ရှေးဟောင်း အင်ပါယာသည် ရပ်လျက်ဖြင့် သေချာ ကြည့်လိုက်သည်။ ထို့နောက် သူက မနေနိုင်တော့ဘဲ ရေရွတ်လိုက်သည်… “ဒီမှာလည်း နောက်ထပ် အတားအဆီးတွေ ဆက်တိုက်ပါပဲလား… ဒီလူကတော့ တကယ်ကို ဉာဏ်များတဲ့လူပဲ…”
သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်အလံ၄ခု ပေါ်လာပြီး သူ၏ဘေးပတ်လည် အရပ်လေးမျက်နှာတွင် စိုက်သွား၏။
သူ၏မျက်လုံးက ရုတ်တရက် နက်မှောင်လာပြီး သူက လက်ကို လှုပ်ရှားလိုက်ရာ အလံ၄ခုက ရုတ်တရက် ကြီးမားလာသည်။ ထို့နောက် အလံ၄ခုက သူ့ခန္ဓာကိုယ်ကို စတင် လည်ပတ်လာပြီး အဖြူရောင် မြွေများကို ထုတ်ပေးကာ ဝမ်လင်းရှိသို့ နေရာဆီသို့ ပစ်လွှတ်လိုက်၏။
ထိုမြွေဖြူများသည် အတားအဆီးများကို ခဏလောက် စက်ဝိုင်းပုံစံ ပတ်နေပြီး မြွေတစ်ကောင်က အနီးရှိ ကျောက်တုံး တစ်ခုဆီသို့ ပြေးဝင်သွား၏။
ဝမ်လင်းသည် များစွာသော အတားအဆီးများ၏ အလယ်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူက ကြောက်ရွံ့ခြင်းလည်း မရှိသကဲ့သို့ အံ့ဩနေခြင်းလည်း မရှိချေ။ သူက ၁၀နှစ်ကျော် လေ့လာထားသည့် သူ၏ အတားအဆီး နည်းစနစ်များ ပေါ်တွင် အလွန် ယုံကြည်မှု ရှိ၏။ ထို့အပြင် ဤအတားအဆီးများကို သူက တစ်နှစ်နီးပါး အချိန်ယူပြီး တည်ဆောက် ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရှေးဟောင်း အင်ပါယာက အထူးနည်းလမ်းတွေ သုံးလာလျှင်တောင်မှ ဝမ်လင်းက ကြောက်ရွံ့ နေလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူက သရော်ပြုံးလေးနဲ့သာ ကြည့်နေမည် ဖြစ်သည်။
ရှေးဟောင်း အင်ပါယာက ဤအတားအဆီးများသည် သူ့ရှေ့မှလူက တမင်သက်သက် ထားခဲ့သော အတားအဆီးများ ဖြစ်သည်ကို သတိပြုမိ၏။ သူက သတိမပြုမိလျှင်လည်း ထိုအတားအဆီးများကြောင့် ဒဏ်ရာ ရသွားနိုင်သည်။
မြွေများသည် တွန့်သွားကြပြီး ပို၍ လျင်မြန်စွာ လှုပ်ရှား လာကြသည်။ ထို့နောက် သူတို့ အားလုံးသည် ဝမ်လင်းချထားသည့် အတားအဆီးများမှ တစ်ခုရှိရာသို့ ထိုးဆင်း သွားကြ၏။
ကျောက်တုံးက ကြည့်လျှင်သာ သာမန်ဟု ထင်ရသော်လည်း မြွေဖြူများကြောင့် ကျောက်တုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူတစ်ယောက် ဖြတ်သန်း သွားနိုင်သည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်။
ရှေးဟောင်း အင်ပါယာသည် ထိုလမ်းကြောင်းကို ကြည့်လိုက်ပြီး မြွေမြူများကို ပြန်သိမ်းလိုက်ကာ ထိုနေရာကို ဂရုတစိုက် စစ်ဆေး လေ့လာလိုက်သည်။
ရှေးဟောင်း အင်ပါယာသည် ဤတောင်ရှိ အတားအဆီးများကို ဖြတ်ကျော်ရာတွင် အလွန် အတွေ့အကြုံ ရှိ၏။ ထို့ကြောင့် သူက ဂရုတစိုက် ဆောင်ရွက်ခြင်းဖြင့် အတားအဆီးများထဲရှိ အန္တရာယ်များကို လျှော့ချနိုင်ခဲ့သည်။ သူက ဂရုမစိုက်လျှင်လည်း ကြီးမားသော အတားအဆီးများ ကြားထဲတွင် ပိတ်မိ သွားပေလိမ့်မည်။
ယခုအချိန်တွင် သူက တောင်ထိပ်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။ သူကသာ နှစ်၁၀၀၀နီးပါး အတားအဆီးနည်းစနစ်များကို မလေ့လာခဲ့လျှင် အခုအချိန်တွင် ဒုက္ခ တွေ့နေလောက်ပြီ ဖြစ်၏။
ရှေးဟောင်း အင်ပါယာသည် ဤအတားအဆီးနှင့် ပတ်သက်၍ အလွန် ဂရုစိုက်နေသည်။ သူက မြေပြင်တွင် ထိုင်ချလိုက်ပြီး မြွေမြူများကို ထိန်းချုပ်ကာ အတားအဆီးများ ကြားထဲသို့ တဖြည်းဖြည်း ထိုးဖောက် ဝင်ရောက် စေလိုက်၏။
ဝမ်လင်းက သရော်ပြုံး ပြုံးလိုက်သည်။ သူနှင့် ရှေးဟောင်း အင်ပါယာကြားရှိ အကွာအဝေးသည် ၁၀ပေတောင် မရှိပေ။ သို့သော်လည်း ရှေးဟောင်း အင်ပါယာက သူ့အား သတိမပြုမိချေ။ ဤနေရာတွင် အတားအဆီးများ မည်မျှရှိသည်ကို ဝမ်လင်းမှလွဲ၍ မည်သူမှ သိလိမ့်မည် မဟုတ်ပေ။
ပြောရလျှင် ဝမ်လင်းသည် ၁၀နှစ် လေ့လာခဲ့သမျှ၊ တတ်ကျွမ်းခဲ့သမျှကို သူ၏ အနီးအနား ဝန်းကျင်တွင် အတားအဆီးများ ပြုလုပ်ထားခြင်း ဖြစ်၏။
တစ်လကြာပြီးနောက် ရှေးဟောင်း အင်ပါယာက သူ့ရှေ့ရှိ လမ်းကြောင်းကို သုန်မှုန်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့ရှေ့မှလူသည် အလွန် ဉာဏ်များသည့် လူတစ်ယောက် ဖြစ်သောကြောင့် သူက ဤအတားအဆီးသည် အလွန် ရှုပ်ထွေးမည်ဟု တွေးခဲ့သည်။
သို့သော်လည်း ၁လကြာအောင် သေသေချာချာ လေ့လာပြီး နောက်တွင် အတားအဆီးများက အလွန် ရိုးရှင်းနေသည်ကို တွေ့ရသည်။ ဤအချက်က သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေ၏။ တစ်ခု ကောင်းသွားသည့် အချက်အား သူသည် ဤကဲ့သို့ အတားအဆီးများအား အရှေ့တွင် တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
သူက လေကို ပြင်းပြင်း ရှူသွင်းပြီး တောင်ပေါ်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက ထိုထူးဆန်းသော လူကို တွေ့လျှင် သင်ခန်းစာ တစ်ခုတော့ ပေးမည်ဟု စိတ်ထဲတွင် ဆုံးဖြတ် လိုက်သည်။ ထိုလူအပေါ်တွင် ရှိသော သူ၏ အမုန်းများသည် ယခုအချိန်တွင် လွန်လွန်ကဲကဲ ဖြစ်နေလေပြီ။
သို့သော်လည်း ရှေးဟောင်း အင်ပါယာက သတိရှိသော လူတစ်ယောက် ဖြစ်သည်။ သူက အမုန်းများကို ပြန်သိမ်းထား လိုက်ပြီး လေကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။ ထူးဆန်းသောလူ၏ အတားအဆီးများက ရုတ်တရက် ပြောင်းလဲသွားသဖြင့် စိတ်ထဲတွင် မတင်မကျ ဖြစ်နေလေသည်။ ယခင်က အစစ်ဟု ထင်ခဲ့သည့် အတားအဆီးများသည် အတုဖြစ်နေပြီး အတုဟု ထင်ခဲ့သည့် အတားအဆီးများသည် အစစ်များ ဖြစ်နေပြန်သည်။ ထိုသို့သော အခြေအနေမျိုးကို အရှေ့တွင် သူက အကြိမ်များစွာ ကြုံတွေ့ခဲ့ရ၏။
နောက်ဆုံးတွင် ရှေးဟောင်း အင်ပါယာသည် စိတ်ကို လျှော့လိုက်ပြီး ရှေ့သို့ လျှောက်သွား လိုက်၏။
သူက လမ်းကြောင်းဆီသို့ လျှောက်သွား သော်လည်း ၅ပေတောင် မသွားရသေးခင်မှာတင် သူ၏အကြည့်က ဘေးနားရှိ ကျောက်တုံးများဆီသို့ ရောက်သွား၏။ ဘေးပတ်ဝန်းကျင်ရှိ ကျောက်ချွန်များသည် တစ်ခုပြီးတစ်ခု သူ့ဆီသို့ ပစ်လွှင့်လာသည်။
ရှေးဟောင်း အင်ပါယာသည် သူ့ဆီသို့ ကျောက်ချွန်များ လွင့်ပျံလာသည်ကို မြင်သော်လည်း မအံ့ဩဘဲ စိတ်သက်သာရာ ရသွား၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် အလင်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ ကျောက်ချွန်များက အပြာရောင် အလင်းကို ထိသည်နှင့် အပြာရောင် ပြောင်းသွား၏။
ထို့နောက် လေပြင်းတစ်ခု တိုက်သွားပြီး ကျောက်ချွန်များ အားလုံးက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျ ကုန်သည်။ လမ်းကြောင်း တစ်ခုလုံးလည်း ကျောက်ချွန် အပိုင်းအစများနှင့် ပြည့်သွားလေသည်။
ရှေးဟောင်း အင်ပါယာက ခြေထောက်ကို မြှောက်လိုက်ပြီး ထွက်ပေါက်ဆီသို့ ထွက်သွား လိုက်၏။ သူက ထွက်ပေါက်ဆီသို့ ရောက်တော့မည့် အချိန်တွင် ဝမ်လင်း၏လက်ထဲ၌ ပုံရိပ်ယောင် စက်ဝိုင်းတစ်ခု ပေါ်လာသည်။ သူက ပုံရိပ်ယောင် စက်ဝိုင်းကို လွှတ်လိုက်သည်နှင့် အနီးရှိ အတားအဆီးများ အားလုံး အသက်ဝင် လာလိမ့်မည် ဖြစ်သည်။
ရှေးဟောင်း အင်ပါယာကို သတ်ဖြတ်ရန် အခွင့်အရေးက နည်းသော်လည်း အနည်းဆုံးတော့ ဒဏ်ရာ ရသွားမည်ဖြစ်သည်။
သို့သော်လည်း ပြန်စဉ်းစားလိုက်ပြီး ဝမ်လင်းက ပုံရိပ်ယောင် စက်ဝိုင်းကို ပြန်သိမ်းကာ ရှေးဟောင်း အင်ပါယာအား ထွက်သွားခွင့် ပြုလိုက်သည်။
သူက ရှေးဟောင်း အင်ပါယာအား ထွက်သွားခွင့် ပြုလိုက်ခြင်းမှာ ညီမျှနေသည့် အခြေအနေ တစ်ခုကို မပျက်စီးချင်၍ ဖြစ်သည်။ ရှေးဟောင်း အင်ပါယာကသာ ဒဏ်ရာ ရသွားပါက ဤနေရာတွင် ဒဏ်ရာတွင် ပြန်ကောင်းအောင် လုပ်လိမ့်မည်။ ထိုသို့ ဖြစ်လျှင် သူ့အတွက် အကျိုးရှိမည် မဟုတ်တော့ချေ။
သို့သော်လည်း ဝမ်လင်းက ရှေးဟောင်း အင်ပါယာအား တိုက်ခိုက်သင့်သည်ဟု တွေးကာ နောက်ထပ် ပုံရိပ်ယောင် စက်ဝိုင်းတစ်ခု ဖန်တီးပြီး ပစ်လိုက်သည်။ ထိုအခါ ဝမ်လင်း၏လက်မှ ထွက်သွားသော ပုံရိပ်ယောင် စက်ဝိုင်းက ဝမ်လင်းချထားသည့် အတားအဆီးများ အားလုံးကို အသက်သွင်း လိုက်၏။
ရှေးဟောင်း အင်ပါယာက သူ၏ အတွေ့အကြုံများကြောင့် တစ်ခုခု ဖြစ်သွားသည်ကို ခံစားမိလိုက်သည်။ ယခု သူက လမ်းကြောင်း၏ တစ်ဝက်ကျော်ကိုသာ ရောက်သေး၏။ သူ့ဘေးတွင် အတားအဆီး အလွှာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်ကို သတိပြုမိလိုက်ပြီး အမွေးများ ထောင်ကုန်သည်။ သူ့မျက်နှာကလည်း ရုတ်တရက် မည်းမှောင်သွားပြီး ထွက်ပေါက်ဆီသို့ တရကြမ်း ပြေးသွားလိုက်၏။
ထိုစဉ်တွင် အတားအဆီးများ အားလုံးက အသက်ဝင်လာသည်။
ထို့နောက် ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာပြီး ရှေးဟောင်း အင်ပါယာဆီသို့ ဦးတည် သွား၏။
ရှေးဟောင်း အင်ပါယာ၏မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။ ထိုရောင်စုံ အလင်းတန်းများက တိုက်ခိုက်မှုစွမ်းအား မပါသည်ကို သိနေသည်။ သို့သော်လည်း ရောင်စုံ အလင်းတန်းများက သူ့ကို ထိသွားသည့်နှင့် အတားအဆီးများ ရှိသည့်နေရာကို သူ့အား ပို့ပေးလိမ့်မည် ဖြစ်သည်။
ရှေးဟောင်း အင်ပါယာက ညာလက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ အလံ၄ခုက ပေါ်လာသည်။ ထိုအခါ သူက အလံ၄ခုကို ဝမ်းနည်းသည့် အကြည့်ဖြင့် ကြည့်ပြီး စိတ်စွမ်းအင်များကို အလံ၄ခုဆီသို့ ပို့လွှတ် လိုက်သည်။ အလံ၄ခုက စတင် လည်ပတ်လာပြီး အနက်ရောင် လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ် လာစေသည်။
ထိုအချိန်တွင် ရောင်စုံ အလင်းတန်းများက သူ့ဆီသို့ ရောက်လာသဖြင့် ရှေးဟောင်း အင်ပါယာက အနက်ရောင် လိုဏ်ခေါင်းအတွင်းသို့ အလျင်အမြန် ခုန်ဝင်လိုက်ရာ သူ့ခန္ဓာကိုယ်က ၁၀ပေအကွာခန့်တွင် ပြန်ပေါ်လာသည်။
သူက အတားအဆီးကို ဖြတ်ကျော်ပြီးနောက် ရှေ့သို့ တစ်ဟုန်ထိုး ပြေးသွား လိုက်သည်။ သူ၏နဖူးတွင် ချွေးများ စိုရွှဲနေသည်။ သူက သုန်မှုန်နေသော အမူအရာဖြင့် အတားအဆီးကို ပြန်ကြည့် လိုက်သောအခါ အတားအဆီးသည် ဘာမှ မဖြစ်ခဲ့သည့်အတိုင်း ပုံမှန်အတိုင်း ပြန်ဖြစ်နေ၏။
ထို့နောက် သူက ရှေ့သို့ ပြန်လှည့်ပြီး ဆက်လျှောက် သွား၏။ သူ့ဘေးတွင်လည်း အလံ၄ခုက လှည့်ပတ် နေသည်။
ဝမ်လင်း၏ မျက်လုံးသည် တစ်ချိန်လုံး အလံ၄ခုပေါ်တွင်သာ ရှိနေ၏။ သူ တိုက်ခိုက်လိုက်ရသည့် အကြောင်းရင်းမှာ သူတို့ ၄ယောက်သည် အလွန် ပါးနပ်သည့် မြေခွေးအိုကြီးများ ဖြစ်ကြပြီး သူကသာ မတိုက်ခိုက်ဘဲ ဒီအတိုင်း လွှတ်ပေးလိုက်ပါက ရှေးဟောင်း အင်ပါယာ၏ စိတ်ထဲတွင် သံသယများ ဖြစ်လာနိုင်သည်။
ထိုတိုက်ခိုက်လိုက်မှုက သံသယဝင်မှု အခြေအနေမှ ရှောင်ရှား ပေးနိုင်၏။
ဝမ်လင်းသည် ထိုအလံများ၏ စွမ်းအားကို မသိချေ။ အလံများသည် အပေါက်တစ်ခု ဖန်တီးပေးပြီး ရှေးဟောင်း အင်ပါယာကို လွတ်မြောက် စေသည့်အတွက် ထိုအလံ၄ခုသည် ရှေးဟောင်း အင်ပါယာ၏ ဝှက်ဖဲတစ်ခု ဖြစ်ရမည်ဟု တွေးလိုက်သည်။
ဝမ်လင်းက ခဏလောက် တွေးပြီး ဆက်လက်၍ ထိုင်နေလိုက်သည်။ သူ၏မျက်လုံးများကတော့ တောင်ထိပ်ပေါ်ရှိ ဝဲကတော့ဆီသို့ ရောက်နေလေသည်။
***
လိုအင်၆မျိုး နတ်ဆိုးသခင်သည် တောင်ထိပ်မှ ပေ၁၀၀အကွာတွင် ရှိနေပြီး မျက်နှာက သုန်မှုန်နေသည်။ သူ့ဘေးရှိ လူငယ်ကြောင့်သာ မဟုတ်လျှင် သူက ဝဲကတော့ဆီသို့ လွန်ခဲ့သည့် ၂နှစ်လောက်ကတည်းက ရောက်နေလောက်ပြီ ဖြစ်သည်။
ယခု ရောက်နေသည့် နေရာတွင် သူတောင်မှ အတားအဆီးများကို မထိရဲပေ။ ယခင်တစ်ခါက အတားအဆီး တစ်ခုကို ချိုးဖြတ်ရာတွင် ကျရှုံးပြီး တည်နေရာ ရွှေ့ပြောင်းရေး အလင်းကို အသက်သွင်း လိုက်မိသွား၏။ ထိုအခါ တည်နေရာ ရွှေ့ပြောင်းရေး အလင်းသည် သူ့ဆီသို့ ပြေးဝင်လာ၏။ တည်နေရာ ရွှေ့ပြောင်းရေး အလင်းသည် သူ့အမုန်းဆုံး အရာတစ်ခု ဖြစ်သည်။ သူကသာ တည်နေရာ ပြောင်းခံလိုက်ရလျှင် သူက အသက်ရှင်ရန် ခက်ခဲ သွားပေလိမ့်မည်။ ထို့အပြင် ရှောင်ရန်လည်း အချိန်မရှိသဖြင့် ဘေးမှလူငယ်ကို အကာအကွယ် လုပ်ကာ လွတ်မြောက်ခဲ့သည်။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် လူငယ်၏ အသက်ကို လုံးဝ ဂရုမစိုက်ပေ။ သို့သော်လည်း သူက လူငယ်၏ အပေါ်တွင် ချွေးနှင့်သွေးများ ရင်းထားရသည်။ ထို့ကြောင့် အလင်းက လူငယ်ကို ခေါ်ဆောင် သွားသောအခါ သူက နောက်မှ လိုက်ပြီး ဒုက္ခခံ၍ ပြန်ခေါ်ထုတ်မှသာ လူငယ်ကို ပြန်ရလာခြင်း ဖြစ်သည်။
သူ့ဘေးတွင် လူငယ်က မတ်တတ် ရပ်နေသော်လည်း လူငယ်၏ မျက်လုံးများတွင် အသက် လက္ခဏာများ လုံးဝ မရှိတော့ချေ။ လူငယ်က ရွှေ့ပြောင်းရေး အလင်းတန်းဖြင့် ခေါ်သွားခံရသည့် အချိန်တွင် လူငယ်အား အတားအဆီးများက သတ်သွားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ထူးဆန်းစွာဖြင့် လူငယ်က လိုအင်၆မျိုး နတ်ဆိုးသခင်၏ နောက်သို့ လိုက်နေဆဲ ဖြစ်သည်။ လိုအင်၆မျိုး နတ်ဆိုးသခင်းက ရုတ်တရက် နောက်သို့ လှည့်ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သည်။ သူ့နောက်မှ လူသည် သူ၏အတားအဆီး နောက်တစ်ခုအား ဖျက်ဆီး လိုက်သောကြောင့် ဖြစ်သည်။
သူ့နောက်မှ လူသည် သူ၏ အတားအဆီးများကို ဆက်တိုက် ဖျက်ဆီး လာသောကြောင့် သူ၏အကြီးမားဆုံး ရန်သူအဖြစ် ရင်ထဲတွင် မှတ်သားထားပြီး ဖြစ်သည်။ သူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်… “ဒါ ရှေးဟောင်း အင်ပါယာပဲ ဖြစ်ရမယ်… ဒီနားမှာရှိတဲ့ အတားအဆီးတွေ ကြောင့်သာ မဟုတ်ရင် သူ့ကို သတ်ပစ်ဖို့ အချိန်ကောင်းပဲ … ဒါပေမဲ့ ငါက ဒီပေ၁၀၀မှာ ငါ့ရဲ့အကောင်းဆုံး အတားအဆီးတွေကို ချထားတယ်… မင်း ဘယ်လို ဖြတ်ကျော်ပြမလဲ ငါ မြင်ချင်သေးတယ်…”
ထို့နောက် သူက ဘေးမှ လူငယ်ကို ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်၏။
သူက ရှေ့သို့ ပြန်လှည့်ပြီး ဝဲကတော့ပေါ်မှ အတားအဆီးများကို ကြည့်လိုက်သည်။ သူ၏ စွမ်းရည်နှင့်တောင်မှ ထိုအတားအဆီးများကို ဖျက်ဆီးရန် ခက်ခဲလှသည်။ သူ့ဆရာတောင်မှ ဤနေရာတွင် ရပ်တန့်ခဲ့ရသည် မဟုတ်ပါလား။
သည်တစ်ကြိမ်တွင်တော့ လိုအင်၆မျိုး နတ်ဆိုးသခင်သည် ဤအရာအတွက် ပြင်ဆင်လာခဲ့သဖြင့် သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသည်။ သူက ဘေးမှ လူငယ်ကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်… “ဒီသတ်ဖြတ်သူကို ဖန်တီးဖို့ ငါက နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရတယ် … မင်းက ငါ့ကို ရှေးဟောင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ ကူညီပေးလိမ့်မယ်…”
ထို့နောက် သူက မြေပြင်တွင် ခြေချိတ်ထိုင်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လူငယ်ကလည်း လိုအင်၆မျိုး နတ်ဆိုး သခင်ကဲ့သို့ ထိုင်ချလိုက်၏။ လိုအင်၆မျိုး နတ်ဆိုးသခင်က လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရစ်ပတ်နွယ်သော အစီအရင်တစ်ခု ဖြစ်ပေါ်လာပြီး သူတို့ နှစ်ယောက်လုံးကို ဝိုင်းရံသွား၏။
***