Switch Mode

အပိုင်း (၂၀၈)

ရှေးဟောင်း နတ်ဘုရား၏ အမွေ (၅)

ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာကျင့်ကြံသူများက ဝမ်လင်းအား လိုက်ရှာ နေကြသည်။ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်က ကြီးမားသော်လည်း မိစ္ဆာကျင့်ကြံသူများ အတွက် အနည်းငယ် ခက်ခဲရုံသာ ရှိ၏။ သူတို့က ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်တွင်းရှိ နေရာ အားလုံးကိုလည်း သိနေသည်။

သူတို့က ချီလှိုင်းများကိုလည်း မကြောက်ကြပေ။ တချို့ဆိုလျှင် ချီလှိုင်းများထဲသို့ပင် တိုးဝင်ပြီး ရှာကြသည်။

သူတို့က နေရာအားလုံးက ပိုက်စိပ်တိုက်ပြီး ရှာတာတောင်မှ ဘာကိုမှ မတွေ့ကြပေ။ သို့သော်လည်း ထိုမိစ္ဆာ ကျင့်ကြံသူများက လုံးဝ လက်မလျှော့ဘဲ ဆက်ရှာကြသည်။ အဘယ်ကြောင့် ဆိုသော် ဝိညာဉ် စားသုံးသူအား ရှာတွေ့ခြင်း၊ မတွေ့ခြင်းက သူတို့၏ အနာဂတ်ကို ဆုံးဖြတ် ပေးမည့်အတွက် ဖြစ်သည်။

ဝမ်လင်းကတော့ စက်ကွင်းများက ဝိုင်းရံလျက်ပင် ထူးခြားသော အခြေအနေတစ်ခုသို့ ဝင်ရောက်သွား၏။ သူ့ဘေးတွင် မြောက်မြားလှသော ကြယ်များ ပြည့်နေသော အဆုံးမရှိသည့် အမှောင်ထုကြီး ရှိနေသည်။

သူက သူ၏ ခန္ဓာကိုယ်လည်း မခံစားသိရှိနိုင်တော့ပေ။ သို့သော်လည်း သူ၏ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့် ခံစားချက်ကိုလည်း မခံစားရပေ။ သူက အရှေ့သို့ လျင်မြန်စွာ ရွေ့နေသည်ကိုသာ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

တောက်ပနေသော ကြယ်များက တဖြည်းဖြည်း ကြီးမားလာပြီး အလွန် ကြီးမားသော စက်လုံးကြီးများ ဖြစ်လာသည်။ မကြာမီတွင် သူက ကြီးမားသော လူ့ဘီလူးကြီး တစ်ကောင်ကို မြင်လိုက်ရသည်။ လူ့ဘီလူးကြီးက ကြီးမားသော စက်လုံး တစ်ခုပေါ်တွင် ခြေချိတ်၍ ထိုင်နေပြီး လက်နှစ်ဖက်က အစီအရင် တစ်ခုကို လုပ်နေသည်။ သူက ညာလက်ကို လှုပ်ရှားလိုက်ရာ အဝေးရှိ စက်လုံးတစ်ခုက ပေါက်ကွဲသွားပြီး ပေါက်ကွဲမှု လှိုင်းလုံးများ ထွက်ပေါ် လာသည်။

ထိုအရာများက လူ့ဘီလူးကြီးက ဂရုမစိုက်ပေ။ ပေါက်ကွဲ ထွက်သွားသော စက်လုံးဆီမှ ရွှေရောင် အရည်စီးကြောင်း တစ်ခုက လူ့ဘီလူးကြီး၏ ညာလက်ဆီသို့ ပျံသန်း လာသည်။ လူ့ဘီလူးကြီးက ရင်ဘတ်ကို ပွတ်သပ်လိုက်ရာ ရောင်စုံ အလင်းတစ်ခုက ထွက်လာပြီး ဖျတ်ခနဲ ပျောက်သွား၏။ ထို့နောက် သာမန် အရွယ်အစားသာ ရှိသည့် မွေးကင်းစ ကလေးငယ်က လူ့ဘီလူးကြီး၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

သူက ကလေးငယ်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ညာလက်ဖြင့် ရွှေရောင်အရည်ကို ညှစ်ပြီး ကလေးငယ်ပေါ်သို့ တစ်စက်ချင်း ချသည်။ ထို့နောက် သူက မတ်တတ်ရပ်ပြီး ကလေးငယ်ကို စက်လုံး တစ်ခုဆီသို့ ပစ်လိုက်သည်။

ထိုအခါ ရွှေရောင် အရည်က ကလေးငယ်ကို ဝိုင်းရံသွားပြီး စက်လုံးဆီသို့ ပြင်းထန်စွာ တိုက်မိသွားသည်။ အရှိန်က အလွန်မြန်သဖြင့် တိုက်မိအားကလည်း အလွန် ပြင်းထန်သည်။ ကလေးငယ်က စက်လုံး၏ အလယ်နှင့် နီးကပ်လာမှ အရှိန်က လျော့ကျ သွားလေသည်။

ထို့နောက်တွင် လူ့ဘီလူးကြီးက ကလေးငယ်ကို တစ်ချက်တောင် မကြည့်တော့ဘဲ အဝေးသို့ ထွက်ခွာ ပျောက်ကွယ် သွားသည်။

ဝမ်လင်းက ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာသည်။ အံ့အားသင့်သည့် အရိပ်အယောင် တစ်ခုကလည်း သူ့မျက်ဝန်းတွင် ဖြတ်ပြေးသွား၏။ ထိုလူသည် ရှေးဟောင်းနတ်ဘုရား ဖြစ်ရပေမည်။ ယခုမှ ဝမ်လင်းက ရှေးဟောင်း နတ်ဘုရား၏ စွမ်းအားကို နားလည်သွား၏။ ထိုစက်လုံးများသည် ယခင်က စစ်ထူနန် ပြောပြသည့် အရာများသာ ဖြစ်ပေလိမ့်မည်။ သူတို့နေသည့် နေရာကြီးသည် ဂြိုဟ်ဟုခေါ်သည့် လုံးဝန်းသော အရာတစ်ခုထဲတွင် ရှိကြောင်း ပြောပြခဲ့သည်။

ဂြိုဟ်များက တစ်ခုနှင့်တစ်ခု အလွန် ကွာဝေးနေခြင်းကြောင့် သူတို့ကို ကြည့်လိုက်လျှင်သာ သေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုအရာများက အလွန့်အလွန် ကြီးမားပေသည်။

ရှေးဟောင်း နတ်ဘုရားက လက်တစ်ဖက် ဝှေ့ယမ်း လိုက်ရုံဖြင့် ဂြိုဟ်တစ်ခုကို ဖျက်ဆီး ပစ်နိုင်သည်။ ထိုစွမ်းအားများက သူ တစ်ခါမှ မတွေးဖူးသည့် အဆင့်တွင် ရှိနေသည်။

ရုတ်တရက် အတွေးတစ်ခုက ဝမ်လင်း၏ စိတ်ထဲတွင် ပေါ်လာသည်။ ရှေးဟောင်း နတ်ဘုရားများ ပျောက်ကွယ် သွားရသည့် အကြောင်းရင်းကို နားလည်သွားခြင်း ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရားများ၏ ခန္ဓာကိုယ်က အလွန် ကြီးမားလွန်းသဖြင့် သူတို့သာ ဆက်လက် ကြီးထွားမည် ဆိုလျှင် ဂြိုဟ်များက မည်မျှထိ ဖျက်ဆီးခံရမလဲ မသိနိုင်ချေ။

ဝမ်လင်းက ခဏလောက် ငြိမ်သွားပြီး ကလေးငယ် ရှိနေသည့် ဂြိုဟ်ကို ကြည့်နေလေသည်။ စိတ်ထဲတွင် သူကလည်း ထိုဂြိုဟ်ပေါ်တွင် ရှိသည့်ဟု ခံစားလိုက်ရသည်။

ထိုဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများ အများအပြား ရှိ၏။ အစွမ်းထက်သော ကျင့်ကြံသူတချို့မှ လွဲ၍ ကလေးငယ်၏ ရောက်ရှိလာမှုကို မည်သူကမှ သတိမပြုမိကြချေ။ သတိပြုမိသည့် ကျင့်ကြံသူများ သည်လည်း သတိပြုမိရုံသာ ရှိပြီး မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ပေ။

သူတို့ဝတ်ဆင်သည့် အဝတ်အစားများသည် ယခု ဝမ်လင်းတို့ ဝတ်ဆင်နေသည့် အဝတ်အစားများနှင့် ကွာခြား၏။

ဝမ်လင်းက ကလေးရှိသည့် မြေပြင်ထဲသို့ နစ်မြုပ်သွားပြီး ကလေးငယ် ရှိသည့်နေရာသို့ ရောက်လာသည်။ ကလေးငယ်ကို ရွှေရောင် အရည်များက ဝိုင်းရံထားပြီး ကလေးငယ်က ဂြိုဟ်၏ အမြုတေထဲတွင် ငြိမ်သက်စွာ အိပ်ပျော် နေလေသည်။

အချိန်များက တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော် လာသည်။ ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ ကလည်း ပိုမို များပြားလာသည်။

သို့သော်လည်း တစ်ရက်တွင် နှစ်ပေါင်းများစွာ အိပ်စက်လာသည့် ကလေးငယ်က မျက်လုံး ဖွင့်လာသည်။ ကလေးငယ်က သူ့ကို ဝိုင်းရံထားသည့် ရွှေရောင် အလင်းများကို စုပ်ယူလိုက်ရာ ရွှေရောင် အလင်းများက လျင်မြန်စွာ ကျုံ့ဝင်လာပြီး ကလေးငယ်ကလည်း အသက် ပိုကြီးလာသည်။

မွေးကင်းစ ကလေးငယ်မှ လမ်းလျှောက် ဆော့ကစားနိုင်သည့် ကလေးငယ် အဖြစ်သို့ ကြီးထွား လာသည်ကို ဝမ်လင်းက ကြည့်နေခဲ့သည်။ ထိုအခါမှ ဒုက္ခကပ်ဘေးကြီး တစ်ခုကို ဝမ်လင်း မြင်လိုက်ရသည်။ ကလေးငယ်က တစ်ခါ လှုပ်ရှား လိုက်သည်နှင့် ဂြိုဟ်ပေါ်ရှိ အပင်များ အားလုံးက သေဆုံးသွားပြီး အစိမ်းရောင် အရည်များ အဖြစ်သို့ ပြောင်းလဲသွားကာ ကလေးငယ် စုပ်ယူနေသည့် ဂြိုဟ်အမြုတေဆီသို့ စီးသွားလေသည်။

ထိုဖြစ်စဉ်သည် အချိန် တော်တော် ကြာအောင် ကြာမြင့်ခဲ့သည်။

ကျင့်ကြံသူများက မည်သို့ပင် ရှာဖွေကြသော်လည်း အကြောင်းရင်းကို ရှာမတွေ့ခဲ့ကြပေ။

နောက်ဆုံးတွင် ဂြိုဟ်ပေါ်ရှိ စိတ်စွမ်းအင်များက လျင်မြန်စွာ ပျောက်ကွယ်လာပြီး ဂြိုဟ်ပေါ်တွင် စိတ်စွမ်းအင် တစ်မှုန်တောင်မှ မကျန်ရစ်တော့ချေ။ ထိုအခါ ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများက ရွေးချယ်စရာ မရှိတော့ဘဲ တခြား နေရာသို့ ပြောင်းကြ ရတော့သည်။

စိတ်စွမ်းအင်များ အားလုံးကို ကလေးငယ်က စုပ်ယူ လိုက်သည့်အတွက် ကလေးငယ်၏ ခန္ဓာကိုယ်က လူငယ် တစ်ယောက်၏ ခန္ဓာကိုယ် အဖြစ်သို့ အလွန် ကြီးထွားလာသည်။

ထို့နောက် ဂြိုဟ်ပေါ်တွင် ဘေးဒုက္ခများ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ တောင်များက ပြိုလဲကျကုန်သည်။ ထို့အပြင် တချို့ ကျင့်ကြံသူများ ဆိုလျှင် ပြောင်းရွှေ့ရန်ပင် အချိန် မရလိုက်ကြဘဲ ချက်ချင်း‌ သေဆုံးသွားကြ၏။ သူတို့ သေဆုံးရသည့် အကြောင်းရင်းကိုလည်း မည်သူမှ မသိကြချေ။ အများစုက သူတို့ ကျင့်ကြံထားသည့် ကျင့်ကြံမှုများ အားလုံး ဆုံးရှုံးပြီး သေဆုံး သွားကြရခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဂြိုဟ်တစ်ခုလုံးက ဂြိုဟ်သေတစ်ခု အဖြစ်သို့ ပြောင်းလဲလာသည်။ ထို့နောက် လူငယ်က ရုတ်တရက် လှုပ်ရှားလိုက်ရာ ဂြိုဟ်တစ်ခုလုံး ပေါက်ကွဲသွား၏။

ပေါက်ကွဲသွားသည့် ဂြိုဟ်၏ အလယ်မှ လူငယ်က အပြင်သို့ လမ်းလျှောက် ထွက်လာသည်။ လူငယ်က ပေတစ်ထောင်ကျော် ရှည်ပြီး သူ၏ မျက်လုံးများက မည်သည့်ခံစားမှုမှ မရှိဘဲ အေးစက်နေသည်။

လူငယ်က မျက်လုံးကို ပိတ်လိုက်ပြီး သူ၏နတ်ဘုရား စိတ်အာရုံဖြင့် တစ်ခုခုကို ရှာနေသည့်ဟန် ရှိသည်။ အချိန်တော်တော် ကြာပြီးနောက်တွင် သူက ရေရွတ်လိုက်သည်… “ငါ့ရဲ့နာမည်က ထူစီ…”

ထို့နောက် သူက မျက်လုံးကို ဖွင့်လိုက်ပြီး ဝမ်လင်း ရှိသည့်နေရာသို့ စိုက်ကြည့်ကာ ပြောလိုက်သည်… “ငါက ရှေးဟောင်း နတ်ဘုရားရဲ့ ဆက်ခံသူပဲ… မင်းက ငါ့ရဲ့မှတ်ဉာဏ် တချို့ကို ရရှိလိမ့်မယ်… ဒါကြောင့် နိုးနိုးကြားကြား နေပါ…”

ဝမ်လင်းက အချိန် တော်တော် ကြာအောင် မှင်တက် နေလေသည်။ သူက မျက်လုံးကို ဖွင့်ပြီး ကြည့်လိုက်ရာ သူက ဟင်းလင်းပြင်ထဲတွင် ရှိမနေတော့ဘဲ ဖောက်ထွင်း မြင်နိုင်သော ကြိုးမျှင်တစ်ခု အတွင်းတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“အမွေဆက်ခံခြင်း…” ဆိုသည့် အတွေးက သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ အစောပိုင်းက သူမြင်ခဲ့သမျှသည် ရေခဲသလင်း ကျောက်နှင့် ဆက်စပ် နေပေလိမ့်မည်။

ထိုအချိန်တွင် သူ၏ ဦးနှောက်ထဲ၌ ရွှေရောင်စာလုံးများ ပေါ်လာသည်။ သူက နတ်ဘုရား စိတ်အာရုံဖြင့် စာလုံးများကို စစ်ဆေး ကြည့်လိုက်သည်။

“ရှေးဟောင်း နတ်ဘုရား နည်းဗျူဟာ…”

ဝမ်လင်းက မျက်လုံးကို ပိတ်လိုက်သည်။ အချိန် တော်တော်ကြာမှ သူက မျက်လုံးကို ပြန်ဖွင့်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။ ယခု သူက ကောင်းကင်နတ်ဆိုး ပညာရှင်က မည်သည့် အတွက်ကြောင့် ရှေးဟောင်း နတ်ဘုရား၏ အမွေဆက်ခံခြင်းကို ရရှိရန် အလွန် ကြိုးစားခဲ့သည်ကို နားလည် လိုက်လေပြီ။

သူ ရရှိသည့် မှတ်ဉာဏ် အစိတ်အပိုင်းမှ သတင်း အချက်အလက်များ အရ ရှေးဟောင်း နတ်ဘုရား တစ်ယောက် သေသွားတိုင်း အမွေဆက်ခံခြင်း တစ်ခု ဖြစ်ပေါ်လာသည်။ အမွေဆက်ခံသည့် မည်သူမဆိုသည် ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်လာ လိမ့်မည် ဖြစ်သည်။

ရှေးဟောင်း နတ်ဘုရား၏ အမွေဆက်ခံခြင်းကို အပိုင်း၂ပိုင်း ခွဲထား၏။ ပထမအပိုင်းက စွမ်းအားဖြစ်ပြီး ကျန်တစ်ပိုင်းမှ အသိဉာဏ် ဖြစ်သည်။

အစိတ်အပိုင်း နှစ်ခုစလုံးကို ရရှိထားသည့် လူက ရှေးဟောင်း နတ်ဘုရား ဖြစ်လာသည်နှင့် ရှေးဟောင်း နတ်ဘုရားတွင် ရှိသည့် အရာအားလုံးကို ရရှိလိမ့်မည် ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရားသည် အဆင့်တစ်ခုကို ရောက်ပြီး သူ၏ ခန္ဓာကိုယ်က နှစ်ပေါင်း ၁သိန်းခန့် ဒဏ်ရာမရဘဲ ကျန်ရှိနေမှသာ အမွေဆက်ခံခြင်း ဖြစ်ပေါ်လာရန် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်း နတ်ဘုရား၏ အမွေဆက်ခံခြင်း ဖြစ်ပေါ်လာရန် အလွန် အခွင့်အရေး နည်း၏။

အဘယ်ကြောင့် ဆိုသော် ရှေးဟောင်း နတ်ဘုရားက အမွေဆက်ခံခြင်း တစ်ခု ဖန်တီးရန် အတွက် သူ၏ဘဝကို အဆုံးရှုံးခံရမည် ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရားကသာ မတော်တဆ ရုတ်တရက် သေဆုံးသွားပါက အမွေဆက်ခံခြင်းကို ဖန်တီး နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အမွေဆက်ခံခြင်းကို ပြုလုပ်ရန်အတွက် သူတို့ ပေးဆပ်ရမည့် တန်ဖိုးသည် သူတို့၏ အသက် ဖြစ်သည်။

ရှေးဟောင်း နတ်ဘုရား၏ မိသားစုက အလွန် ရက်စက်ပေသည်။ ငယ်ရွယ်စဉ်တွင် ဂြိုဟ်တစ်ခုထဲတွင် ပစ်ထည့် ထားကြ၏။ သူတို့က ကြီးထွား လာဖို့အတွက် ဂြိုဟ်မှ အဆီအနှစ်များ အားလုံးကို စုပ်ယူကြရသည်။ သူတို့က အရွယ် ရောက်လာသည့် အချိန်တွင် ဂြိုဟ်က ဂြိုဟ်သေတစ်ခု ဖြစ်သွားလေပြီ။

ထို့အပြင် ရှေးဟောင်း နတ်ဘုရား၏ မိသားစုက အလွန် ရက်စက်သော မျိုးနွယ်စု ဖြစ်သည်။ သူတို့၏ ကလေးကို ဂရုမစိုက်ကြဘဲ သေသေရှင်ရှင် ပစ်ထားကြသည်။ ထို့ကြောင့်လည်း ရှေးဟောင်း နတ်ဘုရားများက အလွန် ရှားပါးနေခြင်း ဖြစ်သည်။

ဝမ်လင်းက အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ သူက ထိုအကြောင်းများကို တွေးရင် အတွေးတစ်ခုက ဖျတ်ခနဲ လက်သွားသည်။ ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်များအရ သူတို့ထံတွင် မှော်ရတနာများလည်း မရှိသလို ဆေးများလည်း မရှိပေ။ ထိုအရာသည် လျှို့ဝှက် အကြံအစည်များနှင့် တချို့လူများက လုပ်ကြံလီဆယ် ထားသော အရာများသာ ဖြစ်ပေလိမ့်မည်။

သူ ရရှိထားသော မှတ်ဉာဏ်များကြောင့် သူက ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ဆက်သွယ်နိုင်သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ရှေးဟောင်း နတ်ဘုရား၏ စွမ်းအား အမွေအနှစ်ကို တစ်စုံတစ်ယောက်က ရောက်ရှိသွားကြောင်းကို ဝမ်လင်းက သိလိုက်၏။

သို့သော်လည်း ထိုကိစ္စကို ဝမ်လင်းက စိတ်မဝင်စားပေ။ သူ့အတွက် အရေးကြီးဆုံး ကိစ္စသည် ဤနေရာမှ ထွက်သွားနိုင်ရန် ဖြစ်သည်။ မှတ်ဉာဏ်ထဲတွင် ဤနေရာမှ ထွက်ခွာရန် အတွက် အဖြေရှိ၏။ သို့သော်လည်း ထိုအဖြေက ဝမ်လင်းကို အကူအညီမဲ့ သွားသကဲ့သို့ ခံစားရစေသည်။

သာမန်လူ တစ်ယောက်အတွက် ဤနေရာမှ ထွက်ခွာရန် အလွန်ခက်ခဲမည် ဖြစ်သော်လည်း ဆက်ခံသူ တစ်ယောက်အတွက် ကတော့ အလွန် ရိုးရှင်းပေသည်။

ဝမ်လင်းက သာမန် နည်းလမ်းအတိုင်း အသိစိတ် ပင်လယ်အတွင်းသို့ ဝင်ပြီး အမွေအနှစ် မှတ်ဉာဏ်ကို ရအောင် ယူနိုင်ခဲ့လျှင် အားလုံးက အဆင်ပြေ သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူက တခြား နည်းလမ်းဖြင့် မှတ်ဉာဏ်ကို ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အသိစိတ် ပင်လယ်သို့ သွားရန် လိုပေသည်။

သို့သော်လည်း ယခင်က ဝမ်လင်းသည် အသိစိတ် ပင်လယ်သို့ သွားရန် မည်မျှ ခက်ခဲကြောင်းကို မသိခဲ့ပေ။ သို့သော် ယခုတွင်မူ သူက အမွေအနှစ် မှတ်ဉာဏ်၏ အစိတ်အပိုင်း တစ်ခုကို ရရှိထားသည်။ ထို့ကြောင့် ရှေးဟောင်း နတ်ဘုရား၏ နယ်မြေအတွင်းတွင် သူ၏ အသိပညာ၊ ဗဟုသုတများကို ယှဉ်နိုင်မည့်သူ မရှိတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset