နန်းဟွမ်ဒေသကြီး၏ အရှေ့ဘက်ပိုင်းတွင် ဖြစ်ပေါ်လာသော တားမြစ်နယ်မြေမှာ ကြီးကြီးမားမားတော့ မဟုတ်ပေ။
ရွှီချင်းတို့အုပ်စု ထွက်ခွာလာခဲ့သော မြို့ပျက်ကြီးသည် တားမြစ်နယ်မြေ၏အစွန်အဖျားတွင် တည်ရှိသည်။
သို့ဖြစ်၍ ရတနာမုဆိုးများသည် တားမြစ်နယ်မြေဖြစ်ပေါ်လာသည့် ပထမနေ့မှာပင် မြို့ပျက်ကြီးထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အမှောင်ထု ကြီးစိုးလာသည်နှင့် တားမြစ်နယ်မြေပိုင်နက်အတွင်းမှ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။
လမ်းတစ်လျှောက် သန္ဓေပြောင်းသားရဲများကို သူတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသော်လည်း သားရဲများကို ကျင်လည်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။
ရွှီချင်းသည် ထိုအခြေအနေကိုကြည့်၍ ဝေဖန်သုံးသပ်မိနေသည်။
သူသာ ရတနာမုဆိုးခြောက်ယောက်ကို လှည့်ကွက်ဆင်ခဲ့လျှင် ခေါင်းဆောင်လဲ့မှလွဲ၍ မည်သူ့ကိုမဆို နင်းချေပစ်ရန် အခွင့်အရေး ရမည်ဖြစ်သည်။
“ သူတို့က ကျင့်ကြံသူတွေမဟုတ်ပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေ၊ ချိန်သားကိုက် လှုပ်ရှားနိုင်တာတွေ၊ ပြီးတော့ အရေးကြုံလာရင် တည်တည်ငြိမ်ငြိမ် ဆောက်ရွက်နိုင်တာတွေက သူတို့ရဲ့ သတ်ဖြတ်နိုင်စွမ်းကို တိုးတက်သွားစေတယ် ”
ရွှီချင်းသည် ထိုလူများကို အကဲခတ်ကာ အခြေအနေအား သုံးသပ်နေသည်။ ခေါင်းဆောင်လဲ့မှလွဲ၍ တခြားမည်သူ့ကိုမဆို သူ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု ခံစားနေရသည်။
နှစ်ယောက်၊ တစ်ယောက် တိုက်ခိုက်ရလျှင် သူ အနိုင်ယူနိုင်ချေ ရှိပါသော်လည်း သုံးယောက်၊တစ်ယောက်ကိုတော့ သူ အနိုင်ယူနိုင်မည် မဟုတ်ချေ။
ထိုသို့ ဝေဖန်ဆန်းစစ်ပြီးနောက် ရွှီချင်းသည် တဖြည်းဖြည်း သတိထားလာခဲ့သည်။
တစ်ဆက်တည်း ပြင်ပလောကကြီးနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို သူ သတိထားမိလာပြီး ထိုရတနာမုဆိုးများသည်လည်း များစွာ စိတ်အေးလက်အေး ဖြစ်လာကြသည်။
သူတို့သည် စကားပြောဆိုလာကြပြီး တစ်ယောက်နှင့်တစ်ယောက် စနောက်လာကြသည်။
ခေါင်းဆောင်လဲ့ဆိုသော အဘိုးကြီးသည်သာ လမ်းတစ်လျှောက်တွင် စကားတစ်ခွန်းမှ မဆိုပေ။
တခြားလူများသည် အဘိုးကြီးကို လေးလေးစားစား ပြုမူဆက်ဆံနေကြပြီး ယင်းက ရွှီချင်းအား ထိုအဘိုးကြီးနှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြသွားစေသည်။
သို့သော် ထိုသို့ သိချင်စိတ်ပြင်းပြလာခြင်းသည်ပင် သူ၏စိုးရိမ်စိတ်ကို မလျော့ချနိုင်ပေ။ တားမြစ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါသော်လည်း ရွှီချင်းသည် သတိကြီးကြီးထားနေသည်။ ထိုရတနာမုဆိုးများနောက်သို့ လိုက်နေသည့်တိုင် သူတို့အနီးကို စိတ်ချလက်ချ တိုးကပ်မသွားပေ။
သူသည် သင့်တော်သောနေရာတွင်နေ၍ သတိထားကာ နောက်မှလိုက်နေပြီး သူတို့ပြောစကားများကို နားထောင်နေသည်။
ပတ်ဝန်းကျင်တစ်ခွင် မှောင်စပျိုးလာသောအခါ ရွှီချင်းသည် လှမ်းလက်စ ခြေလှမ်းများကို ရပ်လိုက်ပြီး အနွေးဓာတ်က သူ့ကို လွှမ်းခြုံလာသည်။ ထို့နောက် သူက နောက်ရှိ မြေရိုင်းလွင်ပြင်ကို တစ်လှည့်၊ သူ့ရှေ့ရှိ လောကကြီးကိုတစ်လှည့် ကြည့်လိုက်သည်။
မိုးကောင်းကင်နှင့်မြေပြင်အကြားရှိ သူ ရပ်နေသောနေရာသည် မမြင်နိုင်သော စည်းတစ်ခုခြားထားဟန်တူသည်။
စည်းအတွင်း၌ ယခုလေးတင် ဖြစ်ပေါ်လာခဲ့သော တားမြစ်နယ်မြေရှိပြီး အေးစက်စက်အငွေ့အသက်များသာ ကြီးစိုးနေသည်။
စည်းအပြင်ဘက်၌ အနွေးဓာတ်များဖြင့် ပြည့်နေသော သာမန်လောကကြီးတစ်ခု ရှိနေသည်။
နောက်ဆုံး၌ တားမြစ်နယ်မြေအပြင်ဘက်သို့ သူတို့ ရောက်ရှိလာခဲ့လေပြီ။
ညအချိန်ဖြစ်နေပါသော်လည်း အပြင်ဘက်လောကကြီး၏ ကောင်းကင်ကြီးက ကြယ်တာရာများဖြင့် ရွှန်းစိုတောက်ပနေပြီး လမင်းကြီးက ထိန်ထိန်သာနေသည်။ ငှက်ကလေးများ၏ တကျွိကျွိမြည်သံများ၊ သားရဲများ၏ ဟိန်းသံများ ရံဖန်ရံခါ လွင့်ပျံလာလေသည်။
ရွှီချင်းသည် ခပ်လှမ်းလှမ်းတစ်နေရာရှိ ခြုံပုတ်များထဲတွင် ဝပ်နေသော ယုန်ကလေးတစ်ကောင်ကိုပင် လှမ်းမြင်လိုက်ရပြီး ယုန်ကလေးသည် စိုးရိမ်ကြောင့်ကြနေဟန်ဖြင့် သူ့တို့ကို လှမ်းကြည့်နေလေသည်။
မြင်သမျှအရာခပ်သိမ်းသည် ရွှီချင်းအား တွေဝေငေးမောသွားစေသည်။
ယခုအခါ ထိုရတနာမုဆိုးများသည်လည်း လုံးလုံးလျားလျား စိတ်လက်ပေါ့ပါးသွားကြဟန်တူသည်။ ခေါင်းဆောင်လဲ့သည်ပင် မျက်မှောင်ကြီးကြုတ်မနေတော့ပေ။
“ နောက်ဆုံးတော့ အပြင်ရောက်ပြီကွ။ ဒီခရီးကတော့ တကယ့်ကို ချောချောမွေ့မွေ့ပဲ ပြီးသွားတယ် ပြောရမယ်။ ဖြစ်နိုင်ရင် တားမြစ်နယ်မြေတွေထဲ နောက်တစ်ခေါက် မသွားချင်တော့ဘူး ”
“ တားမြစ်နယ်မြေတွေထဲ မသွားတော့ဘူးပေါ့။ ဒီသောက်အဆင်မပြေတဲ့လောကကြီးထဲ ဆက်အသက်ရှင်ချင်ပြီး ပိုကောင်းတဲ့ဘဝကို လိုချင်ရင်တော့ တားမြစ်နယ်မြေတွေထဲမှာ စွန့်စားရမှာပဲ။ ငါတော့ ချီရွှဲ့ထုံရဲ့ မြို့ခွဲမှာ အနှေးနဲ့အမြန် အိမ်တစ်လုံးလောက်တော့ ဝယ်နိုင်လောက်မှာပါ ”
ယခုအခါတွင်မူ တားမြစ်နယ်မြေ၏အပြင်ဘက်သို့ သူတို့ ရောက်လာကြသည်ဖြစ်၍ ပို၍ စိတ်လက်ပေါ့ပါးလာကြသည်မှာ သိသာလှပြီး တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောဆိုနေကြသည်။
ရွှီချင်းသည် နှုတ်ဆိတ်နေသော်လည်း အာရုံစိုက်၍ နားထောင်နေ၏။ လမ်းတွင် သူ ကြားခဲ့ရသည့်စကားများမှနေ၍ ယခင်က သူ တစ်ခါမှ မသိခဲ့ဖူးသော သတင်းအချက်အလက်များကို သိခဲ့ရသည်။
ဥပမာအနေဖြင့် “ ချီရွှဲ့ထုံ ” ကို ဆိုရပေမည်။ ထိုနာမည်အား ရတနာမုဆိုးများ မကြာခဏထည့်သွင်းပြောဆိုကြသည်ကို သူ ကြားနေရသည်။ ထိုနာမည်က လွန်စွာ အရှိန်အဝါကြီးမားဟန်ရှိသည်။
ယင်းအပြင် ကျစ်ထူ ဆိုသည့်အမည်ကိုလည်း ကြိမ်ဖန်များစွာ ပြောဆိုနေကြသည်။
“ မင်းရည်မှန်းချက်ကလဲ သေးလိုက်တာကွာ။ ချီရွှဲ့ထုံမှာ မြို့ခွဲတွေအများကြီးရှိတယ်။ အနီးအနားက လုကျောက်မြို့က အဲဒီမြို့တွေထဲက တစ်မြို့ပဲ။ ဒါပေမဲ့ ဝိညာဉ်ကြေးပြားတွေလောက်နဲ့ နေထိုင်ခွင့် ဝယ်လို့ရမှာ မဟုတ်ဘူး။ ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက်ရဲ့ ထောက်ခံချက်လည်း လိုသေးတယ်။ ငါ့ရည်မှန်းချက်ကတော့ ချီရွှဲ့ထုံကို ဝင်ခွင့်ရပြီး ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက် ဖြစ်လာဖို့ပဲ ”
“ ချီရွှဲ့ထုံကို မင်းသွားရင် သုံးရက်ထက်ပိုပြီး အသက်ရှင်မှာမဟုတ်ဘူး။ လူတိုင်းကတော့ ကြွားတတ်ကြတာပဲ။ မင်းရည်မှန်းချက်ကတော့ ပင်လယ်ရပ်ခြားက ဝမ်ကူးဒေသကို သွားဖို့ဆိုပြီး ပြောလိုက်ပါလား။ လူသားမျိုးနွယ်အစပြုခဲ့တဲ့နေရာလေ ”
ထိုစကားကြောင့် ရွှီချင်း ရင်ခုန်နှုန်း မြန်ဆန်သွားရသည်။ ဝါးပေလွှာလေးပေါ်တွင် ဝမ်ကူးဆိုသော အမည်ကို သူ မြင်ခဲ့ရသည်။
“ ဝမ်ကူး … ဟင်း ငါသာ ပင်လယ်ထဲက အဲဒီတားမြစ်သတ္တဝါတွေကို ဂရုမစိုက်ဘဲနေနိုင်စွမ်းရှိရင် မသွားဘဲနေပါ့မလားကွ ”
ရတနာမုဆိုးနှစ်ယောက်သည် စကားတစ်ခွန်းမှအစပြု၍ အငြင်းအခုန် ဖြစ်နေကြတော့သည်။
ရွှီချင်းသည် သတင်းအချက်အလက်များ ပိုမိုရရှိစေရန် သူတို့ပြောစကားများကို နားစွင့်နေပြီး ခေါင်းဆောင်လဲ့ဆိုသော အဘိုးကြီးသည်လည်း သူတို့နှစ်ဦးကို တစ်ချက်ကြည့်လာသည်။ ထို့နောက် ခရီးစဉ်အတောအတွင်း ပထမဆုံးအကြိမ်အဖြစ် သူက ဆိုလိုက်သည်။
“ ဝမ်ကူးဒေသကို သွားတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ဘူးကွ။ ဝမ်ကူးဒေသကို သွားဖို့ နည်းလမ်းငါးမျိုးရှိတယ်။ ဘယ်နည်းလမ်းက မင်းတို့နဲ့ သင့်တော်မလဲဆိုတာ မင်းတို့ဘာသာ စဉ်းစားကြည့်ကြပေါ့ ”
“ ပထမနည်းလမ်းကတော့ အသက်ဆယ့်ငါးနှစ်နဲ့ အခြေတည်အဆင့်ကို အောင်မြင်ပြီးတော့ ရှာမှရှားတဲ့ တစ်မိုးအောက်တစ်ယောက်ဖွားလူတစ်ယောက် ဖြစ်ရမယ်။ ဒုတိယနည်းလမ်းကတော့ သုံးသိန်းကျွင်းတန်ကြေးရှိတဲ့ ဝိညာဉ်ကြေးပြားတွေနဲ့ ကျစ်ထူ၊ ချီရွှဲ့ထုံ ဒါမှမဟုတ် လီထူဂိုဏ်းတွေက ရွှေ့ပြောင်းနေထိုင်ခွင့်ကို ဝယ်ယူရမယ် ”
“ တတိယနည်းလမ်းကတော့ လူသားမျိုးနွယ်အတွက် နတ်ဆေးပညာမှာ ဆရာတစ်ဆူဖြစ်အောင် လုပ်ရမယ်။ စတုတ္ထနည်းလမ်းကတော့ ကျစ်ထူက မျိုးနွယ်စုကြီးတစ်စု၊ ချီရွှဲ့ထုံက တောင်ထိပ်သခင်တစ်ယောက်၊ လီထူဂိုဏ်းက အကြီးအကဲတစ်ယောက်ရဲ့ တပည့်ရင်းဖြစ်အောင် လုပ်ရမယ် ”
“ အဲ … ပဉ္စမမြောက်နည်းလမ်းကတော့ ရတနာအကျဉ်းသားတစ်ယောက် ဖြစ်လာဖို့ပဲ။ ဒီတော့ ဘယ်နည်းလမ်းက ကိုယ်နဲ့ သင့်တော်မလဲဆိုတာ စဉ်းစားကြ ”
ရတနာမုဆိုးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အထူးသဖြင့် ပဉ္စမမြောက်နည်းလမ်းကို သူတို့ကြားသောအခါတွင် ဖြစ်ပေသည်။ သူတို့၏မျက်နှာအမူအရာများက ပုံမှန်မဟုတ်တော့ဘဲ သူတို့အကြည့်များက ကြောက်ရွံ့ထိတ်လန့်မှုကို အထင်းသား ဖော်ပြနေသည်။
ရွှီချင်း၏အကြည့်က စူးရှနေသည်။ ရတနာအကျဉ်းသားဆိုသောနာမည်ကို ယခင်က သူ ကြားခဲ့ဖူးသည်။
ဆင်းရဲသားရပ်ကွက်တွင် နေစဉ်အခါက အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသော လူတချို့သည် သူ၏အဖော်အနည်းငယ်ကို ခေါ်ဆောင်သွားခဲ့ဖူးသည်။
ထိုလူများက သူ့အဖော်များအား ရတနာမုဆိုးများ ဖြစ်လာစေရန် လေ့ကျင့်ပေးချင်သည့်အတွက် ခေါ်သွားခြင်းဖြစ်သည်ဟု ပြောကြသည်။ ထိုစဉ်က ဆင်းရဲသားရပ်ကွက်ရှိ တခြားကလေးများမှာ အလွန် မနာလိုနေခဲ့ကြသည်။
သို့ဖြစ်၍ သူသည် ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းဆောင်လဲ့အားကြည့်၍ ချိုသာစွာ မေးမြန်းလိုက်သည်။
“ ရတနာအကျဉ်းသားက ဘယ်လိုမျိုးလဲဆိုတာ ကျနော် သိခွင့်ရှိမလား ”
ခေါင်းဆောင်လဲ့၏အကြည့်က ရွှီချင်းအပေါ် ကျရောက်လာပြီး ခပ်လေးလေးဖြင့် ဆိုလိုက်သည်။
“ မှော်ရတနာကို ပျိုးထောင်ဖို့နဲ့ ထူးခြားတဲ့ပညာရပ်တွေကို ကျင့်ကြံတဲ့နေရာမှာ လူ့ခန္ဓာကိုယ်ကို အသုံးချကြတယ်။ မှော်ရတနာတွေထဲက ဓာတ်နှောတွေကို လျော့ကျစေဖို့ လူ့အသွေးအသားကို သုံးကြတယ်။ အဲဒါက မှော်ရတနာကို သုံးလိုက်တိုင်း ဓာတ်နှောတွေ များလာတာကို လျော့ချပေးတယ်။ ဒါပေမဲ့ မှော်ရတနာတွေကို မကြာခဏ အသုံးပြုနေရင် ရတနာအကျဉ်းသားရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်စီးလာပြီးတော့ သေသွားရတာပဲ ”
ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရတနာအကျဉ်းသားဆိုသည့်စကားကြောင့် လူအားလုံး စကားပြောလိုစိတ် မရှိတော့ဟန်တူသည်။ ထိုသို့ဖြင့် သူတို့သည် ညအမှောင်ထုထဲ တိတ်ဆိတ်စွာ ဆက်လက်လျှောက်နေကြသည်။
တားမြစ်နယ်မြေမှ အဝေးသို့ သူတို့ ရောက်လာကြပြီး မြေပြန့်တစ်နေရာတွင် ခေါင်းဆောင်လဲ့က စခန်းချရန် ဆုံးဖြတ်လိုက်သည်။
အပြင်ဘက်လောက၌ သူတို့ စခန်းချသောအခါတွင် ရွက်ဖျင်တဲများသာမက မီးပုံတစ်ပုံကိုပါ ဖိုလိုက်လေသည်။
မီးတောက်များက အရှိန်တညီးညီး တောက်လောင်လာသောအခါ အနွေးဓာတ်သည်လည်း အားကောင်းလာတော့သည်။ ထို့နောက် ရတနာမုဆိုးများက မီးပုံပတ်လည်တွင် ထိုင်ချလိုက်ကြကာ ချက်ပြုတ်ရန် အစားအစာများ ကိုယ်စီထုတ်လိုက်ကြသည်။ သူတို့ ချက်ပြုတ်လိုက်ကြသောအခါ ဟင်းအနံ့က မွှေးကြိုင်စွာ သင်းပျံ့လာတော့သည်။
ရွှီချင်းသည် သူတို့အစားအစာကိုကြည့်၍ တံတွေးမျိုချလိုက်သည်။ ထိုအခိုက် သူသည် ခပ်လှမ်းလှမ်းတွင် ထိုင်နေပြီး အသားအပိုင်းအစတစ်ခုကို ထုတ်ကာ ပါးစပ်ထဲထည့်၍ ကြိတ်မှိတ်ဝါးလိုက်သည်။
မီးပုံဘေးတွင် ထိုင်နေသော ခေါင်းဆောင်လဲ့သည် ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး ထရပ်ကာ ရွှီချင်းထံ လျှောက်သွားသည်။
ရွှီချင်းက ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်သောအခါ ခေါင်းဆောင်လဲ့က သားရေအိတ်ရှုံ့လေးတစ်အိတ်ကို ကမ်းပေးလာသည်။ အိတ်ရှုံ့လေးထဲတွင် ပူနွေးသော ပေါင်မုန့်လုံးအနည်းငယ် ရှိနေသည်။
ထိုပေါင်မုန့်လုံးလေးများကို မြင်သောခဏတွင် ရွှီချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူက စားသောက်လိုသောဆန္ဒကို ချိုးနှိမ်၍ လေသံတိုးတိုးဖြင့် ပြောသည်။
“ ကျေးဇူးတင်ပါတယ် ”
ခေါင်းဆောင်လဲ့သည် စကားတစ်ခွန်းမဆိုဘဲ မီးပုံဘေးသို့ ပြန်သွားသည်။ သူ့ဘေးရှိ ရတနာမုဆိုးတစ်ယောက်က တဟားဟားရယ်မောကာ မေးမြန်းလိုက်သည်။
“ ခေါင်းဆောင်လဲ့၊ ခင်ဗျား ဘာလို့ ဒီကလေးကို သိပ်ကောင်းနေရတာလဲ ”
“ ငါတို့အားလုံးက သနားစရာကောင်းတဲ့လူတွေကွ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ကြုံရဆုံရတယ်ဆိုတာ ကံကြမ္မာက သတ်မှတ်ထားလို့ပဲ။ ငါ ကူညီနိုင်သလောက်ပဲ ကူညီပေးတာပါ ”
အိတ်ထဲတွင် ပေါင်မုန့်လုံးသုံးလုံးရှိနေပြီး ထိကြည့်လိုက်သည့်နှင့် အလွန်ပူနွေးနေသည်ကို ခံစားမိနိုင်သည်။
ရွှီချင်းသည် အနည်းငယ် တွန့်ဆုတ်နေသည်။ မီးပုံဘေးရှိ လူအားလုံးသည်လည်း ထိုကဲ့သို့ ပေါင်မုန့်လုံးများအား စားနေကြသည်ကို သူ မြင်လိုက်ရသည်။ သို့ဖြစ်၍ သူသည် ထိုရတနာမုဆိုးများကို အကဲခတ်ရင်း တစ်ကိုက်ကိုက်ဟန်ဆောင်လိုက်သည်။ အချိန်အတော်ကြာသည်အထိ သူတို့အားလုံး အေးဆေးစွာ ပြောဆိုနေကြသည်ကို မြင်သောအခါမှသာ သူသည် အကိုက်သေးသေးလေးတစ်ကိုက် ကိုက်လိုက်ပြီး ပါးစပ်ထဲတွင် ခဏမျှ ငုံထားလိုက်သည်။
မည်သည့်အဆိပ်မျှမပါသည်ကို အတည်ပြုပြီးသောအခါမှသာ သူသည် ဖြည်းဖြည်းချင်းဝါးကာ မျိုချလိုက်သည်။
ထို့နောက် သူသည် မည်သည့်အရာမှ ဖြစ်ပျက်ခြင်းမရှိကြောင်း အချိန်အတော်ကြာသည်အထိ ထပ်စောင့်ပြီးသောအခါမှသာ သူ စိတ်ချလက်ချဖြစ်သွားပြီး ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ သူသည် ချုပ်တည်းမထားတော့ဘဲ ပေါင်မုန့်ကို အကြီးကြီး ကိုက်လိုက်သည်။
ထို့နောက် သူသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ဒုတိယတစ်လုံးကိုလည်း စားလိုက်ပြန်သည်။
သူသည် ဆာလောင်နေသေးသော်လည်း လက်ကျန်ပေါင်မုန့်တစ်လုံးကို အဖိုးတန်ရတနာအား သိမ်းဆည်းသည့်ပမာ သူ့သားရေအိတ်ရှုံ့လေးထဲ ဂရုတစိုက် ထည့်လိုက်သည်။
တဖြည်းဖြည်း ညဉ့်နက်လာသောအခါ ရတနာမုဆိုးများသည် ရွက်ဖျင်တဲအသီးသီးသို့ ပြန်သွားကြသည်။ ခေါင်းဆောင်လဲ့သည်လည်း ယမန်နေ့ကအတိုင်း ရွှီချင်းကို အိပ်စက်ရာအိတ်တစ်အိတ် ကမ်းပေးလိက်သည်။ ထို့နောက် သူက စကားတစ်ခွန်းဆိုကာ ထွက်ခွာသွားသည်။
“ ဒါက မင်းအတွက် လက်ဆောင်ပဲ ”
ရွှီချင်းသည် ခေါင်းမော့၍ ခေါင်းဆောင်လဲ့ကိုကြည့်ကာ ရုတ်တရက် ဆိုလိုက်သည်။
“ ဘာလို့တုံး ”
“ ဘာကို ဘာလို့တုံးလဲ။ မင်းပြောတာ ပေါင်မုန့်သုံးလုံးနဲ့ အိပ်ရာအိတ်တစ်အိတ်ကို ပြောတာလား။ အဲဒီအတွက်တော့ အကြောင်းပြချက်မရှိဘူး။ မင်း ကျေးဇူးတင်ချင်ရင် နောက်ကျရင် ငါ့ကို အစားအစာနည်းနည်းပါးပါး ပေးပေါ့ ”
ခေါင်းဆောင်လဲ့သည် သူ့ရွက်ဖျက်တဲဆီသို့ ဆက်လက်သွားလိုက်သည်။
“ ခင်ဗျား ဘာစားချင်လဲ ”
“ ငါလား ”
ခေါင်းဆောင်လဲ့သည် သူ့ရွက်ဖျင်တဲဘေးတွင် ရပ်၍ တွေးတောနေသည်။
“ မြွေတွေ … အင်မတန်အရသာဆိုးတဲ့မြွေတွေပဲ ”
ထိုသို့ပြောပြီးသည်နှင့် သူသည် ရွက်ဖျင်တဲထဲ ဝင်ရောက်သွားသည်။
ရွှီချင်းသည် အိပ်စက်ရာအိတ်ကို ကိုင်ထားရင်း ခေါင်းဆောင်လဲ့၏ရွက်ဖျင်တဲကို အချိန်အတော်ကြာသည်အထိ ကြည့်နေသည်။ ထို့နောက် သူသည် ခေါင်းကိုလေးပင်စွာ ညိတ်၍ အိပ်စက်ရာအိတ်ထဲ တိုးဝင်ကာ မျက်လုံးများအား မှိတ်ထားလိုက်သည်။
သူသည် ချက်ချင်း အိပ်ပျော်မသွားသေးဘဲ တောင်တန်းပင်လယ်ပညာရပ်အား တိတ်ဆိတ်စွာ လှည့်ပတ်နေသည်။ ယင်းသည် သူ၏အလေ့အကျင့်တစ်ခု ဖြစ်လာပြီဖြစ်သည်။
ကျင့်ကြံနေစဉ်အတောအတွင်း လွန်စွာ အေးစိမ့်စိမ့်ခံစားရသော်လည်း သူ ဇွဲမလျော့ပေ။ သူ့အချိန်အားလုံးကို ကျင့်ကြံရာတွင် နစ်မြုပ်ထားလေ၏။
အထူးသဖြင့် ခေါင်းဆောင်လဲ့ ဆိုခဲ့သော အသက်ဆယ့်ငါးနှစ်အရွယ်မတိုင်ခင် အခြေတည်အဆင့် ရောက်ရမည်ဆိုသော စကားကို ကြားပြီးနောက်တွင် သူ ပို၍ ကြိုးစားခဲ့သည်။ စာအုပ်များထဲရှိ တစ်မိုးအောက်တစ်ယောက်ဖွားဆိုသူများကို သူ မယှဉ်ပြိုင်နိုင်သည့်တိုင် သူ့တွင် မျှော်လင့်ချက်ရေးရေး ရှိနေသေးသည်။
“ ငါက ဒီနှစ်ဆို ဆယ့်လေးနှစ်ဖြစ်ပြီ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် ဆက်လက်ကျင့်ကြံလိုက်သည်။
ထိုနည်းအားဖြင့် အချိန်စက်ဝန်းက မရပ်မနား လည်ပတ်နေပြီး များမကြာမီ ငါးရက်ဆိုသောအချိန်ကာလ ကုန်လွန်သွားသည်။
လမ်းခုလတ်တွင် လူသုံးယောက်က ခွဲထွက်သွားခဲ့သည်။ ထိုအုပ်စုသည် ယာယီပူးပေါင်းထားခြင်းသာ ဖြစ်မည်ဟုသော ရွှီချင်း၏ ယူဆချက် မှန်ကန်သွားခဲ့ပေသည်။
ခုနစ်ရက်မြောက်နေ့၌ ဓားမော့ကိုင်ဆောင်ထားသော ရတနာမုဆိုးနှစ်ဦးသည်လည်း ထွက်ခွာသွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်လဲ့သာ ကျန်ခဲ့တော့သည်။
ထိုညက တောင်ခြေ၌ ခေါင်းဆောင်လဲ့သည် ရွှီချင်းကို ကြည့်နေ၏။ မီးပုံဘေးတွင် သူသည် ပေါင်မုန့်တစ်လုံးကို ကိုက်လိုက်ရင်း ပေါင်မုန့်အနည်းငယ်ကို နောင်အခါအတွက် သိမ်းဆည်းလိုက်သည်။ ပြီးသည်နှင့် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ကလေး၊ မနက်ဖန်နေ့လယ်ဆို ငါတို့ပန်းတိုင်ကို ရောက်တော့မှာ။ အဲဒီနေရာက ငါနေတဲ့နေရာပဲ။ ရတနာမုဆိုးတွေ စုပြုံနေတဲ့ စခန်းတစ်ခုဆိုရင်လည်း ဟုတ်တယ် ”
ရွှီချင်းသည် အဘိုးအိုကို ကြည့်လိုက်သည်။
အဘိုးအိုသည် အဝေးကို လှမ်းကြည့်၍ စကားစကို ဆက်လိုက်သည်။
“ ရတနာမုဆိုးစခန်းတွေဆိုတာ တားမြစ်နယ်မြေတွေရဲ့ဘေးမှာ တည်ရှိတာ။ ဒီတော့ စခန်းရဲ့ဘေးမှာရှိတဲ့ တောင်ရဲ့တခြားဘက်ခြမ်းက တားမြစ်နယ်မြေတစ်ခုပဲ ”
“ မင်းအရင်နေခဲ့တဲ့ တားမြစ်နယ်မြေနဲ့ ယှဉ်ရင်တော့ အဲဒီတစ်ခုက တည်ရှိနေခဲ့တာ တော်တော်ကြာနေပြီ။ သားရဲတွေတင်မကဘူး၊ အန္တရာယ်များတဲ့နေရာတွေလည်း ရှိတယ်။ ဓာတ်နှောတွေ သိပ်သည်းထူထပ်လောက်အောင် ရှိတယ်။ သာမန်လူတစ်ယောက်က အဲဒီနေရာကနေ တစ်နေ့တည်းနဲ့ အပြင်ထွက်မလာနိုင်ရင် သေချာပေါက် သေသွားမှာပဲ။ ငါတောင် အဲဒီနေရာမှာ အလွန်ဆုံး ခုနစ်ရက်အထိပဲ နေနိုင်တယ် ”
“ ဒါပေမဲ့ အဲဒီနေရာက ခုနစ်ရွက်မြက်ပင်တွေ အများကြီးပေါက်တယ်။ အဲဒီမြက်ပင်က အဖြူရောင်ဆေးလုံးတွေ ဖော်တဲ့နေရာမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းလေ ”
“ အဖြူရောင်ဆေးလုံးတွေဆိုတာ ကျင့်ကြံသူတွေ သူတို့ခန္ဓာကိုယ်တွေထဲက ဓာတ်နှောတွေကို အားပျော့သွားအောင် လုပ်တဲ့နေရာမှာ သုံးတဲ့ ဆေးလုံးတွေပဲ။ ဒီတော့ အပြင်လူတွေအများကြီးက အဲဒီနေရာကို လာကြတယ်။ သူတို့က သူတို့အသက်ကို အလေးထားကြသလို နယ်မြေလဲ မကျွမ်းကြတော့ သူတို့ကိုယ်တိုင် ခုနစ်ရွက်မြက်ပင်တွေ သွားမယူကြဘူး။ အများအားဖြင့်တော့ အဲဒီဒေသခံ ရတနာမုဆိုးတွေ တားမြစ်နယ်မြေထဲဝင်ပြီး ယူလာတဲ့ မြက်ပင်တွေကိုပဲ ဝိညာဉ်ကြေးပြားတွေနဲ့ ဝယ်ချင်ကြတာ ”
ထိုသို့ပြောပြီးသည်နှင့် အဘိုးအိုသည် ရွှီချင်းကို ကြည့်လိုက်၏။
“ ငါ ပြောတာကို မင်း နားလည်လား ”
“ ဒေသခံရတနာမုဆိုးတွေက ငွေရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်လူတွေလို့ ပြောတာလား ”
ရွှီချင်းသည် အဖြူရောင်ဆေးလုံးနှင့် ၎င်း၏အာနိသင်အကြောင်း ကြားသောအခါ မျက်လုံးများကိုမှေး၍ စဉ်းစားပြီးနောက် ပြောလိုက်သည်။
ခေါင်းဆောင်လဲ့၏မျက်ဝန်းများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖျတ်ခနဲ ပေါ်သွားပြီး သူ ပြုံးလိုက်သည်။
“ မင်းအဖြေက တစ်ဝက်တော့မှန်တယ်။ ငါ ပြောချင်တာက ရတနာမုဆိုးစခန်းတွေမှာရှိတဲ့ စည်းမျဉ်းက ‘ အနာခံမှ အသာစံရမယ် ’ ဆိုတာပဲ။ တန်ခိုးစွမ်းအားက အရာအားလုံးအထက်မှာ ရှိတယ် ”
“ ဒါပေမဲ့ အနည်းဆုံးတော့ နေစရာနေရာတော့ ရသေးတာပေါ့။ ပြီးတော့ အဲဒီစခန်းမှာ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို ဝယ်လို့ရတဲ့စျေးလည်း ရှိတယ်။ တစ်ခါတလေ ကုန်သည်တွေတောင် ရောက်လာတတ်တယ်။ ဒီတော့ စခန်းက နေအိမ်တစ်လုံးက သိပ်အဖိုးတန်တယ် ”
“ ဒီတော့ လူတိုင်း ဆန္ဒရှိသလို ဝင်ထွက်သွားလာလို့ရတဲ့နေရာတော့ မဟုတ်ဘူး။ မျက်နှာစိမ်းလူတစ်ယောက်က နေထိုင်ခွင့်လိုချင်ရင် သားရဲတစ်ကောင်နဲ့ တိုက်ခိုက်ရတယ်။ ဒါက စခန်းခေါင်းဆောင် ချမှတ်ထားတဲ့ စည်းမျဉ်းပဲ ”
“ တကယ်လို့သာ မင်း အောင်မြင်သွားခဲ့ရင် ငါ မင်းကို ငါ့နေရာ အလကားနေခွင့်ပေးမယ် ”
အဘိုးအိုသည် ရွှီချင်းကိုကြည့်၍ တစ်ခွန်းချင်း ဆိုလိုက်လေသည်။
***
Good