Switch Mode

အပိုင်း (၂၀၈)

ရှေးဟောင်း နတ်ဘုရား၏ အမွေ (၂)

ဝမ်လင်းက ရှေးဟောင်း နတ်ဘုရားရဲ့ ချီပင်လယ်၏ အပြင်ဘက် နယ်မြေကို လျှပ်စီးတန်း တစ်ခုကဲ့သို့ လျင်မြန်စွာ ပျံသန်းနေသည်။ သို့သော်လည်း သူက ရှေ့သို့ သွားနေခြင်း မဟုတ်ဘဲ အပေါ်သို့ တက်နေခြင်း ဖြစ်သည်။

သူက မည်မျှ ပျံသန်းခဲ့သည့်ကို သူ မသိချေ။ သူ၏ ပတ်ဝန်းကျင်သည် ယခင်ကနှင့် တစ်ထပ်တည်း တူနေဆဲ ဖြစ်သည်။

ပျံသန်းခဲ့သည့် အချိန်အတွင်းတွင် ချီလှိုင်း ၁၀လှိုင်းမက ကြုံတွေ့ရပြီး ဖြစ်၏။ အားလုံးကို သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်လိုက်ခြင်းဖြင့် ရှောင်ခဲ့သည်။ သူက ဘယ်လိုပဲ ကြည့်ကြည့် ချီလှိုင်းများသည် စိတ်စွမ်းအင်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဝမ်လင်း၏ စိတ်ထဲတွင် အဖြေတစ်ခု ရှိနှင့်ပြီး ဖြစ်သော်လည်း ယုံကြည်ရန် ခက်ခဲနေသေး၏။ ထိုချီလှိုင်းသည် ချီပင်လယ်၏ စိတ်စွမ်းအင် ဝဲကတော့မှ လာခြင်း ဖြစ်သည်။ စိတ်စွမ်းအင် ဝဲကတော့ကသာ ထိုမျှ အားကောင်းသော ချီလှိုင်းများကို ထုတ်ပေးနိုင်သည်။

ရှေးဟောင်း နတ်ဘုရားကသာ သေဆုံးပြီး ဖြစ်လျှင် မည်သည့် အတွက်ကြောင့် စိတ်စွမ်းအင်များက လှုပ်ရှားလျက် ကျန်ရှိနေရသနည်း။ ထို့အပြင် သူက ရှေ့သို့ ပျံသန်းလာတိုင်း ချီလှိုင်းများက အရပ်မျက်နှာ အသီးသီးမှ ထွက်လာ တတ်သည်ကို သတိပြုမိ၏။ ထိုလှိုင်းများက ဝမ်လင်းက ဒုက္ခမပေး နိုင်သော်လည်း ဝမ်လင်း၏ သတိ ဝီရိယကိုတော့ ပိုပြီး နိုးကြားစေသည်။ ဝမ်လင်းက သူ၏ ကိုယ်ပိုင် ချီပင်လယ်နှင့် နှိုင်းယှဉ်၍ နေရာကို ခန့်မှန်း ကြည့်လိုက်သည်။ ချီပင်လယ်၏ အထက်တွင် ရှေးဦးနေရာ တစ်ခု ဖြစ်သည်။ ထိုနေရာထဲတွင် အသိစိတ် ပင်လယ် ရှိ၏။

ဝမ်လင်းက အထက်သို့ ပျံသန်းနေစဉ်မှာပင် သူ့စိတ်ထဲ၌ တွက်ချက် နေ၏။ သို့သော်လည်း သူ သိထားသည့် အချက်များသည် အလွန်နည်း၏။ ရုတ်တရက် ဝမ်လင်းက ပျံသန်းနေရင်း ရပ်တန့်လိုက်သည်။ ထို့နောက် ချက်ချင်း မျက်ခုံးနှစ်ခုကြားသို့ လက်ချောင်းကို ညွှန်ပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်သွား၏။ တစ်ချိန်တည်းမှာပင် အဖြူရောင် အလင်းတစ်ခုက အနီးမှ ဖြတ်သွား၏။ ထိုအဖြူရောင် အလင်းက မှေးမှိန် ပျောက်ကွယ် သွားသောအခါ လိုအင်၆မျိုး နတ်ဆိုးသခင်၏ ပုံရိပ်က ပေါ်လာသည်။

သူ၏မျက်နှာက သုန်မှုန်နေပြီး လက်ထဲရှိ ရွှေရောင် လက်မောင်းကို ကြည့်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူက ခဏလောက် မှင်တက် သွားသော်လည်း သူ့ခေါင်းထဲသို့ အတွေးတစ်ခုက ချက်ချင်း ဝင်လာသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ သူ၏ အမူအရာက ပျော်ရွှင်သည့် အမူအရာသို့ ပြောင်းလဲသွား၏။

“ဒီ … ဒီရှေးဟောင်း နတ်ဘုရားက သေပြီးသွားပြီလေ… ဘာလို့ ဒီနေရာမှ ဒီလောက် ပြင်းထန်တဲ့ ဆန္ဒစွမ်းအင် လှိုင်းတွေ ရှိနေသေးရတာလဲ…”

လိုအင်၆မျိုး နတ်ဆိုးသခင်၏ မျက်လုံးက ပိုပြီး တောက်ပ လာသည်။ စွမ်းအင်လှိုင်းများက အရပ်မျက်နှာ အသီးသီးမှ လာနေသည် ကိုလည်း ခံစားမိ၏။

ထိုစွမ်းအင် လှိုင်းများသည် ဆန္ဒ အမျိုးအစားများ ဖြစ်သည်။ သူက ညာလက်ဖြင့် အစီအရင်တစ်ခုကို ပြုလုပ်ပြီး လေထဲသို့ မန္တန်တစ်ခုကို အသုံးပြုလိုက်သည်။ ထိုအခါ မြွေတစ်ကောင်နှင့် တူသော အနက်ရောင်ချီများ ဖြစ်ပေါ်လာပြီး အဝေးသို့ ပျံသန်းသွားသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်က ပါးစပ်ကို ဟပြီး လေကို စုပ်လိုက်ရာ အနက်ရောင် အလင်းတန်းက နောက်သို့ ပြန်လှည့်လာပြီး သူ့ပါးစပ် အတွင်းသို့ ဝင်သွား၏။ ထိုအခါ သူ၏မျက်နှာတွင် ပီတိများ ထပ်မံ ထွက်ပေါ်လာသည်။ သူ စုပ်ယူလိုက်သည့် အနက်ရောင်ချီထဲတွင် ဆန္ဒ အရိပ်အယောင်များ ပါဝင်နေသည်။ ထို့အပြင် လေလွင့် ဝိညာဉ်များကြောင့် ဒဏ်ရာရထားသော သူ၏ဝိညာဉ်ကလည်း ပြန်ကောင်း သွား၏။

လိုအင်၆မျိုး နတ်ဆိုးသခင်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကြည့်ရာ မူမမှန်သည့် အရာများကို မတွေ့ရပေ။ သူက ချက်ချင်း ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကို လှုပ်ရှားပြီး မတူညီသော အစီအရင် များစွာကို ပြုလုပ်လိုက်သည်။

“ကြောက်လန့်မှုဆန္ဒ … လာခဲ့စမ်း…”

ထိုစကားလုံးများက သူ့ပါးစပ်မှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ဘေးတွင် အနက်ရောင်ချီများက သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။ ထိုအနက်ရောင် ချီများ အားလုံးက လိုအင်၆မျိုး နတ်ဆိုးသခင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။

တဖြည်းဖြည်း အနက်ရောင် ချီများကို ပို၍ စုဆောင်းမိလာပြီး သူ့ဘေးတွင် အလွန်ကြီးမားသည့် အနက်ရောင် ချီနယ်မြေတစ်ခု ဖြစ်လာသည်။ သူ၏ ခန္ဓာကိုယ်ကလည်း ဝဲကတော့ တစ်ခုကဲ့သို့ အနက်ရောင်ချီများကို အရူးအမူး စုပ်ယူနေသည်။

သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နေသကဲ့သို့ အံ့အားသင့်သည့် အရိပ်အယောင် တချို့ကလည်း မျက်နှာပေါ်တွင် ပေါ်နေသည်။ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲမှ ကြောက်လန့်မှု ဆန္ဒက သူ တွေးထားသည်ထက် အများကြီး ပိုများနေသည်ကို ခံစားမိလိုက်သည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ သူနှင့် ပေ၁၀၀,၀၀၀ အကွာအဝေးတွင် ကောင်းကင် နတ်ဆိုး ပညာရှင်က စိတ်လှုပ်ရှားသည့် အမူအရာဖြင့် လိုအင်၆မျိုး နတ်ဆိုးသခင် ရှိသည့်အရပ်သို့ ကြည့်နေလေသည်။

“စုပ်ယူလိုက်စမ်း … တပည့် ဆက်ပြီး စုပ်ယူထား … ဆရာ့ရဲ့ အကြံအစည်က မင်းရဲ့စွမ်းဆောင်ရည် ပေါ်မှာပဲ မူတည်တယ်…”

သူက ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ယှက်လိုက်ရာ အပြာရောင် အလင်းတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွား၏။ ထိုအပြာရောင် အလင်းက ၁မိုင်ပတ်လည် အတွင်းရှိ အရာအားလုံးကို ဖုံးအုပ်သွားသည်။

ထို့နောက် သူက ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်…. “တပည့် ကောင်းလေး… မင်းဆရာရဲ့ တွက်ချက်မှုတွေက မှန်နေခဲ့တာပဲ … မင်းရဲ့ အရူးအမူး ဖြစ်တတ်တဲ့ အကျင့် စရိုက်ကြောင့် မင်းရဲ့ ကျင့်ကြံခြင်း လမ်းစဉ်က ရပ်တန့် နေခဲ့ရတယ် … အခုတော့ မင်းရဲ့ အရူးအမူး ကျင့်ကြံခြင်းက ဒီအဘိုးကြီးရဲ့ အစီအစဉ်ကို အောင်မြင်အောင် ကူညီပေးလိုက်တာပဲ…”

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ အနက်ရောင် မြူနယ်မြေကလည်း တစ်မိုင် အချင်းဝက်ထိ ရှိလာလေပြီ။ ကောင်းကင်နတ်ဆိုး သခင်၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် အနက်ရောင်မူများက ဆက်၍ ပျံ့နှံ့ သွားလိမ့်မည် ဖြစ်သည်။

အချိန်တစ်ခု ကြာသွားပြီးနောက် အနက်ရောင်မူများက မှေးမှိန် ပျောက်ကွယ် သွား၏။ ထိုအခါ လိုအင်၆မျိုး နတ်ဆိုးသခင်က ပြုံးလိုက်သည်။ သူ၏ ကျင့်ကြံခြင်းသည် ယခင်က မရောက်ဖူးသည့် အဆင့်တစ်ခုထိ ရောက်သွား၏။

“လောဘဆန္ဒ … လာခဲ့စမ်း…”

သူ အော်ပြောပြီးသည့်နှင့် အနီရောင်မြူများက စတင်ပေါ်လာပြီး သူနှင့်တစ်မိုင် ပတ်လည်အတွင်း ဖုံးအုပ်သွားသည်။

ထို့နောက် အလျင်စလို ဖြစ်ခြင်းဆန္ဒ၊ ပျော်ရွှင်ခြင်းဆန္ဒ၊ မနာလိုခြင်း ဆန္ဒနှင့် စွဲလမ်းခြင်းဆန္ဒနှင့် တခြား ဆန္ဒများအားလုံးကို လိုအင်၆မျိုး နတ်ဆိုးသခင်က စုပ်ယူလိုက်၏။ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် သူ၏အကြီးမားဆုံး အားနည်းချက်သည် သူ၏စွဲလမ်းခြင်းဆန္ဒ ဖြစ်ကြောင်း သူ့ဆရာက ပြောခဲ့သည်။ သူက ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် အခွင့်အရေး တစ်ခုကိုသာ ရရှိခဲ့မည်ဆိုလျှင် ထိုအခွင့်အရေးကို လုံးဝ လက်လွတ် ခံလိမ့်မည် မဟုတ်ချေ။

ယခုတောင်မှ သူက ရပ်တန့်ရန် စိတ်ကူးမရှိဘဲ ဆက်လက်၍ ဆန္ဒအားလုံးကို အရူးအမူး စုပ်ယူနေသည်။ သူက စွဲလမ်းခြင်း ဆန္ဒကို စုပ်ယူပြီးသောအခါ သူ၏ခန္ဓာကိုယ်မှ အလွန် ဆိုးရွားသော အနံ့တစ်မျိုး ထွက်ပေါ် လာသည်။

ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ် အတွင်းမှ ဆန္ဒများသည် တချို့သော ပြောင်းလဲမှုများကြောင့် မသေခင် ကွဲထွက် သွားခဲ့ရသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်က ရှေးဟောင်း နတ်ဘုရား၏ ဆန္ဒအပိုင်းအစကို စုပ်ယူလိုက်သဖြင့် သူက ကောင်းကင်နတ်ဆိုး ကျင့်စဉ်တွင် သူ့ဆရာထက် ပိုပြီး မြင့်မားသော အဆင့်တစ်ခုသို့ ရောက်သွားပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုး ပညာရှင်သည် ပြုံးလိုက်သည်။ ထို့နောက် သူက လိုအင်၆မျိုး နတ်ဆိုးသခင်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။

“ငါ့ရဲ့တပည့် အလိမ္မာလေး… မင်းရဲ့တာဝန်က ပြီးဆုံးသွားပြီ… ဒီအဘိုးကြီးက မင်းကို အလဟဿ မွေးစားခဲ့တာ မဟုတ်ဘူး … ဒီအချိန်က ငါ့ရဲ့ကျေးဇူးကို ပြန်ဆပ်ရမဲ့ အချိန်ပဲ…”

ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်း၌ ရှိနေရင်း ရှေ့တွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို မြင်တွေ့နေရသည်။

သာမန်ဆိုလျှင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ ပိုင်ရှင်အဖြစ် မသတ်မှတ်ခံရသေးခင် သူက အပြင်ဘက်သို့ မမြင်နိုင်ပေ။ သို့သော်လည်း သူက အမြုတေဖွဲ့တည်ခြင်း အလယ်အဆင့်သို့ ရောက်သွားပြီးနောက် အိပ်မက်နယ်မြေ အတွင်းသို့ ဝင်လာသည့် အချိန်၌ ပြောင်းလဲမှု တစ်ခုကို သတိထားမိ လိုက်သည်။

ထိုခံစားမှုက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ပြီးနောက် ပထမဆုံး ခံစားရသည့် ခံစားချက် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က ယခုလောက် သိသိသာသာ မခံစားမိခဲ့ချေ။ သူ၏ကျင့်ကြံခြင်း အဆင့် မြင့်လာသည်ကလည်း အကြောင်းပြချက် တစ်ခု ဖြစ်နိုင်သည်။ ထို့အပြင် သူ၏ဝိညာဉ်က ကြီးမား တိုးတက်လာသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။

တတိယနယ်မြေ အတွင်းရှိ လေလွင့်ဝိညာဉ်ကြီးက သူ၏ဝိညာဉ်ကို အလွန် တိုးတက်လာအောင် လုပ်ပေးခဲ့သည်။

ယခုအချိန်တွင် သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းတွင် ရှိနေသော်လည်း အလင်းများကို ဆွဲဖယ်လိုက်ရုံဖြင့် အပြင်ဘက်မှ အရာများကို မြင်နိုင်ပြီ ဖြစ်သည်။

သူက လိုအင်၆မျိုး နတ်ဆိုးသခင်ကို မြင်သောအခါ အံ့ဩသွား၏။ လိုအင်၆မျိုး နတ်ဆိုးသခင်က တတိယ စမ်းသပ်မှုမှ ထွက်လာနိုင်ပြီး ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထိ ရောက်လာလိမ့်မည်ဟု သူက ထင်မထားမိခဲ့ချေ။

လိုအင်၆မျိုး နတ်ဆိုးသခင်က ဝဲကတော့ အတွင်းမှ ထွက်လာသည့်အတွက် သူက စတုတ္ထနယ်မြေ၏ ရွှေ့ပြောင်းရေး အစီအရင်မှ ထွက်လာခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် ဝမ်လင်း၏ စိတ်ထဲတွင် အချက်ပေးသံများ ဆူညံလာသည်။ လိုအင်၆မျိုး နတ်ဆိုးသခင် ထွက်သွားသည်နှင့် သူက လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သူတို့နှစ်ယောက် ဆုံမိလျှင် သူ့အတွက် ကောင်းသည့်အရာ ဖြစ်လာမှာ မဟုတ်ပေ။

သို့သော်လည်း နောက်ထပ် အဖြစ်အပျက် တစ်ခုက ဝမ်လင်းကို ပို၍ အံ့အားသင့် သွားစေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင် စုပ်ယူနေသည့် အရာများကို သူ အလွန် ရင်းနှီးနေသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်က ယခု အသုံးပြုနေသည့် နည်းစနစ်ကို လိုဏ်ခေါင်းထဲတွင် ရှိစဉ်ကလည်း အသုံးပြုခဲ့သေးကြောင်းကို ရုတ်တရက် မှတ်မိလိုက်သည်။

ထိုအကြောင်းကို ပြန်စဉ်းစားမိပြီး လေကို ပြင်းပြင်း ရှူသွင်း လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင် သံသယ တစ်ခုကလည်း ချက်ချင်း ထွက်ပေါ် လာသည်။

“ဒါတွေကို စုပ်ယူတာ လိုအင်၆မျိုး နတ်ဆိုးသခင် အတွက် အရမ်းကို လွယ်မနေဘူးလား…”

သူ့မျက်လုံးထဲတွင် အရာအားလုံးသည် လိုအင်၆မျိုး နတ်ဆိုးသခင် အတွက် ပြင်ဆင်ထား သလိုပင်။ နတ်ဆိုးသခင်က တဖြည်းဖြည်း စွမ်းအားကောင်း လာသည်ကိုလည်း ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှပင် ခံစားမိနေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် ယခုရရှိလာသော စွမ်းအားများကို တစ်ခါမှ မခံစားဖူးပေ။ သူက ကောင်းကင်နတ်ဆိုး ကျင့်စဉ်ကို အဆုံးထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် အပျော်များဖြင့် ပြည့်နေလေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သမျှ နောက်ဆုံးတော့ အောင်မြင်သွားပြီ ဖြစ်သည်။ သူ့စိတ်ထဲတွင်လည်း သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိသကဲ့သို့ ခံစားရသည်။

ထိုယုံကြည်မှုသည် ရှေးဟောင်း နတ်ဘုရားမှ စုပ်ယူလိုက်သော ဆန္ဒများမှ လာခြင်း ဖြစ်သည်။ ဆန္ဒ၆မျိုး၏ ပေါင်းစပ်ခြင်းက တစ်စုံ တစ်ယောက်၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်သော ထူးခြားသော စွမ်းအား တစ်ခုကို ဖန်တီးပေးသည်။

သို့သော်လည်း ထိုခံစားမှုများကို မခံစားရသေးခင်မှာတင် သူ၏ စိတ်ထဲမှ မွန်းကျပ်သလို ခံစားလိုက်ရ၏။ သူ့မျက်နှာကလည်း သုန်မှုန်သွား၏။ အဝေးမှ အလွန်မြန်သော အရှိန်နှင့် အရိပ်တစ်ခုက သူ့ဆီသို့ ဦးတည် လာသည်။

“အဘိုးကြီး … မင်းက ငါတို့ရဲ့ ဆရာ၊ တပည့် ဆက်ဆံရေးကို ဂရုမစိုက်မှတော့ မင်းကို သတ်ပစ်မိရင် ငါ့ကို အပြစ်မတင်ပါနဲ့…”

လိုအင်၆မျိုး နတ်ဆိုးသခင်က သရော်ပြုံး ပြုံးလိုက်ပြီး သူ့ဆီသို့ လာနေသော အရိပ်ကို စိုက်ကြည့် နေလိုက်သည်။

မျက်တောင်တစ်ခတ် ဆိုသည့် အချိန် အတွင်းမှာပင် အရိပ်က လိုအင်၆မျိုး နတ်ဆိုး သခင်ရှေ့သို့ ရောက်လာသည်။ ထိုအရိပ်သည် ကောင်းကင် နတ်ဆိုး ပညာရှင် ဖြစ်သည်။

သူက လိုအင်၆မျိုး နတ်ဆိုးသခင်ကို စိုက်ကြည့်ပြီး ရယ်မောလိုက်သည်… “ကောင်းတယ်… ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ… မင်းက ရှေးဟောင်း နတ်ဘုရားရဲ့ ဆန္ဒကို စုပ်ယူရဲတယ် … ရီအာ… မင်းရဲ့ဆရာက မင်းကို တကယ် ကျေးဇူးတင်ပါတယ်…”

ဝမ်လင်းက မှင်တက် သွား၏။ သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ အကူအညီဖြင့် အပြင်ဘက်ရှိ အရာများ အားလုံးကို မြင်နေရသည်။ ကောင်းကင်နတ်ဆိုး ပညာရှင်၏ ထွက်ပေါ်လာမှုက သူ့ကို အလွန် အံ့ဩ သွားစေသည်။ ထိုလူ၏ ခန္ဓာကိုယ်သည် ခါးကုန်းကြီးကဲ့သို့ မိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်နှင့် အလွန် တူနေသည်။

ပိုပြီး အံ့အားသင့်မိတာက ထိုလူသည် လိုအင်၆မျိုး နတ်ဆိုးသခင်၏ ဆရာဖြစ်နေခြင်း ဖြစ်သည်။

ယခင်က ရှေးဟောင်း နတ်ဘုရား နယ်မြေသို့ သွားသည့် အဖွဲ့တွင် ကောင်းကင် နတ်ဆိုးက ဦးဆောင်ခဲ့သည်ကို ဝမ်လင်းက မသိပေ။ သို့သော်လည်း ခန့်မှန်း ကြည့်လိုက်သဖြင့် အကြမ်းဖျင်းတော့ နားလည် သွား၏။

ထိုလူ၏ ပြောစကားအရ လိုအင်၆မျိုး နတ်ဆိုးသခင်က ရှေးဟောင်း နတ်ဘုရား၏ ဆန္ဒကို စုပ်ယူလိုက်ကြောင်း သိလိုက်သည်။ ရှေးဟောင်း နတ်ဘုရား၏ ဆန္ဒကို ဝမ်လင်းက မသိသော်လည်း ရှေ့တွင် ဖြစ်ပျက်ခဲ့သမျှကို ဝမ်လင်းက မြင်ထား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset