Switch Mode

အပိုင်း (၁၉၇)

“အရမ်းနောက်ကျသွားပြီ…”

ရှေးဟောင်း အင်ပါယာအတွက် အပေါ်သို့ တက်ရသည်မှာ တဖြည်းဖြည်း ခက်ခဲလာသည်။ သူ၏လက်ရှိ ကျင့်ကြံမှု အဆင့်ကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် သူက သေပြီးသား လူတစ်ယောက် ဖြစ်နေပေလိမ့်မည်။

အတားအဆီးများမှ လွတ်မြောက်ရန် အတွက် ရတနာများကိုပင် အသုံးပြုခဲ့ရသည်။

တစ်ခါတစ်ရံတွင် အတားအဆီးများက လုံးဝ ဖျက်ဆီးလို့ မရဘဲ ဖြတ်သွားချင်လျှင် စိတ်စွမ်းအင် ပမာဏများများကို အသုံးပြုပေးရသည့် အတားအဆီးများလည်း ရှိ၏။ ထိုအတားအဆီးမျိုးနှင့် တွေ့လျှင် ရှေးဟောင်း အင်ပါယာ၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။

ရှေးဟောင်း အင်ပါယာသည် အတားအဆီးတစ်ခုမှ ထွက်လာသည်။ ယခု သူသည် တောင်ထိပ်နှင့် ပေ၂၀၀သာ ကွာတော့၏။ သူက ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် သုန်မှုန်နေသည့် အမူအရာရှိနေသော လိုအင်၆မျိုး နတ်ဆိုးသခင်ကို မြင်လိုက်ရသည်။ သူ့နောက်တွင် အနက်ရောင်ဝဲကတော့ တစ်ခု ရှိ၏။ ဝဲကတော့၏ အလယ်တွင် လူငယ်တစ်ယောက် ရှိနေသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် ရှေးဟောင်း အင်ပါယာကို ကြည့်လိုက်သည်။ ရှေးဟောင်း အင်ပါယာက မြန်မြန် ရောက်လာလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ သူက နောက်ထပ် အမွှေးတိုင် တစ်တိုင်စာ အချိန်လောက် ထပ်ရခဲ့လျှင် ဝဲကတော့ အတားအဆီးကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ ဖြတ်သန်း သွားရမည့်အချိန်က အသက် ၃ရှိုက်စာခန့်သာ ရရှိမည် ဖြစ်သော်လည်း သူ့အတွက်တော့ ထိုအချိန်က လုံလောက်သည် ထက်ပင် ပိုနေလေသည်။

သို့သော်လည်း အပြင်ဘက်တွင် ရှေးဟောင်း အင်ပါယာက ပေါ်လာသည်။ ထို့ကြောင့် သူ့အကြံကို ပြောင်းရတော့မည် ဖြစ်သည်။

ရှေးဟောင်း အင်ပါယာက ဝဲကတော့ကို မြင်လိုက်သည့် အချိန်တွင် မျက်မှောင်ကြုတ် သွား၏။ လိုအင်၆မျိုး နတ်ဆိုးသခင်သည် သူ၏ဆရာဖြစ်သူ ကောင်းကင်နတ်ဆိုး အသုံးပြုခဲ့သည့် နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်ကြောင်း မှတ်မိလိုက်၏။ ထိုနည်းလမ်းသည် အတားအဆီး ၁၀၀ကျော်ကို ဖြတ်သန်း ပေးနိုင်သည့် အတားအဆီး နည်းစနစ်တစ်ခု ဖြစ်သည်။

“လိုအင် ၆မျိုး…”

ရှေးဟောင်း အင်ပါယာသည် ဒေါသကို မျိုသိပ်ပြီး ခေါ်လိုက်သည်။

ထို့နောက် သူ့အကြည့်က လူငယ်ဆီသို့ ရောက်သွားပြီး မေးလိုက်သည်… “သူက ထူးဆန်းတဲ့လူငယ်လား… သူ့ဆီက အသက်လက္ခဏာလည်း မရပါလား…”

လိုအင်၆မျိုး နတ်ဆိုးသခင်က ညင်သာစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်… “အစ်ကို ရှေးဟောင်း အင်ပါယာက ဒီကို မြန်မြန် ရောက်လာ လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး… တကယ် ချီးကျူးပါတယ်…”

ရှေးဟောင်း အင်ပါယာသည် ဒေါသများကို ဖိနှိပ်ထားရင်းမှ လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်… “မင်းနဲ့ မင်းရဲ့ လူငယ်လေးရဲ့ အကူအညီက နောက်မှာရှိတဲ့ ဒီအဘိုးကြီးက မြန်မြန် ရောက်အောင် လုပ်ပေး လိုက်တာလေ…”

လိုအင်၆မျိုး နတ်ဆိုးသခင်သည် လူငယ်ကို ကြည့်ပြီး သူ့မျက်လုံးများက အေးစက် သွားသည်။

“အစ်ကို ရှေးဟောင်း အင်ပါယာက ဘာကို ဆိုလိုတာလဲ…”

ရှေးဟောင်း အင်ပါယာသည် ဘာမှမပြောတော့ဘဲ မှုန်တေတေ ဖြစ်နေသော မျက်နှာဖြင့် လိုအင်၆မျိုး နတ်ဆိုးသခင် ပြုလုပ်နေသော အတားအဆီးကိုသာ ကြည့်နေလိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် စိတ်ထဲမှ လှောင်လိုက် သော်လည်း အပြင်ဘက်တွင် ရယ်မောကာဖြင့် ပြောလိုက်သည်… “အစ်ကို ရှေးဟောင်း အင်ပါယာ… ဒီနေရာမှ ငါတို့ ၂ယောက်ပဲ ရှိတာ… ငါတို့နှစ်ယောက်သာ တိုက်ခိုက်ကြမယ် ဆိုရင် ဒီနေရာမှာ ရှိတဲ့ အတားအဆီးတွေကို အသက်သွင်း လိုက်သလို ဖြစ်သွားမယ်နော်…”

ရှေးဟောင်း အင်ပါယာသည် တိတ်ဆိတ်နေရင်းမှ ပြန်ပြောလိုက်သည်… “အရင်ဆုံး အတားအဆီးတွေ ဖယ်ပေး … ငါ့ကို လာခဲ့မလို့…”

လိုအင်၆မျိုး နတ်ဆိုးသခင်က ရှေးဟောင်း အင်ပါယာ၏ ဘေးတွင် ပတ်နေသော အလံ၄ခုကို မြင်ပြီး တုံ့ဆိုင်းဆိုင်း ဖြစ်သွား၏။

ရှေးဟောင်းအင်ပါယာ ဝဲကတော့ကို ကြည့်ပြီး သရော်လိုက်သည်… “ကြည့်ရတာ ဒီလိုဏ်ခေါင်း အတားအဆီးက မပြီးသေးဘူးပဲ… ငါသာ အနီးမှာရှိတဲ့ အတားအဆီးတွေကို အသက်သွင်း လိုက်ရင် လမ်းကြောင်းက ချက်ချင်း ပိတ်သွားမှာပဲ…”

လိုအင်၆မျိုး နတ်ဆိုးသခင်၏ မျက်နှာက ပြောင်းလဲသွားခြင်း မရှိချေ။ သူက ခေါင်းသာ ညိတ်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အတားအဆီးများက အလယ်မှ ခွဲသွား၏။ အလယ်မှ အတားအဆီးများကို ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သဖြင့် သူက နောက်တစ်ကြိမ် ပြန်လုပ် ရပေဦးတော့မည်။

ရှေးဟောင်း အင်ပါယာက ရှေ့သို့ လျှောက်လာ နေသော်လည်း မျက်လုံးများက လိုအင်၆မျိုး နတ်ဆိုးသခင်ဆီမှ လုံးဝ မခွာပေ။ သူက အတားအဆီးများကို တစ်ဝက်ကျော်ထိ လျှောက်လာပြီး နောက်တွင် ရှေးဟောင်း အင်ပါယာက သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်သည်။ အဖြူရောင် အလံ၄ခုက လိုဏ်ခေါင်းတစ်ခု ဖန်တီးလိုက်သည်နှင့် ရှေးဟောင်း အင်ပါယာက လိုဏ်ခေါင်း အတွင်းသို့ လျင်မြန်စွာ ခုန်ဝင်လိုက်သည်။

ရှေးဟောင်းအင်ပါယာက လှုပ်ရှား လိုက်သည်နှင့် လိုအင်၆မျိုး နတ်ဆိုးသခင်က လက်နှစ်ဖက်ကို ထပ်လိုက်ပြီး အတားအဆီးများကို ပြန်ချလိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်က ရှေးဟောင်းအင်ပါယာ၏ အလံများက ဤမျှအထိ စွမ်းလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ အတားအဆီးများကို ပြန်၍ တည်ဆောက်ပြီးသည်နှင့် ရှေးဟောင်း အင်ပါယာသည် ၁၀ပေအကွာခန့်တွင် ပြန်ပေါ်လာသည်။

သူ ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူက ပါးစပ်မှ အလင်းတစ်ခုကို ပစ်လွှတ် လိုက်သည်။ ထိုအလင်းသည် လိုအင်၆မျိုး နတ်ဆိုး သခင်ဆီသို့ ဦးတည်နေခြင်း မဟုတ်ဘဲ ဝဲကတော့၏အလယ်ရှိ လူငယ်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်၏ အမူအရာက ပေါင်းလဲသွားပြီး လက်နှစ်ဖက်ကို ရိုက်ကာ အော်ပြောလိုက်သည်… “လိုအင်န္ဒ…”

ရုတ်တရက် လူငယ်၏ ဝမ်းဗိုက်မှ အဝါရောင် အလင်းတစ်ခု ထွက်လာပြီး ဓားတစ်ချောင်း အဖြစ် ပြောင်းကာ ရှေးဟောင်း အင်ပါယာ၏ အလင်းကို ခုတ်ပိုင်း လိုက်သည်။

ထိုအခါ စိတ်စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာသဖြင့် အနီးအနားရှိ အတားအဆီး တချို့ကို အသက်ဝင် သွားစေသည်။ အတားအဆီးများက အသက်ဝင်လာသည်နှင့် ရှေးဟောင်း အင်ပါယာသည် ဆက်လက် မတိုက်ခိုက်တော့ဘဲ သူ့ကိုယ်သူ ကာကွယ်ရန် ကိုယ်ပိုင် အတားအဆီး တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်လည်း ထို့အတူပင်။ အချိန်ခဏလောက် ကြာပြီးနောက် အနီးအနားရှိ အတားအဆီးများက ပြန်ငြိမ်သွား၏။ လိုအင်၆မျိုး နတ်ဆိုးသခင်သည် ဖြူရော်နေသည့် မျက်နှာဖြင့် ရှေးဟောင်း အင်ပါယာအား စိုက်ကြည့် လိုက်သည်။ ထို့နောက် ဒေါသတကြီး ပြောလိုက်သည်… “သေချင်ရင်လည်း ကိုယ့်ဘာသာ အတားအဆီးတွေ ကြားထဲ ပြေးဝင်သွားပါလား…”

ရှေးဟောင်း အင်ပါယာသည် သုန်မှုန်နေသော မျက်နှာထားဖြင့် လူငယ်ကို လက်ညှိုး ထိုးပြပြီး ပြန်ပြောလိုက်သည်… “အဲဒီကောင်လေးကို ငါ့လက်အပ်ရင် တတိယ စမ်းသပ်မှုကို မရောက်မချင်း မင်းနဲ့ မတိုက်ခိုက်တော့ဘူး…”

လိုအင်၆မျိုး နတ်ဆိုး သခင်သည် စိတ်ထဲမှ တွေးလိုက်သည်… “သူက သိနေတာလား…”

သို့သော်လည်း သူက ဖြူရော်နေသော မျက်နှာဖြင့် ပြောလိုက်သည်… “သူက သေပြီးနေပြီ… မင်းကို သူက ဘာအနှောင့်အယှက် ပေးလို့လဲ…”

ရှေးဟောင်း အင်ပါယာက ကျယ်လောင်စွာ ရယ်မော လိုက်သည်။

“သေပြီးသား လူလား… သူက သေပြီးသား လူဆိုရင်တောင် ဒီအဘိုးကြီးက လိုချင်နေတုန်းပဲ…”

“သူ့ရဲ့ခန္ဓာကိုယ်သာ ရှိရင် ငါ့ရဲ့အစွမ်းကို အကုန်သုံးပြီး သူ့ရဲ့ဝိညာဉ်ကို ဒီနေရာကို ဆွဲခေါ်နိုင်တယ် … ပြီးတော့ ငါ့ကို အနှောင့်အယှက် ပေးတာလား… ဒီအဘိုးကြီးရဲ့ အမုန်းတွေက သူ့အပေါ် ရေတွက်လို့တောင် မရတော့ဘူး…”

လိုအင်၆မျိုး နတ်ဆိုးသခင်က မျက်မှောင်ကြုတ် လိုက်ပြီး လူငယ်ကို ကြည့်ကာ ပြောလိုက်သည်… “အစ်ကို ရှေးဟောင်း အင်ပါယာ အထင်လွဲနေပြီ ဖြစ်တယ်နော်…”

ရှေးဟောင်း အင်ပါယာက ပြန်ပြော လိုက်သည်… “အထင်လွဲတာလား… ဒီအဘိုးကြီးက ဒုတိယ စမ်းသပ်မှုကို ဝင်လာတော့ အတားအဆီး ၂မျိုးနဲ့ တားခံရတယ်… တစ်မျိုးက မင်း လုပ်ထားတဲ့ဟာ… နောက်တစ်မျိုးက သူ့လုပ်ထားတာ မဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲ… ဒီအဘိုးကြီးက အဲဒီ အတားအဆီးတွေကို ဖြတ်ခဲ့တာမို့ အဲ့လူရဲ့ကျင့်စဉ်အဆင့်က စဦးစိတ်ဝိညာဉ်အဆင့်ကို မရောက်သေးမှန်း ခန့်မှန်းကြည့်လို့ ရတယ်… အဲဒီလူက ဝမ်လင်းလို့တော့ မပြောနဲ့… ဝမ်လင်းက ဟင်းလင်းပြင်ထဲ ကျသွားတာ မင်းလည်း မြင်တယ် … ငါလည်း မြင်တယ်… သူက မသေရင်တောင် သူ့ရဲ့အမြုတေ ဖွဲ့တည်ခြင်း အဆင့်လောက်နဲ့ ပထမ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပြီး ငါ့အရှေ့ကို အရင် ရောက်လာနိုင်မယ် ထင်နေတာလား…”

ရှေးဟောင်း အင်ပါယာသည် အားရပါးရ ရယ်မောလိုက်ပြီး လွန်ခဲ့သည့် နှစ်များက ခံစားခဲ့ရသည်များကို တွေးကြည့် လိုက်သည်။ နောက်ဆုံးတွင် သူထင်ထားသည့် ထူးဆန်းသည့် လူမှာ လိုအင်၆မျိုး နတ်ဆိုးသခင်၏ ဘေးမှ လူငယ်သာ ဖြစ်ရမည်ဟု ဆုံးဖြတ် လိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် ရှေးဟောင်း အင်ပါယာ ပြောသည့် စကားများက အမှန် ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ ရှေးဟောင်း အင်ပါယာ ပြောသည့် စကားများအရ ဒုတိယ စမ်းသပ်မှုတွင် ၃ယောက် မဟုတ်ဘဲ ၄ယောက် ရှိနေနိုင်သည်။

အကယ်၍ ၄ယောက်သာ ဖြစ်ခဲ့လျှင် ထိုလူက ရှေ့တက်မလာဘဲ ရှေးဟောင်း အင်ပါယာကို ဖြတ်ကျော်ခွင့် ပြုလုပ်သဖြင့် ထိုလူ၏ရည်ရွယ်ချက်သည် သိသာလွန်း လှသည်။

သူက ထိုအကြောင်းကို တွေးမိပြီး တုံးအလွန်းသည့် ရှေးဟောင်း အင်ပါယာကိုသာ စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ ဝဲကတော့ဆီသို့ ပြေးသွား လိုက်၏။ ရှေးဟောင်း အင်ပါယာကလည်း လက်ကို ဝှေ့ယမ်းပြီး အလင်းတစ်ခုဖြင့် လိုအင်၆မျိုး နတ်ဆိုးသခင်၏ လမ်းကို ပိတ်ဆို့ လိုက်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်သည် ရှေးဟောင်း အင်ပါယာကို အလွန် ဒေါသ ထွက်နေသော်လည်း ဤနေရာသည် တိုက်ခိုက်လို့ ကောင်းသည့် နေရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူက ရှေးဟောင်း အင်ပါယာကို တစ်ချက် ကြည့်ပြီး စိတ်ဖြင့် အသံမက်ဆေ့တစ်ခု ပို့လိုက်သည်။

ရှေးဟောင်း အင်ပါယာ၏ မျက်နှာက ပြောင်းလဲသွားပြီး ပြန်ပြောလိုက်သည်…။

“သေချာလား…”

လိုအင်၆မျိုး နတ်ဆိုးသခင်က ပြန်မပြောဘဲ လက်ချောင်းမှ သွေးစက် တစ်စက်ကို ထုတ်ယူ လိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးစက်မှ မီးတောက်အဖြစ် ပြောင်းကာ ရှေးဟောင်း အင်ပါယာဆီသို့ တရွေ့ရွေ့ မျောလွင့်သွား၏။

ရှေးဟောင်း အင်ယာပါသည် တိတ်ဆိတ် သွားပြီးနောက် သူလည်း သွေးစက် တစ်စက်ကို ထုတ်လိုက်ပြီး မီးတောက်အဖြစ် ပြောင်းကာ ပြန်ပစ်လိုက်သည်။ ထိုနှစ်ခုက တိုက်မိသွားပြီး သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူတို့က ပိုင်ရှင်ဖြစ်သည့် ရှေးဟောင်း အင်ပါယာနှင့် လိုအင်၆မျိုး နတ်ဆိုးသခင်ဆီသို့ ပျံသန်း သွားကြ၏။

ဤအချင်းအရာသည် နတ်ဆိုးနှလုံးသား ကျမ်းကျိန်ခြင်းဟု သိကြသည့် နတ်ဆိုးပင်လယ်၏ အဆင့်အမြင့်ဆုံး ကျိန်ဆိုခြင်း ဖြစ်သည်။ ရှေးဟောင်း အင်ပါယာ၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားပြီး သူက ပြောလိုက်သည်… “တကယ်ပဲ သူလား… မဖြစ်နိုင်ဘူး…”

လိုအင်၆မျိုး နတ်ဆိုး သခင်သည်လည်း မှုန်တေတေ မျက်နှာဖြင့် ပြောလိုက်သည်… “ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာက အရေးမကြီးဘူး… ငါတို့နှစ်ယောက်လုံး ဒီနေရာက အမြန် ထွက်သွားတာ အကောင်းဆုံးပဲ…”

သူ၏စကား ဆုံးသွားသည့်နှင့် သူ့မျက်နှာက ချက်ချင်း ပျက်ယွင်း သွား၏။ သူက ရှေးဟောင်း အင်ပါယာကိုပင် ဂရုမစိုက်တော့ဘဲ လူငယ်ဘေးသို့ ချက်ချင်း ရောက်သွားပြီး လက်မောင်းကို ဆွဲကာ ဝဲကတော့ထဲသို့ ဝင်ရန် ခြေလှမ်း လှမ်းလိုက်သည်။

“အရမ်း နောက်ကျသွားပြီ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset