Switch Mode

အပိုင်း (၂၀၁)

တတိယ စမ်းသပ်မှုသည် နိဗားနားအစစ် မဟုတ်ပေ။ သို့သော်လည်း လေဟာနယ် အက်ကွဲကြောင်းတစ်ခု အတွင်း၌ ဖြစ်သည်။ လေဟာနယ် အက်ကွဲကြောင်းထဲရှိ နေရာကတော့ အလွန် ကျယ်လွန်းလှသည်။

ဝမ်လင်းက တတိယ စမ်းသပ်မှု အတွင်း၌ တဖြည်းဖြည်း ခရီးဆက်နေသည်။ သူက လမ်းတစ်လျှောက် ဘာမှမရှိသည့် လေဟာနယ် အတွင်းသို့ လက်ဖြင့် ခဏခဏ လှမ်းဆွဲနေသည်။ လက်ဖြင့် တစ်ခါ လှမ်းဆွဲလိုက်တိုင်း လေလွင့်ဝိညာဉ် တစ်ကောင်က သူ့ပါးစပ် အတွင်းသို့ ရောက်သွား၏။

ဝမ်လင်းသည် လေလွင့်ဝိညာဉ်များကို စားသောက်ရင်း အရသာကို ခံစားကာ ပြင်ပ တိုက်ပွဲမြေပြင်မှ ထွက်လာသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း သတိရသွား၏။

သို့သော်လည်း ပြင်ပတိုက်ပွဲ မြေပြင်မှ အဖြစ်အပျက်များသည် သူ့အတွက် မနေ့ကလိုပင် ရှိနေဆဲ ဖြစ်သည်။

ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးသည် ဝမ်လင်း၏နောက်မှ လိုက်ရင်း တစ်ချိန်လုံး သတိထား နေကြသည်။ သူတို့က အသက်ကိုပင် ပြင်းပြင်း မရှူရဲကြချေ။

ယခင်က ဝမ်လင်း၏ ကြီးမားလှသော ဧရာမဝိညာဉ်ကြီး (နတ်ဘုရား စိတ်အာရုံ) သည် ဂျိနယ်ပယ်ဝိညာဉ် အမျှင်တန်းလေး အဖြစ် သိပ်သည်းခြင်း ခံလိုက်ရသော်လည်း ဝိညာဉ်များကို ဝါးမျိုစားသောက်သည့် ဝိညာဉ်စားသုံးသူ၏စွမ်းရည်များက သူနှင့်အတူ ပါလာဆဲဖြစ်သည်။ ထို့ကြောင့် သူက ဝိညာဉ်များ၏ သခင်ဟု ဆိုနိုင်သည်။

ဝမ်လင်းက ရှေ့သို့ ခရီးဆက်နေရင်း နတ်ဘုရား စိတ်အာရုံဖြင့် အရပ်မျက်နှာ အသီးသီးအား စစ်ဆေးနေလျက် ရှိသည်။ ဤနေရာသည် နိဗားနားကဲ့သို့ နေရာတစ်ခု ဖြစ်ပြီး လေလွင့် ဝိညာဉ်များလည်း ရှိ၏။ ထို့ကြောင့် ဝိညာဉ် စားသုံးသူများလည်း ရှိနိုင်သည်။

ဝိညာဉ် စားသုံးသူများက အချင်းချင်း ဝါးမျို စားသောက်ကြသလား ဆိုတော့ ဝမ်လင်း အနေဖြင့် မသေချာပေ။ ပြင်ပ တိုက်ပွဲမြေပြင်ထဲတုန်း ကတော့ ဝိညာဉ် စားသုံးသူများသည် အချင်းချင်း မတိုက်ခိုက်ကြပေ။

အချိန် တော်တော် ကြာအောင် ပျံသန်းပြီးနောက်တွင် ဝမ်လင်းသည် ဝိညာဉ် အများအပြားကို စားသောက်ပြီး ဖြစ်သော်လည်း ဝိညာဉ်စားသုံးသူများ ကိုတော့ တစ်ကောင်မှ မတွေ့သေးချေ။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်လိုက်ရာ အနီးရှိ မျောနေသော ကျောက်တုံးများက သူ့ဆီသို့ ရွေ့လျား လာကြသည်။

မကြာမီ ကျောက်တုံးများ တစ်ခုနှင့် တစ်ခု တိုက်မိကာ ကြီးမားသော ကျောက်တောင် တစ်ခု ဖြစ်သွား၏။ ထိုအခါ ဝမ်လင်းက ကျောက်တောင်ပေါ်သို့ ခုန်တက်ပြီး ညာလက်ကို ယမ်းလိုက်ရာ မီးတောက်ပြာက သူ့လက်ထဲမှ ထွက်လာသည်။

ဝမ်လင်းက ညာလက်ကို ကျောက်တောင်ပေါ်သို့ ဖိလိုက်ရာ မီးတောက်ပြာက ကျောက်တောင်နှင့် ပေါင်းစပ်သွား၏။ ကျောက်တောင်ကြီးသည် အစက ကျောက်များကြားတွင် ပပ်ကြားအက်များ၊ အဟများ ရှိနေသော်လည်း မီးတောက်ပြာနှင့်‌ ပေါင်းစပ်ပြီးနောက်တွင် ထိုအကြား၊ အဟများ အားလုံးသည် ရေခဲများနှင့် ပိတ်ဆို့ခံလိုက်ရကာ ကျောက်တောင် တစ်ခုလုံး ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားလေသည်။

ထို့နောက် ဝမ်လင်းက ညာလက်ကို ကျောက်တောင်မှ ပြန်ခွာပြီး မီးတောက်ပြာ ကိုလည်း ပြန်စုပ် ယူလိုက်သည်။ သူက လေကို ပြင်းပြင်း ရှူသွင်းပြီး နတ်ဘုရား စိတ်အာရုံ မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက် ဆက်တိုက် လုပ်ကာ ညာလက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ပုံရိပ်ယောင် စက်ဝိုင်း တစ်ခုက ပေါ်လာပြီး ကျောက်တောင်ဆီသို့ ပြေးဝင်သွား၏။

ပုံရိပ်ယောင် စက်ဝိုင်းက ကျောက်တောင်ပေါ်သို့ ကျသွားသည်နှင့်‌ ကျောက်တောင် တစ်ခုလုံးက အရောင် တဖျက်ဖျက် လက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထိုအခါ ဝမ်လင်းက နောက်တစ်ကြိမ် လေကို ပြင်းပြင်း ရှူလိုက်ပြီး ပုံရိပ်ယောင် စက်ဝိုင်းတစ်ခုကို ဖန်တီးကာ ကျောက်တောင်ထဲသို့ ပေါင်းစပ် လိုက်သည်။

မကြာမီ ကျောက်တောင်ကြီးက တားမြစ်ချက် တောင်အသေးစား ကဲ့သို့ ဖြစ်သွား၏။

ထို့နောက် ဝမ်လင်းက ကျောက်တောင်ပေါ်သို့ ခြေလှမ်းပြီး တောင်၏ အလယ်ဆီသို့ တိုးဝင် သွားလိုက်သည်။ အလယ်သို့ ရောက်သောအခါ သူက ပုံရိပ်ယောင် စက်ဝိုင်းတစ်ခုကို ဖန်တီးပြီး ကျောက်နံရံပေါ်သို့ ဖိလိုက်၏။

ထိုအခါ ကျောက်တောင် တစ်ခုလုံး လှုပ်ခါသွားပြီး တဖြည်းဖြည်း ကျုံ့ဝင်သွား၏။ နောက်ဆုံးတွင် ကျောက်တောင်ကြီးက ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသည့် ကျောက်တုံးများနှင့် ရွယ်တူ ဖြစ်သွားကာ ဟင်းလင်းပြင်ထဲတွင် လွင့်မျောသွား၏။

ထို့နောက် ဝမ်လင်းက ခန္ဓာကိုယ်ကို တောင်ထဲတွင် ထားခဲ့ပြီး သူ၏ဝိညာဉ် အစိတ်အပိုင်း သေးသေးလေး တစ်ခုက အပြင် ထွက်လာသည်။ ကျန်သည့် ဝိညာဉ် အစိတ်ပိုင်းကတော့ ခန္ဓာကိုယ်နှင့်အတူ ကျန်ရစ်ခဲ့၏။ ထွက်လာသော ဝိညာဉ် အစိတ်အပိုင်းလေးသည် ချက်ချင်း ပုံရိပ်ယောင် ခန္ဓာကိုယ် တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

ပုံရိပ်ယောင် ခန္ဓာကိုယ်မှ ဝမ်လင်းက သူ၏နတ်ဘုရား စိတ်အာရုံဖြင့် အရပ်မျက်နှာ အားလုံးကို ဖြန့်ကြက်လိုက်သည်။ ဝမ်လင်း၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံက အရပ်မျက်နှာ အသီးသီးကို ဖြတ်သွားသောအခါ အနီးအနားရှိ လေလွင့်ဝိညာဉ်များ အားလုံးသည် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို အာရုံခံမိပြီး ကြောက်လန့် ကုန်ကြ၏။

မကြာမီ အနီးအနားရှိ လေလွင့် ဝိညာဉ်များသည် အမိန့်တစ်ခုကို လက်ခံ ရရှိကြသည်။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ပို၍ ဖြန့်ကြက် လိုက်သောအခါ နောက်ထပ် လေလွင့်ဝိညာဉ် များသည် ဝမ်လင်းကို အာရုံခံမိပြီး မျက်နှာများက ဖြူရော် သွားကြကာ အရပ်မျက်နှာ အသီးသီးသို့ ထွက်သွားကြ၏။

ထို့နောက် ဝမ်လင်း၏ ကိုယ်ထဲတွင် ကျန်ရှိနေသော ဝိညာဉ် အစိတ်အပိုင်းက ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး အပြင်ဘက်ရှိ ပုံရိပ်ယောင်ဖြင့် ပေါင်းစပ်ကာ ဝိညာဉ်စားသုံးသူ ပုံစံအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ဝမ်လင်းက ဟင်းလင်းပြင်ထဲသို့ လျင်မြန်စွာ ပျံသန်းသွား၏။ လမ်းတစ်လျှောက်ရှိ လေလွင့်ဝိညာဉ်များ အားလုံးသည် သူ့ကို မြင်သည်နှင့် လေးစားစွာဖြင့် နှုတ်ဆက်ကြသည်။

တဖြည်းဖြည်းနှင့် ဝမ်လင်းသည် အလွန် ကြီးမားသော ဝိညာဉ်တစ်ခုကို အာရုံခံမိ လိုက်သည်။ သို့သော်လည်း ထိုဝိညာဉ်သည် အိပ်ပျော်နေသော အခြေအနေတစ်ခုသို့ ရောက်နေလေသည်။

ထိုဝိညာဉ်က ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို လုံးဝ တုံ့ပြန်ခြင်း မရှိချေ။ ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး ထိုဝိညာဉ်ကို လျစ်လျူရှုလိုက်ကာ သူ၏နတ်ဘုရား စိတ်အာရုံကို ပိုမို ဖြန့်ကြက်ပြီး လေလွင့် ဝိညာဉ်များကို တစ်ကောင်ပြီး တစ်ကောင် လိုက်လံ စုစည်းလေသည်။

***

ထိုအချိန်တွင် သွမ့်မူကျိသည် တတိယ စမ်းသပ်မှု အတွင်းရှိ နေရာတစ်ခုမှ ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်နေသည်။ သူ့ဘေးတွင် အေးစက်သော အမူအရာနှင့် ဝမ်ချင်းယွဲ့ ရှိနေ၏။

သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့သည် ပထမ စမ်းသပ်မှုဖြစ်သည့် ရွှေရောင်နယ်မြေသို့ နှစ်ယောက် အတူတူ ရောက်သွား ခဲ့ကြသည်။ ပထမ စမ်းသပ်မှု အတွင်းတွင် ဝမ်ချင်းယွဲ့၏ ဒြပ်စင်၅မျိုး လွတ်မြောက်ခြင်း နည်းစနစ်ကြောင့် သူတို့က ပထမစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး ဒုတိယစမ်းသပ်မှု ဖြစ်သည့် တားမြစ်ချက် တောင်ဆီသို့ ရောက်သွားခဲ့ကြ၏။

တားမြစ်တောင်ကို သွမ့်မူကျိက ဖြတ်ကျော်နိုင်သည်ဟုဆိုလျှင် သူ့ကိုသိသည့်လူများက အလွန်အံ့ဩသွားကြမှာ အမှန်ပင်။

လွန်ခဲ့သည့်နှစ်၁၀၀၀က သွမ့်မူကျိသည် ရတနာစေတီမှ ရတနာ တစ်မျိုးကို ရရှိခဲ့သည်။ ထိုရတနာသည် အက်ရာတစ်ခု ပါနေသော ကျောက်စိမ်းပြားတစ်ခု ဖြစ်သည်။ သူ၏ အတွေ့အကြုံများအရ ထိုရတနာသည် တစ်ခါသာ သုံးခွင့်ရှိတော့မည် ဖြစ်သည်။

နောက်ပိုင်းတွင် သူက ကျောက်စိမ်းပြားကို လေ့လာရင်း ကျောက်စိမ်းပြား၏ စွမ်းရည်မှာ အတားအဆီးများကို ဖျက်ဆီးပေးခြင်း ဖြစ်သည်။

သူ၏ကျင့်ကြံခြင်း အဆင့်သည် တခြားသူများထက် နိမ့်နေသည့်ကို သူကိုယ်တိုင်လည်း သိ၏။ ထို့ကြောင့် သူက အရာအားလုံးကို သတိနှင့်သာ လှုပ်ရှားလေသည်။

ပထမ စမ်းသပ်မှုတွင် ဒြပ်စင်၅မျိုး လွတ်မြောက်ခြင်း နည်းစနစ် တတ်ကျွမ်းခြင်း မရှိလျှင် မအောင်မြင်နိုင်သည်ကို သိထားသည့် အတွက် သူက အချိန်တော်တော် ကြာအောင် စဉ်းစား တွေးတောပြီး နောက်တွင် ဒြပ်စင်၅မျိုး နည်းစနစ်အား သင်ယူရန်အတွက် လက်လျှော့ လိုက်သည်။

သူက ဒြပ်စင်၅မျိုး နည်းစနစ်ကို သင်ယူလျှင် အချိန်အများစုကို ထိုနည်းစနစ်တွင် အာရုံစိုက် ထားရပေတော့မည်။ သူက ဒြပ်စင်၅မျိုး လွတ်မြောက်ခြင်း နည်းစနစ်ကို အောင်မြင်ခဲ့လျှင် တောင်မှ ပထမစမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု တထစ်ချ ယုံကြည်၍ မရချေ။ ပထမ စမ်းသပ်မှုတွင် သားရဲများ၏ အန္တရာယ်လည်း ရှိသေး၏။

ထို့ကြောင့် သူက မိတ်ဆွေဖြစ်သူ ဝမ်ချင်းယွဲ့ကို သူနဲ့အတူသွားရန် သွားရှာခဲ့သည်။ ဝမ်ချင်းယွဲ့သည် ဒြပ်စင်၅မျိုး လွတ်မြောက်ခြင်း နည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူ ဖြစ်သည်။ သွမ့်မူကျိက သူ့အား ပထမ စမ်းသပ်မှုတွင် ဒြပ်စင်၅မျိုး နည်းစနည်းကို လိုအပ်သည်ဟု ပြောပြပြီး ရှေးဟောင်း နတ်ဘုရား၏ နယ်မြေအကြောင်းကို ပြောပြကာ ဆွဲဆောင်ခဲ့သည်။ ဝမ်ချင်းယွဲ့ကလည်း သွမ့်မူကျိပြောသည့် အတိုင်းသာ အမှန်ဖြစ်လျှင် သူ့အတွက် ခရီးက တန်သည်ဟု သတ်မှတ် နိုင်ပေသည်။

ဝမ်ချင်းယွဲ့ ယုံကြည်စေရန် အတွက်လည်း သွမ့်မူကျိက ကျောက်စိမ်းပြားကို ထုတ်ပြခဲ့သည်။ ကျောက်စိမ်းပြားကို မြင်ပြီးနောက်တွင် ဝမ်ချင်းယွဲ့က ထိုကျောက်စိမ်းပြားသည် ရှေးနှစ်ပေါင်း များစွာက လုပ်ထားသည့် ကျောက်စိမ်းပြားမှန်း သိသွားပြီး သူ့ရင်ထဲတွင် ဖြစ်နေသည့် သံသယများသည်လည်း ပျောက်ကွယ် သွားရ၏။

သို့သော်လည်း သူက အလွန် သတိထားသည့် အနေဖြင့် ချက်ချင်း လက်မခံခဲ့ပေ။ သူက ရှေးဟောင်း နတ်ဘုရား နယ်မြေပွင့်သည့် အချိန်မှသာ ဆုံးဖြတ်ချက် ချမည်ဟု ပြောခဲ့သည်။

သွမ့်မူကျိက ထိုသို့ ဖြစ်လာမည်မှန်း ကြိုတင်ခန့်မှန်း ထားသည့်အတွက် စိတ်ထဲ မထားပေ။ ဝမ်ချင်းယွဲ့ မလိုက်ခဲ့လျှင်လည်း သူက ရှေးဟောင်း နယ်မြေအတွင်းသို့ မလိုက်တော့ဘဲ ကျောက်စိမ်းပြားကို မှော်ရတနာပစ္စည်း တချို့အတွက် လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် လဲလှယ်လိုက်မှာ ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွင် ဝမ်ချင်းယွဲ့က လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့က ပထမစမ်းသပ်မှုကို ဖြတ်ကျော် ပြီးသောအခါ သူတို့က ဒုတိယ စမ်းသပ်မှုကိုလည်း ကျောက်စိမ်းပြား၏ အကူအညီဖြင့် အလွယ်တကူ ဖြတ်ကျော် နိုင်ခဲ့သည်။ သို့သော် မလွယ်ကူသည့် အရာကား တတိယ စမ်းသပ်မှုဖြစ်သည်။ တတိယ စမ်းသပ်မှုသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က သူတို့ကို အမွေအနှစ် ရတနာတစ်ခုအား အသုံးပြုစေ၍ ထွက်ပြေးစေခဲ့သည်။

တတိယ စမ်းသပ်မှုအတွင်းမှ ထူးခြားသော သားရဲများသည် တစ်ကောင်၊ နှစ်ကောင် ဖြစ်လျှင်တော့ သူလည်း မကြောက်ပေ။ ၉ကောင်၊ ၁၀ကောင် ဖြစ်လာလျှင်တော့ စိုးရိမ်စရာ မလိုသေးသော်လည်း အာရုံစိုက်ရတော့မည် ဖြစ်သည်။ အကောင်၁၀၀အထိ ဖြစ်လာလျှင်တောင်မှ သူ၏ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် အသက်ရှင် နိုင်သေး၏။ သို့သော်လည်း တစ်ထောင်ခန့် ဖြစ်သွားလျှင်တော့ သူက နတ်ဘုရား ဖြစ်နေလျှင် တောင်မှ ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။

ထိုသားရဲများသည် ထူးခြားပြီး မန္တန်တစ်ခုမှ သူတို့အပေါ်သို့ သက်ရောက်ခြင်း မရှိချေ။ အစစ်အမှန် မီးတောက်ကသာ သူတို့ကို ထွက်ပြေးအောင် လုပ်နိုင်၏။ သို့သော်လည်း သူတို့က အများကြီး ရှိနေလျှင် အစစ်အမှန် မီးတောက်သည်လည်း ဘာမှမတတ်နိုင်ပေ။ သားရဲများက တစ်ယောက်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားသည်နှင့် ထိုလူ၏ စိတ်စွမ်းအင်များ အားလုံးကို စုပ်ယူ ပစ်လိုက်ကြသည်။ ထိုသားရဲ အများကြီးကသာ သူတို့အပေါ်သို့ ကျသွားလျှင် သူကိုယ်တိုင်သည်လည်း ချက်ချင်း သေဆုံး သွားရမည် ဖြစ်သည်။

ထို့ကြောင့် ထိုသားရဲများရန်မှ ကာကွယ်ရန် မှော်ရတနာများကို ရှာဖွေခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ရတနာများက အလွန်ရှားပါး၏။ သူက ရတနာတချို့ကို ရလာခဲ့သော်လည်း တတိယ စမ်းသပ်မှု အတွင်း၌ အလုပ်ဖြစ်၊ မဖြစ် မသေချာပေ။

သူက နန်ဒူမြို့ကို ရောက်သောအခါ သေဆုံးခြင်း မန္တန်အသုံးပြုသည့် လူတစ်ယောက် အကြောင်းကို ကြားခဲ့ရသည်။ သေဆုံးခြင်း မန္တန်သည် ဝိညာဉ်ကို အဓိကထား တိုက်ခိုက်ကြောင်း ကိုလည်း သူက သိထား၏။ ထိုသတင်းကို ကြားသည့် အချိန်တွင် သူက အလွန် ပျော်ရွှင်သွားခဲ့၏။ ထိုလူ၏ သေဆုံးခြင်း မန္တန်ဖြင့်ဆိုလျှင် တတိယ စမ်းသပ်မှုကို အောင်မြင်ရန် အခွင့်အရေး ရှိသည်ကိုလည်း တွက်ဆ မိလိုက်သည်။

ထို့ကြောင့် သူက ဝမ်လင်းကို လိုက်ရှာခဲ့ရာ နောင်ဆုံးတွင် သူက ဝမ်လင်းကို အမိဖမ်းနိုင်ခဲ့၏။ ထို့အပြင် တတိယ စမ်းသပ်မှုအတွက် လိုအင်၆မျိုး နတ်ဆိုးသခင် ခေါ်ခဲ့သည့် ကောင်လေး အကြောင်းကို ကြားပြီးနောက် သွမ့်မူကျိသည် သူတို့သာ အတူပူးပေါင်း၍ လုပ်ဆောင်လျှင် အောင်မြင်နိုင်သည်ဟု ယုံကြည်ခဲ့သည်။

ရှေးဟောင်း နတ်ဘုရား၏ နယ်မြေသည် နယ်ပယ်လေးခု ရှိကြောင်းကို အမွေအနှစ် ရတနာမှ သိရှိခဲ့သည်။ ပထမဆုံးနယ်ပယ် ၃ခုသည် စမ်းသပ်မှုများဖြစ်ပြီး ၄ခုမြောက် နယ်ပယ်သည် ရှေ့ဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ရှိသည့် နေရာသို့ ပို့ပေးသည့် ရွှေ့ပြောင်းရေး အစီအရင် ရှိသည့်နေရာ ဖြစ်သည်။

ရွှေ့ပြောင်းရေး အစီအရင်သည် လူတိုင်းကို ပထမ စမ်းသပ်မှုနယ်ပယ် ၃ခုကို အောင်မြင်ခဲ့သည့် အချိန်အလိုက် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ဆီသို့ ပို့ပေးခြင်း ဖြစ်သည်။ အချိန်ကနည်းလေ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် နီးလေဖြစ်သည်။ အချိန်ပေါ် မူတည်၍ ရှေးဟောင်း နတ်ဘုရား၏ သွေးကြောများ ဆီသို့ပင် ချက်ချင်း ရောက်သွားနိုင်သည်။ ရှေးဟောင်း နတ်ဘုရား၏ သွေးကြောများထဲတွင် လင်းချီများ ရှိသည့်အပြင် ဆေး အကြွင်းအကျန် များလည်း ရှိကြောင်းကို အမွေအနှစ် ရတနာမှ သိရှိခဲ့ကြသည်။ ဝိညာဉ် အသွင်ပြောင်း ဆေးလုံးသည်လည်း ထိုဆေး အကြွင်းအကျန်များ ထဲတွင် ရှိ၏။

ရှေးဟောင်း နတ်ဘုရားအတွက် ထိုဆေးများသည် ဆေး အကြွင်းအကျန်များ ဖြစ်သော်လည်း သူတို့ အတွက်ကတော့ အဖိုးတန်ဆေးများ ဖြစ်ကြသည်။

ကံဆိုးစွာဖြင့် သူ၏အကြံက ဟင်းလင်းပြင် အတွင်းမှ ကြီးမားသော နဂါးကြောင့် ပျက်စီးခဲ့ရသည်။ အထူးသဖြင့် နဂါး၏ ပါးစပ်အတွင်းသို့ ဝင်သွားသော ဝမ်လင်း ဖြစ်သည်။ အနီရောင်နဂါးက ထွက်ပြီးနောက်တွင် အားလုံးသည် ကြောက်လန့် တကြားဖြင့် ထွက်ပြေး ခဲ့ကြရသဖြင့် လူစုများ ကွဲကုန်ကြသည်။ ထိုအဖြစ်ဆိုးကြီးကြောင့် သူက ဝမ်လင်းကို ရှာရန် လက်လျှော့လိုက်ပြီး ဝမ်ချင်းယွဲ့နှင့်အတူ ထွက်ပြေးခဲ့သည်။

နောက်ဆုံးတွင် သူတို့နှစ်ယောက်က ပထမစမ်းသပ်မှုနှင့် ဒုတိယစမ်းသပ်မှုကို အမြန်ဆုံး ဖြတ်ကျော်နိုင်ခဲ့ပြီး တတိယ စမ်းသပ်မှုကို ရောက်ခဲ့သည်။ သို့သော်လည်း တတိယ စမ်းသပ်မှု အတွင်းရောက်မှ သူ့တို့အတွက် ဒုက္ခရောက်ခြင်း ဖြစ်သည်။

ဝမ်လင်း၏ သေဆုံးခြင်း မန္တန်မရှိလျှင် သူတို့က နှစ်ပေါင်းများစွာ စုဆောင်း ထားခဲ့ကြသည့် ရတနာများဖြင့် သူတို့၏အသက်ကို ကာကွယ်နိုင်မည် ဖြစ်သော်လည်း လေးခုမြောက် နယ်ပယ်ကို ရောက်ရန်မှာ အလွန်ခက်ခဲသွား၏။

ထို့ကြောင့် သူတို့က တတိယ စမ်းသပ်မှု အတွင်းသို့ အရင်ဆုံး ဝင်လာခဲ့ကြသော်လည်း ယခုထိ မဖြတ်ကျော် နိုင်သေးခြင်း ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset