Switch Mode

အပိုင်း (၂၀၅)

သွေးဆန္ဒလွတ်မြောက်ခြင်း

ထိုလူသည် အရပ်က ၁၀ပေကျော်ပြီး အားကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက သူ့ကိုယ်မှ ထွက်ပေါ်နေသည်။ တစ်ကိုယ်လုံး တွင်လည်း ချွန်ထက်နေသော အရိုးဆူးများဖြင့် ပြည့်နေသည်။

သူ၏ အနက်ရောင် ဆံပင်က လေမတိုက်ဘဲ လွင့်နေပြီး သူ၏မျက်နှာက အလွန့် ခန့်ညားသော်လည်း မကောင်းဆိုးဝါး ဆန်လှသည်။ အထူးသဖြင့် သူ၏မျက်နှာ တစ်ခုလုံးတွင် ပြည့်နေသော ရက်စက်မှု အရိပ်အယောင်များ ဖြစ်သည်။

သူ၏မျက်လုံးများက နီရဲတောက်ပနေပြီး လိုအင်၆မျိုး နတ်ဆိုးသခင်ကို စိုက်ကြည့်နေသည်။ ခဏလောက် ကြာပြီးနောက်တွင် သူက ပြောလိုက်သည်… “ရီအာ… မင်းက မင်းရဲ့ဆရာကို မှတ်မိသေးတာပဲ … အရမ်းကောင်းတယ် … ဒါပေမဲ့ ငါ့ရဲ့ အခုနာမည်က မိစ္ဆာနတ်ဘုရားထူစီပဲ…”

လိုအင်၆မျိုး နတ်ဆိုးသခင်က ထိုစကားကို ကြားပြီး စိတ်ထဲတွင် အလွန် တုန်လှုပ်သွားကာ သူ့မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်ရသည်။ တစ်ယောက်ယောက်က သူ့ဆရာနှင့် တူနေလျှင်တောင်မှ သူက အံ့ဩ တုန်လှုပ် သွားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူ့ရှေ့မှ လူကတော့ လူအနည်းငယ်သာ သိကြသည့် သူ၏ နာမည်ပြောင်ကို ခေါ်လိုက်သည်။ ထိုနာမည်ကို ခေါ်သည့်လူမှာ သူ့ဆရာဖြစ်သည့် ကောင်းကင်နတ်ဆိုး ပညာရှင်မှလွဲ၍ တခြားသူ မရှိပေ။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှေ့မှလူကို ကြည့်ကာ ပြောလိုက်သည်… “မင်းက လူလား … မိစ္ဆာလား… ဘာလို့ ငါ့ဆရာနဲ့ တူနေရတာလဲ … ပြီးတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မင်း…”

ကောင်းကင်နတ်ဆိုး ပညာရှင်သည် မျက်လုံးမှိတ်ပြီး ချက်ချင်း ပြန်ဖွင့်ကာ ပြောလိုက်သည်… “ငါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်း ကတည်းက သေသွားပြီးပြီလို့ မင်းက ပြောချင်တာပေါ့… ပြီးတော့ ငါ ဘယ်လို အသက်ပြန်ရှင် လာသလဲ မေးမယ်… ဟုတ်တယ်မလား…”

လိုအင်၆မျိုး နတ်ဆိုးသခင်သည် စိတ်ထဲမှ သူ့ကိုယ်သူ သတိများ ပေးနေသည်။ ခါးကုန်းကြီးမုန့်၏ ပေါ်ပေါက်လာမှုနှင့် သေသွားသည့် သူ့ဆရာ၏ အသက် ပြန်ရှင်လာသည့် ကိစ္စက ထူးဆန်းလွန်းသည်ဟု ခံစားမိလိုက်သည်။ ထို့အပြင် စိတ်ထဲမှ ထိတ်လန့်မှုကို ခံစားလာရပြီး ဤနေရာတွင် လျှို့ဝှက်ချက် ကြီးကြီးမားမား တချို့ ရှိလိမ့်မည်ဟုလည်း ခန့်မှန်း မိလိုက်သည်။

ယခင် ကတည်းက ရှေးဟောင်း နတ်ဘုရား နယ်မြေသည် ထင်သလောက် မရိုးရှင်းဟု သူ့စိတ်ထဲတွင် အမြဲသံသယ ရှိနေခဲ့သည်။

ထိုသံသယသည် လွန်ခဲ့သည့် နှစ်တစ်ထောင် ကတည်းက သူ့စိတ်ထဲတွင် ဖြစ်တည် လာခဲ့သည်။ တိတိကျကျ ပြောရလျှင် ရှေးဟောင်း နတ်ဘုရား နယ်မြေမှ အမွေအနှစ် ရတနာကို သူ့ဆရာက ရရှိလိုက်သည့် အချိန်ဖြစ်သည်။ ထိုအချိန် ကတည်းက သူ့ဆရာသည် လူသစ် တစ်ယောက် ကဲ့သို့ ဖြစ်လာခဲ့သည်။

ထိုအချက်သည် သူ့အား အမြဲပဟေဠိ ဖြစ်နေခဲ့သည်။ သို့သော်လည်း ယခုတော့ သူ့စိတ်ထဲတွင် ထိုအချက်က ရှင်းရှင်းလင်းလင်း ပေါ်လာပြီ ဖြစ်သည်။

“ငါ့ကိုယ်ငါ မပိုင်တော့ဘူး…”

ကောင်းကင်နတ်ဆိုး ပညာရှင်က ပြောလိုက်ပြီး သူက ခါးကုန်းကြီးမုန့် ထွက်သွားသည့် အရပ်သို့ ကြည့်လိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် အံ့အားသင့် သွားသော်လည်း တည်ငြိမ်စွာဖြင့် သူ့ဆရာကို ကြည့်ကာ နောက်သို့ တဖြည်းဖြည်း ဆုတ်လိုက်သည်။

ထိုအခါ ကောင်းကင်နတ်ဆိုး ပညာရှင်က လိုအင်၆မျိုး နတ်ဆိုးသခင်ကို ပြောလိုက်သည်… “၁၀လှမ်းထက် ကျော်ရင် ငါ အတင်းအကြပ် လှုပ်ရှားရလိမ့်မယ်…”

လိုအင်၆မျိုး နတ်ဆိုးသခင်က ရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်… “ဆရာ… ဘာလို့လဲ… ဆရာက ဒီတပည့်ကို သတ်ချင်နေရင် တောင်မှ အကြောင်းရင်းလေးတော့ ပြောပြသင့်ပါတယ်…”

ကောင်းကင်နတ်ဆိုး ပညာရှင်သည် လိုအင်၆မျိုး နတ်ဆိုးသခင်ကို ကြည့်ပြီး ခဏလောက် စဉ်းစားကာ ပြောလိုက်သည်… “ကောင်းပြီ… မင်းကို ပြောလို့လဲ ဘာပြဿနာမှ မရှိပါဘူး… ဒီ…”

ပြော၍ မဆုံးသေးခင်မှာတင် လိုအင်၆မျိုး နတ်ဆိုးသခင်က လူငယ်ကို လက်ဖြင့် ဖောက်ခွဲလိုက်သည်။ လူငယ်က သေဆုံး သွားသည်မှာ တော်တော် ကြာနေပြီ ဖြစ်သော်လည်း သူ၏သွေးများက ယခုမှ‌ သေထားသကဲ့သို့ လတ်လတ် ဆတ်ဆတ်ပင် ရှိနေသေး၏။

လူငယ်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်နှင့် သွေးများက ပြန့်ကျဲသွားပြီး လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် သွေးမြူများ ဖြစ်ပေါ်လာသည်။ ထိုအခါ လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်က ပုံပျက်လာပြီး သွေးမြူများနှင့် ပေါင်းစပ် သွား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး တတိယ စမ်းသပ်မှု၏ ထွက်ပေါက်ဆီသို့ အလွန်တရာ လျင်မြန်သော နှုန်းဖြင့် တစ်ဟုန်ထိုး ပြေးသွား၏။

“သွေးဆန္ဒ လွတ်မြောက်ခြင်း … အရမ်း ကောင်းတယ် … ငါ့ကို စိတ်မပျက်စေဘူးပဲ… ဘာကိစ္စမှသာ ဖြစ်မလာဘူးဆိုရင် သူ လွတ်မြောက် သွားလိမ့်မယ်…”

ကောင်းကင်နတ်ဆိုး ပညာရှင်က သဘောကျသည့်အပြုံး ပြုံးလိုက်ပြီး လိုအင်၆မျိုး နတ်ဆိုးသခင် ထွက်သွားသည့် အရပ်သို့ ကြည့်လိုက် လေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်၏ နည်းစနစ်များ အားလုံးကို သူ သင်ပေးထားခြင်း ဖြစ်သည်။ သူ သင်ပေးထားသည့် ကျင့်စဉ်ထဲတွင် ကောင်းကင်မိစ္ဆာ ကျင့်စဉ်တစ်ခု ရှိသည်။ လူသားများတွင် ပင်ကို၊ မွေးရာပါဆန္ဒ ၆မျိုး ရှိသည်။ ထိုကျင့်စဉ်သည် ကိုယ်ပိုင် စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်ခြင်း ဖြစ်ပြီး တခြားသူများ၏ ဆန္ဒများကိုလည်း လွှမ်းမိုးနိုင်သည်။

ထိုကျင့်စဉ်က သေဆုံးခြင်း မန္တန်လောက်တော့ ရက်စက်ခြင်း မရှိချေ။ ကောင်းကင်မိစ္ဆာ ကျင့်စဉ်၏ အရေးကြီးဆုံးသော အစိတ်အပိုင်းသည် ကိုယ်ပိုင်ဆန္ဒများကို ထိန်းချုပ်ရန် ဖြစ်သည်။ ဆန္ဒ၄မျိုးကို ထိန်းချုပ်နိုင်လျှင် ကျင့်စဉ်ကို ကျင့်ကြံသူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သွားလိမ့်မည် ဖြစ်သည်။ ကျင့်ကြံသူက ဆန္ဒ၆မျိုး လုံးကို ထိန်းချုပ်နိုင်လျှင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်လိမ့်မည် ဖြစ်၏။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် ဆန္ဒ၅မျိုးကိုသာ ထိန်းချုပ် နိုင်သေး၏။ နောက်ဆုံး ဆန္ဒဖြစ်သည့် စွဲလမ်းခြင်း ဆန္ဒကို ယခုထက်တိုင် ထိန်းချုပ်နိုင်သေးခြင်း မရှိချေ။ သူ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား စွဲလမ်းခြင်း ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူ စွဲလမ်းနေသည့် အရာမှ သူ၏ ကျင့်ကြံခြင်း ဖြစ်သည်။ သူက စတင်ကျင့်ကြံသည့် အချိန်ကတည်းက သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရမည်ဟု သူ့ကိုယ်သူ ကတိပြုထားခြင်း ဖြစ်သည်။

ထိုအရာက အမြဲတမ်း သူ၏အိပ်မက်နှင့် ပန်းတိုင် ဖြစ်သည်။ ကောင်းကင်နတ်ဆိုး ပညာရှင်သည် ထိုစွဲလမ်းခြင်းက လိုအင်၆မျိုး နတ်ဆိုးသခင်ကို အဟန့်အတား ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ တကယ်လည်း ဖြစ်လာခဲ့၏။

သွေးဆန္ဒ လွတ်မြောက်ခြင်း နည်းစနစ်သည် ကောင်းကင်မိစ္ဆာ ကျင့်စဉ်မှ နည်းစနစ်တစ်ခု ဖြစ်ပြီး မတတ်သာသည့် အဆုံးမှသာ အသုံးပြုကြသည်။ ထိုနည်းစနစ်သည် လေ့ကျင့်ထားသည့် ထိန်းချုပ် ထားနိုင်သော ဆန္ဒတစ်မျိုးကို ဆုံးရှံးစေခြင်းဖြင့် အလွန့်အလွန် လျင်မြန်သော အမြန်နှုန်းကို ရရှိစေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် အမြဲတမ်း ဆုံးဖြတ်ချက် ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ သူက သူ့ဆရာကို မြင်လိုက်သည်နှင့် စိတ်ထဲမှ ထိတ်လန့်မှုကို ခံစားရသည်။ ထို့ကြောင့် အသက်ရှင်ရန် အတွက် ဆန္ဒတစ်မျိုးကို အဆုံးရှုံးခံကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။

***

ဝမ်လင်းက အမြန်ဆုံးနှုန်းဖြင့် ထွက်ပေါက်ရှိသည့် အနောက်မြောက် အရပ်သို့ ပျံသန်းနေပြီး လမ်းတစ်လျှောက်တွင် လေလွင့်ဝိညာဉ်များ အားလုံးက သူ့ကို လမ်းဖယ် ပေးကြသည်။

သူ၏အမြန်နှုန်းက အလွန် လျင်မြန် နေသောကြောင့် ဘေးမှသာ တစ်ယောက်ယောက်က ကြည့်နေလျှင် အရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားသည် ကိုသာ မြင်ရလိမ့်မည် ဖြစ်သည်။ သူက ထွက်ပေါက်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်၏ သေခြင်း၊ ရှင်ခြင်းကို ဝမ်လင်းအနေဖြင့် ဂရုစိုက်ရန် အချိန်မရှိပေ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် သိရုံသာ သိကြသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်က သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ ခါးကုန်းကြီးမုန့်နှင့် တိုက်ခိုက်ကြပါက သူ့အတွက် လွတ်မြောက်ရန် အချိန်တစ်ခု ရလာနိုင်သည်။

သို့သော်လည်း သူ့ဆရာ၏ ပေါ်ထွက်လာမှုက သူ့ကို စိတ်ပျက် သွားစေသည်။ သူတို့၏ မြင်ကွင်းကို ဝမ်လင်းက လေလွင့် ဝိညာဉ်များမှ တစ်ဆင့် မြင်နေရသည်။

ထို့အပြင် ခါးကုန်းကြီးမုန့်က ခဏသာ ရပ်တန့်ပြီး ဝမ်လင်း၏ နောက်သို့ ဆက်လိုက် လာသည်။

ဝမ်လင်းက လေကို ရှူသွင်းလိုက်ပြီး စိတ်ဝိညာဉ်အရည် အများအပြားကို ပျံသန်းရင်း သောက်လိုက်သည်။ ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်ပြာက ထွက်လာသည်။ ဘယ်လက်ကလည်း သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင် အဆိပ်ဓားက အေးစက်သော အော်ရာများနှင့်အတူ ပျံသန်း၍ ထွက်လာသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က ခဏလောက် မတည်မငြိမ် ဖြစ်သွားပြီး မီးတောက်ပြာနှင့် အဆိပ်ဓားကို နောက်သို့ ပစ်လိုက်ပြီး ရှေ့သို့ ဆက်ပြေး သွားသည်။ မီးတောက်ပြာနှင့် အဆိပ်ဓားသည် တစ်ခုနှင့်တစ်ခု ခွဲပြီး မတူညီသော အရပ်မျက်နှာ ၂ခုမှ ခါးကုန်းကြီးမုန့်ဆီသို့ တိုးဝင်သွား၏။

ခါးကုန်းကြီးမုန့်က ဝမ်လင်း၏ နောက်ကို လိုက်ရင်း သူ့ကို သည်းမခံနိုင်စေသည့် အနံ့ကို ပေးသည့်လူသည် သူ့ရှေ့မှ လူသာ ဖြစ်ရမည်ဟု စိတ်ထဲမှ ကောက်ချက် ချလိုက်သည်။ သူက ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ထဲတွင် ရှုပ်ထွေး နေရသည်။ ထို့အပြင် ဒေါသလည်း အလွန်ထွက်၏။ ထိုလူကိုသာ ဖမ်းမိလျှင် ဒေါသကို လွှတ်ပေးပြီး အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် လုပ်မည်ဟုလည်း တွေးထား၏။

သို့သော်လည်း သူ၏ စိတ်ထဲတွင်တော့ ထိုလူကို ချီးကျူးမိသည်။ ထိုလူသည် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် ကိုသာ ရောက်သေးသော်လည်း အင်မတန် ပါးနပ်၏။ တခြား သူများ အားလုံးကို ဖမ်းပြီးမှ ထိုလူကို လိုက်ဖမ်းလျှင် ထိုလူက လွတ်မြောက် သွားလိမ့်မည် ဖြစ်သည်။

ခါးကုန်းကြီးမုန့်ကို အမှန်တကယ် မှင်သက်စေသည့် အရာသည် လေလွင့်ဝိညာဉ်များက ထိုလူကို မတိုက်ခိုက်ကြခြင်း ဖြစ်သည်။ ထိုလူက တတိယ စမ်းသပ်မှု ထွက်ပေါက်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားတာ တောင်မှ လေလွင့် ဝိညာဉ်များက တိုက်ခိုက်ခြင်း မရှိကြချေ။

ထိုအချက်က သူ့ကို အလွန် ထူးဆန်းသည်ဟု ခံစားရစေသည်။ သူ့ကို လေလွင့်ဝိညာဉ်များက တိုက်ခိုက်နိုင်ခြင်း မရှိခြင်းမှာ သူ့ဆရာက လေလွင့်ဝိညာဉ်များကို ဝါးမျိုနိုင်သည့် မှော်ရတနာ တစ်ခု ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

“သူ့မှာလည်း ငါ့လိုမျိုး ရတနာ ရှိနေတာလား…” ခါးကုန်းကြီးမုန့်က စိတ်ထဲမှ တွေးလိုက်သည်။

ထို့နောက် သူက လေကို ပြင်းပြင်း ရှူသွင်းပြီး ရှေ့သို့ ခြေလှမ်း လှမ်းကာ တစ်ဟုန်ထိုး ပြေးထွက်သွား၏။

သို့သော်လည်း သူက စတင်လှုပ်ရှားပြီး မကြာမီမှာတင် သူ့ထံသို့ မီးတောက်ပြာ တစ်ခုက သူ့ဆီသို့ ဦးတည် လာနေသည်ကို ခံစားမိလိုက်သည်။ သူက သရော်ပြုံး ပြုံးလိုက်ပြီး အရှိန်ကိုပင် ထပ်တင်လိုက်သည်။

သူက မီးတောက်ပြာကို ရှောင်ဖို့ မကြိုးစားဘဲ အရှိန်ဖြင့် ဝင်တိုက် လိုက်သည်။ မီးတောက်ပြာက ခါးကုန်းကြီးမုန့်ကို ထိမှန်သွားပြီး ရေခဲမီးတောက် အမှုန်အမွှားများ အဖြစ် ပေါက်ကွဲကာ ပျောက်ကွယ် သွား၏။

ခါးကုန်းကြီးမုန့်က လှောင်ပြုံး ပြုံးလိုက်ပြီး အရှိန်တင်ရန် ပြင်လိုက်သည့် အချိန်တွင် သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲ သွားသည်။ ရေခဲမီးတောက်က သူ့ကို နှေးကွေး သွားစေသော်လည်း သူက ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ အပြာရောင်လေး တစ်ခုကို မြင်တွေ့လိုက် ရသည်။ သူ၏ ရင်ဘတ်ပေါ်တွင် ရေခဲအလွှာတစ်ခု ရှိနေခြင်း ဖြစ်သည်။

ရေခဲက ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွား၏။

ခါးကုန်းကြီးမုန့်က ပျံသန်းနေရင်းမှ ရပ်တန့်လိုက်ပြီး ရင်ဘတ်ပေါ်ကို ငုံ့ကြည့်ကာ ရေခဲအလွှာပေါ်သို့ ညာလက်ကို တင်လိုက်သည်။ ထိုအခါ ရေခဲများက ကွဲကြေလာပြီး ပျံ့နှံ့မှုကလည်း ရပ်တန့်သွား၏။

ထိုအခိုက်အတန့်တွင် အဝေးမှ လက်ခနဲ ဖြစ်သွားသည်ကို သတိပြုမိလိုက်၏။ လက်သွားသည့် အလင်းရောင်နှင့်အတူ ထူးဆန်းသော အသွင်အပြင်ရှိသော ဓားနက်တစ်ချောင်းက သူ၏ပခုံးဘေးသို့ ရောက်လာသည်။ ဓားနက်၏ ပုံသဏ္ဌာန်က ထူးဆန်းနေပြီး ဓားသွားပေါ်တွင် အဆိပ်ရှိကြောင်း ညွှန်ပြနေသည့် များပြားလှသော အပြာရောင် ဆူးသေးသေးလေးများ ရှိနေသည်။

ခါးကုန်းကြီးမုန့်က ဓားကို မြင်လိုက်သည်နှင့် စိတ်ထဲတွင် တုန်လှုပ်သွား၏။ ဓားဆီမှ ရင်းနှီးသော အငွေ့အသက်များကို ခံစားမိသောကြောင့် ဖြစ်သည်။ ထိုဓားသည် သူ့အတွက် အလွန် အရေးကြီးသည့် အရာတစ်ခု ဖြစ်သည်ဟုလည်း ခံစားမိနေသည်။

ထိုအခိုက်အတန့်တွင် ခါးကုန်းကြီးမုန့်က အသိစိတ်ကို ဆုံးရှုံးလိုက်ရ သကဲ့သို့ ဖြစ်သွားသဖြင့် ဓားနက်က သူ၏ညာပခုံးဆီသို့ တိုးဝင်သွားသည်။ ထိုအခါ ဒေါင်ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ဓား၏အမြန်နှုန်းက အလွန်မြန်သော်လည်း ဓားက ခါးကုန်းကြီးမုန့်၏ အရေပြားကို ဖောက်ဝင်ရုံလေးသာ ထိုးဖောက် နိုင်လိုက်၏။

ဓားက အရေပြားကို ဖောက်ဝင်ရုံလေး ဖောက်ဝင် သွားခဲ့သော်လည်း ဓားမှ အဆိပ်က ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ် အတွင်းသို့ စတင် ပျံ့နှံ့သွား၏။ ခါးကုန်းကြီးမုန့်ကတော့ အဆိပ်နှင့်ဓားကို အရေးပင် မလုပ်ချေ။ သူ့စိတ်ထဲတွင် ဓားဆီမှ ထွက်လာသည့် ရင်းနှီးသည့် ခံစားမှုသာ ရှိနေလေသည်။

ခါးကုန်းကြီးမုန့်၏ ကျင့်ကြံခြင်း အဆင့်နှင့်ဆိုလျှင် ဓားပျံကို ဖမ်းရန်မှာ အလွန် လွယ်ကူလှသည်။ သူက လက်ကို ဆန့်ထုတ်ပြီး ဓားကို ဖမ်းယူရန် ပြင်လိုက်သည်။ စိတ်စွမ်းအင် အလွှာများက ဓားကို ရစ်ပတ်လာပြီး ဝဲကတော့ တစ်ခုအသွင် ပြုလုပ်လိုက်သဖြင့် ဓားက ပြန်လည် ထွက်သွားလို့ မရတော့ချေ။

ဝမ်လင်းက ထွက်ပေါက်နှင့် အလွန် နီးကပ်နေသည့် အချိန်တွင် သူ့မျက်နှာက ရုတ်တရက်‌ အရောင်ပြောင်း သွား၏။ သူ၏ဓားပျံသည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဆိုသည့် ခံစားချက်ကို ခံစားနေရသည်။ သူက ပျံသန်းနေခြင်းကို မရပ်ခဲ့သော်လည်း လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ရွှေရောင် စိတ်စွမ်းအင်များကို ထွေးထုတ် လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝဲကတော့အတွင်း ပိတ်မိနေသည့် ဓားပျံသည် ထိုစိတ်စွမ်းအင်များကို ခံစားမိပြီး ဓားပေါ်မှ အပြာရောင် အဆိပ်များက ပို၍ ပြင်းထန်လာသည်။

ခါးကုန်းကြီးမုန့်က ဓားကို လက်ဖြင့် ဆွဲယူလိုက်သည့် အချိန်တွင် ဝဲကတော့က အားပျော့သွားပြီး ဓားဆီမှ ဖောက်ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာကာ ဓားဆီမှ ဆူး၈ချောင်းက ခါးကုန်းကြီးမုန့်ဆီသို့ အလွန်တရာ လျင်မြန်သော အမြန်နှုန်းဖြင့် ပြေးဝင် သွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset