Switch Mode

အပိုင်း (၂၀၆)

သွေးပင်လယ်ရဲ့ သခင်

ဓားသွားပေါ်မှ အဆိပ်သည် ဆူးထဲရှိ အဆိပ်နှင့် မနှိုင်းယှဉ်နိုင်ပေ။ ဝမ်လင်းက ဓားပျံကို ပြုလုပ်သည့် အချိန်က ဆူး၉၉ချောင်းကို ပြုလုပ်နိုင်ခဲ့သည်။

အဆိပ်အားလုံး နီးပါးကို ဆူးများတွင် ထည့်သွင်းခဲ့သည့် အတွက် ယခု ပစ်လွှတ်လိုက်သော ဆူး၈ချောင်းတွင် အဆိပ်ပါဝင်မှု ပမာဏက အလွန်ကို များပြားလှသည်။

ထိုအဆိပ်ကို တခြား တစ်ယောက်ယောက်၏ အပေါ်တွင် အသုံးပြုပါက အလွန် အသုံးဝင်မည် ဖြစ်သော်လည်း ခါးကုန်းကြီးမုန့်က အဆိပ် အသုံးပြုသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်။ ဆူးတွင် ပါဝင်နေသည့် အဆိပ်သည် ဝမ်တင်း အဆိပ်ဖြစ်သည်။ ထိုအဆိပ်သည် ခါးကုန်းကြီးမုန့်၏ ရတနာမှ ဖြစ်သည်။ ထို့ကြောင့် ဝမ်တင်း အဆိပ်က ခါးကုန်းကြီးမုန့်ကို မထိခိုက်စေနိုင်ပေ။

အစောပိုင်းက ပခုံးသို့ ဝင်လာသော အဆိပ်ကိုလည်း သူက စုပ်ယူရန် အချိန် တစ်စက္ကန့်လောက်သာ ပေးခဲ့ရသည်။

ဆူးများမှ အဆိပ်သည် အန္တရာယ် မရှိတော့သော်လည်း အဆိပ်မှ အားအင်သည် ဓားပျံ၈ချောင်းမှ အားနှင့် တူညီသည်။ တခြား တစ်ယောက်သာ ဆိုလျှင် လက်က ပေါက်ထွက် သွားမည် ဖြစ်သော်လည်း ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ်က အလွန် မာကျောသည့် အဆင့်သို့ ရောက်နေလေပြီ။ ထို့ကြောင့် ဆူးများက ခါးကုန်းကြီးမုန့်၏ လက်ဝါးကို ထိမိသွားသောအခါ ဝင်တိုက်သည့် အားကြောင့် ဆူးများက နှစ်ခြမ်းကွဲထွက် ကုန်သည်။

ဆူးများက နှစ်ခြမ်း ကွဲကုန်သော်လည်း သူတို့က ဓားပျံဆီသို့ လှမ်းနေသည့် လက်၏အရှိန်ကို နှေးသွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် ဓားက ထွက်ပြေး၏။ ခါးကုန်းကြီးမုန့်သည် ဓားသွား ထိပ်ဖျားကိုသာ လက်ဖြင့် ထိမိလိုက်ပြီး ဓားက သူ့လက်ထဲမှ ပျောက်ကွယ် သွားသည်။

သို့သော်လည်း ခါးကုန်းကြီးမုန့်၏ ကျင့်ကြံခြင်း အဆင့်က အလွန် မြင့်သည့်အတွက် ဓားကို ထိလိုက်ရုံမျှဖြင့် ဓား၏အရောင်က မှိန်ကျသွားပြီး ဓားသွားပေါ်တွင် အက်ရာများ ပေါ်လာသည်။

ဓားပျံက ထိုနေရာမှ ပျောက်ကွယ်သွားပြီး ခါးကုန်းကြီးမုန့်နှင့် ပေ၁၀၀၀အကွာတွင် ပြန်ပေါ်လာသည်။

ခါးကုန်းကြီးမုန့်၏ မျက်နှာက မည်းမှောင်သွားပြီး ဓားပျံ ပျောက်ကွယ်သွားသည့် အရပ်ကို ကြည့်လိုက်သည်။ ထို့နောက် ညာလက်ကို ဝှေ့ယမ်းပြီး လေဟာနယ် အက်ကွဲကြောင်းကို ဖွင့်လိုက်သည်။

လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ အလွန် စွမ်းအားကြီးသော နတ်ဘုရား စိတ်အာရုံတစ်ခု ထွက်လာပြီး တတိယ စမ်းသပ်မှုနေရာ တစ်ခုလုံးကို လွှမ်းခြုံသွား၏။ သို့သော်လည်း အိပ်ပျော်နေသည့် ဝိညာဉ်စားသုံးသူ၏ အနားကိုတော့ ထိုနတ်ဘုရား စိတ်အာရုံက ဂရုတစိုက်ဖြင့် ပတ်၍ ကျော်သွား၏။

“ဘာဖြစ်လို့လဲ…” နတ်ဘုရား စိတ်အာရုံဆီမှ အသံမက်ဆေ့ တစ်ခုက ခါးကုန်းကြီးဆီသို့ ရောက်လာသည်။

နတ်ဘုရား စိတ်အာရုံ ထွက်ပေါ်လာသည်နှင့် ခါးကုန်းကြီးမုန့်က ချက်ချင်း ဒူးထောက်လိုက်ပြီး ပြန်ဖြေလိုက်သည်… “ဆရာ… တတိယစမ်းသပ်မှုရဲ့ ထွက်ပေါက်နားကို ကျင့်ကြံသူ တစ်ယောက်က ရောက်နေပြီမို့လို့ အကူအညီ တောင်းလိုက်တာပါ…”

“ကောင်းပြီ…” နတ်ဘုရား စိတ်အာရုံက ပြန်ပြော လိုက်သည်။

ထိုစကားကို ကြားပြီးနောက် ခါးကုန်းကြီးမုန့်သည် ဝမ်လင်း ထွက်ပြေးသွားသည့် ဘက်သို့ တစ်ဟုန်ထိုး လိုက်သွား၏။ တမန်တော်၏ အကူအညီဖြင့် ဆိုလျှင် ထိုအမြုတေ ဖွဲ့တည်ခြင်း အဆင့်ကလေးသည် ထွက်ပေါက်သို့ ရောက်လိမ့်မည် မဟုတ်ဟု စိတ်ထဲတွင် တွေးလိုက်သည်။

တမန်တော်၏ နတ်ဘုရား စိတ်အာရုံက လျင်မြန်စွာဖြင့် တတိယ စမ်းသပ်မှု နယ်မြေ တစ်ခုလုံးကို စစ်ဆေးနေရာ ဝမ်လင်းနှင့် လိုအင်၆မျိုး နတ်ဆိုးသခင်ကို တွေ့သွား၏။ သူက အရင်ဆုံး လိုအင်၆မျိုး နတ်ဆိုးသခင်ကို ပစ်မှတ် ထားလိုက်သည်။

ယခုအချိန်တွင် လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်တွင် သွေးရောင်များ တောက်ပနေပြီး ပျံသန်းနှုန်းက အလွန်ကို မြန်ဆန်နေသည်။ သို့သော်လည်း သူ သွားနေသည့် အရပ်တွင် လေလွင့် ဝိညာဉ်များက အစုလိုက်၊ အပြုံလိုက် ရှိနေသည်။ ထိုလေလွင့် ဝိညာဉ်များသည် သူ့ရတနာ၏ ကိုင်တွယ်နိုင်သော ပမာဏထက် ပို၍ များပြားနေသည်။

ထို့ကြောင့် သူက လမ်းတစ်လျှောက်တွင် လေလွင့်ဝိညာဉ်များ၏ ကိုက်ခဲခြင်းကို ခံလာရသည်။ ခန္ဓာကိုယ်တွင်း၌ လေလွင့်ဝိညာဉ်များ၏ သောင်းကျန်းမှုကို ကာကွယ်နိုင်ရန် သူက စိတ်စွမ်းအင်များကို တောက်လျှောက် သုံးစွဲလာရသည်။

နတ်ဘုရား စိတ်အာရုံက လိုအင်၆မျိုး နတ်ဆိုး သခင်ဆီသို့ ရောက်လာသော အခါ နတ်ဆိုးသခင်၏ ခန္ဓာကိုယ်က တုန်သွား၏။ ထို့နောက် ခန္ဓာကိုယ်တွင်းမှ လေလွင့် ဝိညာဉ်များကို ရှင်းလင်ပစ်ပြီး နတ်ဘုရား စိတ်အာရုံမှ ခန္ဓာကိုယ်တွင်းသို့ ဝင်လာသည်။ ထိုအခါ လိုအင်၆မျိုး နတ်ဆိုးသခင်က ထိုနတ်ဘုရား စိတ်အာရုံကို ခံစားမိပြီး သူ့ကိုယ်ထဲသို့ ဝင်လာသော အလွန် အားကောင်းသော နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ် လိုက်သည့်လူ၏ ကျင့်ကြံခြင်း အဆင့်သာ သူ့ထက် အလွန်သာကြောင်း ခန့်မှန်း မိလိုက်သည်။

နတ်ဘုရား စိတ်အာရုံက လိုအင်၆မျိုး နတ်ဆိုးသခင်ကို စစ်ဆေးပြီးနောက် စွမ်းအားလှိုင်း တစ်ခုဖြင့် ပစ်လိုက်ရာ လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်မှ သွေးအလင်းများက တဖြည်းဖြည်း မှိန်လာပြီး နောက်ဆုံးတွင် ပျောက်ကွယ် သွားသည်။ ထိုအခါ ထိတ်လန့်နေသော မျက်နှာနှင့် နတ်ဆိုးသခင် ရှုလီချင်းက ပေါ်လာသည်။

“ငါက ဝိညာဉ် စားသုံးသူနားမှာ မလှုပ်ရှားရဲဘူး… ငါ သူ့ကို တားပဲ တားပေးနိုင်မယ်…”

ထိုနတ်ဘုရား စိတ်အာရုံက လိုအင်၆မျိုး နတ်ဆိုးသခင်၏ နောက်သို့ စိတ်မပါသကဲ့သို့ လိုက်နေသော ကောင်းကင် နတ်ဆိုး ပညာရှင်ကို လှမ်းပြော လိုက်သည်။

ကောင်းကင်နတ်ဆိုး ပညာရှင်က တည်ငြိမ်နေသည်။ သူက ခေါင်းညိတ်ပြီး အရှိန်ကို ချက်ချင်း တင်လိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် အံကြိတ်ပြီး တုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်ထပ် ဆန္ဒတစ်ခုကို အဆုံးရှုံးခံကာ သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို ထပ်ပြီး အသုံးပြုလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ သူက သွေးအန် လိုက်ရသည်။ ထို့နောက် လေလွင့်ဝိညာဉ်များ ကလည်း သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်လာကြပြီး သူ့ကို လုံးပါး ပါးစေသည်။ သူက ထွက်ပြေးနေရင်း မဲ့ပြုံးတစ်ခု ပြုံးလိုက်သည်။

နတ်ဘုရား စိတ်အာရုံကတော့ လိုအင်၆မျိုး နတ်ဆိုးသခင်အား နောက်တစ်ကြိမ် ပြန်စစ်ဆေး ကြည့်လိုက်သော်လည်း သည်တစ်ကြိမ်တွင်တော့ ဘာမှ မလုပ်တော့ချေ။ နတ်ဘုရား စိတ်အာရုံက တစ်ချက်သာ စစ်ဆေးပြီး ထွက်ခွာသွား၏။ ထိုနတ်ဘုရား စိတ်အာရုံက တတိယ စမ်းသပ်မှု၏ ထွက်ပေါက်ဆီသို့ ရောက်သောအခါ ထွက်ပေါက်နှင့် ပေ၁၀၀၀ခန့်သာ ဝေးတော့သည့် ဝမ်လင်းကို မြင်လိုက်ရသည်။

နတ်ဘုရား စိတ်အာရုံက ဝမ်လင်းဆီသို့ စွမ်းအားလှိုင်း တစ်ခုကို ပစ်လိုက်သည်။

ဝမ်လင်းက နတ်ဘုရားစိတ်အာရုံ ပေါ်လာ ကတည်းက သတိပြုမိပြီး ဖြစ်သည်။ ထိုနတ်ဘုရား စိတ်အာရုံက အလွန် စွမ်းအား ကြီးသော်လည်း သူ့စိတ်ထဲတွင် တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိ၏။

နတ်ဘုရား စိတ်အာရုံက ဝမ်လင်းကို တိုက်ခိုက် လာသောအခါ သူက ထူးဆန်းနေသည့် ခံစားချက်ကို နားလည်သွား၏။ ထိုနတ်ဘုရား စိတ်အာရုံသည် ကျင့်ကြံသူ တစ်ယောက်၏ နတ်ဘုရား စိတ်အာရုံ မဟုတ်ဘဲ လေလွင့်ဝိညာဉ် အဖြစ်မှ အဆင့် တက်လာသော ဝိညာဉ်စားသုံးသူ တစ်ကောင်သာ ဖြစ်သည်။

ဝမ်လင်းအနေဖြင့် ဤမျှ ကြီးမားလွန်းလှသော လေလွင့်ဝိညာဉ်ကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း လေလွင့်ဝိညာဉ်က လေလွင့်ဝိညာဉ်သာ ဖြစ်သည်။ လေလွင့်ဝိညာဉ်က ဝိညာဉ်စားသုံးသူပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လောက်ပဲ အစွမ်းထက်လာ ထွက်လာ ဝိညာဉ်စားသုံးသူ အစစ်များ၏ အောက်တွင်သာ ရှိသည်။ လေလွင့်ဝိညာဉ်က ဝိညာဉ်စားသုံးသူ ဖြစ်လာလျှင်တောင်မှ ဝိညာဉ်စားသုံးသူ အစစ်နှင့်ယှဉ်လျှင် ကြီးမားသော ကွာခြားမှုတစ်ခု ရှိနေဆဲ ဖြစ်သည်။

ယခု အလွန်ကြီးမားသော လေလွင့်ဝိညာဉ်က ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်သည့် ဝမ်လင်းအား တိုက်ခိုက်ရဲသည်။

ဝမ်လင်း၏ အမြင်မှ ကြည့်လျှင် ထိုကြီးမားသော လေလွင့် ဝိညာဉ်သည် သူ့အတွက် ဘေးထွက်ဆိုးကျိုး မရှိသည့် စူပါအင်မော်တယ် ဆေးလုံးတစ်လုံး ဖြစ်သည်။ သူသာ ထိုလေလွင့် ဝိညာဉ်ကို ဝါးမျိုလိုက်ပါက သူ၏ဝိညာဉ်ကို မူလအတိုင်း ပြန်ကောင်း စေနိုင်မည့်အပြင် သူ တစ်ခါမှ မမျှော်မှန်းဖူးသည့် အဆင့်တစ်ခုအထိ ရောက်သွားနိုင်သည်။

လေလွင့်ဝိညာဉ်၏ တိုက်ခိုက်မှုက ဝမ်လင်းကို ထိသွားသည့် အချိန်တွင် လေလွင့်ဝိညာဉ်က မှင်တက်သွား၏။

“ဝိညာဉ်စားသုံးသူ … မင်းက ဝိညာဉ်စားသုံးသူ…”

လေလွင့်ဝိညာဉ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ သူ၏အသံတွင် အံ့ဩသည့် အရိပ်အယောင်များ ပါသော်လည်း စိတ်လှုပ်ရှားသည့် အငွေ့အသက်များလည်း ပါနေသည်။

ဝမ်လင်းက စိတ်ထဲတွင် သံသယ အနည်းငယ်တော့ ဖြစ်နေသော်လည်း လေလွင့်ဝိညာဉ်ကို ချက်ချင်း ဝါးမျိုလိုက်သည်။ လေလွင့်ဝိညာဉ်က သူ၏ နတ်ဘုရား စိတ်အာရုံကို ချက်ချင်း ရုပ်သိမ်းလိုက် သော်လည်း နတ်ဘုရား စိတ်အာရုံ တစ်စိတ် တစ်ပိုင်းကတော့ ဝမ်လင်း၏ စားသုံးခြင်းကို ခံလိုက်ရသည်။

ဝမ်လင်းက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ၏ ဂျိနယ်ပယ် ဝိညာဉ်က လျင်မြန်စွာ တိုးတက် လာသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ဝိညာဉ် တစ်ခုလုံးကိုသာ စားလိုက်ရလျှင် သူ၏ဝိညာဉ်က ဘယ်လောက်တောင် တိုးတက်သွားမလဲ ဆိုပြီး လွတ်သွားသည့် အတွက် နောင်တပင် ရချင်သလို ဖြစ်သွား၏။

လေလွင့်ဝိညာဉ်က ဝမ်လင်း၏လက်မှ လွတ်လာပြီးနောက် အက်ကွဲကြောင်းကို ဖွင့်ကာ တတိယ စမ်းသပ်မှုနယ်မြေ အတွင်းမှ ပျောက်ကွယ် သွားသည်။

ထိုအချိန်တွင် မိစ္ဆာနတ်ဘုရားရဲ့ သွေးပင်လယ်ထဲတွင် ကောင်းကင်ပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး လေလွင့်ဝိညာဉ်က အက်ကွဲကြောင်း အတွင်းမှ ထွက်လာသည်။ သူက အထဲသို့ ရောက်သည်နှင့် အရှည်ဆုံးကျောက်တိုင်ဆီသို့ အလျင်အမြန် သွားလိုက်သည်။ သူက အနီးသို့ ရောက်သောအခါ လူငယ်တစ်ယောက်၏ ပုံစံအဖြစ် အသွင်ယူလိုက်သည်။ ထို့နောက် သူက အားနည်းနေသည့် မျက်နှာဖြင့် လေထဲတွင် ဒူးထောက် လိုက်သည်။ သူ့မျက်နှာက အားနည်းနေဟန် ရသော်လည်း စိတ်လှုပ်ရှားမှုများက သူ့မျက်နှာတွင် ပြည့်နေသည်။

“အရှင် … တတိယ စမ်းသပ်မှု နယ်မြေထဲမှာ ဝိညာဉ်စားသုံးသူ တစ်ကောင်ကို ကျွန်တော် တွေ့လာခဲ့ပါတယ်…”

ကျောက်တိုင်ပေါ်တွင် ထိုင်နေသော အနီရောင် ဆံပင်နှင့်လူက အောက်သို့ ငုံ့ကြည့်လိုက်ရာ ဆံပင်က မျက်နှာကို ဖုံးအုပ်သွား၏။ သူက လေလွင့်ဝိညာဉ်၏အသံကို ကြားလိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး ခေါင်းကို မော့လိုက်သည်။ သူက ခေါင်းကို မော့လိုက်သည့် အချိန်တွင် သွေးပင်လယ် အတွင်းရှိ သွေးမြူများက ပိုပြီး သိပ်သည်း လာသည်။

ထိုစဉ်တွင် ကျောက်တိုင်ပေါ်ရှိ ကျင့်ကြံသူ အားလုံးသည်နှင့် သွေးမြေပြင်ပေါ်တွင် ထိုင်နေသော ကျင့်ကြံသူ အားလုံးကလည်း သူ့ကို ကြည့်လိုက်ကြသည်။

“ဝိညာဉ် စားသုံးသူလား… မင်း သေချာလား…”

ထိုလူက လေလွင့်ဝိညာဉ်ကို ပြောလိုက်သည်။

ဆံပင်ရှည်နှင့် လူပုံစံအဖြစ် အသွင်ယူထားသည့် လေလွင့်ဝိညာဉ်က ပြန်ဖြေလိုက်သည်… “ဆရာ… အဲဒီလူက ဝိညာဉ်စားသုံးသူ ဆိုတာ သေချာပါတယ်… အခု အဲဒီလူက တတိယ စမ်းသပ်မှုရဲ့ ထွက်ပေါက်နားကို ရောက်နေပြီ… သူ့ကို ဖမ်းချင်ရင် ဆရာကိုယ်တိုင် ထွက်ဖမ်းမှ ရတော့မယ်…”

“ဝိညာဉ်စားသုံးသူ…” အနီရောင် ဆံပင်နှင့်လူက ရေရွတ် လိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပေတစ်ထောင်ခန့် ရှည်သော အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။

“မိစ္ဆာနတ်ဘုရားထူစီ … မင်းတို့အားလုံး အဲဒီဝိညာဉ် စားသုံးသူကို ဖမ်းပြီး ဒီကို ခေါ်လာခဲ့ပါ… ”

ပြောလို့ ပြီးသည်နှင့် အနီရောင် ဆံပင်နှင့်လူသည် အောက်ကို တစ်ချက် ငုံ့ကြည့်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ထိုလူ၏ စကားသံ ဆုံးသည်နှင့် သွေးပင်လယ် အတွင်းရှိ ကျင့်ကြံသူ အားလုံးသည် အက်ကွဲကြောင်း အတွင်းသို့ ခုန်ဝင်၍ ပျောက်ကွယ် သွားကြ၏။

လေလွင့်ဝိညာဉ် သည်လည်း သူတို့နောက်မှ လိုက်သွား၏။ ထိုအခါ သွေးပင်လယ် တစ်ခုလုံးတွင် အနီရောင်ဆံပင်နှင့် လူတစ်ယောက်မှလွဲ၍ မည်သူမှ မရှိတော့ပေ။ သူက နီရဲနေသော ညာလက်ဖြင့် ကျောက်တိုင်ပေါ်တွင် စာလုံးတချို့ကို ညင်သာစွာ ရေးလိုက်သည်။

“ငါက ဒီမိစ္ဆာ နတ်ဘုရားရဲ့ သွေးပင်လယ်ထဲမှ ပိတ်မိနေတာ့ နှစ်ပေါင်း တစ်သောင်း ကျော်နေပြီ… ဒီနေ့တော့ ဝိညာဉ်စားသုံးသူ တစ်ကောင် ပေါ်လာတာကို နောက်တစ်ကြိမ် ကြားရပြီ… အရမ်း စိတ်လှုပ်ရှားစရာပဲ…”

ထိုစာတန်း၏ ဘေးတွင်လည်း များပြားလှသော စာတန်းများ ရှိနေသည်။

“တတိယ စမ်းသပ်မှု အတွင်းကို ဝင်လာခဲ့တဲ့ အချိန်မှာ ဒီနေရာက ပျက်စီးခြင်း လောကနဲ့ ဆက်သွယ်နေတာကို ငါက နားလည်ခဲ့တယ် … ရှာဖွေမှုတွေ လုပ်ပြီး နောက်မှာတော့ ပျက်စီးခြင်း လောကရဲ့ ဝင်ပေါက်ကို တွေ့ခဲ့တယ်… ဒါပေမဲ့ ငါ မဝင်နိုင်ခဲ့ဘူး…”

“ဒီရှေးဟောင်း နတ်ဘုရား နယ်မြေက ချဲ့ကား ပြောဆို ထားတာပဲ … တတိယ စမ်းသပ်မှုကလွဲလို့ တခြား နယ်မြေတွေက တကယ်ကို စိတ်ပျက်စရာ ကောင်းတယ် … ငါက ဒီနေရာကနေ ထွက်ချင်ပေမဲ့ အခုထိ ငါက ဒီမှာ ရှိနေခဲ့ရတယ် … ဒီနေရာကို ငါက သေချာ စစ်ဆေးကြည့်ရမယ်… မဟုတ်ရင် ဒီမှာရှိနေတဲ့ ငါ့ရဲ့အချိန်တွေက အချည်းနှီး ဖြစ်သွားလိမ့်မယ်…”

“စတုတ္ထနယ်မြေက ရွှေ့ပြောင်းရေး အစီအရင်တစ်ခုပဲ … ရွှေ့ပြောင်းရေး အစီအရင်က ရှေ့နယ်မြေ ၃ခုကို ဖြတ်ကျော်လာတဲ့ အမြန်နှုန်းနဲ့ ဆိုင်တယ်… အဲဒါက တကယ်ကို ရှုပ်ထွေးလွန်းတယ် … အဲဒါကို လေ့လာဖို့ အချိန်တွေ အများကြီး သုံးခဲ့ရတယ်… အခုတော့ ငါက ရှေးဟောင်း နတ်ဘုရားရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းကို မဆို ငါ သွားနိုင်နေပြီ…”

“ဒီနေရာက ဘယ်လိုလုပ် ရှေးဟောင်း နတ်ဘုရားနယ်မြေ ဖြစ်ရမှာလဲ… မိစ္ဆာနတ်ဘုရားရဲ့ နယ်မြေဆိုတာ အသိသားချည်း…”

“ရှေးဟောင်း နတ်ဘုရားထူစီ … ဒီလူက တကယ်ကို အသိပညာနဲ့ ပြည့်စုံတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ… ငါ သူ့ကို အရမ်း အားကျတယ်…”

“ဒီနေရာမှာ နှစ်ပေါင်းများစွာ ပိတ်မိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset