Switch Mode

အပိုင်း (၁၉၉)

ရှေးဟောင်း နတ်ဘုရား ထူစီ

အစေ့များသည် ရွှေနှင့်တူသော်လည်း ရွှေတော့ မဟုတ်ပေ။ သို့သော်လည်း ဝမ်လင်းက ရွှေရောင် အစေ့များကို ကောက်ယူပြီး စစ်ဆေးကြည့်ရာတွင် သူက နတ်ဘုရား စိတ်အာရုံဖြင့် အစေ့ကို စစ်ဆေး ကြည့်သောအခါ ပြင်းထန်သော အားတစ်ခုက သူ၏နတ်ဘုရား စိတ်အာရုံကို တားဆီး ထား၏။

ထိုခုခံအားသည် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို တားဆီးထားပြီး ဝမ်လင်းကို စစ်ဆေးခွင့် မပြုပေ။ ဝမ်လင်းက အစေ့ကို လက်ထဲတွင် ကိုင်ထားရင်း ညှစ်ကြည့်လိုက်ရာ မာကျောမည်ဟု ထင်ထားသော်လည်း အစေ့က သူ့လက်ထဲတွင် ပြားကပ် သွား၏။

သို့သော်လည်း ဝမ်လင်းက မည်သို့ပင် အားထည့်ပြီး ညှစ်ပါစေ အစေ့က ပြားရုံသာ ပြားပြီး တစ်စစီ ဖြစ်သွားခြင်း မရှိချေ။ ထိုအခိုက်တွင် ဝမ်လင်းက ရုတ်တရက် အကြံရသွားသည်။ သူက ရွှေရောင် အစေ့အားလုံးကို ယူပြီး အတူပေါင်း၍ ဖိလိုက်ရာ လက်ချောင်းထိပ် အရွယ် ရွှေရောင် အလုံးလေး ဖြစ်သွား၏။

သူက ခဏလောက် စဉ်းစားပြီး မညီမညာ ဖြစ်နေသည့် ရွှေရောင် အလုံးလေးကို စိုက်ကြည့် လိုက်သည်။ သူက ပိုပြီး စိုက်ကြည့်လေ ပထမ စမ်းသပ်မှု အတွင်းရှိ သားရဲဘုရင်ကြီး၏ နဖူးမှ အရိုးကို ပိုပြီး တွေးမိလာသည်။

ဝမ်လင်းသည် အရှက်မရှိ ရေရွတ်လိုက်သည်… “ဒီအရိုးက ရှေးဟောင်း နတ်ဘုရားရဲ့အရိုး ဖြစ်နိုင်မလား…”

သို့သော်လည်း မဖြစ်နိုင်ကြောင်း ကိုတော့ သူလည်း သိနေသည်။ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်သည် အလွန် ကြီးမားသည့်အတွက် သူ၏အရိုးကလည်း ကြီးမား နေပေလိမ့်မည်။ သူ၏ လက်ချောင်း အရိုးကတောင်မှ သားရဲဘုရင်ကြီး၏ ဦးခေါင်းမှ ဦးချိုခန့် ရှိနိုင်သည်။

ထိုအကြောင်းကို တွေးပြီးနောက် ဝမ်လင်းက ရွှေရောင် အလုံးလေးကို သိမ်းထားလိုက်သည်။ ထို့နောက် သူက မတ်တတ် ရပ်လိုက်ပြီး ရှေ့မှ အတားအဆီးများကို ကြည့်ကာ ရှေ့သို့ ခုန်ထွက် လိုက်သည်။

တောင်ထိပ်မှ မီတာ၃၀၀နှင့်၅၀၀ကြားရှိ အတားအဆီးများကို သူက စတင် လေ့လာလိုက်သည်။ ရှေးဟောင်း အင်ပါယာ ဖြတ်ကျော်သည့် အချိန်က သူသည် ကြည့်နေခဲ့သဖြင့် အတားအဆီးများက သူ့အတွက် လွယ်ကူနေသည်။ သို့သော်လည်း သတိတော့ မပြတ်ရဲပေ။

သို့သော် ပေ၃၀၀အကွာသို့ ရောက်သောအခါ ဝမ်လင်းသည် အရှိန်ကို လျှော့ပြီး ဂရုတစိုက်ဖြင့် ရှေ့ကို ဆက်သွား လိုက်သည်။ သူက အတားအဆီးများကို ထိမိသွားပြီး လျှပ်စီးများက သူ့အပေါ်သို့ ကျလာမည်ကို မလိုလားချေ။

ထို့ကြောင့် ဝမ်လင်းက အလျင်မလိုဘဲ တဖြည်းဖြည်း ခရီးဆက်နေခြင်း ဖြစ်သည်။ အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ၃နှစ်ဆိုသော ကာလတစ်ခုကို ကျော်ဖြတ်လာသည်။

တောင်ထိပ်မှ ပေ၃၀၀အတွင်းရှိ နေရာလေးတစ်ခုကို ဝမ်လင်းက အချိန်၃နှစ် ယူခဲ့ရလေသည်။ သူ၏ အတားအဆီး နည်းစနစ်များ ကလည်း ခုန်ပေါက်၍ တိုးတက် လာခဲ့သည်။

လွန်ခဲ့သည့် ၃နှစ်က လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ရှေးဟောင်း အင်ပါယာတို့ကြောင့် ဤနေရာရှိ အတားအဆီးများက အားနည်း သွားခဲ့ရသည်။ ယခုအချိန်တွင် သူက အတားအဆီး တစ်ခုကို ထိမိသွားလျှင် တောင်မှ အတားအဆီးသည် အသက်ဝင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ မဟုတ်လျှင် သူ၏ အစွမ်းလောက်ဖြင့် ဤနေရာထိ ရောက်မလာနိုင်ပေ။

အတားအဆီးများက အားနည်း သွားတာတောင်မှ သူက တောင်ထိပ်နှင့် ၅ပေသာ ကွာတော့သည့် အတွက် တိမ်များက စတင် မည်းမှောင်လာပြီး စုစည်းလာသည်။ လျှပ်စီးများကလည်း တိမ်များထဲတွင် စတင် ဖြစ်ပေါ်လာသည်။ သို့သော်လည်း ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဝဲကတော့ဆီသို့ လျှောက်သွား လိုက်သည်။

သူက အရှိန်ကို မလျှော့ဘဲ ရှေ့ကို တစ်လှမ်းချင်း ဆက်လျှောက် သွားနေသည်။ လွန်ခဲ့သည့် ၃နှစ်က သူသည် အတားအဆီးများကို စိတ်ပူနေမိ သေးသည်။

လွန်ခဲ့သည့်၃နှစ်က သူသည် သားရဲများကို ထုတ်ပြီး အရိုးကို ယူခိုင်းခဲ့သည်။ ထိုအချိန်က သားရဲများသည် ကောက်ပြီး ပြန်လာသည့် အချိန်တွင် လျှပ်စီးက တိုက်ခိုက်ခဲ့သည်။

ဝမ်လင်းက ထိုအကြောင်းကို တွေးပြီး သေသေချာချာ လေ့လာ ကြည့်သောအခါ အတားအဆီးများ၏ သော့ချက်သည် အမြန်နှုန်း ဖြစ်ကြောင်း နားလည် သွားခဲ့၏။

တစ်ယောက်က ပုံမှန်သွားနေရာမှ မြန်သွားလျှင်ပဲဖြစ်ဖြစ် သို့မဟုတ် နှေးသွားလျှင်ပဲဖြစ်ဖြစ် အတားအဆီးများက အသက်ဝင်လာပြီး ကောင်းကင်ပေါ်မှ အတားအဆီးများက တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ တောင်ထိပ်ဖြင့် နီးကပ်လာလေ အတားအဆီးများ၏ အာရုံခံနိုင်စွမ်းက ပို၍ ကောင်းမွန်လာလေ ဖြစ်သည်။

တောင်ခြေတွင် အရှိန်တင်၍ ပြေးလာလျှင် အတားအဆီးများက အသက်ဝင်လာမှာ မဟုတ်သော်လည်း တောင်ထိပ်မှာ ဆိုလျှင်တော့ အတားအဆီးများက အသက်ဝင် လာပေလိမ့်မည်။ တောင်ထိပ်နှင့် နီးလာလေ ကောင်းကင်ပေါ်ရှိ အတားအဆီးက ပိုပြီး အသက်ဝင်လာလေ ဖြစ်သည်။

ဝမ်လင်းက တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်နေပြီး သူက မည်သည့် တိုက်ခိုက်မှုကိုမှ မခံရဘဲ ဝဲကတော့ အတွင်းသို့ ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် ဝင်ရောက် သွား၏။

ဝမ်လင်းသည် ဒုတိယ စမ်းသပ်မှုကို ၁၃နှစ်ခန့် အချိန်ယူခဲ့ရသည်။ သို့သော်လည်း သူ၏ ရရှိခဲ့မှုနှင့်စာလျှင် အချိန်က စာမဖွဲ့လောက်ပေ။

၁၃နှစ်အတွင်း၌ သူက အတားအဆီးများကို တစ်ဆင့်ချင်း ရိုးရှင်းရာမှ ရှုပ်ထွေးရာသို့ သို့မဟုတ် လွယ်ကူရာမှ ခက်ခဲရာသို့ သင်ယူလေ့လာခဲ့ပြီး ယခု လက်ရှိ အဆင့်ထိ ရောက်လာခဲ့သည်။ သူ့တွင် နောက်ထပ် အချိန်များ ရှိသေးလျှင် ထပ်ပြီး သင်ယူနေဦးမှာ ဖြစ်သည်။

သူ၏အမြင်မှ ကြည့်လျှင် အတားအဆီးများသည် ဝင်လာသည့် လူများကို တားဆီးထားခြင်း မဟုတ်ဘဲ အတားအဆီး နည်းစနစ်များကို သင်ယူစေခြင်းပင် ဖြစ်သည်။

မဟုတ်လျှင် တောင်ထိပ်ရှိ အတားအဆီးများကိုသာ တောင်ခြေတွင် ချထားလိုက်ပါက မည်သူမှ တောင်ပေါ်သို့ တက်နိုင်လိမ့်မည် မဟုတ်တော့ပေ။

ဝမ်လင်းက ထိုအကြောင်းကို အမြဲ တွေးမိသော်လည်း သူ့တွင် မေးစရာ လူမရှိပေ။

သူက ဝဲကတော့ အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ခုခုက ပြောင်းလဲသွား၏။ ဝဲကတော့၏ အပြင်ဘက်ရှိ ခရမ်းရောင် လျှပ်စီးများသည် ခရမ်းရောင် လျှပ်စီးလုံးကြီး တစ်ခုအဖြစ်သို့ ဖွဲ့စည်း လိုက်ကြသည်။

ယခု ဖြစ်ပေါ်လာသည် ခရမ်းရောင် လျှပ်စီးလုံးသည် ကောင်းကင်ပေါ်ရှိ အတားအဆီးမှ ခရမ်းရောင် လျှပ်စီးလုံးများနှင့် ကွဲပြား၏။ ယခု ခရမ်းရောင် လျှပ်စီးလုံးသည် အရောင်လည်း ပိုရင့်သကဲ့သို့ စွမ်းအားလည်း ပိုပြင်း၏။ ထိုလျှပ်စီးလုံး ဖြစ်လာသည်နှင့် တောင်တစ်ခုလုံး လှုပ်ခါသွားသည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။

ထို့အပြင် တောင်ခြေမှ တောင်ပေါ်ထိ အတားအဆီးများ အားလုံးသည် အပေါ်သို့ မြင့်တက် လာကြ၏။ အလင်းမှုန်လေး တစ်ခုသည် အတားအဆီးတစ်ခု ဖြစ်ပြီး များပြားလှသော အလင်းမှုန်များက အပေါ်သို့ မြင့်တက် နေကြသည်။

အလင်းမှုန်များက အမြင့်တစ်ခုကို ရောက်သောအခါ တစ်ခုတည်းအဖြစ် စုစည်းလာကြပြီး ကြီးမားသော အလင်းလုံးတစ်ခု ဖြစ်လာစေသည်။ ထိုအလင်းလုံး၏ အရွယ်အစားသည် ခရမ်းရောင် လျှပ်စီးလုံး၏ အရွယ်အစားနှင့် တူညီနေသည်။

ထိုအခါ အလင်းမှုန်များ အားလုံးက ပျောက်ကွယ် သွားသဖြင့် တောင်တစ်ခုလုံးတွင် အတားအဆီးများ တစ်ခုမှ မရှိတော့ချေ။

ဝမ်လင်းသည် ဖြစ်ပျက်နေသည့် မြင်ကွင်းကို စိုက်ကြည့် နေလေသည်။ ခရမ်းရောင် လျှပ်စီးလုံး ထွက်ပေါ်လာသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်က ပြင်းထန်လှသော အားတစ်ခုဖြင့် ဖိခံလိုက်ရကာ ခြေတစ်လှမ်းပင် မရွေ့နိုင်တော့ချေ။

ခရမ်းရောင် လျှပ်စီးလုံးနှင့် အလင်းလုံးသည် တဖြည်းဖြည်း ရွေ့လျားလာပြီး တစ်ခုနှင့်တစ်ခု ထိသွားကာ လူ့ဘီလူးသဏ္ဌာန် ပုံရိပ်ယောင် တစ်ခုက အလုံးနှစ်လုံး၏ အပေါ်တွင် ပေါ်လာသည်။

ပုံရိပ်ယောင်က တဖြည်းဖြည်း ကြီးမားလာပြီး အလုံးနှစ်ခု၏ အထက်၂ပေခန့်တွင် ရှိနေသည်။ ထို့နောက် အလုံးနှစ်လုံးက အပေါ်သို့ မြှောက်တက်လာပြီး ပုံရိပ်ယောင်၏ မျက်လုံးနှစ်လုံး၏ နေရာတွင် ရပ်တန့်သွား၏။ အဝေးမှသာ တစ်ယောက်ယောက်က ကြည့်လိုက်လျှင် တောက်ပနေသော မျက်လုံးနှစ်လုံးနှင့် လူဘီလူးကြီးဟု ထင်ကြလိမ့်မည် ဖြစ်သည်။

လူ့ဘီလူကြီးက ပုံရိပ်ယောင် ဖြစ်နေသော်လည်း အသက်ရှင် နေသကဲ့သို့ ခံစားမှုကို ပေးစွမ်း၏။

“ကြိုဆိုပါတယ် … မင်းက အတားအဆီးတောင်ကို အရည်အချင်း ပြည့်မီပြီး ဖြတ်သန်း လာနိုင်တဲ့ ၄ယောက်မြောက် လူပဲ … ငါ့နာမည်က ထူစီပါ … ချမှတ်ခဲ့တဲ့ ရှေးဟောင်း စည်းမျဉ်းတွေအရ မင်းက အတားအဆီးတောင်ရဲ့ အတားအဆီးတွေကို ယှဉ်နိုင်မှသာ ငါ့ရဲ့အသိစိတ် ပင်လယ်ထဲကို ဝင်ပြီး ငါ့ရဲ့ ဗဟုသုတတွေနဲ့ မှတ်ဉာဏ်ကို ရလိမ့်မယ်… ပထမဆုံး မင်းက ဒီကျောက်စိမ်းပြားကို သုံးပြီး အတားအဆီး အလံတစ်ခု ပြုလုပ် ရလိမ့်မယ်….”

လူ့ဘီလူကြီး၏ စကားသံသည် ကမ္ဘာကြီး တစ်ခုလုံးကို လှုပ်ရှား သွားစေနိုင်သည့် အစွမ်းသတ္တိများ ရှိနေလေသည်။ ထိုစဉ်တွင် ကျောက်စိမ်းပြား တစ်ခုသည် ခရမ်းရောင် လျှပ်စီးမှ ဖြစ်ပေါ်လာပြီး ဝမ်လင်းဆီသို့ ပျံသန်း လာသည်။

ဝမ်လင်းက အထိတ်တလန့် ဖြစ်သွားပြီး လေကို ပြင်းပြင်း ရှူသွင်း လိုက်သည်။

ဤပုံရိပ်ယောင်သည် ရှေးဟောင်း နတ်ဘုရား၏ ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။

ရှေးဟောင်း နတ်ဘုရားသည် အလွန် အင်အားကြီး၏။ ကိုယ်ပွားကပင် ဝမ်လင်းကို မွန်းကျပ်ပြီး အသက်ရှူရခက်အောင် လုပ်နိုင်လေသည်။ ထိုမျှ အစွမ်းထက်သော ရှေးဟောင်း နတ်ဘုရား ထူစီကသာ သူဖြစ်လျှင်ဆိုပြီး ဝမ်လင်းက တွေးကြည့် လိုက်သေး၏။

ထိုအချိန်တွင် ကျောက်စိမ်းပြားက ဝမ်လင်း၏ရှေ့သို့ ရောက်လာသည်။ ဝမ်လင်းကလည်း ကျောက်စိမ်းပြားကို လက်ဖြင့် ယူလိုက်သည်။ သူက ကျောက်စိမ်းပြားကို ယူလိုက်သည်နှင့် ခရမ်းရောင် လျှပ်စီးများက ထွက်ပေါ်လာပြီး ကျောက်စိမ်းပြား အတွင်းသို့ ပြန်ဝင်သွား၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းစိတ်ထဲသို့ တစ်ခုခု ရောက်လာသည်ကို ခံစားမိလိုက်သည်။ ဝမ်လင်း၏ စိတ်ထဲသို့ ရောက်လာသော လျှပ်စီးသည် သူ့အား နာကျင်စေဖို့ မဟုတ်ဘဲ ပိုင်ရှင်အဖြစ် သတ်မှတ်သည့် နည်းစနစ်တစ်ခု ဖြစ်ကြောင်း ဝမ်လင်း သိနေသည်။

သူ့စိတ်ထဲတွင် အတားအဆီး အလံပေါ်မှ သတင်း အချက်အလက်များကို နားလည်လာပြီး ခဏလောက် စဉ်းစားကြည့်ကာ ခါးသီးစွာဖြင့် ရယ်မောလိုက်သည်။

ကျောက်စိမ်းပြားသည် အတားအဆီး အလံအကြောင်းကို အတိအကျ မရှင်းပြထားပေ။ ပြုလုပ်ရမည့်ပစ္စည်း သို့မဟုတ် နည်းစနစ် တစ်ခုမှ မပြောပြထားပေ။ ကြည့်ရသည်မှာ အတားအဆီး အလံကို မည်သည့်အရာနှင့်မဆို ပြုလုပ်၍ ရနိုင်လောက်သည်။

ကျောက်စိမ်းပြားထဲတွင် ပါဝင်ရမည့် စ္စည်းနှင့် ပတ်သက်၍ ပြောထားသည်မှာ မင်ကျောက်တုံး ပါရမည်ဟုသာ ဖြစ်သည်။

မင်ကျောက်တုံးနှင့် ပတ်သက်၍ အကြောင်းများကတော့ ဝမ်လင်း၏ ခေါင်းထဲသို့ ရောက်နေ၏။ မင်ကျောက်တုံးကို မည်သည့်ဂြိုဟ်ကမှ ထုတ်မပေးနိုင်ချေ။ မင်ကျောက်တုံးကို ကြယ်များ ကြားတွင်သာ ရှာတွေ့နိုင်သည်။

ရှေးဟောင်း နတ်ဘုရား၏ စကားအရ မင်ကျောက်တုံးကို ရရန်မှာ အလွန် လွယ်ကူ၏။ သူက ဟင်းလင်ပြင် အတွင်းသို့ သွားပြီး မင်ကျောက်တုံးများကို ရှာရန် ဖြစ်သည်။

ကျောက်စိမ်းပြားထဲတွင် အချက်အလက်များ ထဲတွင် ရှေးဟောင်း နတ်ဘုရား၏ အသိစိတ်ပင်လယ် ရှိသည့်နေရာကို ပြောပြထားသည့် မြေပုံတစ်ခုလည်း ပါ၏။ မြေပုံ၌ မင်ကျောက်တုံးများ ရှိသည့် နေရာကိုလည်း မှတ်သားထား၏။ ထိုနေရာကို ရောက်သွားသည့် မည်သူမဆို မင်ကျောက်တုံး တစ်တုံး ရနိုင်သည်။

မင်ကျောက်တုံး ရသည်နှင့် အတားအဆီးအလံကို စလုပ်ရမည် ဖြစ်သည်။ အတားအဆီး အလံလုပ်ရမည့် နည်းလမ်းမှာလည်း အလွန် ရိုးရှင်းသော်လည်း အလွန်လည်း ခက်ခဲသည်ဟု ဆိုနိုင်သည်။ သူက အတားအဆီးပေါ်တွင် အတားအဆီးပေါင်း ၉၉၀,၀၀၀ကို ပြုလုပ်ရမည် ဖြစ်သည်။

လုပ်ပြီးလျှင်တော့ အတားအဆီးအလံကို လုပ်ပြီးပြီဟု ဆိုနိုင်သည်။

အတားအဆီးအလံ၏ အသုံးပြုနည်းကိုတော့ ကျောက်စိမ်းပြားထဲတွင် မပြောပြထားပေ။ သို့သော်လည်း ရှေးဟောင်း နတ်ဘုရား ပေးအပ်ထားသည့် လက်နက် တစ်ခုက မည်သို့ အားနည်း နိုင်ပါမည်နည်း။

ဝမ်လင်းက ဒုတိယ စမ်းသပ်မှု၏ တကယ့်ဆုလာဘ်သည် ကျောက်စိမ်းပြားနှင့် ရွေးချယ်ပေးသော အထူးအခွင့်အရေး ဖြစ်သည်။ လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ရှေးဟောင်း အင်ပါယာတို့သာ ဤအကြောင်းကို သိပါက တတိယ စမ်းသပ်မှုသို့ အမြန်သွားမည် မဟုတ်ဘဲ အတားအဆီးများကို နားလည်အောင် လုပ်ကာ ဖြည်းဖြည်းချင်း သွားခဲ့ကြလိမ့်မည် ဖြစ်သည်။

“ငါ့အပြင် ကျောက်စိမ်းပြားက တခြား ၃ယောက်ကို ရွေးချယ်ထားတယ်…”

ဝမ်လင်းက ရေရွတ်နေရင်းမှ အတွေးတစ်ခုကို တွေးမိသွား၏။ ဒုတိယ စမ်းသပ်မှုတွင် ဆုလာဘ် ရှိမှတော့ ပထမ စမ်းသပ်မှုတွင်လည်း ဆုလာဘ် ရှိနိုင်သည်။

ဝမ်လင်းသည် ‘အပြန်မရှိတဲ့လမ်း’မှ ထူးဆန်းသည့်လူ၏ စာလုံးများကို ပြန်အမှတ်ရ သွား၏… “ငါက သားရဲဘုရင်ကို ဖမ်းနိုင်ခဲ့တယ်…”

ဖြစ်နိုင်သည်မှာ သားရဲဘုရင်က ပထမ စမ်းသပ်မှု၏ ဆုလာဘ် ဖြစ်နိုင်လေသည်။ ဝမ်လင်းက ခါးသက်စွာ ရယ်မော လိုက်သည်။ သူ့တွင် သားရဲဘုရင်ကို နှိမ်နင်းနိုင်သည့် စွမ်းအား မရှိချေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset