အချိန်က တဖြည်းဖြည်းနှင့် ၃နှစ်ဆိုသည့် ကာလကို ကျော်လွန် လာသည်။ ဝမ်လင်း၏ ဆံပင်များ အားလုံးသည် ယခု အချိန်တွင် လုံးဝ ဖြူနေပြီး မျက်လုံးများက ထက်ရှ နေလေသည်။
ဝမ်လင်းက တောင်ပေါ်တွင် ၁၀နှစ် ကုန်ဆုံး သွားလိမ့်မည်ဟု တစ်ခါမှပင် မတွေးဖူးပေ။ သို့သော်လည်း အချိန်တိုင်း လိုလိုတွင် သူက အတားအဆီး နည်းစနစ်များကို လေ့လာခဲ့သဖြင့် သူ့အတွက် ၁၀နှစ်ဆိုသော အချိန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံး သွားခဲ့၏။
ယခုအချိန်တွင် သူက တောင်ထိပ်မှ ပေ၆၀၀၀အကွာတွင် ရှိနေသည်။
သုံးနှစ် ကုန်ဆုံး ပြီးနောက် ဝမ်လင်းထံတွင် စိတ်ဝိညာဉ် အရည်များက အနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် သူက စိတ်ဝိညာဉ် အရည်များကို ဂရုတစိုက်ဖြင့် သုံးစွဲ နေရသည်။
အတားအဆီး များကို လေ့လာပြီး ခွဲခြမ်း စိတ်ဖြာ ရသည်မှာ စိတ်ကို အလွန် ဖိစီး စေသည်။ စိတ်၏ စွမ်းအားများက ကုန်ဆုံး လာလျှင် စိတ်စွမ်းအင် များကလည်း ကုန်ဆုံး လာသည်။
ယခု အချိန်တွင် သူက ဆံပင်ဖြူ များကို စည်းထားပြီး အတားအဆီးများ ဝိုင်းရံ နေသည့် ကျောက်ကမ်းပါး တစ်ခုပေါ်တွင် ခြေချိတ်၍ ထိုင်နေ လေသည်။ ထိုအတားအဆီးများ အားလုံးကို ဝမ်လင်းက ညာလက်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင် စက်ဝိုင်းများဖြင့် ဖျက်ဆီး ပစ်လိုက်၏။
ဝမ်လင်းက တောင်ထိပ်နှင့် နီးကပ် လာသည်နှင့် ပို၍ သတိထား လာသည်။ သူ့ရှေ့မှ လူသည် ဒုတိယ စမ်းသပ်မှုကို ဖြတ်ကျော် ပြီးပြီလား သူမသိချေ။ သူ့ရှေ့မှ လူကသာ ဒုတိယ အတားအဆီးကို မဖြတ်ကျော် နိုင်သေးလျှင် နောက်မှ လူများကို စောင့်နေ ပေလိမ့်မည်။ ယခု ဝမ်လင်း ရောက်နေသည့် နေရာမှ အတားအဆီးများသည် အလွန် အားကောင်း၏။ စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်တောင်မှ အသက်ရှင်လျက် လွတ်မြောက် နိုင်ရန် ခက်ခဲ၏။
ထို့နောက် ဝမ်လင်းက အာရုံကို မပြန့်ရဲပဲ အတားအဆီးများ ပေါ်တွင် အာရုံစိုက် ထားလိုက်သည်။
လွန်ခဲ့သည့် ၃နှစ်ကတည်းက နောက်မှ လူကို ဝမ်လင်းက စောင့်ကြည့် နေခဲ့သည်။ လွန်ခဲ့သော ၃နှစ်က နောက်မှ လူသည် အစတွင် အတားအဆီး တစ်ခုကို ရက်သတ္တပတ် အနည်းငယ် ကြာ၏။ ယခု အချိန်တွင်တော့ အတားအဆီး တစ်ခုကို တစ်လကျော် ကြာလာသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မူလ အတားအဆီးများက အားကောင်းလာသည့် အပြင် ဝမ်လင်း ထားခဲ့သော အတားအဆီးများ ကလည်း အားကောင်း လာသောကြောင့် ဖြစ်သည်။ ယခင် တစ်ခုတွင် ချနေသည့် အတားအဆီးသည် လွန်ခဲ့သည့် ၁၀နှစ်ကနှင့် နှိုင်းယှဉ် လိုက်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြား လှသည်။
ဝမ်လင်းက ဖြည်းညင်းစွာဖြင့် လေကို မှုတ်ထုတ် လိုက်ပြီး ရှေ့သို့ ထွက်လိုက်သည်။ သူက နောက်မှလူ၏ အပေါ်သို့ တက်လာသည့် အမြန်နှုန်းကို သိနေသကဲ့သို့ ရှေ့မှ လူကလည်း သူ၏ အမြန်နှုန်းကို သိနေ ပေလိမ့်မည်။ ထို့ကြောင့် ရှေ့တွင်လည်း ပို၍ ကြီးမားသော အန္တရာယ်များ ကြုံလာ လိမ့်မည် ဖြစ်သည်။
ဝမ်လင်းက အေးစက်စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အတားအဆီး များစွာကို ချထား လိုက်၏။ သူက ဤနေရာတွင် တစ်နှစ် နီးပါးခန့် ထိုင်နေ ခဲ့ရသည်။ ရှေ့ကလူက ဘာပဲ လုပ်လုပ် နောက်ကလူက ဘယ်သူပဲ ဖြစ်ဖြစ် သူကတော့ သူရှိခဲ့သည့် နေရာတိုင်းတွင် အတားအဆီးပေါင်း များစွာကို ထားရစ် ခဲ့၏။ ဝမ်လင်းက ရှေ့မှလူ၏ ထောင်ချောက် အတွင်းသို့ မဝင်စေရန် အတွက် ဖြည်းဖြည်း ချင်းသာ သွားနေခဲ့ပြီး အတားအဆီး နည်းစနစ်များကို လေ့လာ နေခဲ့သည်။ ယခုအချိန်တွင် သူက အမှား သေးသေးလေးကိုပင် လုပ်၍ မရတော့သည့် အခြေအနေကို ရောက်နေ လေသည်။
ဝမ်လင်းက ဤနေရာတွင် ၁နှစ် ကြာသွားရသည့် အကြောင်းရင်းမှာ သူ့နောက်မှ လူက သူ့ကို မီသွားပြီး အတားအဆီး များကို အရင် ဖြတ်ကျော်စေချင်၍ ဖြစ်သည်။ သူ့နောက်မှ လူသည် အနိမ့်ဆုံးတော့ စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ဖြစ်သည်။
သူက ယခုချလိုက်သည့် အတားအဆီးသည် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ သူ၏ တည်ရှိမှုကို ဖုံးကွယ်ရန် အတွက် ဖြစ်သည်။
တစ်နှစ်ကြာအောင် အတားအဆီးများကို ပြုလုပ်ပြီး ချထားခဲ့သဖြင့် ဝမ်လင်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသည်။ သူကသာ မလှုပ်ရှားလျှင် တခြားသူသည် သူ့ကို သတိပြု မိရန် အလွန် ခက်ခဲ လိမ့်မည် ဖြစ်သည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်လင်းသည် သူ့နားမှ အတားအဆီး တစ်ခု ဖျက်ဆီး ခံလိုက် ရသည်ကို သတိပြု မိလိုက်၏။
သူက အေးစက်စွာ ပြုံးပြီး လျှာကို သပ်လိုက်ကာ တောက်ပ နေသော မျက်လုံး များဖြင့် နောက်သို့ ကြည့်လိုက်၏။
***
ရှေးဟောင်း အင်ပါယာသည် လွန်ခဲ့သည့် ၃နှစ်ကတည်းက သူ့ဒေါသများ တိုးပွား လာခဲ့သည်။ သူက မူလ အတားအဆီး များကို ဖျက်ဆီးရန် အချိန်များစွာ ပေးရရုံတင် မဟုတ်ဘဲ ရှေ့မှလူ ချန်သွားသည့် အပို အတားအဆီး များကိုလည်း သတိထား နေခဲ့ရသည်။
သူက မူလ အတားအဆီး တစ်ခုကို ဖျက်ဆီး ပြီးသည့် အချိန်တိုင်း နောက်ထပ် အတားအဆီးများစွာက သူ့ကို စောင့်ကြို နေခဲ့သည်။ ထိုအတားအဆီး များက သူ့ကို သေလုနီးပါး ဖြစ်အောင် အကြိမ်ကြိမ် လုပ်ခဲ့၏။
လမ်းတစ်လျှောက်တွင် သူက ရှေ့မှ လူကို စိတ်ထဲမှ ကျိန်ဆဲ လာခဲ့သည်။ တစ်ခါတစ်ရံတွင် မနေနိုင် လွန်းတော့၍ အော်ဟစ်၍ပင် ဆဲလိုက် တော့သည်။ သူအမြင်မှ ကြည့်လျှင် အတားအဆီးများကို ထပ်ချခဲ့သော လူသည် အရမ်း ရက်စက်ဟု ဆိုနိုင်သည်။
တစ်ခါတစ်ရံတွင် အတားအဆီးများက ရိုးရှင်း နေသော်လည်း ထိုအတားအဆီးကို ဖျက်ဆီး ပစ်လိုက်မှ အတားအဆီး အစစ်အမှန်က အသက် ဝင်လာ၏။
ထိုအတားအဆီး နည်းစနစ် အမျိုးအစားသည် သူကသာ အတားအဆီးကို မဖျက်ဆီးလျှင် ဒီအတိုင်း ဖြတ်လျှောက် သွားနိုင်၏။ သို့သော်လည်း အတားအဆီးကို ဖျက်ဆီး လိုက်မည် ဆိုပါက မဆုံးနိုင်သည့် အတားအဆီး များနှင့် ကြုံရလိမ့်မည် ဖြစ်သည်။ သူက တစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်း တော့မှသာ ထိုအတားအဆီး များမှ လွတ်မြောက် ခဲ့ရသည်။
သူက ထိုအကြောင်းများကို တွေးမိတိုင်း သူ့ဒေါသများက ဆူပွက်လာသည်။ သူ့ရှေ့မှ လူကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် လုပ်ပစ် ချင်နေသည်။
တစ်ခါတစ်ရံတွင် အတားအဆီး များက စိတ်စွမ်းအင် များသည် အလွန် အားကောင်း နေသဖြင့် သူက အချိန်များစွာ ပေး၍ လေ့လာ ခဲ့သည်။ သို့သော်လည်း မည်သည့် အန္တရာယ်ကို အာရုံမခံမိပေ။ နောက်ဆုံးတွင် သူက ရတနာ ပစ္စည်းများ သုံးပြီး စမ်းသပ် သော်လည်း အန္တရာယ် မရှိပေ။ ထိုအတားအဆီး နည်းစနစ်မျိုးသည် သူ့ကို လှည့်စားရန် စိတ်စွမ်းအင် များကို ချန်ထားခဲ့ခြင်း ဖြစ်သည်။
သူ့ကို ဒေါသအထွက်ဆုံး ဖြစ်စေသည့် အတားအဆီး နည်းစနစ် မျိုးသည် ကြည့်လိုက်လျှင် သာမန်ဖြစ်ပြီး သေချာ စစ်ဆေး ကြည့်လျှင် စိတ်စွမ်းအင် အရိပ်အယောင် တချို့ကို သတိ ပြုမိ၏။ သူက သေချာ ဂရုစိုက်ကြည့်မှသာ စိတ်စွမ်းအင် အရိပ်အယောင် တချို့ကို တွေ့ရခြင်း ဖြစ်သည်။
သူက ထိုအတားအဆီးကို စိတ်စွမ်းအင်များ သုံး၍ ကြိုးစား ပန်းစား စစ်ဆေး ကြည့်သော်လည်း နောက်ဆုံးတွင် ထိုအတားအဆီးကား အတုအယောင်ဟု နားလည် သွားခဲ့သည်။ ထိုကဲ့သို့ အတားအဆီး နည်းစနစ်မျိုးကို သူဒေါသ အထွက်ဆုံး ဖြစ်သည်။ ဂရုမစိုက် လျှင်လည်း ထိုအတားအဆီးသည် အစစ်အမှန် ဖြစ်နေပါက သူသည် မသေလျှင်တောင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား လိမ့်မည် ဖြစ်သည်။ သူက ကြိုးစားပန်းစား အားထုတ် ခဲ့သော်လည်း ထိုအတားအဆီးက အတုအယောင် ဖြစ်နေသည့် အတွက် ဒေါသ မထွက်ဘဲ ဘယ်လို နေနိုင် ပါမည်နည်း။
လွန်ခဲ့သည့် ၃နှစ်ကတည်းက သူသည် အတားအဆီး အစစ်နှင့် အတုများကို ဆက်တိုက် ကြုံတွေ့ လာရသည်။ သူက တစ်ခါတစ်ရံတွင် အတားအဆီး အစစ်များကို အသက် သွင်းမိပြီး ရတနာများကို ထုတ်သုံး ခဲ့ရသည်။
သူက ပထမ စမ်းသပ်မှုတွင် ရတနာများကို မသုံး ခဲ့ရသော်လည်း ယခု အချိန်တွင် ရတနာ တစ်ဝက်ကျော် အသုံးပြုပြီး ဖြစ်၏။ ထိုတစ်ဝက် ကျော်သည် အကာအကွယ် မှော်ရတနာ များသာ ဖြစ်သည်။
သူက ယခု အချိန်တွင် နောင်တများ ရနေပြီ ဖြစ်၏။ သူက ပထမ စမ်းသပ်မှုတွင် ရတနာများကို အသုံးပြုပြီး ရှေ့မှလူ၏ အရှေ့မှ သွားခဲ့လျှင် သူ၏လမ်းက ယခုထက် ပို၍ ချောမွေ့ နေလိမ့် ပေလိမ့်မည်။
လွန်ခဲ့သည့် ၂နှစ်က ပုံစံ ၃မျိုးနှင့် အတားအဆီးကို မြင်သွားပြီး ကတည်းက အတားအဆီး များကို ချန်ထား ခဲ့သည့် လူများ လိုအင်၆မျိုး နတ်ဆိုးသခင် ဖြစ်ကြောင်း သေချာ သွား၏။ အဘယ်ကြောင့် ဆိုသော် လိုအင်၆မျိုး နတ်ဆိုး သခင် တစ်ယောက်သာ ထိုကဲ့သို့ အတားအဆီး များကို ပြုလုပ် နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
ထို့နောက်တွင် သူနားလည် သွားသည့် အရာကား သူ့ရှေ့တွင် အတားအဆီး ပညာရှင် ၂ယောက် ရှိနေသည်ကို ဖြစ်သည်။ အစက သူသည် လိုအင်၆မျိုး နတ်ဆိုး သခင်ကို ဒေါသူပုန် ထသော်လည်း ယခုမူ ထူးဆန်းသော အတားအဆီး ပညာရှင်ကို ပို၍ ဒေါသူပုန် ထ၏။
ထိုလူ၏ အတားအဆီး များက သူ၏ ရင်ထဲတွင် စိုးရိမ် ပူပန်မှု များကို ချန်ထားခဲ့၏။ အစက ထိုလူ၏ အတားအဆီး နည်းစနစ် များသည် အလွန် ကောင်းမွန်ပြီး အသေးစိတ် ကျသည်။ ထို့အပြင် စွမ်းအား အများကြီး ကိုလည်း မလိုအပ်ပေ။ သို့သော်လည်း နောက်ပိုင်းတွင် ထိုလူ၏ အတားအဆီး နည်းစနစ် များက အလွန် မြန်သည့် နှုန်းဖြင့် တိုးတက် လာသည်။ အတားအဆီး များက ခက်ခဲရုံတင် မဟုတ်တော့ပဲ သူ့ကို အလွန် အံ့အားသင့် မှင်တက် လာစေသည်။
အစက သူသည် အတားအဆီးများကို ဖြတ်ကျော် ရသည်မှာ လွယ်ကူသည်။ သို့သော် တဖြည်းဖြည်းနှင့် အတားအဆီးများကို ပိုပို၍ ခက်ခဲ လာသည်။
ထိုလူ၏ တည်ရှိမှုက သူ၏ ရင်ထဲတွင် အရေးပါသော နေရာကို ယူလာသည်။ အတားအဆီး နည်းစနစ်များ အရ ထိုလူကသာ သူ၏ ပြိုင်ဘက် ဖြစ်သည်။ ထိုလူက သူ၏ နှစ်တစ်ထောင် အတွေ့အကြုံကို မယှဉ်နိုင်ဟု တွေးထား ခဲ့သော်လည်း ထိုလူ၏ အတားအဆီးများက သူ့ကို ပြောစရာစကား မရှိတော့ လောက်အောင် ဆွံ့အ သွားစေခဲ့သည်။
သူ့ကို အံ့အား အသင့်စေဆုံး အချက်သည် ထိုလူသည် ယခုမှ အတားအဆီး ပညာရပ်ကို လေ့လာခြင်း ဖြစ်သည်။ ထိုအချက်က မယုံကြည်နိုင်စရာ ကောင်းလှ သော်လည်း အမှန် ဖြစ်သည် ကိုတော့ သူ့အနေဖြင့် သေချာ သိ၏။
အစက ထိုလူ၏ အတားအဆီး များသည် ရှုပ်ပွပြီး ကြီးမားသည်။ သို့သော်လည်း ယခု အချိန်တွင် အတားအဆီးကို ရှာတွေ့ရန်ပင် ခက်ခဲ လာသည်။
ထိုလူ၏ အတားအဆီး များတွင် အလွန် မြန်သည့် အမြန်နှုန်း၊ တိုက်ခိုက်နည်း စနစ်၊ အသက် သွင်းသည့် ပုံစံ နှင့် အချိန်ကိုက်နည်း စနစ် အားလုံးကို ပေါင်းစပ်ထား သဖြင့် တုံ့ပြန်ရန်ပင် အလွန် ခက်ခဲ လှသည်။
သူ့စိတ်ထဲတွင် ထိုလူက မြင့်မားသော နေရာတွင် နေရာ ယူထားပြီး ယခု အချိန်တွင် ပို၍ပင် မြင့်မား လာ၏။
သူက အပတ်တကုတ် ကြိုးစား ပြီးနောက် နောက်ဆုံးတွင် အတားအဆီး တစ်ခုကို ကျော်ဖြတ် နိုင်ခဲ့ လေပြီ။ ထို့နောက် သူက သုန်မှုန် နေသည့် မျက်နှာ ထားဖြင့် အပြင်သို့ ထွက်လာ၏။
သူက အပေါ်သို့ မော့ကြည့် လိုက်ရာ တောင်ထိပ်သို့ ရောက်ရန် ပေ၇၀၀၀ကျော် လိုသေး သည်ကို တွေ့လိုက် ရသည်။
ဤနေရာတွင် ပျံသန်း၍ မရချေ။ လွန်ခဲ့သော နှစ်၁၀၀၀က ထူးခြားသော မှော်ရတနာ တစ်မျိုးကို ပိုင်ဆိုင် ထားသည့် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သည် သူ၏ မှော်ရတနာကို အသုံးပြုပြီး တောင်ထိပ်သို့ တည်နေရာ ရွှေ့ပြောင်းခြင်းကို သုံးလိုက်၏။ သူက နေရာမှ ပျောက်ကွယ် သွားသည့်နှင့် ခရမ်းရောင် လျှပ်စီးတန်း တစ်ခု ကျလာပြီး သူ၏ နည်းစနစ်ကို တားဆီး သွား၏။
ထိုအခါ ခရမ်းရောင် လျှပ်စီးကြောင့် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်လုံးသည် အစအန ရှာမရအောင် ပျောက်ကွယ် သွား၏။
ထိုမြင်ကွင်းက ကျင့်ကြံသူ အားလုံးကို တိတ်ဆိတ် သွားစေပြီး အားလုံးကို ပျံသန်းရန် ကြိုးစား ကြမည့်အစား မြေပြင်မှသာ သွားကြရန် ရွေးချယ် သွားစေ ခဲ့သည်။
ရှေးဟောင်း အင်ပါယာသည် ၁လကြာအောင် ဆက်၍ တက်လာခဲ့သည်။ သူနှင့် ဝမ်လင်း ကြားမှ အကွာအဝေး သည်လည်း နီးသည်ထက် နီးလာသည်။ ဝမ်လင်းသည် ပထမဆုံး အကြိမ်အဖြစ် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်က အတားအဆီးကို ဖြတ်သန်းသည့် မြင်ကွင်းအား မြင်ရတော့မည် ဖြစ်သည်။
ဒီနေ့တွင် ရှေးဟောင်း အင်ပါယာက ဝမ်လင်းနှင့် ၁၀ပေ အကွာတွင် မတ်တတ် ရပ်နေသည်။ သူ့အကြည့်က ရုတ်တရက် ဝမ်လင်း ထိုင်နေသည့် နေရာသို့ ရောက်သွားပြီး ထူးဆန်းသော အလင်းရောင် တစ်ချက် လက်သွား၏။
***
`