ဝမ်လင်းက ထွက်ပေါက်ဆီသို့ အလျင်အမြန် သွားနေသည်။ အချိန်တိုလေး အတွင်းမှာပင် သူက ထွက်ပေါက် ဝဲကတော့နှင့် ပေ၃၀အတွင်းသို့ ရောက်သွား၏။
သူက ပေ၃၀အတွင်းသို့ ရောက်ရောက်ချင်း မှာပင် တတိယ စမ်းသပ်မှု၏ ထွက်ပေါက်ပေါ်၌ ပေ၁၀၀၀ခန့် ရှိသည့် အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။ အက်ကွဲကြောင်းမှ သွေးနီရောင်များက ထွက်ပေါ် နေသည်။
ဝမ်လင်းက အံ့အားသင့် သွားသော်လည်း သူက တည်ငြိမ်စွာဖြင့် ရှေးဟောင်း အင်ပါယာ ပေးခဲ့သော နည်းစနစ်ကို ဝဲကတော့ပေါ်တွင် ချက်ချင်း အသုံးပြုလိုက်သည်။ အက်ကွဲကြောင်း ပေါ်လာသည့် အခိုက်အတန့်တွင် သူက ဝဲကတော့ဆီသို့ ဝင်တော့မည့် အချိန်ဖြစ်သည်။ ထို့နောက် ခရမ်းရောင် လျှပ်စီးက ပေါ်လာပြီး သူ့ကို ဝဲကတော့ အတွင်းသို့ ဆွဲယူသွား၏။
သူက ဝဲကတော့ အတွင်းသို့ ဝင်သွားသည့် အခိုက်အတန့်တွင် အက်ကွဲကြောင်း အတွင်းမှ ကြီးမားသော မိစ္ဆာများ ထွက်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူတို့၏ မျက်လုံးများတွင် တက်ကြွနေသည့် အရိပ်အယောင် များဖြင့် ပြည့်နေပြီး သူက ဝဲကတော့ အတွင်းသို့ ရောက်နေပြီး ဖြစ်သည့် ဝမ်လင်းကို ကြည့်ကာ တစ်ဟုန်ထိုး ပြေးဝင် လာကြသည်။
ဝမ်လင်း၏ နှလုံးက ဒုန်းခနဲ ခုန်သွားသည်။ ထိုမိစ္ဆာများထဲမှ ဘယ်အကောင်မဆို သူ့အား လက်တစ်ဖက်ဖြင့် သတ်ပစ်နိုင်စွမ်း ရှိ၏။ ထိုအကြောင်းကို တွေးမိလိုက်သည့် အချိန်၌ သူက ဝဲကတော့ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
မိစ္ဆာများ အားလုံးသည် တွန့်ဆုတ်ခြင်း မရှိကြဘဲ ဝမ်လင်း၏ နောက်သို့ လိုက်ကြ၏။
ဝမ်လင်းက ဝဲကတော့၏ တခြား တစ်ဖက်တွင် ပေါ်လာသည်နှင့် သူက နားမနေဘဲ ချက်ချင်း ထွက်ပြေး၏။ သူ ရောက်နေသည့် နေရာသည် ကောင်းကင်ထိ ထိုးတက်နေသည့် တိုင်လုံးများ ရှိသော စတုရန်းကွက် တစ်ခုတွင် ဖြစ်သည်။
တိုင်လုံးများ၏ အလယ်တွင် စက်ဝိုင်းသဏ္ဌာန် ရွှေ့ပြောင်းရေး အလင်းတန်း တစ်ခု ရှိပြီး မိစ္ဆာဆန်သော အနီရောင် အလင်းများ တောက်ပနေသည်။ ရွှေ့ပြောင်းရေး အစီအရင်ကို တည်ဆောက် ထားသော အနီရောင် ကြိုးများက သွေးကြောများ ကဲ့သို့ ဖြစ်နေသည်။ ရွှေ့ပြောင်းရေး အစီအရင် ဘေးတွင်လည်း ဆက်သွယ် ထားသော ပြွန်များ ရှိသည်။ အနီပုပ်ရောင် အရည်များအား လောင်ကျွမ်း စေခြင်းဖြင့် ရွှေ့ပြောင်းရေး အစီအရင်ကို ထောက်ပံ့ ပေးထားခြင်း ဖြစ်သည်။
မိစ္ဆာဆန်သော အနီရောင် အလင်းများမှာ ထိုအရည်များမှ ထွက်ပေါ် လာခြင်း ဖြစ်သည်။
ဝမ်လင်းက ပေါ်လာသည်နှင့် သူ၏နတ်ဘုရား စိတ်အာရုံဖြင့် နေရာ တစ်ခုလုံးကို စစ်ဆေး ကြည့်လိုက်သည်။ ဤနေရာတွင် မည်သည့် ဝဲကတော့မှ ရှိမနေဘဲ ရွှေ့ပြောင်းရေး အစီအရင် တစ်ခုသာ ရှိနေသည်။
သူက ရွှေ့ပြောင်းရေး အစီအရင်ထဲသို့ ပြေးမဝင်သွားဘဲ ဘေးသို့ သွားလိုက်သည်။ ထို့နောက် သူက တစ်ချက် ကြည့်ပြီး အဆိပ်ဓားကို ထုတ်ကာ ဆူး၁၀ချောင်းကို ချိုးယူ လိုက်သည်။
ဆူး၁၀ချောင်းကို ချိုးယူပြီးသည်နှင့် အဆိပ်ဓားကို သိုလှောင်အိတ် အတွင်းသို့ ပြန်ထည့် လိုက်သည်။ သူက လက်ကို လှုပ်ရှား လိုက်ပြီး ပုံရိပ်ယောင် စက်ဝိုင်းများကို ဖြစ်ပေါ် လာစေကာ ပုံရိပ်ယောင် စက်ဝိုင်းများ ပေါ်တွင် ဆူး၁၀ချောင်းကို ထည့်ပေး လိုက်သည်။
ပြီးသည်နှင့် သူ၏ လက်ချောင်းက မျက်ခုံး ၂ခုကြားဆီသို့ ရောက်လာပြီး ရွှေရောင်ချီများကို ထွေးထုတ် လိုက်သည်။ ရွှေရောင်ချီများက အပ်ချည်ကြိုးများ ကဲ့သို့ ပြောင်းလဲသွားပြီး အဆိပ်ဆူးများ ထဲသို့ ဝင်သွား၏။
ထိုအခါ ဆူးများက လှုပ်ခါလာပြီး တစ်ခုနှင့်တစ်ခု ကွဲသွားကာ ပုံရိပ်ယောင် စက်ဝိုင်းများ ထဲတွင် လှည့်ပတ် သွား၏။
ထို့နောက် ဝမ်လင်းက ရွှေ့ပြောင်းရေး အလင်းတန်း အတွင်းသို့ ခြေလှမ်း လှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က ရွှေ့ပြောင်းရေး အလင်းတန်း အတွင်းသို့ ရောက်သောအခါ ဘေးမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေ့ပြောင်းရေး အစီအရင် တစ်ခုလုံးကို ဖုံးအုပ်သွား၏။
“တတိယ စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့တဲ့ အချိန်က သတ်မှတ်ထားတဲ့ အချိန်ကို ကျော်သွားပြီ ဆိုပေမဲ့ သင်က ဒုတိယ စမ်းသပ်မှုကို အရည်အချင်း ပြည့်မီစွာနဲ့ အောင်မြင်ခဲ့တဲ့ အတွက် သင့်ကို ပို့မဲ့နေရာက ချီပင်လယ်ရဲ့ အပြင်ဘက် ဖြစ်ပါတယ်…”
သွေးနီရောင် အလင်းတန်းထဲတွင် ဝမ်လင်း၏ ခန္ဓာကိုယ်က စတင် ပျောက်ကွယ် လာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ် သွားသည်။ ထို့နောက် သွေးနီရောင် အလင်းများကလည်း စတင် ပျောက်ကွယ် လာပြီး အားလုံးက ပုံမှန်ပြန် ဖြစ်သွား၏။
ထိုအချိန်တွင် ဝမ်လင်း ထားခဲ့သော ပုံရိပ်ယောင် စက်ဝိုင်းများက အရပ်မျက်နှာ အသီးအသီးဆီသို့ တစ်စစီ ကွဲထွက်သွားပြီး ရွှေ့ပြောင်းရေး အစီအရင်၏ ဘေးပတ်လည်တွင် အတားအဆီးများ စတင် ဖြစ်ပေါ်လာသည်။ ပုံရိပ်ယောင် စက်ဝိုင်းများ၏ လှုပ်ရှားမှု နောက်တွင် ဆူးများကလည်း သွေးကြောများဆီသို့ ပျံသန်းသွားပြီး ထိုးဖောက် ဝင်ရောက်သွားကာ အဆိပ်များ ပျံ့နှံ့သွား၏။
ထိုအခိုက်တွင် ရွှေ့ပြောင်းရေး အစီအရင်သည် အနီရောင် အလင်းများ မထွက်တော့ဘဲ အနက်ရောင် အလင်းများ စတင် ထွက်လာသည်။ သို့သော်လည်း အနက်ရောင် အလင်းများက ကြာကြာမခံဘဲ အနီရောင် အလင်းများ အဖြစ်သို့ တဖြည်းဖြည်း ပြန်ပြောင်း လာသည်။
တစ်ချိန်တည်းမှာပင် စတုတ္ထနယ်မြေ၏ ဝင်ပေါက်မှ မိစ္ဆာများ ထွက်လာကာ ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ အလျင်အမြန် ပြေးလာကြသည်။
သူတို့က ရွှေ့ပြောင်းရေး အစီအရင်၏ ဘေးသို့ ရောက်သောအခါ မိစ္ဆာတစ်ကောင်က ပြောလိုက်သည်… “အစီအရင်က ဖျက်ဆီး ခံလိုက်ရပြီ… ဒါက ပြန်ကောင်းဖို့ ၃နာရီလောက် လိုအပ်လိမ့်မယ်…”
“ကိစ္စမရှိဘူး … ခန္ဓာကိုယ်ကြီးက အကြီးကြီးပဲ… ဝိညာဉ် စားသုံးသူက အသိစိတ် ပင်လယ်ကို ဝင်နိုင်မှာ မဟုတ်ဘူး … သူက အသိစိတ် ပင်လယ်ကို မဝင်နိုင်သရွေ့ သူကလည်း ထွက်သွားလို့ မရနိုင်ဘူး…”
“ဒီ၃နာရီ အတွင်းမှာ သူတို့ရှာဖို့ ငါတို့က လူခွဲထားရမယ် … ဒီတစ်ကြိမ်မှာ ငါတို့က သူ့ကို အသက်ရှင်လျက် မိအောင် ဖမ်းရမယ်…”
ဝမ်လင်းက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ခွဲခံလိုက်ရ သကဲ့သို့ ခံစားလိုက် ရသည်။ မကြာမီ သူ၏ ခန္ဓာကိုယ်က မမြင်နိုင်သော အားတစ်ခုဖြင့် ဝိုင်းရံခံရပြီး ဝဲကတော့ အတွင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်ကို သတိပြုမိ လိုက်သည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ် သွားပြီး သူ၏ နတ်ဘုရား စိတ်အာရုံ တစ်ခုသာ ကျန်တော့သည်ကို သတိထားမိ လိုက်၏။
ထိုအရာက မည်မျှ ကြာသွားသလဲ သူ မသိချေ။ ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် အားက ပျောက်သွားကာ သူ၏ခန္ဓာကိုယ် ထိန်းချုပ်မှုကို တဖြည်းဖြည်း ပြန်ရလာသည်။ ထို့နောက် သူက မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ အပြာရောင် ကမ္ဘာကြီးကို မြင်တွေ့ လိုက်ရ၏။
ကောင်းကင်ကြီးက အပြာရောင် ဖြစ်သကဲ့သို့ မြေပြင်ကလည်း အပြာရောင် ဖြစ်နေသည်။ ဤနေရာတွင် မြေပြင်မရှိဟုပင် ပြော၍ရသည်။ ကောင်းကင် တစ်ခုတည်းသာ ရှိပြီး အောက်မှ မြေပြင်သည် နောက်ထပ် ကောင်းကင်တစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ဝမ်လင်းက ခဏလောက် မှတက်သွား၏။ သူက ဤနေရာသို့ ပို့ခံရသည့် အချိန်တွင် သူက ချီပင်လယ်၏အပြင်ဘက်သို့ ပို့ခံရမည် ဆိုသည့် အသံကို မှတ်မိ လိုက်သည်။
သူက ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ် အတွင်းမှ ချီပင်လယ်၏ အပြင်ဘက်သို့ ရောက်လာသည်ဟု ဝမ်လင်းက တွေးလိုက်သည်။
သူက ခဏလောက် စဉ်းစားပြီး သက်ပြင်း ချလိုက်သည်။ ဤနေရာသို့ ရောက်ရန် ကျင့်ကြံသူများက ဘယ်လောက်တောင် ကြိုးစားခဲ့ပြီလဲ သူ မသိချေ။ သို့သော်လည်း သူက ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်တွင်းသို့ ပထမဆုံး ရောက်သည့်လူ ဖြစ်နိုင်သည်။
တတိယ စမ်းသပ်မှု အတွင်းသို့ မဝင်ခဲ့စဉ်က ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်တွင်းသို့ ဝင်နိုင်သည့် လူတချို့ ရှိခဲ့လိမ့်မည်ဟု သူက တွေးခဲ့သည်။ သို့သော်လည်း ယခုတော့ ဤနေရာသည် သွမ့်မူကျိ ပြောသကဲ့သို့ ရတနာများနှင့် အင်မော်တယ် ဆေးလုံးများ ပြည့်နေသည့် နေရာတစ်ခု မဟုတ်သည်ကို သူက ခံစားမိနေသည်။
အထူးသဖြင့် တတိယ စမ်းသပ်မှု ထွက်ပေါက်တွင် ဖြစ်သည်။ ခါးကုန်းကြီးမုန့်ကဲ့သို့ မိစ္ဆာများ ပေါ်လာသည်ကို မြင်ပြီး သူ့စိတ်ထဲတွင် တောင်ကြီး တစ်လုံးက ဖိထားသကဲ့သို့ ခံစားခဲ့ရသည်။
အထူးသဖြင့် ထိုမိစ္ဆာများက ဝမ်လင်းကို ကြည့်သည့် သူတို့၏ အကြည့်များ ဖြစ်သည်။ ဝမ်လင်းသည် တုံးအသည့် လူတစ်ယောက် မဟုတ်ပေ။ သူက သေချာ စဉ်းစား ကြည့်သည့်အခါ ထိုကိစ္စသည် အလွန် ကြီးမားသော လေလွင့် ဝိညာဉ်ကြီးနှင့် တစ်ခုခု ပတ်သက် နေရမည်ကို နားလည် လိုက်သည်။
“အရင်က ခါးကုန်းကြီးနဲ့ နောက်တစ်ယောက် ပေါ်လာတယ် … ဒါပေမဲ့ ငါ ထွက်သွားမဲ့ အချိန်လည်း ရောက်ရော အများကြီး ပေါ်လာတယ်… သူတို့က ငါ့နောက် လိုက်လာတာပဲ ဖြစ်ရမယ်… ဒါကလည်း ငါက ဝိညာဉ်စားသုံးသူ ဖြစ်တာကို ဟိုလေလွင့်ဝိညာဉ် သိသွားတာနဲ့ ဆိုင်လိမ့်မယ်…”
ဝမ်လင်းက ထိုအကြောင်းကို တွေးနေသော်လည်း သူ၏ခန္ဓာကိုယ်က လုံးဝမနားဘဲ ရှေ့သို့သာ ဆက်လျှောက်နေသည်။ ထိုမိစ္ဆာများက အလွယ်တကူ လက်လျှော့မည် မဟုတ်ကြောင်း ကိုလည်း ခံစားမိနေသည်။ ထို့ကြောင့် သူတို့က ရုတ်တရက် သူ့ရှေ့မှာတောင် ပေါ်လာနိုင်သည်။
ထို့ကြောင့် သူက ဤနေရာမှ အမြန်ဆုံး ထွက်သွား သင့်သည်ဟု တွေးမိလိုက်သည်။
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြား တစ်ခု ထွက်လာသည်။ သူက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူက ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး လက်ဖြင့် ပုံရိပ်ယောင် စက်ဝိုင်းများကို ပြုလုပ်လိုက်သည်။
ကျောက်စိမ်းပြားထဲတွင် ဤနေရာမှ ထွက်ခွာရန် အတွက် လိုဏ်ခေါင်းတစ်ခု ပြုလုပ်ရန် လက်သင်္ကေတများ အစုံလိုက် ပါဝင်နေသည်။ လိုဏ်ခေါင်းတစ်ခု ဖြစ်လာရန်အတွက် သင်္ကေတ ၄၀၀ကျော် လိုအပ်၏။
ပထမအစုံကို ပြုလုပ်ပြီးနောက် ဝမ်လင်းက အနည်းငယ် ထူးဆန်း နေသည်ဟု ခံစားရသည်။ သူက လက်သင်္ကေတများကို ဆက်လက် ပြုလုပ်နေပြီး ၃၄အစုံမြောက်ကို လုပ်ပြီးသောအခါ သူက ဖြူရော်နေသော မျက်နှာဖြင့် ရပ်တန့်လိုက်သည်။
ထို၃၄ခုမြောက် အစုံသည် တခြား အစုံများနှင့် တူသော်လည်း အမှန်တွင် ထိုသင်္ကေတအစုံက ပြုလုပ်သူ မသိဘဲ စိတ်စွမ်းအင်များကို အသုံးပြုသွား၏။ ထိုအချက်ကြောင့် သူ၏ စိတ်စွမ်းအင်များက မတည်မငြိမ် ဖြစ်သွားခြင်း ဖြစ်သည်။
ဝမ်လင်းကက အနည်းငယ် စဉ်းစားပြီး ၃၅ခုမြောက် လက်သင်္ကေတ အစုံကို ပြုလုပ်လိုက်သည်။ သူက လျင်မြန်စွာဖြင့် သင်္ကေတအစုံများကို ကျောက်စိမ်းပြား ထဲမှာတွင် တစ်ခုပြီးတစ်ခု ထည့်သွင်း နေသည်။
သူက နောက်ဆုံးအစုံကို ပြီးသွားသောအခါ သူက လက်ကို ရှေ့သို့ ထုတ်လိုက်သည်။ ထိုအခါ အနက်ရောင် လေတစ်မျိုး ထုတ်လွှတ်နေသည့် ဝဲကတော့တစ်ခု ပေါ်လာသည်။ သို့သော်လည်း ဝဲကတော့က ပေါ်လာပြီးသည်နှင့် ချက်ချင်းပင် ပျက်စီးကာ ပျောက်ကွယ် သွား၏။
သူက သင်္ကေတအစုံများကို ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် သူ့ခန္ဓာကိုယ်တွင်းမှ စိတ်စွမ်းအင်များက ပြင်းထန်စွာဖြင့် မတည်မငြိမ် ဖြစ်နေသည်။ ဝဲကတော့ ပျောက်ကွယ် သွားသည့် အခါမှသာ သူ၏စိတ်စွမ်းအင်များက ပြန်လည် တည်ငြိမ် သွား၏။
ဝဲကတော့ ပေါ်လာသည့် အချိန်တွင် ဝမ်လင်းက ဝဲကတော့ကို သေချာ ကြည့်နေခဲ့သည်။
သူက တိုးတိုးလေး ပြောလိုက်သည်… “ဘယ်လောက်တောင် အန္တရာယ်ရှိတဲ့ နည်းစနစ်လဲ…”
စမ်းသပ်မှု အတွင်းရှိ ထွက်ပေါက်မှ ဝဲကတော့များသည် လက်ယာရစ် လည်ပြီး နည်းစနစ်ဖြင့် ပြုလုပ်လိုက်သည့် ဝဲကတော့ကတော့ လက်ဝဲရစ် လည်နေခဲ့သည်။
ထိုအချက်ကို သေချာ မကြည့်လျှင် သတိထားမိရန် မဖြစ်နိုင်ချေ။ လက်ဝဲရစ် လည်သည့် ဝဲကတော့ကို အသုံးပြု၍ ထွက်ခွာ၍ ရနိုင်၊ မရနိုင်ကို ဝမ်လင်း အနေဖြင့် သေချာမသိပေ။ သို့သော်လည်း သူ သေချာ သိနေသည့် အချက်ကား လက်ယာရစ် ဝဲကတော့နှင့် လက်ဝဲရစ် ဝဲကတော့သာ ထိတိုက် မိသွားပါက ကြောက်မက်ဖွယ် ကောင်းသော အကျိုးဆက် တစ်ခု ဖြစ်လာမည်ကို ဖြစ်သည်။
တကယ်တော့ ထိုဝဲကတော့နှစ်ခု ထိတိုက်မိခြင်းကြောင့် ထွက်ပေါက်တစ်ခု ဖြစ်ပေါ် လာရန်လည်း အခွင့်အရေး ရှိသည်။ သို့သော်လည်း ဝမ်လင်းက နည်းစနစ်ကို အသုံးပြုနေသည့် အချိန်တွင် ၃၄ခုမြောက် အစုံမှစ၍ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက စတင် မတည်မငြိမ် ဖြစ်လာသည်ကို သတိပြုမိခဲ့သည်။ သူက အစုံများကို ပိုပြီး လုပ်လာလေ စိတ်စွမ်းအင်များက ပိုပြီး မတည်မငြိမ် ဖြစ်လာလေ ဖြစ်သည်။
သူကသာ စိတ်စွမ်းအင် မတည်မငြိမ် ဖြစ်မှုကို သတိမထားမိပါက သူသည် သင်္ကေတအစုံများ ပြုလုပ်ခြင်းကို ရပ်တန့် လိုက်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတော့ ဝဲကတော့ကို မြင်တွေ့ လိုက်ရပြီး သူ၏မျက်လုံးများက ချက်ချင်း အေးစက်သွား၏။
ဤနည်းစနစ်က သူ့ကို ဤနေရာမှ ထွက်ခွာနိုင်ရန် မသေချာ သော်လည်း ဝဲကတော့ နှစ်ခုသာ ထိတိုက်မိလျှင် သူ၏ စိတ်စွမ်းအင်များက ထိန်းချုပ်မှု လွတ်ကင်း သွားလိမ့်မည်ကိုတော့ သူ သိနေသည်။ အခန့်မသင်လျှင် သူ၏ ခန္ဓာကိုယ်တောင်မှ ပေါက်ကွဲနိုင်ပြီး သူ၏ ရွှေအမြုတေ သည်လည်း ကွဲထွက် သွားနိုင်သည်။
ဝမ်လင်းက ဝဲကတော့ တစ်ခုကို ဝင်သည့် အကြိမ်တိုင်းတွင် ထိုအခိုက် အတန့်များ၌ သူ၏ စိတ်စွမ်းအင်များက ပြင်းပြင်းထန်ထန် လှုပ်ရှား လာတတ်သည်ကို သတိပြုမိ ထားခြင်းကြောင့် ယခုကိစ္စကို နားလည်သွားခြင်း ဖြစ်သည်။ ထိုအချိန်က ခဏလေးသာ ဖြစ်နေလျှင်တောင်မှ လည်ခြင်း မတူသည့် ဝဲကတော့ နှစ်ခုအတွင်း၌ ဖြစ်ပျက်သွားခဲ့လျှင် သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာမည့် အကျိုးဆက်သည် ခန့်မှန်း၍ပင် ရလိမ့်မည် မဟုတ်ချေ။
***