခြေအနေနှင့် ယှဉ်လျှင် များစွာ နိမ့်ကျသွားပြီ ဖြစ်သည်။
ဝမ်လင်း၏ မျက်လုံးများမှာ အရောင်တစ်ချက် လက်သွားသည်။ သူ၏ ဝိညာဉ်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ကာ အနီရောင် အလုံးလေးအား ဝါးမျိုစုပ်ယူ လိုက်ပြန်သည်။ ဤတစ်ကြိမ် တွင်တော့ ကွဲပြားခြားနားသည့် ခံစားမှုတစ်ခုအား ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်သည် ပိုမိုကြီးမား မလာသော်လည်း သေးငယ်သည့် အမှုန်လေး အချို့က စတင်ဖွဲ့စည်း လာနေသည်ကို ခံစားမိလေသည်။
အနီရောင် ဆံပင်နှင့်လူက မျက်မှောင် ကြုတ်လိုက်သည်။ ဝိညာဉ် စားသုံးသူ တစ်ယောက်သည် ဝိညာဉ်အမြုတေ မရှိလျှင် များပြားလှသည့် ဝိညာဉ်အပိုင်းအစ များအား ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်ချေ။ သို့သော် သူ့ရှေ့မှ ဤကောင်လေး သည်ကား ဝိညာဉ်စွမ်းအင်လုံး ၂ လုံး အထိ ဝါးမျိုစုပ်ယူ ခဲ့တာတောင်မှ ယခုမှ ဝိညာဉ်အမြုတေ စတင်ဖွဲ့စည်းသည့် အဆင့်သို့သာ ရောက်သေးသည်ကို တွေ့ရ၏။
ထိုဝိညာဉ် စွမ်းအင်လုံး ၂ လုံးသည် လေလွင့်ဝိညာဉ်၏ များပြားလှသည့် ဝိညာဉ်စွမ်းအားများ ပါဝင်လေသည်။
အနီရောင် ဆံပင်နှင့်လူက အတန်ငယ် စဉ်းစားလိုက်သည်။ အတွေးတချို့က သူ၏ခေါင်းထဲတွင် ပေါ်လာလေသည်။
ထို့နောက် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ကာ လေလွင့် ဝိညာဉ်အား ဆုပ်ကိုင်လိုက်သည်။ ဤသည်တွင် လေလွင့်ဝိညာဉ်သည် အလွန် ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် သည်လည်း တစ်ချက် တုန်ခါသွားကာ ဝိညာဉ်စွမ်းအင်လုံး အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။ အနီရောင်ဆံပင်နှင့် လူသည် ထိုဝိညာဉ် စွမ်းအင်လုံးအား ဆွဲယူလိုက်ကာ ဝမ်လင်းထံသို့ ပစ်ပေးလိုက် လေတော့သည်။ အဆိုပါ ဝိညာဉ် စွမ်းအင်လုံးသည် လေလွင့်ဝိညာဉ်၏ အသက်ဓာတ်မှ ဖြစ်ပေါ်လာခြင်းပင်။
ထိုဝိညာဉ် စွမ်းအင်လုံးအား စုပ်ယူဝါးမျို အပြီးတွင် ဝမ်လင်း၏ ဝိညာဉ်နယ်ပယ် အတွင်းတွင် ဆန်စေ့ခန့် အရွယ်အစားရှိသည့် အမှုန်လေးများသည် တဖြည်းဖြည်း ကြီးထွားလာကာ လက်သည်းခွံ အရွယ်ထိသို့ ရောက်လာကြသည်။
ရုတ်တရက် ဝမ်လင်း၏ စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ဂျိနယ်ပယ် ဝိညာဉ်သည် ရုတ်တရက် တုန်ခါသွားကာ လက်သည်းခွံ အရွယ်ခန့်အထိ ပြောင်းလဲသွားပြီး သူ၏ မျက်ခုံး နှစ်ခုအကြားသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားလေတော့သည်။
ဝမ်လင်း၏ မျက်လုံးများသည် တစ်ချက်မျှ တောက်ပသွားသည်။ ထိုအခိုက်တွင် သူသည် လေလွင့် ဝိညာဉ်များကို ဖန်တီးနိုင်သည့် အစစ်အမှန် ဝိညာဉ် စားသုံးသူ တစ်ယောက် ဖြစ်သွားပြီ ဖြစ်၏။ နောက်ဆုံးတွင်တော့ သူ့ထံတွင် ဝိညာဉ်အမြုတေ ပိုင်ဆိုင်ပြီ ဖြစ်သည်။
အနီရောင် ဆံပင်နှင့်လူသည် မျက်ဝန်းများပင် ကျဉ်းမြောင်း သွားသည်။ ထို့နောက် သူ၏ ညာလက်ကို ဝှေ့ယမ်း လိုက်သည်တွင် သူ့ရှေ့ရှိ လေထုထဲတွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏ လက်များကို လျင်မြန်စွာ လှုပ်ရှား လိုက်သည်တွင် သွေးပင်လယ်ကြီး တစ်ခုလုံး လှုပ်ယမ်းသွားကာ ကြီးမားလှသည့် ပုံသဏ္ဌာန် တစ်ခုက အက်ကွဲကြောင်း အတွင်းမှ ထွက်ပေါ် လာတော့သည်။
ထိုကြီးမားသည့် ပုံသဏ္ဌာန်ကြီးက အက်ကွဲကြောင်း အတွင်းမှ ထွက်ပေါ် လာသည်တွင် ဝမ်လင်း၏ စိတ်ထဲတွင် ဝိညာဉ်စားသုံးသူ တစ်ယောက်၏ အငွေ့အသက်များအား ခံစားမိလိုက်သည်။ ဤအရာကြီး သည်ကား တတိယ နယ်မြေအတွင်းမှ ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပါချေ။
မကြာခင်မှာပင် ပုံသဏ္ဌာန်ကြီး တစ်ခုလုံးသည် အက်ကွဲကြောင်း အပြင်ဘက်သို့ ထွက်လာသည်တွင် တိမ်တိုက်ကြီး တစ်ခုဖွယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အနီရောင် ဆံပင်နှင့်လူသည် ခေါင်းတစ်ချက် မော့ကြည့် လိုက်သည်။ သူ၏ မျက်လုံးထဲတွင်လည်း အလင်းရောင် တစ်ချက် လက်သွားလေသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ သွေးနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ် လာတော့သည်။ ထိုစဉ် သွေးနီရောင်မြူခိုး တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ခန္ဓာကိုယ် တစ်ခုလုံးအား ကာကွယ်ပေးထား လေတော့သည်။ မျက်နှာထက် တွင်လည်း မခံမရပ်နိုင်အောင် နာကျင်နေသည့် အမူအရာများကို တွေ့မြင်နေရသည်။ အချိန်အတန်ငယ် ကြာမြင့်ပြီးသည့် နောက်တွင် သူ၏ခေါင်းကို မော့လိုက်သည်။ မျက်နှာမှာလည်း သွေးရောင် သန်းနေလေသည်။ ထို့နောက် အက်ကွဲသည့် အသံတစ်ခု ထွက်ပေါ် လာတော့သည်။
“ထွက်လာခဲ့စမ်း … ထူစီ ရဲ့ ဝိညာဉ် အပိုင်းအစတွေ ထွက်လာခဲ့စမ်း … ”
သူ့အသံ ဆုံးသွားသည်နှင့် တစ်ပြိုက်နက် မရေမတွက် နိုင်သည့် အနီရောင် အလင်းတန်းများက ခန္ဓာကိုယ်အတွင်းမှ ရုန်းကန် ထွက်လာ ကြတော့သည်။ ယင်းအနီရောင် အလင်းတန်းများသည် အပြင်သို့ ရောက်သည်နှင့် စက်ဝိုင်းပုံသဏ္ဌာန် စတင်လည်ပတ် လာကာ အနီရောင် လေဆင်နှာမောင်း တစ်ခုသဖွယ် ပြောင်းလဲသွားကြ၏။ ယင်းအနီရောင် အလင်းတန်းများတွင် နတ်ဆိုး အရှိန်အဝါ အငွေ့အသက်များ ပါဝင်နေလေသည်။
ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံးရှိ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ အားလုံးသည် ကြောက်ရွံ့စိတ်များဖြင့် ခေါင်းများကိုငုံ့ကာ နေနေကြလေသည်။ ဒူမို၏ အဖွဲ့မှလူများမှ လွဲ၍ အခြားသူများ အားလုံးသည် အနီရောင် အလင်းတန်းအား ထိတ်လန့် တုန်လှုပ်စွာ ကြည့်နေကြ တော့သည်။
ထိုစဉ်မှာပင် ဝိညာဉ်စားသုံးသူ၏ အရိပ်ကြီးသည် ကြီးမားသည့် ပါးစပ်ကြီးတစ်ခု အသွင်သို့ ပြောင်းလဲသွားသည်။
ပါးစပ်ကြီးသည် ကြီးမားသည်ထက် ကြီးမားလာကာ နောက်ဆုံးတွင် ရပ်တန့် သွားလေသည်။ ၎င်းပါးစပ်ကြီးသည် အနီရောင်ဆံပင်နှင့် လူရှေ့ရှိ အနီရောင် အလင်းတန်း များအား စုပ်ယူဝါးမျို လိုက်လေတော့သည်။
သို့သော် ထို အခိုက်မှာပင် အနီရောင် အလင်းတန်းများသည် စတင် တောက်ပလာကာ အနီရောင် ဆံပင်နှင့်လူအား စတင် လှည့်ပတ်တော့သည်။ ထိုသို့ လှည့်ပတ်နေရာမှ အလင်းတန်းများသည် အနီရောင် ဆံပင်နှင့်လူ အနီးသို့ တဖြည်းဖြည်း နီးကပ်လာသည်။ ထိုသို့ နီးကပ်လာတိုင်း အနီရောင် ဆံပင်နှင့်လူ၏ ခန္ဓာကိုယ်သည် စတင် တုန်ခါလာ လေတော့သည်။
ထိုအခိုက်တွင် အနီရောင် အလင်းတန်းများသည် သွေးပင်လယ်မှ ထွက်ပေါ်လာကာ ဝိညာဉ်စားသုံးသူမှ ဝါးမျိုလိုက်သည့် အလင်းတန်းများ နေရာတွင် အစားထိုး ဝင်ရောက်လာကြပြီး ဆံပင် အနီရောင်နှင့်လူအား လှည့်ပတ်ပြန်သည်။
ဝိညာဉ်စားသုံးသူ ခန္ဓာကိုယ်သည် ဝိညာဉ်အပိုင်းအစ ၁၀ ခု ကျော်ခန့်ကို ဝါးမျိုပြီးသွား သည်တွင် စတင်နီမြန်း လာတော့သည်။ ဝါးမျိုထားသည့် ဝိညာဉ်အပိုင်းအစ များအား အစာချေဖျက်နိုင်ရန် အချိန်ပိုမို လိုအပ်ပြီး နောက်ထပ် ဝိညာဉ်အပိုင်းအစ များအား ဝါးမျိုနိုင်ခြင်း မရှိတော့သည်မှာ ထင်ရှားလှ၏။
ဆံပင်အနီရောင်နှင့် လူသည် နာကျင်မှုများအား အံကြိတ် ခံစားလိုက်ကာ ဝမ်လင်းအား ကြည့်လိုက်သည်။
ထိုအခိုက်တွင် ဝမ်လင်းသည် အဘယ်ကြောင့် ဝိညာဉ်စားသုံးသူ နှစ်ယောက် လိုအပ်သည်ကို နားလည်သွားသည်။
ဝိညာဉ် စားသုံးသူ တစ်ယောက်တည်း ဆိုလျှင် စုပ်ယူဝါးမျို ထားသည့် ဝိညာဉ် အပိုင်းအစအား အောင်မြင်စွာ မချေဖျက်နိုင် ခင်မှာပင် သွေးပင်လယ်မှ နောက်ထပ် ဝိညာဉ် အပိုင်းအစများ ထွက်ပေါ် လာလိမ့်မည် ဖြစ်သည်။ ဤနည်းလမ်းသည် ချိပ်တံဆိပ် အမှတ်အသားကို မဖယ်ရှား နိင်သည့်အပြင် ဝိညာဉ် အပိုင်းအစများပင် ပိုမိုများပြား လာဦးမည် ဖြစ်သည်။
ထို့ကြောင့် စုပ်ယူဝါးမျို ထားသော ဝိညာဉ် အပိုင်းအစများအား ချေဖျက်နေစဉ်တွင် နောက်ထပ် ဝိညာဉ်စားသုံးသူ တစ်ယောက်က သွေးပင်လယ်မှ ထွက်ပေါ်လာမည့် ဝိညာဉ်အပိုင်းအစ များအား စုပ်ယူဝါးမျိုပေးရန် လိုအပ်လေသည်။
သို့သော် ဝိညာဉ် စားသုံးသူ နှစ်ယောက်တည်းနှင့် ထိုနည်းလမ်းအား လုပ်ဆောင်နိုင်ရန်မှာ ဖြစ်နိုင်ပါမည်လော။
ထိုသို့ ဆိုလျှင်တောင်မှ အောင်မြင်နိုင်ချေသည် အလွန်နည်းပါးလှ၏။
***
😶🌫️