ကောင်းကင်နတ်ဆိုး ပညာရှင်က အလျင်အမြန် စဉ်းစားလိုက်ပြီး သူ့စိတ်ကို ရဲဆေး တင်လိုက်ကာ သူ့လက်က လိုဏ်ခေါင်းဆီသို့ ရောက်သွားပြီး ရေခဲသလင်းကျောက်ကို ၃ပုံ ၁ပုံ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်က လိုဏ်ခေါင်းကို ရိုက်လိုက်ရာ လိုဏ်ခေါင်းက ချက်ချင်း ပျောက်ကွယ် သွား၏။
ကောင်းကင်နတ်ဆိုး ပညာရှင်သည် သူ့နှလုံးသားထဲတွင် သွေးများ ယိုစီးကျနေသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ထပ် နာရီအနည်းငယ်သာ အချိန်ထပ်ရခဲ့လျှင် သူက ရေခဲသလင်းကျောက်ကို လိုဏ်ခေါင်းနှင့် အံကိုက်ဖြစ်စေရန် အတွက် ကျုံ့ဝင်သွားအောင် လုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း အခုတော့ သူက ၃ပုံ ၁ပုံခန့်ကိုသာ ကျုံ့ဝင်အောင် လုပ်နိုင်ခဲ့သည်။
ရေခဲသလင်းကျောက် ကွဲသွားလျှင်လည်း အထဲတွင် ရှိသည့် အရာများကို ဆုံးရှုံးသွားလိမ်မည် ဖြစ်သည်။ ထို့အပြင် ရေခဲသလင်း ကျောက်ကို ပြန်သိမ်းယူရန်မှာလည်း အခွင့်အရေး တစ်ခုသာ ရှိ၏။
သူက ရေခဲသလင်းကျောက်ကို ယူလိုက်ပြီးနောက် ချက်ချင်း ရေခဲသလင်းကျောက်ကို သူ့မျက်နှာဆီသို့ ပို့လိုက်ပြီး နဖူးပေါ်သို့ ဖိရန် ပြင်လိုက်သည်။ သို့သော်လည်း ရေခဲသလင်းကျောက်က နဖူးဆီသို့ မရောက်ခင် အေးစက်သော အသံတစ်ခုက သူ့ကို ရပ်တန့် သွားစေသည်… “မင်း လှုပ်ရဲရင် မင်းကို ဝါးမျိုပြီး ငါ့ရဲ့စွမ်းအားကို တိုးတက်အောင် လုပ်ပစ်မယ်…”
ကောင်းကင် နတ်ဆိုး ပညာရှင်၏ လက်မောင်းက တုန်သွား၏။ ထိုအသံကို သူ အလွန် ရင်းနှီးနေသည်။ သူ၏ အတားအဆီးများ အလွယ်တကူ ပျက်စီးသွားရသည့် အကြောင်းရင်းကို သူ သိလိုက်လေပြီ။ ထိုလူက သွေးပင်လယ် သခင်၏ ခေါင်းဆောင် ၁၀ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းကို ဆုဇခုဂြိုဟ်ပေါ်မှ ကျင့်ကြံသူများက နားမလည်နိုင်ပေ။
တိတိကျကျ ပြောရလျှင် ထိုလူက ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး တချို့သော အထူး အခြေအနေများကြောင့် ယခုထက်တိုင် အထိ အသက်ရှင်လျက် ရှိနေခြင်း ဖြစ်သည်။
“ဒီငယ်သားက… အရှင်ဒူမိုကို…”
ကောင်းကင်နတ်ဆိုး ပညာရှင်သည် အားတင်း၍ ပြုံးလိုက်ရသည်။ သူက ညာလက်ကို လုံးဝ မလှုပ်ရှားရဲပေ။ သူက ရေခဲသလင်း ကျောက်ကို စုပ်ယူလိုက်လျှင် တောင်မှ အပြည့်အဝ စုပ်ယူရန်အတွက် အချိန်တော်တော် ယူရဦးမည် ဖြစ်သည်။ ထို့အပြင် သူ့ရှေ့မှ လူသည် သူ့ကို သတ်ချင်ပါက တစ်စက္ကန့်တည်းနှင့် သတ်နိုင်သည့်လူ တစ်ယောက် ဖြစ်သည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက် အနီရောင်အင်္ကျီကို ဝတ်ဆင်ထားသော ခရမ်းရောင်ဆံပင်နှင့် လူကြီးတစ်ယောက်က လေထဲတွင် ဖြည်းဖြည်းချင်း လေဟုန်စီးရင်း လာနေသည်။ သူ၏အရပ်က သာမန်လူများ၏ အရပ်အတိုင်း ဖြစ်သည်။ သူ၏ အသွင်အပြင်က ခါးကုန်းကြီးမုန့်နှင့် ကောင်းကင်နတ်ဆိုး ပညာရှင်ကဲ့သို့ မိစ္ဆာအသွင်သို့ ပြောင်းလဲမသွားဘဲ သာမန်လူ အတိုင်းသာ ရှိနေဆဲ ဖြစ်သည်။
သူ့ကို ကြည့်လိုက်လျှင် သာမန်လူ တစ်ယောက်နှင့် တူသော်လည်း သူ့ဘေးတွင် ထူးခြားသော လေထုတစ်ခုက ဝန်းရံထားသည်။
ထို သက်လတ်ပိုင်း လူကြီးက ရောက်လာသော်လည်း ကောင်းကင်နတ်ဆိုး ပညာရှင်အား မကြည့်ဘဲ ဘာမှမရှိသည့် နေရာသို့ ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သံသယတချို့ ရှိနေသည်။ သူ ခံစားမိသည့် စွမ်းအင်လှိုင်းများက ထိုနေရာမှ လာခြင်း ဖြစ်သည်။
သို့သော်လည်း ဤနေရာသည် ရှေးဟောင်း နတ်ဘုရား၏ ချီပင်လယ် အပြင်ဘက် ဖြစ်သည်။ ထို့ကြောင့် စိတ်စွမ်းအင်လှိုင်းများ ထွက်ပေါ် လာတတ်ခြင်းက ထူးခြားသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သူက ထိုနေရာကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပြီး ကောင်းကင်နတ်ဆိုး ပညာရှင်ကို စိုက်ကြည့် လိုက်သည်။
ဝမ်လင်း၏ စိတ်ထဲတွင်လည်း ထိတ်လန့်မှုကြောင့် ရင်တုန်၊ပန်းတုန် ဖြစ်သွားသည်။ ထိုလူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ပင် ဖောက်မြင် နေရသည်ဟု သူက ခံစားလိုက်ရသည်။ ပထမဆုံး အနေဖြင့် ထိုလူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကိုပင် အာရုံခံနိုင်သည်ဟု စိတ်ထဲတွင် ခံစားမိခြင်း ဖြစ်သည်။
ထိုလူ၏ အကြည့်အောက်တွင် ကောင်းကင်နတ်ဆိုး ပညာရှင် သည်လည်း ထိုလူက သူ့စိတ်ထဲသို့ ဖောက်မြင် နေရသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူက သွေးပင်လယ်တွင် နေထိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် ထိုကိစ္စကို ဖြေရှင်းရန် သူ့တွင်လည်း နည်းလမ်းရှိ၏။ ထိုလူ ပေါ်လာသည်နှင့် သူက ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များကို လှည့်ပတ်လိုက်သဖြင့် ခဏကြာပြီး နောက်တွင် ထိုခံစားမှုက ပျောက်ကွယ် သွားသည်။
ထိုသက်လတ်ပိုင်း လူကြီး၏ မျက်လုံးက ကောင်းကင်နတ်ဆိုး ပညာရှင်ကို စစ်ဆေးကြည့်ပြီး သူ၏ညာလက်ထဲမှ ရေခဲသလင်း ကျောက်ကို ကြည့်လိုက်သည်။ ထိုလူက လက်ကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်နတ်ဆိုး ပညာရှင်၏ လက်ထဲမှ ရေခဲသလင်းကျောက်က ပျံဝဲလာပြီး သူ့ထက်ထဲသို့ ရောက်လာသည်။
ကောင်းကင်နတ်ဆိုး ပညာရှင်က နှလုံးသားထဲတွင် သွေးယို စီးကျသကဲ့သို့ ခံစားနေရသော်လည်း မျက်နှာပေါ်တွင် ခံစားချက်များကို မဖော်ပြရဲပေ။
“ဒါက ဘာလဲ…”
သက်လတ်ပိုင်းလူကြီးက ရိုးရိုးရှင်းရှင်း တဲ့တိုး မေးလိုက်သည်။ သူက ရေခဲသလင်း ကျောက်ကို စစ်ဆေးကြည့် လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့ရချေ။
ကောင်းကင်နတ်ဆိုး ပညာရှင်က အလျင်အမြန် ပြောလိုက်သည်… “အရှင်ဒူမူ… ဒီရေခဲ သလင်းကျောက်က ကျုပ်တပည့် လိုအင်၆မျိုး နတ်ဆိုးသခင်ရဲ့ ကျင့်ကြံခြင်းကနေ လုပ်ထားတာပါ… သူ့ကို တပည့်အဖြစ် လက်ခံခဲ့ရတဲ့ အကြောင်းရင်းကလည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် လုပ်ဖို့ပါ… အရှင်က ဒါကို ကြိုက်ရင် ဒီငယ်သားက လက်ဆောင် အဖြစ် ဆက်သပါတယ်…”
သက်လတ်ပိုင်း လူကြီးက ကောင်းကင်နတ်ဆိုး ပညာရှင်ကို တစ်ချက် ကြည့်လိုက်သည်။ သူက ရေခဲသလင်း ကျောက်ကို လက်ချောင်း နှစ်ချောင်းဖြင့် ညှပ်ပြီး ပြောလိုက်သည်… “တကယ်ပဲလား…”
ပြောနေရင်းဖြင့် သူက အားအနည်းငယ် သုံးလိုက်ရာ ရေခဲသလင်းကျောက်က အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့ပျောက်ကွယ် သွား၏။
ကောင်းကင်နတ်ဆိုး ပညာရှင်က ခဏလောက် မှင်တက် သွား၏။ သူက ပျောက်ကွယ် သွားသည့် ရေခဲသလင်း ကျောက်ကို ကြည့်ပြီး ဘာစကားမှ ဆက်မပြော နိုင်တော့ပေ။
သက်လတ်ပိုင်း လူကြီးက သရော်ပြုံး ပြုံးပြီး ပြောလိုက်သည်… “ဒီပစ္စည်းက အရမ်း အက်ကွဲ လွယ်တာပဲ… မင်းက ဒါကို ရတနာလို့ သတ်မှတ် တယ်ပေါ့…”
ကောင်းကင်နတ်ဆိုး ပညာရှင် ခါးသက်စွာ ရယ်မောပြီး ခေါင်းကို ခါလိုက်သည်။ သူ၏ အသက်အရွယ်က ချက်ချင်း အိုစာ သွားသကဲ့သို့ပင် ဖြစ်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။
သက်လက်ပိုင်း လူကြီးက ပြောလိုက်သည်… “ဝိညာဉ် စားသုံးသူကို ရှာဖို့ ငါနဲ့လိုက်ခဲ့…”
သူက ပြောပြီးသည်နှင့် လက်ကို ဆန့်ထုတ်ပြီး ကောင်းကင် နတ်ဆိုး ပညာရှင်ကို ဆွဲခေါ်၍ အဝေးသို့ ပျံသန်း သွားလေသည်။
ရေခဲသလင်း ကျောက်က တစ်စစီ ကွဲသွားပြီးနောက် သေးငယ်သော အမှုန် အစအနများက လေထဲတွင် ပျံ့နှံ့၍ ပျောက်ကွယ် သွားသည်။ ဝမ်လင်းက ထိုပျောက်ကွယ် သွားသည့် ရေခဲ သလင်းကျောက် အစအနများကို စိုက်ကြည့် နေလေသည်။ သူက ထိုအစအနများကို ဆွဲယူပြီး လေ့လာကြည့်ချင် နေသော်လည်း သူ့စိတ်ကို မနည်းချုပ်တည်း ထားရသည်။
အမွှေးတိုင်းတစ်တိုင် လောင်ကျွမ်းချိန်ခန့် ကြာပြီးနောက်တွင် သက်လတ်ပိုင်း လူကြီးက ဤနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက် လာသည်။ သူက မျက်မှောင်ကြုတ်ပြီး နေရာတစ်ခုလုံးကို နောက်တစ်ကြိမ် စစ်ဆေး ကြည့်လိုက် ပြန်သည်။ ထို့နောက် သူက အဝေးသို့ ပျံသန်း ထွက်သွား၏။
အစောပိုင်းက သူက ရေခဲသလင်းကျောက်ကို စစ်ဆေး ကြည့်သည့် အချိန်တွင် စိတ်စွမ်းအင် တချို့ကို အာရုံခံမိ၏။ သူက ဤနေရာကို သံသယရှိနေသဖြင့် ရေခဲသလင်းကျောက်ကို ခြေမွှပစ်လိုက် ခြင်းလည်း ဖြစ်သည်။
သူ့စိတ်ထဲတွင် ဝိညာဉ် စားသုံးသူက ဤနေရာတွင် ရှိနေနိုင်သည်။ အဘယ်ကြောင့် ဆိုသော် စိတ်စွမ်းအင် လှုပ်ရှားမှုက ထူးဆန်းသည်ဟု ခံစား မိနေကြောင့် ဖြစ်သည်။
နောက်ထပ် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့် ကြာပြီး နောက်မှသာ ဝမ်လင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်း ချလိုက်သည်။ ရေခဲသလင်း ကျောက်က မည်သည့်အရာမှ သူ မသိသော်လည်း ကောင်းကင် နတ်ဆိုးသခင်က အများကြီး လုံ့လ စိုက်ထုတ်ခဲ့ရသဖြင့် သက်လတ်ပိုင်း လူကြီး ပြောသလို သာမန် ရတနာတစ်ခု မဖြစ်နိုင်ပေ။
ကံဆိုးစွာဖြင့် ရေခဲသလင်း ကျောက်က ဖျက်ဆီး ခံလိုက်ရလေပြီ။ ထိုရေခဲသလင်း ကျောက်ကို မည်သည့် ပစ္စည်းများဖြင့် လုပ်ထားသလဲ ဆိုတာကို ဝမ်လင်းက အလွန် စိတ်ဝင်စား နေသည်။
သူက သက်ပြင်းချ လိုက်သည်။ သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှ ထွက်ရန် အလျင်လိုခြင်း မရှိပေ။ သက်လတ်ပိုင်း လူကြီးက အလွန် စွမ်းအား ကောင်းသည့်အတွက် သူက အပြင်သို့ ထွက်လိုက်သည်နှင့် သူ့ကို သတိပြုမိ သွားနိုင်သည်။
သို့သော်လည်း ထိုအချိန်တွင် ရေခဲသလင်းကျောက် ကွဲကြေ သွားသည့် နေရာတွင် စတင် တောက်ပ လာသည်။ ထိုတောက်ပသည့် အရာများသည် ရေခဲသလင်းကျောက် အပိုင်းအစများ ဖြစ်သည်။ ရေခဲသလင်းကျောက် အပိုင်းအစများက တဖြည်းဖြည်း များပြားလာပြီး ရေခဲသလင်းကျောက် အဖြစ်သို့ ပြန်လည် သိပ်သည်း သွားသည်။
မကြာမီ ရွှေရောင် စက်ဝိုင်းတစ်ခုက ကောင်းကင်ပေါ်တွင် ပေါ်လာသည်။ ရွှေရောင်စက်ဝိုင်း အတွင်းတွင် ပါးလွှာသော အလွှာတစ်ခု ရှိနေသည်။ အလွှာပါးပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ရှိပြီး ထိုအလွှာပါးဆီမှ စုပ်အားတစ်ခု ထွက်ပေါ်လာကာ စုပ်အားက ရေခဲသလင်းကျောက် ပေါ်သို့ ကျသွား၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူက အံကို ကြိတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှ ထွက်လာခဲ့သည်။ ဝမ်လင်းက အပြင်သို့ ရောက်သည်နှင့် ရေခဲသလင်း ကျောက်ကို ဆွဲယူလိုက်သည်။
သူက ရေခဲသလင်းကျောက်ကို ဆွဲယူပြီးသည်နှင့် အဝေးသို့ ချက်ချင်း ထွက်ပြေး သွား၏။ လမ်းတစ်လျှောက်တွင် စိတ်စွမ်းအင်များကို ထိမ်ချန်မနေဘဲ စိတ်စွမ်းအင်များ အားလုံး နီးပါးကို အသုံးပြု၍ ပျံသန်း လေသည်။
၁နာရီခန့် ပျံသန်းပြီးနောက်တွင် သူ၏ အရှိန်က အနည်းငယ် လျော့ကျ သွား၏။ သူက နောက်သို့ လှည့်ကြည့်ပြီး လက်ထဲမှ ရေခဲသလင်းကျောက်ကို ကြည့်လိုက်သည်။ သူ့မျက်နှာတွင် တုံ့ဆိုင်းနေသည့် အရိပ်အယောင် တချို့ ရှိနေသည်။ ရေခဲသလင်းကျောက်က မည်သည့် ပစ္စည်းဖြစ်ကြောင်း သူ မသိချေ။ သူက ပျံသန်းနေရင်း ရေခဲသလင်း ကျောက်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း ထူးဆန်းစွာဖြင့် ရေခဲသလင်း ကျောက်ကို သိုလှောင်အိတ်ထဲသို့ ထည့်မရပေ။
ဝမ်လင်းက သူ့ကိုယ်သူ အားတင်း လိုက်သည်။ ကောင်းကင်နတ်ဆိုး ပညာရှင်က ရေခဲသလင်း ကျောက်ကို အလွန် အလေးထားသဖြင့် သာမန် ပစ္စည်းတော့ မဖြစ်နိုင်ပေ။ ရုတ်တရက် ကောင်းကင်နတ်ဆိုး ပညာရှင်က ရေခဲသလင်း ကျောက်ကို သူ၏နဖူးပေါ်သို့ ဖိချရန် ကြံစည်သည်ကို သတိရသွား၏။
သူကလည်း ရေခဲသလင်းကျောက်ကို နဖူးပေါ်သို့ တင်ပြီး အနည်းငယ် ဖိကြည့် လိုက်သောအခါ ရေခဲသလင်းကျောက်က သူ့နဖူးထဲသို့ ဝင်သွားလေသည်။ သို့သော်လည်း မည်သည့် ထူးခြားမှုကိုမှ ဝမ်လင်းက မခံစားရပေ။ သူ၏ စိတ်စွမ်းအင်များ ကလည်း တိုးမလာသကဲ့သို့ သူ၏ဝိညာဉ်ကလည်း ယခင် အတိုင်းပင် ဖြစ်သည်။
ထိုအခါ ဝမ်လင်း၏ စိတ်ထဲတွင် သံသယများ ဖြစ်လာသည်။ ကြည့်ရသည်မှာ ရေခဲသလင်း ကျောက်က သာမန်အတိုင်း ပျောက်ကွယ် သွားသကဲ့သို့ပင် ဖြစ်သည်။ သူက သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက် သော်လည်း ရေခဲသလင်း ကျောက်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။
သူက မျက်မှောင်ကြုတ် လိုက်သည်။ ကောင်းကင်နတ်ဆိုး သခင်က ဤအရာကို ရဖို့အတွက် အင်မတန် ကြိုးစားပြီး လုံ့လ စိုက်ထုတ်ခဲ့ရသည်။ သူ၏ တပည့်ကိုတောင်မှ သတ်ပစ်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့သည့် အရာတစ်ခုသည် သက်လတ်ပိုင်း လူကြီး ပြောသကဲ့သို့ အမှိုက်တစ်ခု ဖြစ်နေသလား။
ရုတ်တရက် ဝမ်လင်း၏ မျက်ခုံးနှစ်ခုက ထိကပ်သွားသည်။ သူ၏ခန္ဓာကိုယ်က အသိစိတ် ပင်လယ်ဆီသို့ စတင် ရွေ့လျားလာပြီး သူ၏ ဦးခေါင်းကလည်း နာကျင် လာသည်။
နာကျင်မှုက အရမ်း မပြင်းထန်ဘဲ ပျောက်သွားလိုက်၊ ပေါ်လာလိုက် ဖြစ်နေလေသည်။ ထိုကဲ့သို့ နာကျင်မှုက ပေါ်လိုက်၊ ပျောက်လိုက် လျင်မြန်စွာ ဖြစ်နေလေသည်။ သူက တခြားဘက်သို့ လှည့်လိုက်သောအခါ နာကျင်မှုက အဆမတန် ပြင်းထန် သွား၏။
သူက ခြေလှမ်း အနည်းငယ် လျှောက်ပြီးသောအခါ သူ၏ခန္ဓာကိုယ်က တုန်ယင်လာပြီး ခန္ဓာကိုယ်တွင်းမှ သွေးများက လှိုင်းထလာသည်။ သူက မျက်ခုံး နှစ်ခုကြားသို့ လက်ချောင်းဖြင့် ထိပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်ရန် ကြိုးစား လိုက်သော်လည်း သူ၏ ဦးနှောက်မှလာသည့် ထူးဆန်းသော စိတ်စွမ်းအင် တစ်ခုက သူ့ကို ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းသို့ မဝင်နိုင်စေရန် တားဆီးထား၏။
ဝမ်လင်း၏ မျက်နှာက သွေးဆုတ် ဖြူရော်သွားပြီး ချက်ချင်း ထိုင်ချကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းညှိ လိုက်သည်။ သူ့ကိုယ်သူ ထိန်းချုပ်နေရင်း သူ၏ အသိစိတ် ပင်လယ်အား အပြာရောင် အလင်းများက ဝိုင်းရံထားသည်ကို တွေ့လိုက်ရ၏။ နာကျင်မှုသည် ထိုမှ လာခြင်း ဖြစ်သည်။ ဝမ်လင်း၏ စိတ်က မည်မျှ သန်မာပါစေ၊ ထိုနာကျင်မှုကို မတားဆီးနိုင်ဘဲ တောင့်ခံရုံသာ တတ်နိုင်သည်။
အချိန် ခဏလောက် ကြာပြီးနောက် အပြာရောင် စက်ဝိုင်းက ဝမ်လင်း၏ ဦးခေါင်းဆီသို့ ပျံသန်းလာပြီး မြောက်မြားလှသော စက်ကွင်းများကို ထုတ်ပေး၏။ စက်ကွင်းများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက် နေသည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် စက်ကွင်းများက ပိုမို များပြားလာပြီး ပို၍လည်း ကြီးလားသည်။
နောက်ဆုံးတွင် စက်ကွင်းများ အားလုံးက ဝမ်လင်း၏ ဘေးပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ် လာသည်။ စက်ကွင်းများက သူ့ဘေးတွင် လှည့်ပတ် နေခြင်းကြောင့် ကောင်းကင်ပေါ်တွင် ဘဲဥပုံသဏ္ဌာန် ပိုးအိမ်နှင့်တူသော အရာတစ်ခု ပေါ်လာသည်။
ထိုစဉ်တွင် အပြာရောင် အလင်းတစ်ခုက ပိုးအိမ်ကဲသို့သော အရာမှ ထွက်လာသည်။ အပြာရောင် အလင်း ထွက်ပေါ်လာသည်နှင့် အနားတွင် လှိုင်းလုံးလေးများ ထသွားသည်။ လှိုင်းလုံးလေးများက တဖြည်းဖြည်း များလာပြီး ဆွဲငင်အားတစ်ခု ထွက်ပေါ်လာကာ ပိုးအိမ်နှင့်တူသော အရာကို အထဲသို့ စုပ်ယူသွား၏။
မျက်တောင်တစ်ခတ် အတွင်းမှာတင် ဝမ်လင်းရှိနေသော ပိုးအိမ်နှင့်တူသော အရာက ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး အရာအားလုံးက ဘာမှ မဖြစ်ခဲ့သည့်အတိုင်း ပြန်ဖြစ်သွား၏။
မကြာမီ မိစ္ဆာကျင့်ကြံသူ တစ်ယောက်က ထိုနေရာသို့ ရောက်လာသည်။ သူက ရောက်ရောက်ချင်း နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ပြီး လေထဲသို့ လက်ဖြင့် ကုတ်ဆွဲ လိုက်သည်။ သူက ဆွဲလိုက်သည့် နေရာတွင် များပြားလှသော အက်ကြောင်းများ ပေါ်လာ၏။
မိစ္ဆာကျင့်ကြံသူက မရပ်မနား လက်ဖြင့် လေထဲသို့ တစ်ချက်ပြီး တစ်ချက် ကုတ်ဆွဲလိုက်သည်။ သို့သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ပေ။ နောက်ဆုံးတွင် ဘာမှ မတွေ့သည့်အဆုံး နောက်လှည့်ပြီး တခြားနေရာ တစ်ခုဆီသို့ ပျံသန်း ထွက်ခွာသွား၏။
***