“မီးတောက်နီ မကောင်းဆိုးဝါး သခင်… ပြိုင်ဘက်ကင်း တောင်ဘက်ပိုင်း အရူး… ကောင်းကင် နတ်ဆိုးဝါးပညာရှင်… မင်း… မင်းတို့ မသေသေးဘူးလား…”
ရှေးဟောင်း အင်ပါယာ၏ မျက်နှာက မိစ္ဆာများကြားမှ မိစ္ဆာတချို့ကို ကြည့်နေပြီး လွန်ခဲ့သည့် နှစ်တစ်ထောင်က အကြောင်းများကို သတိရသွား၏။
မီးတောက်နီ မကောင်းဆိုးဝါး သခင်သည် ဒုတိယ စမ်းသပ်မှုတွင် သေဆုံးခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ခရမ်းရောင် လျှပ်စီးမှ ဖျက်ဆီး သွားသည်ကိုလည်း ရှေးဟောင်း အင်ပါယာ ကိုယ်တိုင် မြင်တွေ့ခဲ့သည်။ မီးတောက်နီ မကောင်းဆိုးဝါး သခင်၏ စဦးဝိညာဉ်ပင် ထွက်ပြေးရန် အချိန် မရလိုက်ချေ။
ပြိုင်ဘက်ကင်း တောင်ဘက်ပိုင်း အရူးသည်လည်း ထူးဆန်းသော သားရဲများ ၁၀၀၀၀ကျော်က ဝိုင်းအုံ၍ အမဲဖျက် လိုက်ခြင်းကြောင့် သေဆုံး သွားခဲ့ရသည်။
ကောင်းကင်နတ်ဆိုး ပညာရှင်သည် လိုအင်၆မျိုး နတ်ဆိုးသခင်၏ ဆရာဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ခန့်က ရှေးဟောင်း အင်ပါယာသည် ကောင်းကင်နတ်ဆိုး၏ နောက်မှ နီးကပ်စွာ လိုက်ခဲ့သည်။ ကောင်းကင် နတ်ဆိုးက အမွေအနှစ် ရတနာဖြင့် လိုဏ်ခေါင်းတစ်ခု ပြုလုပ်နေသည့် အချိန်တွင် ထူးခြားသော နတ်ဘုရား စိတ်အာရုံတစ်ခုဖြင့် တိုက်ခိုက် ခံလိုက်ရပြီး ချက်ချင်း သေဆုံး သွားသည်ကို ရှေးဟောင်း အင်ပါယာက မြင်တွေ့ခဲ့ရသည်။
ထိုလူများကို ဤနေရာတွင် တွေ့လိုက်ရခြင်းက သူ့ကို စိတ်ထဲတွင် အလွန် ကြောက်လန့် သွားစေသည်။ ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ လေဟာနယ် အက်ကွဲကြောင်း၏ တစ်ဖက်တွင် ခါးကုန်းကြီးမုန့်နှင့် တူသော မိစ္ဆာကို တွေ့လိုက်ရသည်။
“ခါးကုန်းကြီးမုန့်လား…” ရှေးဟောင်း အင်ပါယာ၏ မျက်ခုံးနှစ်ခုက တစ်ခုနှင့်တစ်ခု ထိစပ်သွား၏။ ထိုအခိုက်တွင် လေဟာနယ် အက်ကွဲကြောင်းက ပိတ်သွား၏။ ထိုအခါ ရှေးဟောင်း အင်ပါယာက သတိဖြင့် နေလိုက်သည်။ ဤနေရာတွင် ကျင့်ကြံသူများဖြင့် ပြည့်နေပြီး အားလုံးက ရှေးဟောင်း နတ်ဘုရား၏နယ်မြေတွင် သေဆုံးသွားခဲ့ကြသည့်လူများ ဖြစ်သည်။
ထိုအချိန်တွင် အက်ကွဲကွဲ အသံတစ်ခုက အဝေးမှ ထွက်ပေါ် လာသည်။
“မိစ္ဆာနတ်ဘုရားရဲ့ သွေးပင်လယ်ကနေ ကြိုဆိုပါတယ်…”
***
ဝမ်လင်းက အလျင်မြန်ဆုံး အရှိန်ဖြင့် ပျံသန်းနေသည်။ မကြာမီ သူက လမ်းတစ်ဝက်ကို ကျော်လာသောအခါ ရှေးဟောင်း အင်ပါယာ၏ တည်နေရာက ပြောင်းလဲ သွားကြောင်းကို လေလွင့်ဝိညာဉ်များမှ တစ်ဆင့် သတိပြုမိလိုက်သည်။ ခါးကုန်းကြီးမုန့်က လေဟာနယ် အက်ကွဲကြောင်းကို ဖွင့်ပြီး ရှေးဟောင်း အင်ပါယာအား ပစ်ထည့် လိုက်သည် ကိုလည်း ဝမ်လင်း မြင်လိုက်ရ၏။ လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ အနီရောင် အလင်းများ ထွက်လာသည် ကိုလည်း လေလွင့် ဝိညာဉ်များမှ တစ်ဆင့် မြင်လိုက်ရသည်။
ဝမ်လင်းက ပျံသန်းနေရင်း စဉ်းစား လိုက်သည်။ ယခုအချိန်တွင် သူက ဤနေရာမှ ထွက်သွား နိုင်သည့် မန္တန်ကို ပိုင်ဆိုင် ထားသည်။ ရှေးဟောင်း အင်ပါယာက မန္တန်အမှန်ကို ပေးခဲ့လား သူ မသိပေ။ အန္တရာယ် ကင်းစေရန် သွမ့်မူကျိ၊ ဝမ်ချင်းယွဲနှင့် လိုအင်၆မျိုး နတ်ဆိုးသခင်ကို သွား၍ မေးရန် ယခင်က ကြံစည်ထား၏။
သို့သော်လည်း ခါးကုန်းကြီးမုန့်၏ အပြုအမူများကို မြင်ပြီးနောက် သူတို့ကို သွားရှာရန် အကြံအား လက်လျှော့ကာ သူ၏ခန္ဓာကိုယ် ရှိသည့်နေရာကို ဆက်လက် ပျံသန်း သွားလိုက်သည်။
အပြန်လမ်း တစ်လျှောက်တွင် သူက ခါးကုန်းကြီးမုန့်ကို မပြတ် ထောက်လှမ်း နေခဲ့ရာ ခါးကုန်းကြီးမုန့်က သူ့နောက်သို့ မလိုက်ဘဲ သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့ ရှိသည့်နေရာသို့ ထွက်သွားကြောင်း သိလိုက်ရသည်။ ဝမ်လင်းက ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာသည့် အချိန်တွင် ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးက ဝမ်လင်း ပြန်ရောက် လာသည်ကို သတိပြုမိပြီး ကျောက်တုံးထဲမှ ပျံသန်း၍ ထွက်လာသည်။
ဝမ်လင်းက သူ၏နတ်ဘုရား စိတ်အာရုံကို သုံးပြီး ခန္ဓာကိုယ်ထဲသို့ ပြန်ဝင် လိုက်သည်။ မကြာမီ သူ၏မျက်လုံးက ဖွင့်လိုက်သည်။ သွားလိုက်သည့် ခရီးတွင် သူ၏ဝိညာဉ်က လွန်စွာ တိုးတက် လာခဲ့သည်။
သူက ကျောက်တုံး၏ အပြင်ဘက်သို့ ထွက်လာသည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ထွက်ပေါက်ရှိသည့် အရပ်သို့ ဦးတည်၍ ပျံသန်းလိုက်၏။
ဝမ်လင်း၏ အမူအရာက သုန်မှုန်နေသည်။ ခါးကုန်းကြီးမုန့်၏ ပေါ်ထွက်လာမှုက သူ၏ အစီအစဉ်ကို ပျက်စီးစေပြီး သူ့ကိုပင် ကြောက်လန့် စေသည်။ ပို၍ အရေးကြီးသည့် အချက်ကား လေလွင့်ဝိညာဉ်များ၏ တိုက်ခိုက်မှုက ခါးကုန်းကြီးမုန့်၏ ကိုယ်ပေါ်ကို မသက်ရောက်ခြင်း ဖြစ်သည်။
ထိုအကြောင်း ပြချက်ကြောင့် ဝမ်လင်းက တတိယ စမ်းသပ်မှုအတွင်းမှ အလျင်မြန်ဆုံး ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ၏ကျင့်စဉ် အဆင့်နှင့်ဆိုလျှင် တခြားသူများကို မယှဉ်နိုင်မှန်း သူ့ကိုယ်သူ သိ၏။ ဤနေရာရှိ လေလွင့်ဝိညာဉ်များ ကြောင့်သာ မဟုတ်လျှင် သူက တခြားသူများနှင့် စကားပြောရန်ပင် အဆင့်မမီချေ။
ယခုတော့ ခါးကုန်းကြီးမုန့်ကို လေလွင့်ဝိညာဉ်များက မတိုက်ခိုက် နိုင်သောအခါ ဝမ်လင်းက သူ၏ အားသာချက်ကို ဆုံးရှုံးလိုက်ရသည်။ သူကသာ ခါးကုန်းကြီးမုန့်နှင့် တွေ့လျှင် သူ့အတွက် လမ်းက သေလမ်း တစ်လမ်းသာ ရှိ၏။
ဝမ်လင်းက သူ့အဆင့်ကို သူသိ၏။ ပထမအဆင့်မှာ ကတည်းက ခါးကုန်းကြီးမုန့်သာ သားရဲများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို မခံရလျှင် သူက ရှေ့သို့ဆက်ရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူက အစကတည်းက ကံကောင်းခဲ့ပြီး ပြင်ပ အကူအညီများ ရခဲ့သည်။ ယခုတော့ ပြင်ပ အကူအညီ ရှိလျှင်တောင်မှ သူ့အတွက် အခွင့်အရေး မရှိတော့ချေ။ ထို့ကြောင့် သူ့အနေဖြင့် ဤစမ်းသပ်မှုမှ ချက်ချင်း ထွက်သွားရန်သာ ရွေးချယ် ရတော့သည်။
ဝမ်လင်းက အရူးတစ်ယောက် မဟုတ်ပေ။ အခြေအနေက အလွန် အရေးကြီး နေသောကြောင့် ဆုံးဖြတ်ချက် ချပြီးသည်နှင့် တတိယ စမ်းသပ်မှု၏ ထွက်ပေါက်ဆီသို့ အမြန်ဆုံးနှုန်းဖြင့် သွားနေခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်တွင် လေလွင့် ဝိညာဉ်များကို တွေ့သော်လည်း မည်သည့် လေလွင့်ဝိညာဉ်ကိုမှ ဝါးမျိုခြင်း မပြုဘဲ ရှေ့သို့သာ အလျင်အမြန် ပျံသန်း နေလေသည်။
ဝမ်လင်းက သူ၏ခန္ဓာကိုယ်ကို စွန့်ခွာပြီး ဝိညာဉ်ဖြင့် သွားလျှင် အလွန်တရာ မြန်ဆန်သည်ကို သိသဖြင့် အစောပိုင်းက ခန္ဓာကိုယ်ကို ထားခဲ့ကာ အကျိုးအမြတ်များကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။
သူက ပျံသန်းနေရင်း ရုတ်တရက် ရပ်တန့်ကာ သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့ရှိသည့် အရပ်သို့ ခေါင်းကို လှည့်ကြည့် လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို လေလွင့်ဝိညာဉ်များမှ တစ်ဆင့် မြင်လိုက်ရကဲ့သို့ သူ၏မျက်နှာ အမူအရာက မည်းမှောင် သွား၏။
သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့သည် ခါးကုန်းကြီးမုန့်၏ တိုက်ခိုက်မှုကို ကြာကြာ တောင့်မခံနိုင်လိုက်ပေ။ ခါးကုန်းကြီးမုန့်က လေဟာနယ်ကို ဆုတ်ဖြဲလိုက်ရာ လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ ကြီးမားသော မိစ္ဆာလက်တစ်ဖက် ထွက်လာပြီး သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့ကို ဆွဲခေါ်သွား၏။ သူတို့ နှစ်ယောက်လုံးသည် အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိကြချေ။
ထိုမိစ္ဆာ၏ ဦးခေါင်းတွင် ဦးချိုများဖြင့် ပြည့်နေပြီး မိစ္ဆာအော်ရာ တစ်မျိုးကလည်း ထွက်နေလေသည်။
ဝမ်လင်းက ချက်ချင်းပင် ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးကို ပြန်သိမ်းလိုက်ပြီး စိတ်ဝိညာဉ် အရည်ကို ထုတ်ကာ များများ သောက်လိုက်ပြီး သူ၏ စိတ်စွမ်းအင်များ အားလုံးကို ပျံသန်းသည့် နေရာတွင် အသုံးပြုလိုက်သည်။
ခါးကုန်းကြီးမုန့်နှင့် တူသော မိစ္ဆာသည် အလွန်မြန်သည့် အမြန်နှုန်းကို ပိုင်ဆိုင်ထားကြောင်း အစောကြီး ကတည်းက ဝမ်လင်း သိထား၏။
ဝမ်လင်းသည် တစ်နေ့လုံး ပျံသန်းနေပြီး တစ်ခုခုကို တွက်ချက် နေဟန်ဖြင့် မျက်နှာက သုန်မှုန်နေသည်။ ယခုလက်ရှိ အမြန်နှုန်း အတိုင်းသာ သူတို့၂ယောက်လုံးက ပျံသန်းနေကြမည် ဆိုလျှင် သူက တတိယ စမ်းသပ်မှု၏ ထွက်ပေါက်ဝဲကတော့ ဆီသို့ သူက အရင် ရောက်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခု ခါးကုန်းကြီးမုန့်နှင့် တူသော မိစ္ဆာက ဝမ်လင်းမသိသော ထူးဆန်းသည့် နည်းစနစ်တစ်ခုကို အသုံးပြုလိုက်၏။ ထိုမိစ္ဆာ၏ ခန္ဓာကိုယ်တွင် သွေးနီရောင် အလင်းတစ်ခုက ဖုံးအုပ်ထားပြီး သူ၏ အမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်သွား၏။ သူတို့ နှစ်ယောက်၏ ကြားထဲမှ အကွာအဝေးသည့် တဖြည်းဖြည်း ပို၍ နီးကပ်လာသည်။ ထိုမိစ္ဆာ၏ အမြန်နှုန်းက လျော့ကျလာခြင်း မရှိဘဲ ပို၍ပင် တဖြည်းဖြည်း တိုးလာသည်။
ဝမ်လင်း၏ စိတ်ထဲတွင် မွန်းကျပ်လာသည်။ ဤအတိုင်းသာ ဆက်သွားပါကာ အမွှေးတိုင်း တစ်တိုင်စာ အချိန် မပြည့်မီ အတွင်း မိစ္ဆာက သူ့အား မီသွားလိမ့်မည် ဖြစ်သည်။
ထွက်ပေါက်ကို ရောက်ရန် သူက အမွှေးတိုင် နှစ်တိုင်စာခန့် အချိန်က လိုနေသေး၏။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး လေလွင့်ဝိညာဉ်များကို အသုံးကာ နေရာတစ်ခုလုံးကို စစ်ဆေးကြည့် လိုက်သည်။ ထို့နောက် သူ၏မျက်လုံးက အရပ်မျက်နှာ တစ်ခုဆီသို့ ရောက်သွား၏။
သူက အနည်းငယ် တုံ့သွားပြီးနောက် ချက်ချင်း ဦးတည်ဘက် ပြောင်းကာ ပျံသန်း သွားလိုက်သည်။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် စိတ်ထဲတွင် မချင့်မရဲ ဖြစ်နေသည်။ တတိယ စမ်းသပ်မှုထဲတွင် သူက နတ်ဘုရား စိတ်အာရုံကို မဖြန့်ရဲသဖြင့် သူက ထွက်ပေါက်ကို တော်တော်နှင့် မတွေ့ခဲ့ပေ။ သူ၏ လေ့လာ ဆန်းစစ်မှုအရာ ထွက်ပေါက်သည် အနောက်မြောက် အရပ်တွင် ရှိ၏။
လွန်ခဲ့သည့်၂နှစ်က သူသည် ထွက်ပေါ်ကို တွေ့ခဲ့သော်လည်း ထွက်ပေါက်တွင် ရှိနေသည့် လေလွင့်ဝိညာဉ်များက သူ ကိုင်တွယ်နိုင်သည့် အရေအတွက်ထက် အလွန် များပြားနေသည်။ ထို့ကြောင့် သူက လေလွင့်ဝိညာဉ်များကို နည်းနည်းချင်းစီ အဝေးသို့ ထွက်သွားရန် ဆွဲဆောင်ပြီး ရှေ့သို့ ဖြည်းဖြည်းချင်း ခရီးဆက်နေသည်။
သူ၏ ရှေ့သို့ ခရီးဆက် နေသည့်နှုန်းက အလွန် နှေးသော်လည်း အချိန်တစ်ခု ကြာသွားလျှင်တော့ ထွက်ပေါက်သို့ ရောက်လိမ့်မည် ဖြစ်သည်။
ယခု သူက လေလွင့်ဝိညာဉ် အရေအတွက် တော်တော်များများကို ဆွဲဆောင်ပြီး လူငယ်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ တိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်တွင် သူ၏အမူအရာက ပြောင်းလဲသွား၏။ သူက နတ်ဘုရား စိတ်အာရုံကို ဝေးဝေးသို့ မဖြန့်ရဲသော်လည်း ပေ၁၀၀၀အတွင်းမှ အရာအားလုံးကိုတော့ သူ သိနေသည်။
လိုအင်၆မျိုး နတ်ဆိုးသခင်က သူ့ဆီသော လူငယ်တစ်ယောက် လာနေသည်ကို သတိပြုမိ လိုက်သည်။ သူက ထိုလူကို မြင်လိုက်ရသောအခါ မှင်တက်သွားပြီး အော်ပြောလိုက်သည်… “မင်းက မင်းကိုယ်မင်း ငါ့ဆီကို ရောက်အောင် ပို့လိုက်တာပဲ…”
ဝမ်လင်းက လိုအင်၆မျိုး နတ်ဆိုးသခင်အား အေးစက်စွာ ကြည့်ပြီး အရှိန်ကို လျှော့ချသင့်သည့်အစား အရှိန်ကို တင်လိုက်သည်။ ချက်ချင်း ဝမ်လင်း၏ ဘေးပတ်လည်တွင် လေလွင့်ဝိညာဉ်များက သက်တော်စောင့်များ ကဲ့သို့ ပေါ်လာသည်။
လိုအင်၆မျိုး နတ်ဆိုးသခင်က လှုပ်ရှားရန် ပြင်လိုက်သည့် အချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်ကာ မျက်မှောင်ကြုတ်ပြီး လေလွင့်ဝိညာဉ်များကို စိုက်ကြည့် လိုက်သည်။ စိတ်ထဲတွင်လည်း အနည်းငယ် တုန်လှုပ်သွား၏။ ထိုထူးဆန်းသော သားရဲများက သူ့ကိုတော့ တိုက်ခိုက်ကြပြီး ဝမ်လင်းကိုတော့ တိုက်ခိုက်ခြင်း မပြုကြဘဲ ကာကွယ် ပေးနေကြသည်။ ထိုအဖြစ်က သူ့အား အလွန် အံ့အားသင့်စေသည်။
ထို့ကြောင့် သူက အလျင်စလို မလှုပ်ရှားရဲတော့ဘဲ ဝမ်လင်းကိုသာ စိုက်ကြည့် လိုက်သည်။ ဝမ်လင်းက လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ပေ၁၀၀၀ အကွာတွင် ရပ်လိုက်သည်။ သူက လေလွင့်ဝိညာဉ်များကို ထုတ်ဖော် လိုက်ရခြင်းမှာ လိုအင်၆မျိုး နတ်ဆိုးသခင်အား အလျင်စလို မပြုလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
ဝမ်လင်း၏ သတိပေးခြင်းက အောင်မြင်သွားပြီး လိုအင်၆မျိုး နတ်ဆိုးသခင်က အလျင်စလို တိုက်ခိုက်ခြင်း မပြုတော့ချေ။ ထိုအခါမှ ဝမ်လင်းလည်း စိတ်သက်သာရာ ရသွား၏။ လေလွင့်ဝိညာဉ်များနှင့် ဆိုလျှင် သူက လိုအင်၆မျိုး နတ်ဆိုးသခင်ကို မကြောက်သော်လည်း လိုအင်၆မျိုး နတ်ဆိုးသခင်ထံတွင် ထူးဆန်းသော မှော်ရတနာလူငယ် ရှိနေသည်။ သူတို့ နှစ်ယောက်သာ တိုက်ခိုက်ကြလျှင် ခါးကုန်းမုန့်နှင့်တူသော မိစ္ဆာက ချက်ချင်း မီသွားလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက လိုအင်၆မျိုး နတ်ဆိုးသခင်ကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်မူ သူက အချိန်ကို တွက်နေလေသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်က မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။ လေလွင့် ဝိညာဉ်များကို ထိန်းချုပ်နိုင်သည့် ဝမ်လင်း၏ စွမ်းရည်မျိုး သူ့ထံတွင် မရှိပေ။ ထို့ကြောင့် မိစ္ဆာက သူတို့ရှိသည့် အရပ်ကို လာနေမှန်း သူ မသိချေ။ သူက ဝမ်လင်း၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်လိုက်သောအခါ သံသယတချို့ ဝင်လာပြီး အေးစက်စွာ ပြုံးလိုက်သည်။
ဝမ်လင်း၏ အနားတွင်သာ လေလွင့်ဝိညာဉ်များ အများအပြား ရှိမနေပါက ဝမ်လင်းကို အစောကြီး ကတည်းက တိုက်ခိုက်ပြီး ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းထံတွင် လေလွင့်ဝိညာဉ်များက အများအပြား ရှိနေသည်။ ထို့ကြောင့် သူက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“ငါ မင်းကို ဒီတစ်ကြိမ်တော့ သွားခွင့်ပေးလိုက်မယ်… အခု ချက်ချင်း ထွက်သွားတော့…”
ဝမ်လင်းက အသက်ရှူနှုန်းကို ရေတွက်လိုက်ပြီး ထူးဆန်းသည့် အပြုံးကို ပြုံးကာ ရေရွတ်လိုက်သည်… “အခု အချိန်ရောက်ပြီ…”
ထို့နောက် သူက လိုအင်၆မျိုး နတ်ဆိုးသခင်ကို ကြည့်ပြီး ပြောလိုက်သည်… “ကျေးဇူးတင်ပါတယ်…”
သူက ပြောပြီးသည်နှင့် အနောက်မြောက် အရပ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားပြီး လေလွင့်ဝိညာဉ်အုပ် ထဲသို့ တိုးဝင်သွား၏။
လိုအင်၆မျိုး နတ်ဆိုးသခင်က မျက်မှောင်ကြုတ် သွားသော်လည်း တစ်စုံတစ်ခုကို သတိထားမိပြီး သူ့မျက်နှာက ဖြူရော် သွား၏။ သူ့ဆီသို့ အလွန်တရာ မြန်သည့်နှုန်းဖြင့် လာနေသည့် သွေးရောင် အရာတစ်ခုကို မြင်လိုက်ရသည်။ မြင်လိုက်သည့် အချိန်တွင် ထိုအရာက သူနှင့် ပေ၁၀၀၀ခန့်သာ ဝေးတော့၏။ ထို့နောက် ခါးကုန်းကြီးမုန့်၏ မိစ္ဆာဆန်သော မျက်နှာကို မြင်လိုက်ရသည်။
“မင်း… မင်းက ခါးကုန်းကြီးမုန့်လား… မင်းက ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို စားလိုက်ပြီလား…”
ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားသည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း လိုအင်၆မျိုး နတ်ဆိုးသခင်က သတိပြုမိလိုက်၏။
အချိန်တိုအတွင်း ထိုအဆင့်ကို ရောက်ရှိရန် ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို သောက်သုံးမှသာ ရောက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း လိုအင်၆မျိုး နတ်ဆိုးသခင်က လူငယ်၏ရှေ့သို့ ချက်ချင်း ရွေ့သွားလိုက်ပြီး လူငယ်ကို ရေပြင်ညီ လှည့်လိုက်သည်။ ထို့နောက် သူက ခါးကုန်းကြီးမုန့်ကို စိုက်ကြည့်ပြီး မေးလိုက်သည်… “မင်းက ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို စားထားတာ မဟုတ်ရင် ဘာဆေးလုံးကို စားလိုက်လို့ ဒီလိုပုံ ပြောင်းသွား ရတာလဲ…”
ခါးကုန်းကြီးမုန့်သည် သူ၏ကြီးမားသော မျက်လုံး၂လုံးဖြင့် လိုအင်၆မျိုး နတ်ဆိုးသခင်အား ကြည့်လိုက်သည်။ သူ့ရှေ့မှ လူကို အလွန် ရင်းနှီးနေသည်ဟု ခံစားမိသည်။ ထိုကဲ့သို့ ခံစားမှုက ရှေးဟောင်း အင်ပါယာ၊ သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့ကို မြင်တုန်းကလည်း ခံစားရ၏။ သို့သော်လည်း ဘယ်လို ကြိုးစားကြိုးစား ဘာကိုမှ မမှတ်မိပေ။
သူက ထိုအကြောင်းကို မတွေးတော့ဘဲ အေးစက်သော အပြုံးတစ်ခု ပြုံးပြီး ပြန်ပြောလိုက်သည်… “ငါ့နာမည်က ခါးကုန်းကြီးမုန့် မဟုတ်ဘူး… မိစ္ဆာနတ်ဘုရားထူစီ…”
သူက ထိုစကားကို ပြောနေသည့် အချိန်မှာပင် လက်ကို လေဟာနယ်ထဲသို့ လက်ဖြင့် ယမ်းလိုက်ပြီး ကြီးမားသော လေဟာနယ် အက်ကွဲကြောင်းကို ဖန်တီးလိုက်သည်။ လေဟာနယ် အက်ကွဲကြောင်း ပေါ်လာသည်နှင့် အနီရောင် အလင်းလှိုင်းများ ထွက်လာသည်။ မကြာမီ လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ ၁၀ခန့် ရှည်သည့် နီရဲနေသော ပုံရိပ်တစ်ခု ထွက်လာ၏။
“ဒီလူကို မင်းဆီ လွှဲပေးလိုက်ပြီ… ငါက နောက်တစ်ယောက်ရဲ့ နောက်ကို လိုက်သွား လိုက်မယ်…”
ခါးကုန်းကြီးမုန့်က ပြောပြီးသည်နှင့် ဝမ်လင်း၏နောက်သို့ ဆက်လက် ပျံသန်းသွား၏။
လိုအင်၆မျိုး နတ်ဆိုးသခင်က သူ့ရှေ့ရှိ လူကို ကြည့်ပြီး ရေရွတ် လိုက်သည်… “ဆရာ…”
***