ဝမ်လင်း၏ ရှေ့တွင် ရှိနေသော အသိစိတ် ပင်လယ်သည် ကြီးမားသော ဘောလုံး တစ်ခုနှင့် တူနေသည်။ အသိစိတ် ပင်လယ်က ၂ပိုင်း ကွဲနေလေသည်။ တစ်ဖက်က သွေးကဲ့သို့ နီရဲနေပြီး ကျန်တစ်ဖက်က မည်းမှောင် နေသည်။
သွေးကဲ့သို့ နီရဲနေသည့် ဘက်သည် သွေးပင်လယ်ဖြစ်ပြီး မည်းမှောင် နေသည့်ဘက်က ဝိညာဉ်သေ ပင်လယ် ဖြစ်ရပေမည်။
ဝမ်လင်းက ရှေ့မှ ထူးဆန်းသော ဘောလုံးကို ကြည့်ပြီး ဝမ်လင်းက တစ်စုံတစ်ခုကို သတိရသွား၏။ ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ် အတွင်း၌ ဆံပင် အနီရောင်လူနှင့် ရှေးဟောင်း နတ်ဘုရား၏ ဝိညာဉ်သည် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ကို စစ်မြေပြင်သဖွယ် သဘောထားပြီး တိုက်ခိုက်ခဲ့ကြသည်။
ရှေးဟောင်း နတ်ဘုရားက သေပြီးသား ဖြစ်သည့်အပြင် ကျန်ရစ်သည့် ဝိညာဉ်ကလည်း အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည့်အတွက် တိုက်ပွဲတွင် ရှေးဟောင်း နတ်ဘုရား ထူစီက ရှုံးနိမ့်ခဲ့ရသည်။ ရှေးဟောင်း နတ်ဘုရားထူစီက သူ့ဝိညာဉ်ကို ဖျက်ဆီး ခံရသည့် အချိန်တွင် သူ၏အသိစိတ် ပင်လယ်အား နှစ်ပိုင်း ခွဲပစ်ခဲ့သည်။ တစ်ပိုင်းကို မှတ်ဉာဏ် အမွေအနှစ်အား ကာကွယ်ရန် အတွက် ဝိညာဉ်သေ ပင်လယ် အဖြစ် အသုံးပြုခဲ့ပြီး ကျန်တစ်ပိုင်းကို ဆံပင်နီနှင့်လူအား ပိတ်လှောင်ရန် အတွက် သွေးပင်လယ် အဖြစ် ပြောင်းလဲ ပစ်ခဲ့သည်။
သူက မြင်ခဲ့သည့် မြင်ကွင်းများထဲတွင် လိုအင်၆မျိုး နတ်ဆိုးသခင်၏ ဆရာ ကောင်းကင်နတ်ဆိုး ပညာရှင်ကို အလေးစားဆုံး ဖြစ်သည်။ ကောင်းကင်နတ်ဆိုး ပညာရှင်က ရှေးဟောင်း နတ်ဘုရား၏ ဆန္ဒများကို အသုံးပြုရန် အတွေးရခဲ့ပြီး ရှေးဟောင်း နတ်ဘုရား၏ အရိုးကို လမ်းပြအဖြစ် သုံးကာ ဝိညာဉ်သေ ပင်လယ်ထဲသို့ ယာယီ လမ်းကြောင်းတစ်ခု ဖောက်၍ မှတ်ဉာဏ် အမွေအနှစ်ကို ရအောင် ယူနိုင်ခဲ့သည်။
အရှင်ဒူမိုဆိုသည့် သက်လတ်ပိုင်း လူကြီးသာ ပေါ်မလာခဲ့လျှင် ကောင်းကင်နတ်ဆိုး ပညာရှင်က မှတ်ဉာဏ် အမွေအနှစ်ကို အောင်အောင်မြင်မြင် ရရှိသွားလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ရှေ့သို့ ပျံသန်းသွားကာ ဝိညာဉ်သေ ပင်လယ်အတွင်းသို့ တိုးဝင် သွားလေသည်။
သူ၏ခန္ဓာကိုယ်က အနက်ရောင် ပင်လယ်နားသို့ ရောက်ခါနီးသောအခါ အနက်ရောင် မြူများက ရုတ်တရက် ထွက်လာပြီး သူ့ကို ဝိုင်းရံသွားကာ ရှေ့သို့ မသွားနိုင်အောင် တားဆီးကြသည်။
ထိုအခါ ဝမ်လင်းက တခြားဘက်မှ ဝင်ရန် လုပ်သော်လည်း သူက ဘယ်ဘက်ကို ရွေ့ရွေ့ အနက်ရောင် မြူများက ပေါ်လာပြီး သူ့လမ်းကို ပိတ်ထားလေသည်။ သူက မည်မျှပင် ကြိုးစားပြီး ရှေ့သို့တက်ပါစေ အနက်ရောင် မြူများကို ဖြတ်ကျော်နိုင်ခြင်း မရှိချေ။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ရည်ကို ထုတ်သောက် လိုက်သည်။ ထို့နောက် သူက ခြေချိတ်ထိုင်ပြီး လက်နှစ်ဖက်ကို အမျိုးမျိုး လှုပ်ရှား လိုက်သည်။ မကြာမီ သူ၏ ပတ်လည်တွင် ပုံရိပ်ယောင် စက်ဝိုင်းများစွာ ပေါ်ထွက် လာသည်။
သူ၏ မျက်လုံးများကတည်း ပိုပိုပြီး တောက်ပလာ သကဲ့သို့ သူ၏ လက်များကလည်း ပိုမို မြန်ဆန်လာသည်။ ထို့အတူ ပုံရိပ်ယောင် စက်ဝိုင်းများကလည်း ပို၍ တိုးလာ၏။
အချိန် တော်တော် ကြာပြီးနောက်တွင် သူ့လက်များက ရုတ်တရက် ရပ်တန့်သွားပြီး ရှေ့သို့ တွန်းထုတ် လိုက်သည်။
ပုံရိပ်ယောင် စက်ဝိုင်းများက များပြားလှသော စက်ကွင်းများ ဖြစ်သွားပြီး အရပ်မျက်နှာ အသီးသီးဆီသို့ လွင့်ပျံသွား၏။ မကြာမီတွင် ဝမ်လင်းက မတ်တတ် ရပ်လိုက်သည်။ သူက ညာလက်ကို ရင်ဘတ်ပေါ်တွင် တင်လိုက်ပြီး ဘယ်လိုက်ကို ညာဘက် ပခုံးပေါ်တွင် တင်လိုက်သည်။ သူ၏လက်များက ထူးဆန်းသော အစီအရင် တစ်ခုကို လုပ်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ ခြေထောက်များက တဖြည်းဖြည်း ရှေ့သို့ တိုးသွား၏။
ရုတ်တရက် သူ ခြေလှမ်းခဲ့သည့် နေရာမှ အနက်ရောင် မြွေတစ်ကောင် ပေါ်လာသည်။ ထိုမြွေက သူ၏ကိုယ်ပေါ်သို့ တက်လာပြီး သူ၏ရင်ဘတ်သို့ ရောက်သောအခါ နှစ်ကောင် အဖြစ် ခွဲထွက်သွားသည်။ အနက်ရောင် မြွေနှစ်ကောင်က လက်နှစ်ဖက်မှ ပြုလုပ်ထားသည့် ထူးဆန်းသော အစီအရင် တစ်ခုဆီသို့ ရောက်သွား၏။
ချက်ချင်း ဆိုသလိုပင် ဦးခေါင်းခွံအရွယ် အနက်ရောင် အလုံးတစ်လုံးက များပြားလှသော စက်ကွင်းများနှင့်အတူ ဝမ်လင်း၏ ရှေ့တွင် ပေါ်လာသည်။
ထိုအခါ ဝမ်လင်းက အသံကိုနှိမ့်ပြီး အော်လိုက်သည်… “ရှေးဟောင်း နတ်ဘုရား ဖျက်ဆီးခြင်း… ”
သူ၏မျက်လုံးများက အလွန် အေးစက်နေပြီး လက်နှစ်ဖက်ကို ဘေးတွင် ပစ်ထား၏။ အနက်ရောင် စက်လုံးက လျှပ်စီးတန်း တစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး ပုံရိပ်ယောင် စက်ဝိုင်းများကို မီသွားကာ အနက်ရောင် မြူထဲသို့ တစ်ဟုန်ထိုး တိုးဝင် သွားသည်။
ရှေးဟောင်း နတ်ဘုရား ဖျက်ဆီးခြင်းက ရှေးဟောင်း နတ်ဘုရား နည်းဗျူဟာကို ဖတ်ပြီးမှ သိလာရသည့် သူ အသုံးပြုနိုင်သော နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုနည်းစနစ်၏ စွမ်းအားသည် တိုက်ခိုက်မှုအတွက် မဟုတ်ဘဲ အတားအဆီးများကို ဖျက်ဆီးရန်အတွက် များပြားလှသော စိတ်စွမ်းအင် ပမာဏကို အသုံးပြုရန် ဖြစ်သည်။
အစောပိုင်းက ဝမ်လင်း သောက်ထားသော စိတ်စွမ်းအင်ရည် များသည် ရှေးဟောင်း နတ်ဘုရား ဖျက်ဆီးခြင်း နည်းစနစ်ကြောင့် အနက်ရောင် စက်လုံးအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းကလည်း ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
အနက်ရောင်မြူကို ပထမဆုံး ထိသွားသည့် အရာသည် ဝမ်လင်း၏ ပုံရိပ်ယောင် စက်ဝိုင်းများ ဖြစ်သည်။ သူတို့က အနက်ရောင် မြူများကို ထိသွားသည့်နှင့် မြူများက လျင်မြန်စွာ ပျောက်ကွယ် သွားသည်။
သို့သော်လည်း မြူများ ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက် ပိုများသော မြူများက ထိုနေရာတွင် အစားထိုး နေရာယူ လာသည်။ ထို့ကြောင့် မြူများက လျော့မသွားဘဲ ပို၍ပင် တိုးလာသည်။
ပုံရိပ်ယောင် စက်ဝိုင်းများ ပြီးနောက် အလှည့်ကျလာသည့် အရာကား ရှေးဟောင်း နတ်ဘုရား ဖျက်ဆီးခြင်း နည်းစနစ်မှ ဖန်တီးထားသော အနက်ရောင် စက်လုံး ဖြစ်သည်။ စက်လုံးပေါ်တွင် တောက်လောင် နေသော များပြားလှသည့် စက်ကွင်းများ ရှိနေပြီး သူတို့က မြူများကို ထိသွားသည့်နှင့် မြူများက ကွဲထွက်သွား၏။ မြူများ ကွဲထွက် သွားသည်နှင့် အားလှိုင်း၄ခုက အပြင်သို့ ပေါက်ကွဲ ထွက်လာသည်။
ထိုအခါ သိပ်သည်းလှသော မြူထုကြီးတွင် နက်ရှိုင်းသော အပေါက်ကြီးတစ်ခု ပွင့်သွားလေသည်။ အပြင်ဘက်မှ ကြည့်လျှင် ထိုအပေါက်ကြီးသည် အဆုံးမရှိဟု ထင်ရ၏။ ဝမ်လင်းက အခွင့်အရေးကို လက်လွှတ်မခံဘဲ အပေါက်ထဲသို့ လျင်မြန်သော အရှိန်ဖြင့် တိုးဝင် သွားလေသည်။
ထို့နောက်တွင် အပေါက်မှ ထွက်ပေါ်နေသော အားလှိုင်းလေးခုကို အနက်ရောင် မြူများက ပြည့်လည် ဖိနှိပ်လာသည့် အတွက် အားလှိုင်း၄ခုက ကျုံ့ဝင်လာပြီး အပေါက်ကလည်း တဖြည်းဖြည်း သေးငယ်လာသည်။ နောက်ဆုံးတွင် အားလှိုင်းများကြောင့် ပေါက်သွားသော အပေါက်က ပြန်ပိတ်သွား၏။
ဝမ်လင်း၏ အလျင်က အလွန် မြန်ဆန်လှသည်။ သူက ကျုံ့ဝင်နေသော အပေါက်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်နေသည်။ အပေါက်က လျင်မြန်စွာ ကျုံ့ဝင် လာသည့်အတွက် နောက်သို့ ပြန်ဆုတ်ရန်လည်း အချိန် မရတော့ပေ။ ထိုနောက် ဝမ်လင်းက သူ့အနေဖြင့် အခွင့်အရေး သေးသေးလေးပဲ ရှိလျှင်တောင်မှ သူက လက်လျှော့ လိမ့်မည် မဟုတ်ပေ။
သူ့ဘေးမှ အားလှိုင်းများ ကျုံ့ဝင်လာသည်ကို ကြည့်ပြီး သူက စိတ်ဝိညာဉ် ရည်များကို အလျင်အမြန် ထုတ်သောက် လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်က လျင်မြန်စွာ လှုပ်ရှား လာသကဲ့သို့ ပါးစပ်မှလည်း ဂါထာတချို့ကို ရွတ်နေလေသည်။ ထို့နောက် သူက လက်ကို လွှတ်လိုက်သောအခါ အနက်ရောင် စက်လုံးတစ်လုံး ပေါ်လာပြန်သည်။
သူက အနက်ရောင် စက်လုံးကို ဘေးသို့ ပစ်လိုက်သည်။ အနက်ရောင် စက်လုံးက ပေါက်ကွဲ သွားသည်နှင့် အားလှိုင်းများက ထွက်ပေါ် လာလေသည်။ ယခုအချိန်တွင် ဝမ်လင်းအတွက် အချိန်က တန်ဖိုး မဖြတ်နိုင်သည့် အရာတစ်ခု ဖြစ်နေလေပြီ။
သူက ရှေးဟောင်း နတ်ဘုရား ဖျက်ဆီးခြင်း နည်းစနစ်ကို အသုံးပြုတိုင်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝန်ထုပ်ဝန်ပိုး တစ်ခု ထမ်းထား ရလေသည်။ သူက ရှေးဟောင်း နတ်ဘုရား နည်းဗျူဟာကို မကျွမ်းကျင်မီ ထိုနည်းစနစ်ကို ၃ကြိမ် အသုံးပြုလျှင် ရရှိလာမည့် ဒဏ်ရာက မပြင်းထန် သော်လည်း သုံးကြိမ်ထက် ပိုသွားလျှင်တော့ သူ့ကို အကြီးအကျယ် ထိခိုက် စေလိမ့်မည် ဖြစ်သည်။
ရှေးဟောင်း နတ်ဘုရား ဖျက်ဆီးခြင်း နည်းစနစ်သည် ရှေးဟောင်း နတ်ဘုရား နည်းဗျူဟာ ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဝမ်လင်းက ထိုနည်းစနစ်ကို အသုံးပြုရန်အတွက် စိတ်စွမ်းအင် များစွာကို အသုံးပြုနေသည်။
သူက ရှေ့သို့ ဆက်သွား နေသည်။ အားလှိုင်းများက မြူများကို နောက်ထပ် မခုခံနိုင်တော့သည့် အချိန်ကို ရောက်လာပြီး စတင်ကျုံ့ လာသောအခါ ဝမ်လင်းကလည်း မြူများ၏ အဆုံးသို့ ရောက်ရှိ သွားလေသည်။
ဝမ်လင်းက နောက်သို့ တစ်ချက် ပြန်ကြည့်ပြီး ခါးသက်စွာ ရယ်လိုက်ကာ ပြန်ဆုတ်ရန် နောက်သို့ လှည့်လိုက်သည်။ မြူထု၏ အောက်ဆုံး အလွှာသည် ခရမ်းရောင် လျှပ်စီးများ ရှိနေသော အလွှာဖြစ်သည်။ သူကသာ ဂရုမစိုက်ဘဲ ဝင်သွားလျှင် တုံ့ပြန်ချိန်ပင် မရဘဲ သေသွားလိမ့်မည် ဖြစ်သည်။
သူက ခရမ်းရောင် လျှပ်စီးအလွှာ၏ အောက်တွင် အနက်ရောင် ပင်လယ်ကိုလည်း မြင်လိုက်ရသည်။ အနက်ရောင် ရေများထဲတွင် နဂါးနှင့်တူသော သားရဲများကိုလည်း တွေ့ရသည်။ ထိုသားရဲများသည် နဂါးနှင့် တူသော်လည်း နဂါးများ မဟုတ်ကြပေ။
ဤနေရာသည် သူက အတင်းအကြပ် ဝင်ရောက်နိုင်သည့် နေရာတစ်ခု မဟုတ်ပေ။ သူကသာ အတင်းအကြပ် ဝင်ရန် ကြိုးစားလျှင် အနက်ရောင် ပင်လယ်ဆီသို့ မရောက်ခင်မှာတင် သေဆုံး သွားပေလိမ့်မည်။ ဝမ်လင်းက ဆုံးဖြတ်ချက် ပြတ်သားသည့် လူတစ်ယောက် ဖြစ်သည့်အတွက် တစ်ခုခု မှားနေသည့်ဟု ခံစားမိသည်နှင့် ချက်ချင်း နောက်သို့ ပြန်ဆုတ်လာခြင်း ဖြစ်သည်။
အားလှိုင်းများက စတင် ကျုံ့ဝင်လာသည်။ အပေါက်က ပြန်ပိတ်တော့မည့် အချိန်တွင် ဝမ်လင်းက အပြင်သို့ ထွက်လိုက်နိုင်သည်။ သူက နောက်မှ အနက်ရောင် မြူများကို စိုက်ကြည့် လိုက်သည်။ သူ၏မျက်နှာက တစ်ခုခုကို စဉ်းစားနေသည့်ဟန်ဖြင့် သုန်မှုန် နေလေသည်။
သူက ဝိညာဉ်သေ ပင်လယ်ထဲသို့ မဝင်နိုင်လျှင် ရှေးဟောင်း နတ်ဘုရား နယ်မြေမှ ထွက်ခွာခွင့် ရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူ၏ လက်ရှိစွမ်းအားဖြင့် ဝိညာဉ်သေ ပင်လယ်ကို ဝင်ရောက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။ လိုအင်၆မျိုး နတ်ဆိုးသခင်က အသက်ရှင်လျက် ရှိနေသေးလျှင် တောင်မှ သူသည်လည်း ဝိညာဉ်သေ ပင်လယ်အတွင်းသို့ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။
ဝင်နိုင်မည့် တစ်ဦးတည်းသော လူသည် ရှေးဟောင်း နတ်ဘုရား၏ စွမ်းအားကို အမွေ ဆက်ခံထားသော ဆံပင်နီနှင့်လူသာ ရှိသည်။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး စက်လုံးကြီး၏ တစ်ဖက်ခြမ်းကို ကြည့်လိုက်သည်။
သွေးပင်လယ်သည် ဆံပင်နီနှင့်လူကို ပိတ်လှောင် ထားသည်။ ဝိညာဉ်သေ ပင်လယ်ထဲသို့ ဖျက်ဆီး ဝင်ရောက်ရန် အတွက် အနီရောင် ဆံပင်နှင့်လူ၏ အခွင့်အရေးက ဝမ်လင်းထက် အများကြီး ပိုများ၏။
ဝိညာဉ်သေ ပင်လယ် အတွင်းတွင် မှတ်ဉာဏ် အမွေအနှစ် ရှိနေသည်။ အနီရောင်ဆံပင်နှင့် လူကသာ မှတ်ဉာဏ် အမွေအနှစ်ကို ရသွားပါက သူ့ထံတွင် အမွေအနှစ်၂ခု စုံသွားပြီး ရှေးဟောင်း နတ်ဘုရား ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်းက သွေးပင်လယ်ကို ကြည့်ရင်း သူ၏ ပါးစပ် အစွန်းတစ်ဖက်က အပေါ်သို့ တက်သွား၏။ ယခင်က ဖြစ်ခဲ့သည့် ကိစ္စများကို စဉ်းစားကြည့်လျှင် သူက မိစ္ဆာကျင့်ကြံသူများ အရူးအမူး လိုက်ရှာနေကြသည့် ဝိညာဉ်စားသုံးသူ ဖြစ်သည်။
သူတို့က ဘာကြောင့် သူ့ကို လိုက်ရှာကြသလဲ။ ထိုအကြောင်းကို တွေးကြည့် လိုက်သည့် အချိန်တွင် ဝိညာဉ်စားသုံးသူ ဖြစ်လာတော့မည့် လေလွင့်ဝိညာဉ် အကြီးကြီးနှင့် တွေ့ဆုံခဲ့သည်။ ဤကဲ့သို့ နေရာတွင် ထိုလေလွင့်ဝိညာဉ် အကြီးကြီး တစ်ကောင် ရှိနေခြင်းက သာမန် မဖြစ်နိုင်ချေ။
ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်သည့် ဝမ်လင်းက ထိုအကြောင်းများကို သိနေသည်။ ပျက်စီးခြင်း လောကတွင် ဝိညာဉ် စားသုံးများ၌ ကိုယ်ပိုင် နယ်မြေများ ရှိကြသည်။ လေလွင့်ဝိညာဉ် တစ်ကောင်က ဝိညာဉ်စားသုံးသူ အဖြစ် ဆင့်ကဲ ပြောင်းလဲတော့မည် ဆိုလျှင် ဝိညာဉ် စားသုံးသူက ထိုလေလွင့်ဝိညာဉ်ကို ဝါးမျိုခြင်းဖြင့် ဆင့်ကဲ ပြောင်းလဲမှုကို ရပ်တန့်ပစ်ကြသည်။
တတိယနယ်မြေ အတွင်းတွင် ဝိညာဉ်စားသုံးသူ တစ်ကောင် ရှိနေပါလျက်နှင့် ထိုမျှ ကြီးမားလှသော လေလွင့်ဝိညာဉ်က ရှိမနေသင့်ပေ။ ပြင်ပမှ အကူအညီ တစ်ခုခုကို ရထားလျှင်တော့ ဖြစ်ကောင်း ဖြစ်နိုင်သည်။
အထူးသဖြင့် ဝိညာဉ်စားသုံးသူကို ကြည့်ရသည်မှာ အိပ်ပျော်နေ သကဲ့သို့ ထူးဆန်းသော အခြေအနေတစ်ခုတွင် ရောက်နေသည်။ ထိုသို့ ဖြစ်ရခြင်း၏ အဖြေကို ဝမ်လင်း သိနေသည်။
ထိုဝိညာဉ် စားသုံးသူက အိပ်ပျော်နေသည့် အခြေအနေသို့ ရောက်သွားရခြင်းမှာ တစ်စုံ တစ်ယောက်ကြောင့် ဖြစ်သည်။ ထိုလူ၏ ရည်ရွယ်ချက်သည် တခြား လေလွင့်ဝိညာဉ်များကို ဝိညာဉ်စားသုံးသူ အဖြစ် ဆင့်ကဲ ပြောင်းလဲစေရန် ဖြစ်နိုင်သည်။
သူ့ကို လိုက်ဖမ်းခိုင်းသည့် အတွက် ထိုလူ၏ အကြံအစည်က အောင်မြင်ရန် အတွက် ဝိညာဉ်စားသုံးသူ ၂ကောင် လိုအပ်ပေလိမ့်မည်။
ဝမ်လင်း၏ လေ့လာမှုအရ လေလွင့်ဝိညာဉ် များသည် ဝိညာဉ်စားသုံးသူ တစ်ကောင် ဖြစ်လာရန် အလွန် ကြာညောင်းသော အချိန်ကာလတစ်ခု လိုအပ်ပေသည်။
ထိုအကြောင်းများကို တွေးနေစဉ်မှာပင် ဝမ်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူ့အတွက် နောက်ဆုံး မေးခွန်းတစ်ခု ဖြစ်သည့် မိစ္ဆာကျင့်ကြံသူများက မည်သူ့အတွက် အလုပ် လုပ်ပေးနေသနည်း။
ခါးကုန်းကြီးမုန့်က သေရွာမှ ပြန်ရှင် လာနိုင်ခဲ့သည်။ ထိုဖြစ်ရပ်၏ နောက်တွင် ထူးခြားမှုများ ရှိနေရမည်။ ထို့အပြင် သွမ့်မူနှင့် ဝမ်ချင်းယွဲ့ကို ဖမ်းဆီးမှုကလည်း နောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိနေရမည်။ ဝမ်လင်းက ထိုအကြောင်းများကို တွေးရင်း တွေးရင်း ထူးခြားမှုများကို တစ်ခုပြီး တစ်ခု စဉ်းစားမိလာသည်။
ဝမ်လင်းက သွေးပင်လယ်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာကျင့်ကြံသူများအား ထိန်းချုပ် စေခိုင်းနိုင်သူမှာ ရှေးဟောင်း နတ်ဘုရား၏ စွမ်းအား အမွေအနှစ်ကို ရထားသည့် ဆံပင်အနီနှင့်လူသာ ဖြစ်နိုင်သည်။
ထိုလူသာ တကယ်ဖြစ်ခဲ့လျှင် ဝိညာဉ်စားသုံးသူ ၂ကောင် လိုချင်နေသည့် သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်း နေလေပြီ။ သွေးပင်လယ်မှ ထွက်ရန် ဖြစ်ရမည်။ ထိုအဖြေမှလွဲ၍ တခြား အဖြေကို ဝမ်လင်းလည်း မတွေးတတ်ချေ။
***