Switch Mode

အပိုင်း( ၂၁၁)

မျှော်လင့်မထားသော

သက်လတ်ပိုင်း လူကြီးသည် ဝမ်လင်းအား တစ်ချက် ကြည့်လိုက်ကာ အက်ကွဲကြောင်း ထဲသို့ ဝင်ရောက် သွားလေသည်။

ဝမ်လင်းလည်း ဘာမှမပြောပဲ တိတ်ဆိတ်စွာ နေလိုက်ကာ အက်ကွဲကြောင်း ထဲသို့ လိုက်ပါ ဝင်ရောက်သွားသည်။

ထို့နောက်တွင်တော့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ များမှာလည်း အက်ကွဲကြောင်း အတွင်းသို့ လိုက်ပါ ဝင်ရောက်ရန် နောက်မှ လိုက်သွား ကြလေသည်။ သို့သော် အက်ကွဲကြောင်း အနီးသို့ ရောက်လျှင် ရောက်ချင်းမှာပင် အက်ကွဲကြောင်းကြီးရှိ ဝင်ပေါက်သည် စတင် ပိတ်သွားလေ တော့သည်။ မျက်စိတစ်မှိတ် အချိန်လေးမှာပင် အက်ကွဲကြောင်း ကြီးသည် သဲလွန်စ တစ်စုံတစ်ရာ မကျန်ရစ်ပဲ ပျောက်ကွယ် သွားသည်။ အက်ကွဲကြောင်းထဲသို့ ဝမ်လင်းနှင့် ဒူမို တို့မှလွဲ၍ အခြား မည်သူမှ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။

အက်ကွဲကြောင်း ပျောက်ကွယ် သွားသည်နှင့် ဝမ်လင်း၏ ရှေ့တွင် ထွက်ပေါ်လာသော အရာသည် သူမျှော်လင့်ထား သကဲ့သို့ သွေးပင်လယ် မဟုတ်ချေ။ ခရမ်းရင့်ရောင် အလင်းရောင်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်နေလေ၏။ ဤနေရာသည် ကြီးမားခြင်း မရှိပေ။ အကျယ်အားဖြင့် ပေ ရာဂဏန်းခန့်မျှသာ ရှိသည်။ ထောင့်လေးထောင့်တွင် ထူးဆန်းသည့် ပုံသဏ္ဌာန် ရှိသည့် ကိရိယာများက မျောလွင့် နေကြသည်ကို တွေ့ရ၏။ နူးညံ့သိမ်မွေ့သည့် အလင်းလှိုင်း လေးများက ထိုကိရိယာများမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ကိရိယာတစ်ခုစီ၏ နံဘေးတွင် ကျင့်ကြံသူ တစ်ဦးစီ ထိုင်နေကြသည်။ ထိုကျင့်ကြံသူများ၏ ပုံသဏ္ဌာန်များမှာ ဒူမိုနှင့် တူညီကြလေသည်။ သူတို့သည် လူသား ပုံစံများကို ပြောင်းထားကြပြီး မိစ္ဆာများ အသွင်သို့ ပြောင်းထားခြင်း မရှိကြချေ။ ဝမ်လင်းသည် နေရာတစ်ခုလုံးအား စစ်ဆေးလိုက်ရာ အခန်းထဲတွင် ကျင့်ကြံနေသူများ အပါအဝင် စုစုပေါင်း ကျင့်ကြံသူ ၉ ဦး ရှိသည်ကို သိလိုက်သည်။

သူတို့ နှစ်ယောက် ဝင်လာသည်တွင် ကျင့်ကြံသူ များသည် မျက်လုံးများကို ဖွင့်လိုက်ကြသည်။ တစ်ယောက်ချင်းစီက များပြားလှသည့် နည်းစနစ်များကို အသုံးပြုကာ ကိရိယာ တစ်ခုချင်းစီကို စတင် အသက်သွင်း လိုက်ကြသည်။ ထိုအခိုက်တွင် ခရမ်းရောင် အလင်းများက ထိုသူများမှ ပြုလုပ်ဖန်တီး ထားသည့် အရာဖြစ်ကြောင်း သိလိုက်သည်။ ဒူမို သည် ဝမ်လင်းဘက်သို့ လှည့်လိုက်ကာ ဝမ်လင်းအား စူးစိုက်ကြည့် နေလေသည်။

ဝမ်လင်းက နောက်သို့ ခြေလှမ်း အနည်းငယ်ခန့်မျှ ဆုတ်လိုက်သည်။ သိုလှောင်အိတ်အား တစ်ချက် ပုတ်လိုက်ကာ သူ့ရှေ့မှ လူအား ကြည့်လိုက်သည်။ ဤသည်ကား သူ မျှော်လင့် ထားသည်နှင့် လုံးဝ မတူချေ။ ကျင့်ကြံသူ ၉ ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

“ဒူမို ငါတို့ ဒါကို အကြာကြီး ဆက်ပြီး မထိန်းထားနိုင်တော့ဘူး … အများဆုံး ၃ နာရီထိပဲ ထိန်းထား နိုင်တော့မယ်…

“အားလုံးကို မြန်မြန်ရှင်းပြ ပေးလိုက်ပါ…”

ဝမ်လင်းကို ကြည့်နေသည့် ဒူမို၏ မျက်လုံးများထဲတွင် ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ဒူမို က ဆက်ပြော လိုက်သည်။

“ကောင်လေး … မင်းက ပျောက်ကွယ် သွားခဲ့ပြီးပြီ မဟုတ်လား … ဘာလို့ ပြန်ပြီး ထွက်ပေါ်လာတာလဲ…”

ဝမ်လင်း မျက်မှောင်တစ်ချက် ကြုတ်လိုက်ကာ ဒူမိုကို ကြည့်လိုက်သည်။ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ကာ သူ၏ဘယ်လက်ကို ဝှေ့ယမ်း လိုက်သည်တွင် ချိပ်တံဆိပ် အမှတ်အသား တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဘယ်လက်ကို သူ့နောက်သို့ ပို့လိုက်ကာ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်မှ ကောင်းကင်ဘုံ နည်းစနစ်အား အသုံးပြုလိုက် တော့သည်။ ၎င်းနည်းစနစ်က သူ့အား ဤရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ် အတွင်း စိတ်ကြိုက်သွားလာ စေနိုင်သည့် အစွမ်းရှိသည် မဟုတ်လား။

ထိုအခိုက်တွင် ဝမ်လင်း၏ အနီးတွင် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် ကိရိယာများထဲမှ တစ်ခုထံမှ ခရမ်းရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ထိုအက်ကွဲကြောင်း ကြီးအား ဖျက်ဆီး လိုက်သည်။

ဒူမို သည် တည်ငြိမ်စွာပင် ရပ်နေသည်။ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် တစ်စွန်းတစ်စမျှပင် ထွက်ပေါ်လာခြင်း မရှိပေ။

ဝမ်လင်း၏ စိတ်နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူသည် ဒူမိုအား တစ်ချက် ကြည့်လိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ရှေးဟောင်းနတ်ဘုရား ကုန်းမြေကနေ ထွက်ခွာ သွားဖို့လား …”

အရပ်ရှည်ရှည်နှင့် အနီရောင် မျက်နှာရှိသည့် ကျင့်ကြံသူက မျက်မှောင် ကြုတ်လျက် ဆိုသည်။

“ဒူမို… မင်း က စကားပြောတဲ့ နေရာမှာ တကယ်ကို နှေးကွေးလွန်းတာပဲ … ”

ကောင်လေး … ငါ မင်းကို ပြောပြမယ် … ထာဆန်းကို ပိတ်လှောင်ထားတဲ့ ချိပ်ပိတ် အမှတ်အသားသာ မရှိတော့ဘူးဆိုရင် ဒီမှာရှိတဲ့ လူအားလုံး သေကြရလိမ့်မယ် … သူ တစ်ယောက်တည်းပဲ ဒီနေရာကနေ ထွက်သွားနိုင်မှာ…”

“ဟို အရင်တုန်းက ဒီဂြိုဟ်ရိုင်းပေါ်ကို လာခဲ့ကြတုန်းက ငါတို့က စုစုပေါင်း ၁၁ယောက် ရှိခဲ့တယ်။ ငါတို့ရဲ့ မူလ ရည်ရွယ်ချက်က ဒီနေရာမှာ အခြေချ နေထိုင်ဖို့ပဲ … ဒါပေမဲ့ မထင်မှတ်စွာနဲ့ပဲ ဒီနေရာဟာ ရှေးဟောင်း နတ်ဘုရားရဲ့ စိတ်စွမ်းအား အမွေအနှစ်တွေ ရှိနေခဲ့တယ် … ဒီလိုနဲ့ ငါလည်း သေသေချာချာ စစ်ဆေးကြည့်တဲ့ အခါမှာ ထာဆန်းဆိုတဲ့ ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရ တော့တာပဲ… သူက ရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ရှိနေခဲ့တာ … သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းကို မြင့်မား လွန်းနေတော့ ငါတို့ အားလုံး ပေါင်းလိုက်တာတောင် သူ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး … ”

အနီရောင်ဆံပင် ရှိသည့် လူကြီး၏ အသံသည် ပို၍ကျယ်လောင် လာသည်နှင့်အမျှ သူ၏ စကားပြောသည့် အမြန်နှုန်းမှာ ပိုမိုမြန်ဆန် လာသည်။ သူ၏စကား အဆုံးတွင် အခြားကျင့်ကြံသူ တစ်ယောက်က ခေါင်းမော့လာပြီး စိတ်ပျက်ဝမ်းနည်း နေသည့်ဟန်ဖြင့် စကားဆိုသည်။

“ဒီ ထာဆန်း ဆိုတဲ့ကောင်က ငါတို့ကို မသတ်ခဲ့ပဲ ရှေးဟောင်းနတ်ဘုရား နယ်မြေကို အတူတူ ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ် သူက ရှေးဟောင်း နတ်ဘုရား နယ်မြေဟာ အရမ်း ကောင်းမွန်တဲ့ နယ်မြေတစ်ခု ဆိုတာကို သိနေခဲ့တယ်လေ … နယ်မြေ ၃ ခုကိုလည်း ကောင်းကောင်း ချုပ်ကိုင်ထား နိုင်ခဲ့တယ် … ဒါပေမဲ့လည်း … ရှေးဟောင်းနတ်ဘုရား နယ်မြေထဲမှာ အချိန်အကြာကြီး ရှိနေခဲ့တာ တောင်မှ သူ့အနေနဲ့ နောက်ဆုံး အဆင့်ကို မကျော်ဖြတ် နိင်သေးဘူး … ”

“သူက ငါတို့ကို ဖိတ်ခေါ်ပြီး နောက်ဆုံးအဆင့်ကို ကျော်ဖြတ်တဲ့ နေရာမှာ ငါတို့ကို ကူညီခိုင်းချင်တာလေ … ငါတို့အတွက် ရှေးဟောင်း နတ်ဘုရားရဲ့ အမွေအနှစ်ကို ရရှိနိုင်တဲ့ အခွင့်အရေးက အရမ်း နည်းပါးပေမဲ့ သူ့ရဲ့ ကမ်းလှမ်းမှုက မငြင်းဆန်နိုင် လောက်အောင်ပဲ တန်ဖိုး ကြီးမားတာကိုး … ငါတို့ အနေနဲ့ သူ့ကို အနိုင်မယူနိုင် ပေမဲ့လည်း ငါတို့မှာ သူ့ကို ဒဏ်ရာ အပြင်းအထန် ရသွားနိုင်လောက်မယ့် ဝင်္ကပါတစ်ခုကို သိထားခဲ့တယ် … စိတ်မကောင်းစရာ တစ်ခုက ဒီဝင်္ကပါကို အသုံးပြုပြီးတာနဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ အများကြီး နိမ့်ကျသွား ခဲ့တာပဲ…”

“ငါတို့လည်း ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ထဲ သွားတဲ့ လမ်းခရီးမှာ ထာဆန်း ဆိုတဲ့ကောင်က အကြံသမား တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတယ် … ဒါပေမဲ့ ငါတို့ကလည်း လွယ်လွယ်နဲ့ အရူးလုပ်လို့ရတဲ့ သူတွေမှ မဟုတ်တာ … ကြိုတင်ပြင်ဆင် ထားတာတွေ ရှိတာပေါ့ … နောက်ဆုံးမှာ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင် ခဲ့ပေမဲ့ နောက်ဆုံးအဆင့်က အရမ်းကို ထူးဆန်းတာကို သတိထားမ လိုက်တယ် … နောက်ဆုံး အဆင့်ဟာ စွမ်းအား အရမ်းကြီးမားတဲ့ ချိပ်တံဆိပ် အမှတ်အသား တစ်ခုဆိုတာ သိလာရတယ် … ဒါကြောင့်လည်း နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ဖို့ အတွက် အချိန်တွေ အများကြီး ပေးဆပ်ခဲ့ ရတာပေါ့ … နောက်ဆုံးအဆင့်က ရှေးဟာင်းနတ်ဘုရား ကိုယ်တိုင် ချိပ်တံဆိပ် ပြုလုပ်ထားခဲ့တဲ့ အရာ ဖြစ်နေခဲ့တယ် … တကယ်လို့သာ အဲဒီကောင်ကသာ ချိပ်တံဆိပ် အမှတ်အသားတွေနဲ့ ပတ်သက်ပြီး မကျွမ်းကျင်တဲ့ သူသာ ဖြစ်ခဲ့မယ်ဆိုရင် ငါတို့လည်း နောက်ဆုံး အဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ကြမှာ မဟုတ်ဘူး … နောက်ဆုံး ချိပ်တံဆိပ် အမှတ်အသားကို ချိုးဖျက်ပြီးသွားတဲ့ အခါမှာတော့ အဲဒီ ထာဆန်း ဆိုတဲ့ကောင်ကို ဘယ်လောက်ပြောပြော သူက နားမဝင်တော့ဘူးလေ … ”

“ငါတို့လည်း ရှေးဟောင်နတ်ဘုရား ခန္ဓာကိုယ်ထဲကို အောင်အောင်မြင်မြင်နဲ့ ဝင်ရောက် နိုင်ခဲ့ကြတယ် … ရှေးဟောင်း နတ်ဘုရားထူစီက တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ သူက အမွေအနှစ် တစ်ခုကို ချန်ထားခဲ့တယ် ဆိုတာ အမှန်ပဲ … ချီပင်လယ်ထဲမှာ ငါတို့က စွမ်းအား အမွေအနှစ်ကို တွေ့ခဲ့ရပေမဲ့လည်း အဲဒါကိုရရှိဖို့ အချင်းချင်း တိုက်ခိုက်နေကြ တုန်းမှာပဲ စွမ်းအား အမွေအနှစ်က ငါတို့ မျက်စိရှေ့မှာတင်ပဲ ပျောက်ဆုံး သွားခဲ့တယ် … နောက်ဆုံးမှာ အဲဒါကို ယူသွားတဲ့သူက ထာဆန်း ဖြစ်နေတာပဲ … ”

“အဲဒီကောင်က ရှေးဟောင်း နတ်ဘုရားရဲ့ စွမ်းအား အမွေအနှစ်ကို ရရှိသွားတဲ့ အခါမှာ ရုတ်တရက်ကြီး ငိုလိုက်ရယ်လိုက်တွေ စဖြစ်လာတော့တာပဲ … တစ်ချိန်တည်းမှာပဲ ကြီးမားလှတဲ့ ဘီလူးမျိုးနွယ် တစ်ယောက် ရောက်လာပြီး အဲဒီကောင်နဲ့ စတင် တိုက်ခိုက် ကြတော့တယ်… ပိုပြီးထူးဆန်းဖို့ ကောင်းတာက အဲဒီကောင်ကလည်း ဘီလူးကောင်ရဲ့ နည်းစနစ်တွေ အားလုံးကို သိနေတာပဲ … နောက်ဆုံးမှာ ဘီလူးကောင်က ရှုံးနိမ့်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်က နှစ်ပိုင်းကွဲထွက် သွားတယ် … တစ်ပိုင်းက ဝိညာဉ်သေ ပင်လယ် အဖြစ်ကို ပြောင်းသွားခဲ့ပြီး နောက်တစ်ပိုင်း ကတော့ အရမ်းကို စွမ်းအားကြီးတဲ့ နတ်ဘုရား နည်းစနစ် တစ်ခု ဖြစ်သွားခဲ့တယ်…”

“အဲဒီကောင်က နတ်ဘုရား နည်းစနစ်နဲ့ အဆင်မပြေ ဖြစ်နေတာကို သိလိုက်ရတယ်… သူပြောခဲ့တဲ့ စကားကိုတောင် မှတ်မိသေးတယ် … ‘ဒီကမ္ဘာမှာ ငါမသိဘူး ဆိုတဲ့အရာ မရှိဘူး…’ တဲ့၊ ဒါပေမဲ့ ဒီ နတ်ဘုရား နည်းစနစ်ကိုတော့ သူတောင် မသိဘူးဆိုတာ သူ့ရဲ့မျက်နှာမှာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်လေ၊ တစ်ချိန်တည်းမှာပဲ ရှေးဟောင်း နတ်ဘုရားရဲ့ ဝိညာဉ်ဟာ အပိုင်းအစ ထောင်ပေါင်းများစွာ ကွဲထွက်သွားခဲ့ပြီး အဲဒီကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ပြီး ချိပ်တံဆိပ် အမှတ်အသား ထောင်ပေါင်းများစွာ ဖြစ်ပေါ်လာပြီးတော့ အဲဒီကောင်ရဲ့ ခန္ဓာကိုယ်ကို သွေးပင်လယ်ထဲမှာ ပိတ်လှောင် ထားလိုက်တော့တယ် … ”

“ငါတို့လည်း အရာအားလုံး ပြီးဆုံးသွားပြီလို့ ထင်လိုက်ကြတယ် … နောက်ပြီး အဲဒီနေရာမှာ မနေရဲတော့တာနဲ့ မြန်မြန်ထွက်သွားဖို့ ပြင်ဆင်လိုက်တယ် ဆိုရင်ပဲ အိပ်မက်ဆိုးကြီး တစ်ခု စတင်လာတော့တာပဲ … ငါတို့ ၁၁ ယောက်ထဲက တစ်ယောက်တည်းပဲ ဒီနေရာကနေ အောင်အောင်မြင်မြင်နဲ့ ထွက်သွား နိုင်ခဲ့တယ် … ငါတို့ အနားယူ နေတုန်းမှာပဲ နတ်ဆိုးလက်ကြီး တစ်ခုက အက်ကွဲကြောင်း ထဲကနေ ထွက်ပေါ်လာပြီး ငါတို့ကို သွေးပင်လယ်ထဲကို ဆွဲခေါ်သွားတော့တယ် … ”

“ထာဆန်း အရမ်းကို ကြောက်ဖို့ကောင်းတဲ့ သူပဲ … သူက ထောင်ပေါင်း များစွာရှိတဲ့ ချိပ်တံဆိပ် တွေကနေ လွတ်မြောက် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး … ဘာလို့လဲ ဆိုတော့ ချိပ်တံဆိပ် အမှတ်အသား တစ်ခုစီတိုင်းကို ရှေးဟောင်း နတ်ဘုရားထူစီရဲ့ ဝိညာဉ် အပိုင်းအစ တစ်ခုစီနဲ့ ဖွဲ့စည်းထားတာကိုး … ဒီတော့ ထာဆန်းက သူ့ရဲ့စွမ်းအားနဲ့ ချိပ်တံဆိပ် အပိုင်းအစ တချို့ကို ဆွဲထုတ်လိုက်ပြီး ငါတို့ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်း ပေးလိုက်တော့တာပဲ … ”

“နှစ်ပေါင်းများစွာ မရေမတွက် နိုင်အောင် ကြာမြင့်ပြီးတဲ့ နောက်မှာ နှစ်ထာင်ပေါင်း များစွာ ကြာတိုင်း ဒီနေရာကို ကျင့်ကြံသူ အချို့က ရောက်လာ တတ်ကြတယ် … သူတို့အားလုံး ကိုလည်း ထာဆန်းက ဖမ်းဆီးလိုက်ပြီး ချိပ်တံဆိပ် အမှတ်အသား တွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပေးလေ့ ရှိတယ် … ကျင့်ကြံသူတွေ အများကြီးထဲမှာမှ သူက တစ်ယောက်ကို ပြန်လွှတ် ပေးလေ့ရှိတယ် … ဒါမှ နောက်ကျရင် နောက်ထပ် ကျင့်ကြံသူတွေ ရောက်လာမှာပေါ့ … ”

“ကျင့်ကြံသူတွေ ပိုပိုပြီး ရောက်လာလေ … ထာဆန်း ကိုယ်ပေါ်က ချိပ်တံဆိပ်တွေရဲ့ ပမာဏ လျော့နည်း သွားလေပဲ … ကောင်းတာ တစ်ခုက နောက်ပိုင်း ရောက်လာတဲ့ ကျင့်ကြံသူတွေရဲ့ အဆင့်က ငါတို့နဲ့မတူပဲ နိမ့်ကျနေတာပဲ … ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေတော့ ရှေးဟောင်းနတ်ဘုရား ဝိညာဉ်နဲ့ မပေါင်းစပ် နိုင်ကြဘူး … အစွမ်းနိမ့် ကျင့်ကြံသူတွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်တံဆိပ် အမှတ်အသား တစ်ခုကိုပဲ လက်ခံနိုင်တယ် … ဒါကြောင့် ထာဆန်းရဲ့ ချိပ်တံဆိပ် အမှတ်အသား ဖယ်ရှားတဲ့ အလုပ်က ပိုပိုပြီး နှောင့်နှေးလာတာပဲ…”

“ဒါပေမဲ့ ထာဆန်းက ပါရမီရှင် တစ်ယောက်ပဲ … သူ့ရဲ့နည်းလမ်းက တဖြည်းဖြည်း နှေးလာတာကိုလည်း သိရော … သူ့ရဲ့ ဦးတည်ချက်ကို ဝိညာဉ်စားသုံး သူတွေပေါ်ကို ပစ်မှတ်ထားလာ တော့တာပဲ…”

“ဟိုးအရင်တုန်းက ငါတို့က ဝိညာဉ်စားသုံးသူ ဆိုတာ ဘယ်လို သတ္တဝါမှန်းတောင် မသိဘူး … ဒါပေမဲ့ ထာဆန်း ကတော့ သိနေခဲ့တယ် … သူက ငါတို့ဆီကို နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေကို စေလွှတ်ခဲ့တယ် … ဝိညာဉ် စားသုံးသူတွေကို ဖမ်းဖို့ အတွက်ပေါ့ … ဝိညာဉ်စားသုံး သူတွေက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဝိညာဉ် အစိတ်အပိုင်း တွေကို ဝါးမျိုနိုင်တယ်လေ … ”

“ဒီနည်းလမ်းက အရမ်း အကျိုးသက်ရောက်မှု ကြီးမားပေမဲ့ ဝိညာဉ်စားသုံးသူ တွေက သတ်မှတ်ထားတဲ့ ပမာဏကို ဝါးမျိုပြီးသွားပြီဆိုရင် အိပ်စက် အနားယူဖို့ လိုအပ်လာတယ် … ဒီနည်းလမ်းက သူ့စိတ်ကူးထဲက အတိုင်း ဖြစ်မလာတော့ သူက ကိုယ်ပိုင်ဝိညာဉ် စားသုံးသူတွေ မွေးထုတ်ဖို့ အကြံအစည်ကို စပြီး အကောင်အထည် ဖော်တော့တာပဲ … ဒါကြောင့် သူက လေလွင့်ဝိညာဉ် တစ်ယောက်ဖြစ်တဲ့ အရှင်စူကျဲ ကို ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်လာဖို့ စပြီး ကူညီတော့တာပဲ … ”

“နောက်ဆုံးမှာတော့ အရှင်စူကျဲလည်း ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်လာခဲ့တယ် …

ဒါတွေက အချိန်အတော် ကြာခဲ့ပါပြီလေ … ဒါပေမဲ့ အခု မင်း ပေါ်လာတော့ အရာအားလုံးက ပြောင်းလဲသွားပြီ … ”

သက်ကြီးပိုင်း အရွယ်ရှိ လူကြီးတစ်ယောက်က ဇာတ်လမ်း၏ အဆုံးသတ် အပိုင်းအား လေးနက်စွာ ပြောလေသည်။

ဤစကားများကို ကြားသည်တွင် ဝမ်လင်းသည် အံ့အားသင့်မိ သော်လည်း အပြည့်အဝတော့ မယုံကြည်ချေ။

“ဒါပေမဲ့ အခုချိန်ထိ ငါတို့ နားမလည်တာ တစ်ခု ရှိသေးတယ် … ထာဆန်းက ဘယ်သူလဲ ဘယ်ကလဲ ဆိုတာပဲ … နောက်ပြီး … သူက ဘာလို့ ရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ် အကြောင်းကို လူတိုင်းထက်ပိုပြီး သိနေရတာလဲ … နှစ်ပေါင်းများစွာ သူ့ကို စောင့်ကြည့်ပြီးတဲ့ နောက်မှာတော့ သူက ငါတို့လို လူသား တစ်ယောက် မဖြစ်နိုင်ဘူးလို့ ခန့်မှန်းလိုက်တယ် … ဒါမှမဟုတ် ရှေးဟောင်း နတ်ဘုရားရဲ့ သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကနေ ဖြစ်လာတဲ့ နတ်ဆိုးလည်း ဖြစ်နိုင်တယ်…”

နောက်ဆုံး စကားတစ်ခွန်းကို ဒူမိုက ပြောလိုက် သော်လည်း သူ၏စိတ်သည် စိတ်လှုပ်ရှားခြင်း ကင်းမဲ့လျက်…

အကယ်၍သာ ဝမ်လင်း အနေဖြင့် အသိဉာဏ် အမွေအနှစ် များအား ရရှိမည်ဆိုပါက မည်သည်က မှန်သည် မှားသည်ကို တပ်အပ် သိနိုင်လိမ့်မည် ဖြစ်၏။ ယခုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည့် အကြံအား ကြားသိရသည့် အခါမှာ သူက မည်သို့မျှ မကူညီနိင် သော်လည်း အမူအရာ သည်ကား ပြောင်းလဲသွား၏။

“ဒီအချက်ကပဲ ဘာလို့ရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ်ထဲကို ဝင်ဖို့ ငါတို့ကို ဖိတ်ခဲ့တာလဲ ဆိုတာ ရှင်းပြနိုင်လိမ့်မယ် … သူက အဲဒီနေရာနဲ့ အရမ်း ရင်းနှီးပြီး အဲဒီနေရာ အကြောင်းကို သိနေတဲ့ အချက်ရယ် … ငါတို့ နောက်ဆုံး အဆင့်ဖြစ်တဲ့ ချိပ်တံဆိပ် အတားအဆီးကို ချိုးဖျက်တုန်းက ခံစားလိုက်ရတဲ့ ခံစားချက်ရယ်ကို ကြည့်ပြီး ပြောလို့ရတယ် … အဲဒီ ချိပ်တံဆိပ် အမှတ်အသားက ငါတို့လို ကျင့်ကြံသူတွေက နတ်ဆိုးတွေကို တိုက်ခိုက်တဲ့ အခါမှာ သုံးတဲ့ အရာပဲ ဒီအချက်တွေကို ကြည်ခြင်းအားဖြင့် ထာဆန်းက နတ်ဆိုး တစ်ယောက်ဆိုတာ ပြောလို့ရတယ် … ဒါ့ကြောင့်လည်း သူက ဘီလူးကောင်နဲ့ တိုက်ခိုက်တုန်းက ဘီလူးရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို သိနေတာပဲ ဖြစ်ရမယ် … ရှေးဟောင်း နတ်ဘုရားရဲ့ စွမ်းအား အမွေအနှစ်ကို ရရှိရုံနဲ့တော့ ဘာမှ မဖြစ်နိုင်ပေမဲ့ အမွေအနှစ် နှစ်ခုလုံးကို ရသွားမယ်ဆိုရင် သူဟာ ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ် … ဒီအချက်တွေ အရ သူဟာ ရှေးဟောင်း နတ်ဘုရား ထူစီ ဖြစ်ရင်ဖြစ် … မဖြစ်ရင် နတ်ဆိုး ထာဆန်း ဆိုတာ သေချာသလောက်ပဲ … ”

ဒူမို၏ စကားအဆုံးတွင် ဝမ်လင်းသည် သက်ပြင်း တစ်ချက် ရှိုက်လိုက်မိသည်။ တစ်စုံတစ်ခုကို စဉ်းစားမိ လိုက်သော်လည်း နှုတ်ဆိတ် နေလိုက်၏။

“ငါတို့က မင်းကို လိမ်ပြောနေတာ မဟုတ်ဘူး … တကယ်လို့ မင်းသာ သွေးပင်လယ်ထဲကို ဝင်သွားမယ်ဆိုရင် မင်းလည်း တတိယ နယ်မြေမှာ ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်လာပြီး သူ့ရဲ့ အသုံးချခံ ဘဝကို ရောက်သွားမှာပဲ … အဲဒါဆိုရင် သူ့ကို ပိတ်လှောင်ထားတဲ့ ချိပ်တံဆိပ် အမှတ်အသား ကလည်း ပျက်စီးသွားပြီး မင်းလည်း သေဆုံးသွားရမှာ အသေအချာပဲ…”

ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားလိုက်ကာ တစ်ချက်မျှ ပြုံးလိုက်သည်။

“သေသွားမှာတဲ့လား … ခင်ဗျားတို့ ပြောသလိုဆိုရင် ကျွန်တော့်ရဲ့ ဝိညာဉ်က ပျောက်ကွယ်သွားပြီး သေဆုံးသွားမယ်ပေါ့ … တကယ်လို့ ခင်ဗျားတို့ ပြောတာသာ အမှန်ဆိုရင် အဲဒီလူသာ လွတ်မြောက် သွားမယ်ဆိုရင် ဝိညာဉ် အပိုင်းအစတွေကို သူနဲ့အတူ ယူဆောင်သွားမှာ မဟုတ်ဘူးလား…”

ဒူမို တို့ အဖွဲ့သည် ခေတ္တမျှ ဆွံ့အသွားကြသည်။

ထိုစဉ် အဖွဲ့ထဲမှ လူအိုကြီး တစ်ဦးက ချောင်းတစ်ချက် ဟမ့်လိုက်ကာ ပြောသည်။

“ကောင်လေး မင်းပြောတာ မှန်တယ် … ထာဆန်းက အသိဉာဏ် အမွေအနှစ်ကို ရရှိသွားတာနဲ့ တစ်ပြိုက်နက် သူက ငါတို့ ခန္ဓာကိုယ်ထဲက ဝိညာဉ် အပိုင်းအစတွေကို ထုတ်ယူသွားပြီး သူ့ရဲ့ ဝိညာဉ်ကို ပြီးပြည့်စုံ သွားအောင် လုပ်ဆောင် လိမ့်မယ် … ဒီလောက်နှစ်တွေ ကြာလာတဲ့ အခါမှာ ဝိညာဉ် အပိုင်းအစတွေက ငါတို့ရဲ့ ဝိညာဉ်တွေနဲ့ ပေါင်းစည်း သွားခဲ့ပြီ … ဒါကြောင့် သူသာ ဒီဝိညာဉ် အပိုင်းအစတွေကို ပြန်ယူမယ်ဆိုရင် ငါတို့ရဲ့ ဝိညာဉ်တွေကိုပါ ဝါးမျိုသွားလိမ့်မယ် … ကောင်လေး…ငါတို့ကို ကူညီတာက မင်းကိုယ်မင်း ကူညီရာလည်း ရောက်တယ် … ဒါပေမဲ့ ငါတို့က မင်းကို အလကား မကူညီခိုင်းပါဘူး … မင်းသာ ဆန္ဒရှိမယ်ဆိုရင် မင်းကို လက်ဆောင်တစ်ခု ပေးမယ်…”

ဝမ်လင်းက ချက်ချင်း လက်မခံခဲ့ပေ။ သူက သည်လူများ ပြောသည့် အရာမှာ မည်မျှ ထူးဆန်းအံ့သြဖွယ် ကောင်းသည်ကို တွေ့မြင် လိုသေးသည်။ ဒူမိုက ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်ပြီး…

“ဂျူနီယာလေး … ငါတို့မှာ အကူအညီ တောင်းစရာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ် ထင်မနေနဲ့… ငါတို့က မင်းကို အချိန်မရွေး သတ်ပစ် လိုက်လို့ရတယ် … ”

နက်မှောင်နေသည့် မျက်နှာနှင့် ကျင့်ကြံသူက ပြောသည်။

“အချိန် ကုန်တော့မယ် … ငါတို့ ပြောစရာ ရှိတာတွေလည်း ပြောပြီးသွားပြီ … ဒါတောင်မှ ဒီကောင်လေးက ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင် သူ့အပေါ်မှာ အချုပ်အနှောင် အစီအရင်ကို အသုံးပြုရလိမ့်မယ် … နည်းနည်းတော့ အဆင်မပြေ ဖြစ်နိုင်ပေမဲ့ သူ့ကို ထိန်းချုပ်ဖို့ အတွက် ပိုပြီး လွယ်ကူနိုင်တယ်…”

ဝမ်လင်းက ထိုစကားများကို ကြားလျှင် သံသယ ဖြစ်ဖွယ် အချက်တချို့က သူ၏ အတွေးထဲသို့ ဝင်လာသည်။

အကယ်၍သာ ထိုလူပြောသလို အချုပ်အနှောင် အစီအရင်သည် အမှန်တကယ် အလုပ်ဖြစ်သည် ဆိုလျှင် သည်လူအိုကြီး များသည် သူ့အား ဤမျှ အချိန်ကုန်ခံကာ ရှင်းပြနေလိမ့်မည် မဟုတ်ပါချေ။ သူစတင် ထွက်ပေါ်လာသည့် အချိန်ကတည်းက သူ့အား ထိန်းချုပ်ရန် အချုပ်အနှောင် အစီအရင်ကို အသုံးပြုလိမ့်မည် ဖြစ်၏။

ဝမ်လင်း၏ စိတ်သည် အနည်းငယ် ရှုပ်ထွေးသွားသည်။ အဘယ်ကြောင့် အချုပ်အနှောင် အစီအရင်ကို အသုံးမပြု ကြသနည်း။ ထိန်းချုပ်ရေး အစီအရင်ကို အသုံးပြုလျှင် ထာဆန်းက သတိထားမိ သွားမည် စိုး၍လော။

ဤ လူအိုကြီးများ၏ ရည်ရွယ်ချက်မျာ ထိုမျှ ရိုးရှင်းဟန် မတူချေ။ ကောင်းကင်နတ်ဆိုး ပညာရှင်ကဲ့သို့ သူတို့တွင် လျှို့ဝှက်ထားသည့် အစီအစဉ်များ ရှိနေသည်သာ ဖြစ်ရပေမည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့က ကျွန်တော့်ကို ဘာလုပ် စေချင်လို့လဲ…”

မျက်နှာတွင် အရေပြားများ တွန့်နေသည့် လူအိုကြီးသည် ဝမ်လင်း၏ စကားကိုကြားလျှင် နှလုံးခုန်နှုန်းများပင် မြန်ဆန် သွားရသည်။ ဤကောင်လေးသည် ရရှိမည့် အဖိုးအခကို အရင်မမေးပဲ လုပ်ရမည့် အလုပ်ကို အရင်မေးလာသည်။ ကြည့်ရသည်မှာ စိတ်အေးလက်အေး ရှိနေဟန်ရပြီး အလွယ် ထွက်သွားမည့်ပုံ မပေါ်ချေ။

လူအိုကြီးက ဖြည်းညင်းစွာ ပြောသည်။

“သွေးပင်လယ်ထဲကို ဝင်ရမှာ။ ထာဆန်းက ချိပ်တံဆိပ် အမှတ်အသားကို ဖယ်ရှားပြီးသွားရင် သူက ဝိညာဉ်ပင်လယ်ကို ချက်ချင်း တန်းသွားလိမ့်မယ်။ သူက ဝိညာဉ်သေ ပင်လယ်ကို ဖွင့်လိုက်ပြီ ဆိုတာနဲ့ မင်းကလည်း ဝိညာဉ်သေ ပင်လယ်ထဲကို လိုက်သွားပြီးတော့ နည်းစနစ် တစ်ခုကို အသုံးပြုရမယ်… လွယ်လွယ်လေးပါ … သုံးရမယ့် နည်းစနစ်က ရှေးဟောင်း နတ်ဘုရားရဲ့ ဝိညာဉ်က ဘီလူးတစ်ကောင် ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ ချိပ်တံဆိပ် အမှတ်အသား နည်းစနစ်ပဲ … အဲဒီနည်းစနစ်ကို ငါလေ့လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ အခုမှ ၃၀ ရာခိုင်နှုန်းပဲ အောင်မြင် နိုင်သေးတယ် … ဒါပေမဲ့ မင်းက အသုံးပြုမယ် ဆိုရင်တော့ မင်းက ဝိညာဉ် စားသုံးသူ ဖြစ်နေတဲ့အတွက် အောင်မြင်နိုင်ချေ ၇၀ ရာခိုင်နှုန်း ရှိတယ် … နောက်ပြီး မင်းစုပ်ယူ ဝါးမျိုလိုက်တဲ့ ဝိညာဉ်အပိုင်းအစတွေ အားလုံးက မင်းရဲ့ စကားကို နားထောင် ကြလိမ့်မယ် … ”

ဝမ်လင်းသည် လူအိုကြီးအား အထင်သေးစွာ ကြည့်လိုက်ပြီး စိတ်မကောင်းဖြစ်သည့် ဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံမှု အဆင့်လေးနဲ့ ဆိုရင် ထာဆန်းကို ချိပ်တံဆိပ် အမှတ်အသားနဲ့ ချိပ်ပိတ် တားဆီးဖို့က ရယ်စရာ ဖြစ်မနေဘူးလား…”

လူအိုကြီးက တစ်ချက် ရယ်မောလိုက်သည်။

“ဒါပေါ့ … ငါတို့က မင်းကို ချိပ်တံဆိပ် အမှတ်အသား မလုပ်ခိုင်းပါဘူး … မင်းကို လုပ်ခိုင်းမှာက ဝိညာဉ်သေ ပင်လယ်ရဲ့ အဓိက အချက်ဖြစ်တဲ့ ဝိညာဉ်အပိုင်းအစ တွေကိုပဲ ထိန်းချုပ်ထား ခိုင်းတာပါ … ငါ့ရဲ့ ကြိုတင်ခန့်မှန်းမှု အရဆိုရင် ဝိညာဉ်သေ ပင်လယ်က ထာဆန်းကို ပိတ်လှောင်ဖို့ အတွက် ချိပ်တံဆိပ် အမှတ်အသားကို ပြန်ပြီး အသက်သွင်း လိမ့်မယ် … ”

“တကယ်လို့ မင်းသာ သဘောတူမယ်ဆိုရင် အောင်မြင်သည် ဖြစ်စေ မအာင်မြင်သည် ဖြစ်စေ ကိစ္စမရှိဘူး … ငါက မင်းကို ထိုက်တန်တဲ့ အဖိုးအခ ပေးမှာပဲ … ငါပေးမယ့် ပစ္စည်းကို အခက်အခဲတွေ အများကြီး ဖြတ်ကျော်ပြီမှ ရယူနိုင်ခဲ့တာ … ရှေးဟောင်းမှတ်တမ်း တွေထဲမှာ ရှာဖွေပြီးတော့မှ ဒီပစ္စည်းရဲ့ နာမည်ကို သိခဲ့ရတာ … ဒီပစ္စည်းရဲ့ နာမည်က ဟွမ်ယွမ်းသားရဲ ထောင်ချောက်ပဲ … ကမ္ဘာပေါ်က ဘယ်လို သတ္တဝါမျိုးကိုမဆို အချိန်တို အတွင်းမှာ ထိန်းချုပ်နိုင်အောင် လုပ်ဆောင် ပေးနိုင်တယ်… ဒါပေမဲ့ ဘယ်နေရာက လာတာလဲ ဆိုတာတော့ ငါလည်းမသိဘူး … သီအိုရီ အရတော့ မင်းမှာသာ စိတ်စွမ်းအင် အလုံအလောက် ရှိမယ်ဆိုရင် အင်မော်တယ် အဆင့် သားရဲကိုတောင်မှ ပိတ်လှောင် ပေးနိုင်တယ် … ဒါပေမဲ့ ဒီထောင်ချောက်ကို အသုံးပြုတဲ့အခါမှာ သားရဲက ပိုပြီး သန်မာလေလေ အသုံးပြုရတဲ့ စိတ်စွမ်းအင်ပမာဏ ပိုပြီး လိုအပ်လေလေပဲ … တကယ်လို့ မင်းသာ အင်မော်တယ်အဆင့် သားရဲကို ပိတ်လှောင် ထားချင်တယ် ဆိုရင်တော့ မခန့်မှန်းနိုင်တဲ့ ပမာဏရှိတဲ့ စိတ်စွမ်းအင်တွေ လိုအပ်တယ် … ငါ ဒီဟာကို ရရှိခဲ့တဲ့ အချိန်တုန်းက တစ်ကြိမ်စမ်းသုံး ကြည့်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး … ဒါပေမဲ့ ဒုတိယ အကြိမ် မစမ်းသပ်ခင်မှာပဲ ငါက ဒီနေရာမှာ ပိတ်မိနေခဲ့ပြီ”

***

Comment

Leave a Reply

Options

not work with dark mode
Reset