ထို့ကြောင့် သူ့လက်ထဲရှိ နည်းစနစ်သည် အစစ် ဖြစ်နိုင်သည်။ သို့သော်လည်း ဤနေရာမှ ချက်ချင်း ထွက်ခွာရန် မလိုအပ်သေးပေ။ ပထမဦးဆုံး ဝမ်လင်းက ဤနေရာတွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းသို့ ဝင်နိုင်၊ မဝင်နိုင်ကို သိချင်နေသည်။
သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းသို့ ဝင်ရောက်နိုင်လျှင် အသက်ရှင် နိုင်မည့် အခွင့်အရေးက အများကြီး တိုးသွားလိမ့်မည် ဖြစ်သည်။ သူက လက်ကို မျက်ခုံး နှစ်ခုကြားသို့ ညွှန်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ် နေသော်လည်း သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လက်သွား၏။
ဤနေရာတွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးထားသည့် အတားအဆီးများ မရှိချေ။ ထို့ကြောင့် သူက ကြိုက်သည့်အချိန် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်နိုင်ပြီ ဖြစ်သည်။
ထိုအခါမှ ဝမ်လင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် လေကို ရှူထုတ် လိုက်သည်။ ထို့နောက် ညာလက်ကို ဝှေ့ယမ်းပြီး ရှေးဟောင်း အင်ပါယာ၏ သိုလှောင်အိတ်ကို ထုတ်ယူလိုက်ည်။ နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်ရာ သိုလှောင်အိတ်မှ ခုခံအားတစ်ခု ထွက်ပေါ် လာသည်။
သိုလှောင်အိတ်မှ နတ်ဘုရား စိတ်အာရုံသည် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို တားဆီးထား၏။ ထိုအဓိပ္ပာယ်သည် ရှေးဟောင်း အင်ပါယာက အသက်ရှင်နေဆဲ ဖြစ်ကြောင်း သက်သေဖြစ်သည်။ သို့သော်လည်း ဝမ်လင်းကတော့ ရှေးဟောင်း အင်ပါယာ သေ၊မသေကို သေချာ မခန့်မှန်းတတ်ပေ။ အဘယ်ကြောင့် ဆိုသော် ခါးကုန်းကြီးမုန့်၏ သိုလှောင်အိတ်မှ နတ်ဘုရား စိတ်အာရုံက ပျောက်ကွယ် သွားသော်လည်း ယခု ခါးကုန်းကြီးမုန့်က အသက်ရှင်လျက် ရှိနေသောကြောင့် ဖြစ်သည်။
ယခု ဝမ်လင်းထံတွင် မဖွင့်နိုင်သေးသည့် သိုလှောင်အိတ်၂ခု ရှိနေသည်။ တစ်ခုက ရှေးဟောင်း အင်ပါယာ၏ သိုလှောင်အိတ် ဖြစ်ပြီး နောက်တစ်ခုသည် စစ်နတ်ဘုရား ဗိမာန်မှ ယူလာသော သိုလှောင်အိတ် ဖြစ်သည်။
သိုလှောင်အိတ် နှစ်ခုစလုံးတွင် အိတ်ပိုင်ရှင်များ၏ နတ်ဘုရား စိတ်အာရုံများ ကျန်ရှိနေသေး၏။ နတ်ဘုရား စိတ်အာရုံများ ရှိနေသရွေ့ ဝမ်လင်း အနေဖြင့် ထိုအိတ်များကို ဖွင့်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်လင်းက အလျင်မလိုပေ။ သူက သိုလှောင်အိတ်ကို ကိုင်လိုက်ကာ ရှေးဟောင်း အင်ပါယာက အာရုံမခံနိုင်စေရန် သိုလှောင်အိတ်ကို နတ်ဘုရား စိတ်အာရုံဖြင့် ပိတ်လှောင် လိုက်သည်။
ပြီးသည်နှင့် သူက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှေ့သို့ လှစ်ခနဲ ပြေးထွက် သွားသည်။ သူ၏ ပစ်မှတ်သည် ရှေးဟောင်း နတ်ဘုရား၏ အသိစိတ် ပင်လယ် ဖြစ်သည်။
ထို့အပြင် သူက အတားအဆီး အလံကို ပြုလုပ်ရန် ကျောက်စိမ်းပြား တစ်ခုကိုလည်း ရထား၏။ အတားအဆီး အလံကို ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းသည် အသိစိတ် ပင်လယ်ထဲ တွင်သာ ရှိနေသည်။
သူက ရှေ့သို့သာ ပြေးနေသော်လည်း ကောင်းကင်ကြီး၏ အဆုံးကို အခုထိ မမြင်ရသေးပေ။
ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်က အလွန် ကြီးမားကြောင်း ပြောခဲ့သည့် သွမ့်မူကျိ၏ စကားကို သတိရ လိုက်သည်။ အရွယ် ရောက်ပြီးသား ရှေးဟောင်း နတ်ဘုရားသည် ဆုဇခုဂြိုဟ်ထက်ပင် ကြီးမားသည်ဟု ဆိုသည်။ ရှေးဟောင်း နတ်ဘုရား၏ သွေးကြော နှစ်ခုကြားထဲရှိ အကွာအဝေးကပင် မတိုင်းတာ နိုင်လောက်အောင် ကြီးမား၏။
ခန္ဓာကိုယ်က အလွန် ကြီးမားသော်လည်း တစ်ကိုယ်လုံးတွင် မည်သည့် အတားအဆီးမှ မရှိဘဲ တိတ်ဆိတ်ခြင်းသာ ကြီးစိုး နေလေသည်။ ဝမ်လင်းကတော့ ရပ်နားခြင်း မရှိဘဲ ရှေ့သို့သာ ဆက်သွား နေလေသည်။
ဝမ်လင်း၏ ဝိညာဉ်သည် တတိယ နယ်မြေထဲတွင် အများကြီး တိုးတက် လာခဲ့သည့်ဟု ဆိုလျှင် မမှားပေ။ အထူးသဖြင့် ဝိညာဉ်စားသုံးသူ အဖြစ်သို့ အဆင့်တက် ထားသော လေလွင့်ဝိညာဉ်ကြောင့် ဝမ်လင်း၏ ဝိညာဉ်က အများကြီး အစွမ်းထက် လာခဲ့ခြင်း ဖြစ်သည်။
သူ၏ နတ်ဘုရား စိတ်အာရုံကိုသာ ဖြန့်လိုက်မည် ဆိုလျှင် နတ်ဘုရား စိတ်အာရုံ မိုင်ပေါင်း တစ်ထောင်ကျော်ထိ ရောက်နိုင်လိမ်မ့ည် ဖြစ်သည်။ ထို့ကြောင့် သူက ပတ်ဝန်းကျင်ကို နတ်ဘုရား စိတ်အာရုံဖြင့် အာရုံခံပြီး ရှေ့သို့ ပျံသန်းနေခြင်း ဖြစ်သည်။ အချိန် တော်တော် ကြာပြီးနောက်တွင် ဝမ်လင်းက ရပ်လိုက်ပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် အဝေးသို့ စိုက်ကြည့် လိုက်သည်။ ထူးဆန်းသော အားတစ်ခုက ဆွဲခေါ်နေသကဲ့သို့ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပြင်းပြင်း ထန်ထန် လှုပ်ရှား လာသည်။
သူက နတ်ဘုရား စိတ်အာရုံဖြင့် အဝေးမှ နက်ပြာရောင် စွမ်းအင်များ လာနေသည်ကို အာရုံ ခံမိလိုက်ခြင်း ဖြစ်သည်။ စွမ်းအင်လှိုင်းလုံးက ပေထောင်ပေါင်း များစွာ မြင့်ပြီး ခန့်မှန်း၍ပင် မရပေ။ စွမ်းအင်လှိုင်းက အလွန်ဝေးကွာ နေသေးသော်လည်း စွမ်းအင်လှိုင်းမှ ထွက်ပေါ်လာသော မြေကမ္ဘာ ကွဲလုမတတ် အသံများကို ရပ်နေသည့်နေရာမှပင် ကြားနေရသည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက် စွမ်းအင်လှိုင်းက နီးကပ်လာကာ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပြင်းပြင်းထန်ထန် လှုပ်ရှား လာသည်။ ထိုအခါ ဝမ်လင်းက ဘာမှ တွေးမနေတော့ဘဲ တခြား ဘက်သို့ လှည့်ကာ ပျံသန်း သွားတော့သည်။ ထိုစွမ်းအင် လှိုင်းက အလွန် ထူးဆန်းနေသည်။ ထို့ကြောင့် စွမ်းအင်လှိုင်းလုံး၏ သွင်ပြင် လက္ခဏာနှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် အချက်ပေးသံများ အော်မြည် နေသည်။
တဖြည်းဖြည်းနှင့် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ထိန်းချုပ်မှု လွတ်ကင်း လာသဖြင့် သူ၏ အမြန်နှုန်းကလည်း လျော့ကျ လာသည်။
စွမ်းအင်လှိုင်းက ပို၍ပင် နီးကပ်လာပြီး လှိုင်းအော်သံများ ကလည်း သူ့နောက်မှ ထွက်ပေါ်လာ သကဲ့သို့ နားထဲသို့ အဆက်မပြတ် တိုးဝင်လာသည်။ ထိုအခါ ဝမ်လင်းက ဝမ်လင်းက အံ့ဩ သွားသော်လည်း သူ၏မျက်လုံးများက တည်ငြိမ်နေသည်။ သည်တစ်ကြိမ် တွင်တော့ သူက ထိုစွမ်းအင်လှိုင်းမှ မလွတ်မြောက် နိုင်တော့သည်ကို သိလိုက်ပြီး လက်ချောင်းကို မျက်လုံး နှစ်ခုကြားသို့ ညွှန်လိုက်ရာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ထွက်လာသည်။ ထို့နောက် ဝမ်လင်း၏ ခန္ဓာကိုယ်က ပျောက်ကွယ် သွား၏။
၁၀စက္ကန့်ခန့် ကုန်လွန်ပြီးနောက် ဝမ်လင်း ပျောက်ကွယ် သွားသည့် နေရာကို စွမ်းအင်လှိုင်း လုံးကြီးက ဖြတ်ကျော် သွားကာ အဝေးသို့ ဆက်လက် ထွက်ခွာ သွားသည်။ ထို့နောက် ဝမ်လင်း၏ ပုံရိပ်က တဖြည်းဖြည်း ပြန်ပေါ်လာပြီး စွမ်းအင် လှိုင်းလုံးကြီး ထွက်သွားသည့် အရပ်သို့ အချိန် အတော်ကြာအောင် စိုက်ကြည့်ကာ စဉ်းစား လိုက်သည်။
ပြီးနောက် သူက ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။
***
လိုအင်၆မျိုး နတ်ဆိုးသခင်သည် တတိယနယ်မြေ၏ ထွက်ပေါက်နှင့် ပေ၁၀၀၀ခန့်တွင် ပေါ်လာသည်။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် မှိန်ဖျော့ဖျော့ သွေးအလင်းရောင်က တောက်ပ နေသည်။ သူ့မျက်နှာကလည်း ခါးသီးမှုများဖြင့် ပြည့်နေ၏။ လက်ထဲတွင်လည်း လက်မောင်းတစ်ဖက် မရှိတော့သည့် အရိုးစုကို ကိုင်ထား၏။
အရိုးစုပေါ်တွင် ရွှေရောင် အစက်အပြောက်များ ရှိနေပြီး ရွှေရောင် မှိန်မှိန်လေး လင်းနေလေသည်။
လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်တွင်လည်း အသွေးအသား အများစုသည် လေလွင့် ဝိညာဉ်များကြောင့် ဆုံးရှုံးသွားပြီ ဖြစ်ပြီး သူ၏ စဦးဝိညာဉ် တောင်မှ ပြိုကွဲလုနီးပါ ဖြစ်နေလေပြီ။ ထို့အပြင် သူ့ကိုယ်ထဲတွင်လည်း လေလွင့် ဝိညာဉ်များစွာ ရှိနေသေး၏။ သူတို့က တိုက်ခိုက် လိုက်တိုင်း သူ၏ခံနိုင်ရည်က တဖြည်းဖြည်း လျော့ကျ လာသည်။
သို့သော်လည်း သူ့ထံတွင် သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် အတွက် စွမ်းအင် မကျန်တော့ချေ။ ထို့ကြောင့် လေလွင့်ဝိညာဉ်များက သူ့ကို စားသုံးခြင်း သို့မဟုတ် သူ့ဆရာက သူ့ကို ဖမ်းခြင်းကို စောင့်နေရုံသာ ကျန်တော့သည်။
သူ့နှလုံးသားထဲ တွင်တော့ သူက မိစ္ဆာတစ်ကောင် ဖြစ်သွားမည် ဆိုလျှင်တောင်မှ သူ့ကို လေလွင့်ဝိညာဉ်များက မစားခင် သူ့ဆရာက အချိန်မီ လာဖမ်းနိုင်ပါစေဟု မျှော်လင့် နေမိသည်။ ထိုနည်းလမ်းကသာ သူ့အသက်ကို ကယ်တင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုဆန္ဒက ဖြစ်မြောက်ရန် အလွန်ခက်ခဲ သွားလေပြီ။ အဘယ်ကြောင့် ဆိုသော် ထိုအခိုက်မှာပင် သူ့စဦးဝိညာဉ်၏ နောက်ဆုံး ခံစစ်မျဉ်းက ပြိုကွဲသွားပြီး သူ၏ စဦးဝိညာဉ်က အကာအကွယ် မရှိတော့ သောကြောင့် ဖြစ်သည်။
လေလွင့်ဝိညာဉ်များက စားချင်၊ ဝါးချင်သည့် အမူအရာများဖြင့် ကြည့်ပြီး စဦးဝိညာဉ်ဆီသို့ တိုးဝင် သွားကြသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်သည် ယခုအချိန်၌ ဘာမှလုပ်နိုင်စွမ်း မရှိတော့ချေ။
သို့သော်လည်း အရိုးစုမှ ရွှေရောင် အလင်းများ ထွက်ပေါ်လာသည်။ များပြားလှသော ရွှေရောင် အလင်းများက ထွက်ပေါ်လာပြီး လိုအင်၆မျိုး နတ်ဆိုးသခင်ကို ဝိုင်းရံသွား၏။ ထိုအခါ စဦးဝိညာဉ်ဆီသို့ ခုန်အုပ်နေကြသည့် လေလွင့် ဝိညာဉ်များသည် ကြောက်လန့်စွာဖြင့် အော်ဟစ်ပြီး ခန္ဓာကိုယ်တွင်းမှ အလျင်အမြန် ထွက်ပြေး သွားကြသည်။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ရှေ့မှ အဖြစ်အပျက် ငေးကြည့် နေလေသည်။ လေလွင့်ဝိညာဉ်များ ထွက်ပြေး သွားပြီးနောက် သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြန်လည် ထိန်းချုပ် နိုင်လာသည်။ သူက စိတ်လှုပ်ရှားသည့် အမူအရာဖြင့် လက်ထဲမှ အရိုးစုကို ကြည့်လိုက်သည်။
သူ့ စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း ယခုအချိန်သည် အတွေးလွန် နေရမည့်အချိန် မဟုတ်ပေ။
သူ့ဘေးပတ်လည်ရှိ လေလွင့်ဝိညာဉ်များ သည်လည်း ရွှေရောင်အလင်းကို ကြောက်လန့် နေကြဟန်ဖြင့် နောက်ဆုတ် သွားကြပြီ ဖြစ်သည်။ သူက ရင်ထဲမှ သံသယများကို သိမ်းဆည်း ထားလိုက်ပြီး တတိယ စမ်းသပ်မှုနယ်မြေ၏ ထွက်ပေါက်ဆီသို့ ဦးတည်၍ ပျံသန်း လိုက်သည်။
ထွက်ပေါက်နားမှ ကြီးမားသော အက်ကွဲကြောင်း ကြီးသည် ယခုအချိန်တွင် ပြန်ပိတ်သွားပြီ ဖြစ်သည်။ လေလွင့်ဝိညာဉ်များ၏ တားဆီး ပိတ်ပင်မှုများ မရှိတော့သည့်အတွက် လိုအင်၆မျိုး နတ်ဆိုးသခင်သည် ထွက်ပေါက်ဆီသို့ လျင်မြန်စွာဖြင့် ရောက်လာပြီး ဝဲကတော့ အတွင်းသို့ ခြေလှမ်း လှမ်း၍ ဝင်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူသည် အလွန် စိတ်သက်သာရာ ရသွား၏။ တတိယ နယ်မြေသည် အလွန် ကြောက်မက်ဖွယ် ကောင်း၏။ သူကသာ ဤနေရာမှ လွတ်မြောက်သွားလျှင် နောက်ဘယ်တော့မှ ပြန်မလာတော့ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
သူသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က ဤနေရာသို့ ပထမဦးဆုံး အကြိမ်အဖြစ် ရောက်ဖူးခဲ့သည်။ သူက တတိယနယ်မြေ အတွင်းသို့ ရောက်ခဲ့သော်လည်း ယခု အခြေအနေလောက် မထူးဆန်းခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင် သူ့ဆရာ၏ အသက်ပြန်ရှင်လာမှု၊ ခါးကုန်းကြီးမုန့်က မိစ္ဆာတစ်ကောင် အဖြစ် ပြောင်းလဲသွားမှုနှင့် နောက်ဆက်တွဲ ပြဿနာများက သူ့စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်စေသည်။ ထို့အပြင် ကြောက်လန့်မှုကိုလည်း ဖြစ်ပေါ် လာစေခဲ့သည်။
သူက ဝဲကတော့ အတွင်းသို့ ရောက်သည့် အချိန်တွင် ခရမ်းရောင် လျှပ်စီးတစ်ခုက ကျဆင်း လာသည်။ ထိုအခါ သူက လက်ကို ဝှေ့ယမ်းပြီး လက်သင်္ကေတ များစွာကို ထုတ်ဖော် လိုက်သည်။ ပြီးသွားသည်နှင့် သူ၏စဦးဝိညာဉ်ရဲ့ အရွယ်အစားက သိသိသာသာ သေးငယ်သွား၏။
သူ့မျက်လုံးမှလည်း အရောင် မှိန်သွားသည်။ သူ အသုံးပြုလိုက်သည့် နည်းစနစ်သည် သူ့လက်ထဲမှ အရိုးစုပေါ်သို့ ကျသွား၏။ ထိုအခါ ရွှေရောင် အလင်းများက ပို၍ တောက်ပလာပြီး အရိုးများက စတင် အက်ကွဲလာကာ နောက်ဆုံးတွင် ပြာမှုန့်များ အဖြစ် ပေါက်ကွဲသွား၏။
ပြာမှုန်များ၏ အလယ်တွင် များပြားလှသော ရွှေရောင် အလင်းမှုန်များ ရှိနေသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်က လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး ပြာများကို လွင့်ထွက်သွားစေကာ ရွှေရောင် အမှုန်များကို တစ်စုတစ်စည်းတည်း ဖြစ်သွားစေသည်။ ထိုအခါ ရွှေရောင် အမှုန်များက ရွှေရောင် တောက်ပနေသည့် လက်မောင်းတစ်ခု အဖြစ် ဖွဲ့စည်းသွားသည်။
ထိုရွှေရောင် လက်မောင်း အရိုးပေါ်တွင် လက်ချောင်းက ၄ချောင်းနှင့် တစ်ဝက်သာ ရှိ၏။ လက်သူကြွယ်၏ လက်ချောင်း တစ်ဝက်က ပျောက်နေလေသည်။
လက်မောင်းအရိုး ထွက်ပေါ်လာသည်နှင့် များပြားလှသော ခရမ်းရောင် လျှပ်စီးကြောင်းများက ရပ်တန့်သွား၏။ လိုအင်၆မျိုး နတ်ဆိုးသခင်သည် လျှပ်စီးများကို တစ်ချက်တောင် မကြည့်ဘဲ လက်မောင်း အရိုးကိုသာ ယူလိုက်ပြီး လက်မောင်း အရိုးဆီသို့ စိတ်စွမ်းအင်များကို ပို့လွှတ်လိုက်သည်။
လက်မောင်းအရိုးက စိတ်စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူသွား၏။ ပြီးနောက် လိုအင်၆မျိုး နတ်ဆိုးသခင်က လက်အစီအရင် တစ်ခုကို အရိုး လက်မောင်းပေါ်သို့ အသုံးပြု လိုက်သည်။ ဝမ်လင်းသာ ဤနေရာတွင် ရှိလျှင် လိုအင်၆မျိုး နတ်ဆိုးသခင် အသုံးပြုနေသော နည်းစနစ်သည် ရှေးဟောင်း အင်ပါယာဆီမှ ရရှိခဲ့သော နည်းစနစ် ဖြစ်ကြောင်း ချက်ချင်း သိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း လက်သင်္ကေတ အစီအရင်သည် အစုံ၄၀၀မကဘဲ အစုံ၁၀၀၀ကျော် ရှိနေလေသည်။
ထိုလက် အစီအရင် ၁၀၀၀ကျော်ကို အရိုး လက်မောင်းက ပြုလုပ်သွား၏။ မကြာမီ ဝဲကတော့ တစ်ခုက လိုအင်၆မျိုး နတ်ဆိုးသခင်၏ ရှေ့တွင် ပေါ်လာသည်။ ထိုအခါ သူ၏ မျက်လုံးများက အရောင် လက်သွား၏။ သူက ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လာရဲရသည့် အကြောင်းရင်းမှာ လက်မောင်းအရိုးကို အပြည့်အဝ နားလည်သွားပြီဟု ခံစားမိခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ ဤလက်မောင်း အရိုးနှင့်ဆိုလျှင် လွန်ခဲ့သည့် နှစ်တစ်ထောင်က ကဲ့သို့ ဤနေရာမှ ထွက်သွားနိုင်သည်။
လက်မောင်း အရိုးသည် ဝမ်လင်း လိုက်ရှာနေသော အမွေအနှစ်ရတနာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်၁၀၀၀က လိုအင်၆မျိုး နတ်ဆိုးသခင်သည် ထူးဆန်းသော လက်မောင်းအရိုးကို ရယူနိုင်ခဲ့သည်။
တခြားသူများက လုယူမည်ကို စိုးရိမ်သောကြောင့် သို့မဟုတ် မမျှော်လင့်ထားသည့် ကိစ္စများ ဖြစ်လာ နိုင်သောကြောင့် သူ့တပည့်၏ ခန္ဓာကိုယ် အတွင်းသို့ အမွေအနှစ်ရတနာကို ဒုက္ခသုက္ခခံ၍ သွင်းပေးခဲ့သည်။ အမွေအနှစ် ရတနာသည် သူ၏ သိုလှောင်အိတ်ထဲတွင် မရှိဘဲ သူ့နောက်မှ လိုက်နေသည့် လူငယ်၏ကိုယ်ထဲတွင် ရှိနေလိမ့်မည်ဟု မည်သူမှလည်း တွေးခဲ့မိကြလိမ့်မည် မဟုတ်ချေ။
လက်မောင်း အရိုးနှင့်သူ၏ ဆက်သွယ်မှုကြောင့် လက်မောင်းအရိုးကို သူက ကြိုက်သည့် အချိန် အသုံးပြုနိုင်သည်။
လက်မောင်း အရိုးသည် ရှေးဟောင်း နတ်ဘုရားနယ်မြေမှ အမွေအနှစ် ရတနာတစ်ခု ဖြစ်သည့်အတွက် သူ့တပည့်က ရှေးဟောင်း နတ်ဘုရား နယ်မြေ အတွင်းသို့ ဝင်ရန် မည်သည့် ပြဿနာမှ မရှိချေ။
နောက်ဆုံး လက်အစီအရင်ကို ပြုလုပ်ပြီးသောအခါ သူက ဤထူးဆန်းသော နေရာကို ဘယ်သောအခါမှ ပြန်လာတော့မည် မဟုတ်ဟု သန္နိဋ္ဌာန် ချလိုက်သည်။ ထို့နောက် သူက ဝဲကတော့ အတွင်းသို့ ခြေလှမ်း လှမ်းလိုက်သောအခါ သူ့ရှေ့မှာတင် ဝဲကတော့က ပြိုကွဲပျက်စီးပြီး ပျောက်ကွယ် သွား၏။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ခေတ္တခဏ မှင်တက်သွား၏။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ရပ်တန့်နေသည့် ခရမ်းရောင် လျှပ်စီးများက သူ့ပေါ်သို့ ကျဆင်းလာပြီး သူက ဝဲကတော့အတွင်းမှ ပျောက်ကွယ် သွားသည်။
လိုအင်၆မျိုး နတ်ဆိုးသခင် ထွက်သွားပြီး နောက်တွင် ကောင်းကင်နတ်ဆိုး ပညာရှင်က ထွက်ပေါက်ဆီသို့ ရောက်လာသည်။ သူက ထူးဆန်းသော အပြုံးတစ်ခုကို မျက်နှာတွင် ပန်ဆင်ကာ ရေရွတ်လိုက်သည်… “ငါ့ရဲ့တပည့်လေး… မင်းက လက်မောင်းအရိုးရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့သည့် ဆရာရဲ့ အားထုတ်မှုတွေကို အချည်းနှီး မဖြစ်စေဘူးဘဲ… တပည့်… မင်း အောင်မြင်ရမယ်…”
***