Switch Mode

အပိုင်း (၁၉၈)

ထူးဆန်းသော လူငယ်

“အရမ်း နောက်ကျသွားပြီ…”

အေးစက်သော အသံတစ်ခုက အရပ်မျက်နှာ အားလုံးမှ ထွက်ပေါ် လာသည်။ ထို့အတူ တောင်ထိပ်၏ ပေ၃၀၀ အတွင်းတွင် များပြားလှသော ပုံရိပ်ယောင် စက်ဝိုင်းများလည်း ထွက်ပေါ် လာသည်။ ပုံရိပ်ယောင် စက်ဝိုင်းများက တောင်ထိပ်ပေါ်ရှိ အတားအဆီးများ အားလုံးကို အသက်သွင်း လိုက်၏။

ဝမ်လင်းက တောင်ထိပ်မှ ပေ၅၀၀ အကွာတွင် ရှိသည့် ကျောက်တုံးကြီး တစ်တုံး ပေါ်တွင် ထိုင်နေသည်။ သူက သူ၏ အတားအဆီးများ ထဲတွင် ပုံရိပ်ယောင် စက်ဝိုင်းများကို ဖန်တီးပြီး သိမ်းဆည်း ထားခဲ့သည်။ ယခုမှ သူနှင့် ပေ၂၀၀အတွင်းရှိ အတားအဆီးများ အားလုံးကို ဖျက်ဆီးကာ သိမ်းဆည်းထားသော ပုံရိပ်ယောင်ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းက ပုံရိပ်ယောင် စက်ဝိုင်းများကို တစ်ကြိမ်တွင် ၁၀ခုသာ အများဆုံး လုပ်နိုင်ခဲ့သော်လည်း သူက ပုံရိပ်ယောင် စက်ဝိုင်းများကို ပြုလုပ်ပြီး အတားအဆီးများဖြင့် သိမ်းဆည်း ထားခဲ့၏။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် လူများကို လှည့်ဖြားရာတွင် အလွန် တော်၏။ သို့သော်လည်း ယခု အချိန်တွင်တော့ သူသည်လည်း တခြား တစ်ယောက်၏ ကစားခြင်းကို ခံလိုက်ရသည်။ ရှေးဟောင်း အင်ပါယာကတော့ အစကတည်းက လှည့်ဖြား ခံခဲ့ရသည်။ လှည့်စားခံရသည့် အကြောင်းရင်း မှာလည်း ဝမ်လင်းက အလွန် အားနည်းသည့် လူတစ်ယောက်ဟု သူ့စိတ်ထဲတွင် အမြဲထင်မှတ် နေသောကြောင့် ဖြစ်သည်။

ယခု အချိန်ရောက်မှ သူက လှည့်စား ခံလိုက်ရမှန်း နားလည်သွားပြီး နက်ရှိုင်းလှသော သူ၏ အမုန်းများက မျက်လုံးထဲတွင် ပေါ်လာလေသည်။

တောင်ထိပ်မှ ပေ၃၀၀အတွင်းရှိ အတားအဆီးများ အားလုံးသည် အသက်ဝင်လာပြီး အလင်းတန်းများ၊ မီးလုံးများ၊ မှော်ဓားများနှင့် ရောင်စုံ အလင်းတန်းများက နေရာပေါင်းစုံမှ ထွက်ပေါ် လာသည်။

တောင်ပေါ်မှ အတားအဆီးများ၏ နိုးထလာမှုကြောင့် ကောင်းကင်ပေါ်ရှိ အတားအဆီးများကိုပါ အသက်သွင်းလိုက် သကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ပေါ်တွင် အမည်းရောင် တိမ်တိုက်တစ်ခု ပေါ်ထွက်လာပြီး လျှပ်စီးများလည်း ဖြစ်ပေါ် လာသည်။

ထို့အပြင် တောင်ထိပ် ပေ၃၀၀ဝန်းကျင်တွင် အနက်ရောင် အလင်း စက်ကွင်းကြီး တစ်ခု ဖြစ်ပေါ်လာပြီး အပေါ်သို့ လျင်မြန်စွာ တက်သွား၏။ အနက်ရောင် အလင်းစက်ကွင်းနှင့် ထိမိသည့် အရာ အားလုံးသည် ဖျက်ဆီး ခံလိုက်ရသည်။ တောင်ပေါ်ရှိ အတားအဆီးများပါ ပျက်စီး သွားခြင်း ဖြစ်သည်။

ဖြစ်ပျက်သွားသော အဖြစ်အပျက်ကြောင့် ဝမ်လင်းတောင်မှ အံ့ဩသွား၏။ တောင်ပေါ်တွင် ဤမျှ ပြင်းထန်သော အတားအဆီးများ ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ အထူးသဖြင့် အနက်ရောင် အလင်းစက်ကွင်းကြီး ဖြစ်သည်။ ထိမိသမျှ အရာအားလုံးကို ဖျက်ဆီး သွားခြင်း ဖြစ်သည်။

ဝမ်လင်းက သူနှင့် သူတို့နှစ်ယောက်၏ ကြားတွင် အတားအဆီးများ အများအပြား ရှိနေသေးသည်ကို ခန့်မှန်းမိ၏။ ရှေးဟောင်း အင်ပါယာနှင့် လိုအင်၆မျိုး နတ်ဆိုးသခင်သည် တောင်ပေါ်တက်ရန် လက်လျှော့ပြီး သူ့ကို လာရှာလျှင်တောင်မှ သူက တောင်ပေါ်ရှိ အတားအဆီးများ အားလုံးကို အသက်သွင်းရန် အတွက် ပုံရိပ်ယောင် စက်ဝိုင်းများ တစ်ရာကျော် ရှိနေသေးသည်။

တစ်ခုခု ဖြစ်လာလျှင်လည်း သူက တောင်ပေါ်မှဆင်ပြီး အတားအဆီးများ အားလုံး ငြိမ်သွားသည် အထိ စောင့်နေလိုက်ရုံသာ ဖြစ်သည်။

သို့သော်လည်း ယခုတော့ သူ၏ တွက်ချက်မှု အားလုံးက အချည်းနှီး ဖြစ်သွား၏။

ဝမ်လင်းသည် ရှေးဟောင်း အင်ပါယာအား ဖြတ်ကျော်ခွင့် ပေးလိုက်ခြင်းမှာ ရှေ့ဆက်ရမည့် အတားအဆီးများသည် သူ့အတွက် ဖြတ်ကျော်ရန် အလွန် ခက်ခဲနေ၍ ဖြစ်သည်။ ထို့အပြင် သူက တောင်ထိပ်မှ ပေ၅၀၀အတွင်းရှိ အတားအဆီးများသည် မည်မျှ အစွမ်းထက်ကြောင်း ကိုလည်း စမ်းသပ်ချင် သေး၏။ ထိုအတားအဆီးများသည် သူ့အတွက် အနာဂတ်တွင် အသုံးဝင်လာ နိုင်သည်ဟု တွေးခဲ့သည်။

ဝမ်လင်း၏ ရည်ရွယ်ချက်က အောင်မြင် သွားသော်လည်း သူက အနက်ရောင် အလင်းစက်ကွင်းကို မကြည့်ဘဲ မနေနိုင်အောင် စိုက်ကြည့် မိလိုက်သည်။ အနက်ရောင် အလင်း စက်ကွင်းသည် သူ၏ ခန့်မှန်းထားမှုကို ကျော်လွန်နေသည်။

“အဲဒါ ဘာကြီးလဲ…”

လိုအင်၆မျိုး နတ်ဆိုးသခင်သည် အနက်ရောင် အလင်းစက်ကွင်းကို ကြည့်ပြီး ထိတ်လန့် သွား၏။ သူက လူငယ်ကို ချက်ချင်း ဆွဲယူပြီး ဝဲကတော့ အတွင်းသို့ ဝင်ရန် ပြင်လိုက်သည့် အချိန်တွင် ဝဲကတော့ကို အနီးအနားရှိ အတားအဆီးများကို ထိသွားပြီး ဝဲကတော့က စတင် ပျက်စီးလာသည်။ သူက ပျက်စီးလာသည့် ဝဲကတော့ကို ကြည့်ပြီး ကြက်သေသေ သွား၏။ ထို့နောက် သူက ဝမ်လင်းရှိသည့် နေရာသို့ အလျင်အမြန် လှည့်ကြည့် လိုက်သည်။ သို့သော်လည်း ထိုနေရာတွင် မြူများဖြင့် ဖုံးအုပ်ထားသဖြင့် သူက အထဲကို မမြင်ရချေ။ (အခု ပျက်စီးသွားတဲ့ ဝဲကတော့က တတိယ စမ်းသပ်မှုကို ရောက်အောင် ပို့ပေးတဲ့ ဝဲကတော့ မဟုတ်ပါဘူး။ အခု ဝဲကတော့ တောင်ထိပ်ပေါ်က ဝဲကတော့ဆီကို ပို့ပေးတဲ့ လိုအင်ခြောက်မျိုး နတ်ဆိုးသခင်က လုပ်ထားတဲ့ လိုဏ်ခေါင်းကို ဆိုလိုတာပါ။ )

ယခုအချိန်သည် ပြေးရမည့် အချိန်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သဖြင့် သူက သိုလှောင်အိတ်ထဲမှ ကျောက်တုံး၅ခုကို ထုတ်ယူပြီး ပစ်လိုက်ရာ သူ့ဘေး ပတ်လည်တွင် အလင်း အလွှာ၅ခု ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူကလည်း တောင်ပေါ်သို့ ပြေးသွားလိုက်၏။

ရှေးဟောင်း အင်ပါယာကတော့ အနက်ရောင် အလင်းကို မြင်လိုက်သည်နှင့် စိတ်ထဲတွင် အချက်ပေးသံများ မြည်သွားသည်။ သူက နောက်ထပ် အလံ၄ခုကို ထုတ်ယူလိုက်ရာ သူ့ဘေးတွင် အလံက ၈ခု ဖြစ်သွား၏။ ဘေးနားမှ သူ့ဆီသို့ လွင့်ပျံလာသည့် အတားအဆီးများမှ တိုက်ခိုက်မှု အားလုံးကို ထိုအလံ၈ခုက စုပ်ယူပေးသွား၏။ သူ၏အတွေးကလည်း လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် အတူတူပင်။ ထို့ကြောင့် တောင်ပေါ်သို့ ပြေးရာတွင် သူကလည်း လိုအင်၆မျိုး နတ်ဆိုးသခင်ထက် နောက်မကျပေ။

သူတို့ နှစ်ယောက်သည် တောင်ပေါ်သို့ တစ်ပြိုင်နက် တစ်ဟုန်ထိုး ပြေးတက် နေကြလေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် သူ့ကို ကာကွယ်ထားသော အလင်းအလွှာ ၅ခုနှင့်အတူ လျင်မြန်စွာ ပြေးနေသည်။ သို့သော်လည်း တိုက်ခိုက်မှု အနည်းငယ်က အလင်းလွှာများကို ဖြတ်လာပြီး သူ့ကို ထိမှန်နေ၏။

ရှေးဟောင်း အင်ပါယာလည်း အလားတူပေ။ သူ့ကို အလံများက ကာကွယ် ထားသော်လည်း သူ့မျက်နှာက သုန်မှုန်နေသည်။

အနက်ရောင် အလင်းစက်ကွင်းသည် သူ့တို့နောက်သို့ ရောက်လာပြီး သူတို့နှင့် လျင်မြန်စွာ နီးကပ်လာသည်။ ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကလည်း ထူထဲလာပြီး ခရမ်းရောင် လျှပ်စီးလုံးတစ်လုံး လွင့်ပျံလာသည်။

မိုးခြိမ်းသံမက ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး ခရမ်းရောင် လျှပ်စီးလုံးက အလွန်မြန်သည့် အမြန်နှုန်းဖြင့် လိုအင်၆မျိုး နတ်ဆိုးသခင်ဆီသို့ ပြေးဝင်သွား၏။ အလင်းလွှာများသည် ထိုလျှပ်စီးလုံးကို တောင့်မခံနိုင်ဘဲ တစ်ခုပြီးတစ်ခု ဆက်တိုက် ပျက်စီး သွားလေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်၏ မျက်လုံးများက နီရဲနေပြီး လူငယ်ကို ဆွဲယူကာ သူ့ခန္ဓာကိုယ်ကို ကာလိုက်သည်။ လျှပ်စီးလုံးက လူငယ်ကို ထိသည်နှင့် လူငယ်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး လျှပ်စီးလုံးကို ပါးစပ်မှ စုပ်ယူလိုက်သည်။

မကြာမီ လူငယ်၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းကဲ့သို့ အသံများ ထွက်လာပြီး သူ၏အရေပြားက အက်ကွဲလာသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်သည် အလွန် ပျော်ရွှင်သွား၏။ ခရမ်းရောင် လျှပ်စီးလုံးကို လူငယ်က ကာကွယ် နိုင်လိမ့်မည်ဟု ထင်မထားမိချေ။ သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း ဆက်ပြေး၏။

ဝမ်လင်းက လူငယ်၏ ခန္ဓာကိုယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွား၏။ လိုအင်၆မျိုး နတ်ဆိုးသခင်တောင် ကြောက်နေတဲ့ ခရမ်းရောင် လျှပ်စီးက လူငယ်၏ ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။

ဝမ်လင်းက သက်ပြင်း ချလိုက်ပြီး အနက်ရောင် အလင်းစက်ကွင်းကို တစ်ဖန် ပြန်ကြည့် လိုက်သည်။

ရှေးဟောင်း အင်ပါယာသည် လူငယ်အား ကြည့်ပြီး သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်သွား၏။ ကြည့်ရသည်မှာ လိုအင်၆မျိုး နတ်ဆိုးသခင်က သူ့ကို ညာသည့်ပုံ မဟုတ်ပေ။ လူငယ်သည် တကယ်ကို… ။

သူ၏ မျက်လုံးထဲတွင်လည်း လိုချင် လောဘစိတ်များ ပေါ်လာသည်။ သူသည် တောင်ထိပ်နှင့် ပေ၅၀သာ ကွာတော့သည်။ သူက လေကို ရှူသွင်းပြီး လက်ကို ဝှေ့ယမ်း လိုက်သည်။ ထိုအခါ အလံ၈ခုက လျင်မြန်စွာ လှည့်ပတ်ပြီး အနက်ရောင် လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

သူက အနက်ရောင် လိုဏ်ခေါင်းအတွင်းသို့ ဝင်လိုက်ပြီး တောင်ထိပ်ပေါ်တွင် ပေါ်လာသည်။ ထိုအခါ သူက ကျယ်လောင်စွာ ရယ်မောပြီး ဒုတိယ စမ်းသပ်မှုမှ ထွက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လိုအင်၆မျိုး နတ်ဆိုးသခင် သည်လည်း ရောက်လာပြီး ဝဲကတော့ အတွင်းသို့ ဝင်ရန် ခြေလှမ်း လှမ်းလိုက်သည်။

သို့သော်လည်း တောင်ထိပ်မှ ပေ၁၀၀အတွင်းရှိ အတားအဆီးများက လွယ်လွယ်ကူကူဖြင့် ဖြတ်ကျော်၍ ရသည့် အတားအဆီးများ မဟုတ်ပေ။ သူတို့က တောင်ထိပ်ပေါ်သို့ လျင်မြန်စွာ ရောက်လာရသည့် အကြောင်းရင်းမှာ သူတို့၏ ကျင့်ကြံမှု အဆင့်နှင့် သူတို့ ကိုင်ထားသည့် ရတနာများကြောင့် ဖြစ်သည်။

လူငယ်၏ ခန္ဓာကိုယ်ကို မဆိုထားနှင့် ရှေးဟောင်း အင်ပါယာ၏ အလံများသည် အဆင့်၅ ရှို့ကျန်းနိုင်ငံ၏ အတားအဆီး ပညာရပ်များတွင် နာမည်ကြီးသော ဂိုဏ်းတစ်ခုမှ ဖြစ်သည်။

အလံ၈ခုတွင် များပြားလှသော အတားအဆီးများ ပေါင်းစပ်ထား၏။ ရှေးဟောင်း အင်ပါယာကသာ အတားအဆီး ပညာရပ်များတွင် ကျွမ်းကျွမ်း ကျင်ကျင် မတတ်မြောက် ထားပါက အလံကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့ ၃ယောက်တွင် ရှေးဟောင်း အင်ပါယာက အနည်းငယ် ပိုမြန်၏။

လွန်ခဲ့သည့် နှစ်တစ်ထောင်ကသာ သူ့ထံတွင် ဤအလံများ ရှိခဲ့ပါက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တောင်ထိပ်မှ ပေ၁၀၀အတွင်းရှိ အတားအဆီးများသည် ဟာသတစ်ခု မဟုတ်ပေ။ သူတို့နှစ်ယောက်က ဝဲကတော့ အတွင်းသို့ ဝင်ရန် ခြေလှမ်း လှမ်းလိုက်သည်နှင့် ကောင်းကင်ပေါ်ရှိ တိမ်များမှ များပြားလှသော လျှပ်စီးများက သူတို့အပေါ်သို့ ကျဆင်းလာသည်။

ထိုအခါ အနက်ရောင် အလင်းစက်ကွင်း၏ အမြန်နှုန်းတောင်မှ တိုးလာပြီး လျင်မြန်စွာ ကျုံ့လာသည်။

ဝမ်လင်းက ချက်ချင်း မတ်တတ်ရပ်ပြီး ရှေ့သို့ ပြေးသွား လိုက်သည်။ သူသည် တောင်ထိပ်မှ ပေ၃၀၀ အတွင်းသို့ ဝင်ရန် မကြံစည်ထားခဲ့ပေ။ သို့သော်လည်း ယခု မလုပ်လိုက်လျှင် သူက အမြဲတမ်း နောင်တ ရသွားနိုင်သည်။ ဝမ်လင်းသည် ပြေးလာရင်း သူ့ဘေးတွင် ဝိုင်းရံထားသည့် ပုံရိပ်ယောင် စက်ဝိုင်း၁၂ခုပေါ်တွင် အာရုံစိုက် ထား၏။ မကြာမီ သူက ရုတ်တရက် ရပ်လိုက်ပြီး ရှေ့သို့ စိုက်ကြည့်ကာ စက်ဝိုင်းများကို အရပ်မျက်နှာ အသီးသီးသို့ လွှတ်ပေးလိုက်၏။

ဝမ်လင်းက သူ့ကိုယ်သူ အတင်း ရပ်လိုက်ရခြင်းမှာ ရှေ့ဆက်သွားလျှင် လျှပ်စီးများက သူ့ကို မှန်တော့မည်ကို သိနေသောကြောင့် ဖြစ်သည်။ လျှပ်စီးသာ မှန်သွားလျှင် သူက သေဆုံး သွားလိမ့်မည် ဖြစ်၏။

လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ရှေးဟောင်း အင်ပါယာသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ ဖြစ်ကြပြီး သူတို့နှစ်ဦးက ဝမ်လင်းအား လွန်စွာ မုန်းတီး နေကြ၏။ ထို့ကြောင့် သူက သူတို့နှစ်ဦးအား အလွန် သတိထားရမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

ဝဲကတော့ထဲသို့ ဝင်ရန် ပြင်နေသည့် လိုအင်၆မျိုး နတ်ဆိုးသခင်ပေါ်သို့ လျှပ်စီးများက ၁၀ခုကျော် ကျလာသည်။ သူက ချက်ချင်း လူငယ်ခန္ဓာကိုယ်ကို ဆွဲယူ၍ ကာလိုက်၏။ သို့သော်လည်း လျှပ်စီး အနည်းငယ်က သူ့ကို ထိမှန်သွားပြီး သွေးတစ်လုတ်ကို အန်ထုတ် လိုက်ရသည်။ သူ၏ကျင့်ကြံခြင်း အဆင့်ကလည်း တစ်ဆင့်ကျသွားပြီး လူငယ်၏ လက်မောင်း တစ်ဖက်ကလည်း လျှပ်စီးများကြောင့် လွင့်ထွက်သွား၏။ သို့သော်လည်း လိုအင်၆မျိုး နတ်ဆိုးသခင်က အံကြိတ်ပြီး ဝဲကတော့ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။

လက်မောင်းက လွင့်ပျံသွားသည့် အချိန်တွင် အနက်ရောင် အလင်းစက်ကွင်းနှင့် ထိပြီး မီးခိုးငွေ့များ ထွက်လာသည်။ ထို့နောက် လက်မောင်းက အနက်ရောင် အလင်းစက်ကွင်း၏ အပြင်ဘက်သို့ ကျသွား၏။ မြေပြင်ပေါ်သို့ ကျသွားသည့် အချိန်တွင် လက်မောင်းသည် အသွေးအသားများ မရှိတော့ဘဲ ရွှေရောင်အမှုန်များ လက်နေသည့် အရိုးတစ်ချောင်းသာ ကျန်ခဲ့တော့သည်။ သို့သော်လည်း အရိုးသည် ကွဲကြေ နေလေသည်။ ကြည့်ရသည်မှာ အနက်ရောင် အလင်း စက်ကွင်းကြောင့် အရိုးက ထိခိုက်သွားခြင်း ဖြစ်နိုင်သည်။

ထိုစဉ်တွင် ရှေးဟောင်း အင်ပါယာဆီသို့ ကျဆင်းလာသည့် လျှပ်စီးများသည်လည်း ၁၀ခု ကျော်၏။ သူက အလံ၈ခုကို ပြန့်ကျဲစေပြီး အလံ၄ခုကို စွန့်လွှတ်ကာ ဝဲကတော့ အတွင်းသို့ ဝင်ရောက်သွား၏။ သို့သော်လည်း လျှပ်စီးတစ်ခုက သူ့နောက် လိုက်လာပြီး သူ့ကို ထိမှန်သွားပြီးမှ သူက ဝဲကတော့အတွင်းသို့ ပျောက်ကွယ် သွားခြင်း ဖြစ်သည်။

ဝမ်လင်းသည် လက်မောင်းကို ကြည့်ပြီး အရိုးထဲမှ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူက သိုလှောင်အိတ် တစ်ခုကို ပုတ်လိုက်ရာ သားရဲအော်သံများ ထွက်ပေါ်လာပြီး သားရဲများသည် ၃ပေခန့် ရှိသော လေဆင်နှာမောင်း တစ်ခုအဖြစ် ဖွဲ့စည်းသွား၏။

ဝမ်လင်းက ညာလက်ကို ညွှန်လိုက်ရာ လေဆင်နှာမောင်းက မြူထဲမှ ထွက်ပြီး တောင်ထိပ်ဆီသို့ ပျံသန်းသွား၏။ လေဆင်နှာမောင်းက လက်မောင်းဆီသို့ ရောက်လာပြီး လက်မောင်းကို သယ်ယူပြီး လျင်မြန်စွာ ပြန်ဆုတ် လာကြသည်။

သို့သော်လည်း လေဆင်နှာမောင်းက ပြန်လာသည့် အချိန်တွင် ခရမ်းရောင် လျှပ်စီးတစ်လုံးက လေဆင်နှာမောင်းကို လာရောက် ထိမှန်ပြီး အရိုးတစ်ခုထဲ ကျန်ရစ်စေခဲ့၏။

ရှေးဟောင်း အင်ပါယာနှင့် လိုအင်၆မျိုး နတ်ဆိုးသခင်တို့ တောင်ထိပ်ပေါ်သို့ ပြေးတက်သည့် အချိန်မှစ၍ ဝဲကတော့ အတွင်းသို့ ဝင်သွားသည်အထိ အချိန်ကာလသည် အလွန် တိုတောင်း၏။ သူတို့နှစ်ယောက်က ဝဲကတော့ အတွင်းသို့ ဝင်ရောက် သွားသည်နှင့် ပတ်ဝန်းကျင်က ပြန်လည် တည်ငြိမ်လာသည်။ အနက်ရောင် တိမ်တိုက်ကြီးက ပျောက်ကွယ်သွားပြီး တောင်ထိပ်သို့ ရောက်နေပြီဖြစ်သည့် အနက်ရောင် အလင်းစက်ကွင်း သည်လည်း အောက်သို့ ပြန်ဆင်းလာပြီး ပျောက်ကွယ်သွား၏။ ထို့နောက်တွင်တော့ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ် သွားလေသည်။ သို့သော်လည်း စိတ်စွမ်းအင် လှုပ်ရှားမှုများအရ အတားအဆီးများသည် မူလစွမ်းအားကို ပြန်ရရန် နှစ်ပေါင်း တစ်ထောင်ခန့် ကြာနိုင်၏။

ဝမ်လင်းက လက်မောင်းရိုးကို စိုက်ကြည့် လိုက်သည်။ ထိုအရိုးအပိုင်းအစသည် အနက်ရောင် အလင်းစက်ကွင်း၏ ဒဏ်ကို နောက်တစ်ကြိမ် ခံနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူက အနက်ရောင် အလင်းစက်ကွင်း မရောက်သေးခင် သူက အနက်ရောင် တိမ်တိုက် ပျောက်ကွယ် သွားသည်နှင့် အရိုးကို ကောက်ပြီး ချက်ချင်း နောက်သို့ ပြန်ပြေးလာခဲ့သည်။

အနက်ရောင် အလင်းစက်ကွင်းသည် တောင်ထိပ်မှ ပေ၃၀၀ခန့် အကွာတွင် ရပ်တန့်၍ ပျက်ပြယ်သွား၏။ ဝမ်လင်း၏ နဖူးတွင် ချွေးများ စိုရွှဲနေပြီး သူက တောင်ထိပ်မှ ပေ၃၀၀အတွင်းရှိ အတားအဆီးများကို ကြည့်လိုက်ကာ ချက်ချင်း ထူးခြားမှုကို သတိပြုမိ လိုက်သည်။

ဝမ်လင်းက ကျောက်တုံးကြီးပေါ်သို့ ပြန်လာပြီး ထိုင်ချလိုက်သည်။ သူက အရိုးမှ ရွှေရောင် အစက်အပြောက်များကို မြင်ပြီး သားရဲဘုရင်ကြီး၏ နဖူးမှ ရွှေရောင်အရိုးကို ချက်ချင်း တွေးမိသွား၏။

သူက အရိုးကို ကြည့်ပြီး ဖိအားနည်းနည်း ပေးကြည့် လိုက်သည်။ အရိုးက လျှပ်စီးများနှင့် အနက်ရောင် အလင်းစက်ကွင်းကြောင့် ထိခိုက်ထားပြီး အလွန်အမင်း အားပျော့နေသည်။ ထို့ကြောင့် အရိုးက ချက်ချင်း ကွဲကြေသွားပြီး ရွှေရောင် အမှုန်များကဲ့သို့ အစေ့ ၈စေ့ ကျန်နေခဲ့၏။

အရိုးပေါ်တွင် ဝမ်လင်းက မည်သည့် စိတ်စွမ်းအင်ကိုမှ မခံစားမိပေ။ ထို့ကြောင့် ဝမ်လင်းက စတင် စဉ်းစား လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset