အခန်း (၁၈) မင်း ကျုပ်ကိုရှာနေတာလား
ဝူကျိ ကျန်းလန်ကို သတ်ဖြတ်မည်ကို အားလုံးက သွေးအေးအေးဖြင့် ကြည့်နေကြသည်။
ကျန်းလန်ကို လွယ်လွယ်နှင့် သတ်ဖြတ်နိုင်မည်ဟု ဝူကျိက ယူဆထားသည်။
အမှန်ဆိုလျှင်… ကျန်းလန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူတစ်ယောက်ကို သတ်ဖြတ်ရန် ဓားကွက် (၂)ကွက်ပင် သုံးစရာ မလိုပေ။ ဓားတစ်ချက်တည်းဖြင့် ကျန်းလန်၏ ကံကြမ္မာ အဆုံးသတ်သွားမည် ဖြစ်သည်။
သို့သော်…
ဝူကျိ ကျန်းလန်ကို ဓားဖြင့် ထိုးစိုက်ချလိုက်ချိန်မှာပင်… သူမရှေ့မှ ကျန်းလန် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ဝူကျိ၏ ဓားချက်က လေကိုသာ ထိုးစိုက်မိသွားသည်။
ဝူကျိ အံ့သြခြင်းမက အံ့သြသွားပြီး…
“သူ … သူ…ဘယ်ရောက်သွားတာလဲ…”
ရေရွတ်လိုက်ရင်း ဝူကျိ အခြားလူ (၃)ယောက်ကို လှည့်ကြည့်လိုက်သည်။
သို့သော်… တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဝူကျိ ကြက်သေသေသွားလေသည်။
အဘယ်ကြောင့်ဆိုသော်… သူမ၏ အဖော် (၃)ယောက်လုံးမှာ ဒဏ်ရာများရရှိထားပြီး တစ်ကိုယ်လုံး သွေးများနှင့် ဖုံးလွှမ်းနေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်၏။
သူတို့ (၃)ယောက်လုံး၏ မျက်နှာများထက်တွင် မယုံကြည်နိုင်ခြင်း ၊ ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နက်လျှက် ရှိကြသည်။
“ဘာ… ဘာတွေဖြစ်ကုန်တာလဲ…”
ဝူကျိ စဉ်းစားနေစဉ်မှာပင်… သူမခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သည့် ထိုးနှက်မှုတစ်ခု လာရောက်ထိမှန်သည်ကို ခံစားလိုက်ရသည်။
သူမ ချက်ချင်းပင် အဝေးတစ်နေရာသို့ လွင့်ထွက်သွားပြီး လဲကျသွားလေ၏။
လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား ခံစားလိုက်ရပြီး မခံမရပ်နိုင်အောင် နာကျင်လွန်းသည့် ခံစားချက်က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သူမ လှုပ်ရှားကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော်… လုံး၀ လှုပ်ရှားမရနိုင်တော့ပေ။
သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ဝူကျိ ချက်ချင်းနားလည်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
“ဘာလဲ… မင်း ကျုပ်ကိုရှာနေတာလား…”
ဝူကျိ၏နားထဲတွင် အေးစက်သည့် စကားသံတစ်သံ ကြားလိုက်ရသည်။
ထိုအသံက ကျန်းလန်၏ အသံဖြစ်ကြောင်း သူမ သိရှိလိုက်သည်။
သူမ သေရပေတော့မည်…။ ကျန်းလန်က သူမတစ်ကိုယ်လုံးကို အမှုန့်ချေ သတ်ဖြတ်ပစ်ခဲ့လေပြီ။
“ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ထိုမေးခွန်းက ဝူကျိစိတ်ထဲ နောက်ဆုံး ဝင်ရောက်လာသည့် အတွေးဖြစ်ပြီး သူမ လုံး၀ အသိစိတ်ကင်းမဲ့သွားလေတော့သည်။
သူမ၏ဘ၀ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး နောက်ထပ် နာကျင်ခြင်းများကို ခံစားရတော့မည် မဟုတ်ပေ။
ကျန်းလန်က သူမကို အရေးစိုက်မနေတော့ပေ။
သူ့လက်ချက်ဖြင့် ဒဏ်ရာရထားသည့် ကျန်လူ (၃)ယောက်ကို ကျန်းလန် အေးစက်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ရန်သူ ဘယ်နှစ်ယောက်ရှိကြောင်း စစ်ဆေးမေးမြန်းရမည် ဖြစ်သည်။
ဝူကျိကို သတ်ဖြတ်ပစ်လိုက်သောကြောင့် ကျန်းလန်အတွက် ဆိုးဝါးသည့် သက်ရောက်မှုရှိလာမည်ဆိုလျှင်တောင်မှ သူ အရေးစိုက်မည် မဟုတ်ပေ။
အခြေအနေများ မဆိုးဝါးပါက သူက မသိသလို ခေါင်းပြန်လျှိုနေရန်သာရှိသည်။
သို့တည်းမဟုတ်… သူ့ကို ထိခိုက်စေမည်ဆိုပါက ပြဿနာကိုကိုင်တွယ်ဖြေရှင်းရန် နောက်ထပ်နည်းလမ်းတစ်ခု စဉ်းစားရပေလိမ့်မည်။
ထို့ပြင်… ယခုအချိန်တွင်သာ ဂိုဏ်းတူအစ်မလ’လုန်’ ရောက်ရှိလာပါက သူ့အနေဖြင့် ပြဿနာက ဖြေရှင်းရနိုင်တော့မည် မဟုတ်ပေ။
ဝူကျိကို သတ်ဖြတ်ခြင်းအတွက် သေချာပေါက် အရေးယူခြင်း ခံရပေလိမ့်မည်။
သို့မဟုတ်… မှော်ရုံနယ်မြေသို့ ဝင်ရောက်လာကြသည့် အဖွဲ့ဝင်များအားလုံး သေကြေသွားကြပြီး သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ပြန်ပါကလည်း သေချာပေါက် ပြဿနာတက်ဦးမည် ဖြစ်သည်။
သားရဲဒီရေလှိုင်းနှင့်ရင်ဆိုင်ရချိန်တွင် ကျန်းလန်တစ်ယောက်ကိုကယ်တင်ရန်အတွက် အခြားတပည့်များအားလုံး အသက်စွန့်သွားသည်ဟု ပြောပါက မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။
သူတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့မည်ဆိုလျှင်… သူ့ကို လူတိုင်းက ပစ်မှတ်ထား အာရုံစိုက်လာကြပေလိမ့်မည်။ ထိုအချက်က သူ့အနာဂတ်အတွက် ကောင်းကျိုး မရှိနိုင်ပေ။
ကျန်းလန် ကျန်လူ (၃)ယောက်ကို လှည့်ကြည့်လိုက်သည်။
ကျန်းလန်၏ အေးစက်သည့်အကြည့်ကို ရင်ဆိုင်ရသည်နှင့် ထိုသူများ အံ့သြမှင်တက်နေရာမှ သတိပြန်ဝင်လာကြသည်။
သူတို့ထဲမှ တစ်ယောက်က…
“မင်းတို့ ဒီကောင့်ကို ခဏထိန်းထားလိုက်… ကျုပ် ခေါင်းဆောင်ကို အမြန်သတင်းသွားပို့လိုက်မယ်…”
ပြောပြီးသည်နှင့် ထိုသူက လျှင်မြန်စွာ ထွက်ပြေးသွားလေတော့သည်။
ကျန်းလန်က ထွက်ပြေးသွားသူကို အရေးမစိုက်ပေ။
သူက ကျန်လူ (၂)ယောက်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
“မင်းတို့ရော ထွက်မပြေးကြဘူးလား…”
ကျန်းလန်က သူတို့ကို ကြည့်ပြီး မေးလိုက်သည်။
ထိုသူများ အလွန်ကြောက်ရွံ့တုန်လှုပ်နေကြဟန် ရှိလေသည်။
သို့သော်… ကြောက်ရွံ့နေရုံမျှဖြင့် ကိစ္စမပြီးပေ။ သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ကျန်းလန်ရှိရာသို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
သူတို့ထဲမှ တစ်ယောက်က…
“မင်းကို ဒီလောက်အစွမ်းကြီးမယ်လို့ ထင်မထားဘူး…”
ဟုတ်ပေ၏…။
သူတို့ရှေ့မှလူငယ်သည် ချီစွမ်းအားသန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည်။ ဤမျှ အစွမ်းကြီးနေသည်မှာ လုံး၀ မဖြစ်နိုင်သည့် ကိစ္စပင်…။
ထိုလူငယ်သည် စက္ကန့်ပိုင်းတွင်း ဝူကျိကို မည်သို့မည်ပုံ သတ်ဖြတ်လိုက်နိုင်ပါသနည်း။ တိုတောင်းလှသည့် အချိန်ခဏလေးအတွင်း လူတစ်ယောက်ကို မည်သို့ အမှုန့်ချေပစ်လိုက်ပါသနည်း။
ဤသို့သောတိုက်ခိုက်ပုံမျိုးက မှော်ဝင်ပစ္စည်းအသုံးပြုပြီး တိုက်ခိုက်ခြင်း မဟုတ်သည်မှာထင်ရှားသည်။
ကျန်းလန်က သူ့ထံသို့ ပြေးဝင်လာသူ (၂)ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက်… ကျန်းလန်က ခန္ဓာကိုယ်ကို ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး ထိုလူ (၂)ယောက်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
“ဘုန်း…”
သူ့အနားသို့ အရင်ဆုံးရောက်ရှိလာသူတစ်ယောက်ကို ကျန်းလန် လက်သီးဖြင့် ထိုးချလိုက်သည်။
ထိုသူမှာ ချက်ချင်းပင် သွေးမှုံအဖြစ် ပြောင်းလဲသွားလေတော့၏။
ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည်နှင့် နောက်တစ်ယောက်မှာလည်း ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်ခြင်း မရှိတော့ပေ။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်ပြန်လှည့်ပြေးလေတော့သည်။
“သူက အရမ်းစွမ်းအားကြီးတယ်… ၊ အရမ်း ကြောက်စရာကောင်းလွန်းတယ်…”
ထိုလူငယ်၏ တိုက်ခိုက်မှုက ရိုးရှင်းသည့် လက်သီးချက်တစ်ချက်မျှသာ ဖြစ်သည်။
သို့သော်… လက်သီးချက်တွင်ပါဝင်သည့် ခွန်အားက ကြီးမားလွန်းလှသည်။
သူ့တွင်ရှိသမျှ ခွန်အား အားလုံးကို အသုံးပြုလျှင်ပင် ထိုလူငယ်ကို မမီနိုင်ပေ။ ကျန်လန်ရှေ့တွင် သူတို့က အလွန်ပင် စွမ်းအားနည်းသူများအဖြစ် ပြောင်းလဲသွားကြသည်။
ကျန်းလန်ကို မည်သို့မှ မနိုင်မရနိုင်ကြောင်း သိရှိလိုက်သည်နှင့် ထိုသူက ချက်ချင်းလှည့်ပြေးခြင်း ဖြစ်သည်။
ကျန်းလန်ကတော့ ခပ်အေးအေးပင် ထိုသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို အသုံးပြုကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ချက်ချင်းပင်… ကျန်းလန် ထိုသူ၏နံဘေးသို့ ရောက်ရှိသွားလေ၏။
ကျန်းလန် ရုတ်တရက် သူ့အနားသို့ ရောက်လာကြောင်း သိလိုက်သည်နှင့် ထိုသူက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ထို့နောက် … ကျန်းလန်ရှိရာနှင့် ဆန့်ကျင်ဘက်အရပ်သို့ လှည့်ပြေးရန် ဟန်ပြင်တော့သည်။
သို့သော်…
“ဘုန်း…”
ထိုလူ၏ အကြောက်တရားများကို ကျန်းလန်က လက်သီးတစ်ချက်ဖြင့် အဆုံးသတ်ပေးလိုက်သည်။
လေထဲတွင် သွေးမှုံများလွင့်ပျံသွားလေသည်။
ထို့နောက်… ကျန်းလန်က ပထမဆုံး ထွက်ပြေးသွားသူနောက်သို့ ချက်ချင်းပင် လိုက်သွားလေသည်။
ထိုသူပြောသွားသည့် “ခေါင်းဆောင်ကို သတင်းသွားပို့မယ်…” ဆိုသောစကားအရ သူတို့အုပ်စုတွင် အခြားကြံရာပါများ ရှိနေသေးသည်မှာ ထင်ရှားသည်။
ထို့ကြောင့်… ကျန်းလန်က အခြေအနေကို သွားရောက်လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် အနေဖြင့် ရန်သူများကို ကိုယ်တိုင်ရှာဖွေစရာ မလိုပေ။ သတင်းသွားပေးမည့်လူနောက်သို့ အေးအေးဆေးဆေး လိုက်သွားခြင်းဖြင့် အကြောင်းစုံ သိရှိရမည် ဖြစ်သည်။
သို့သော်… ထိုသူ ကျန်းလန်အကြောင်းကို ပြောမပြနိုင်ခင်မှာပင် အပြတ်ရှင်းပစ်ရန် ဆုံးဖြတ်ထားသည်။
သူ မည်မျှ တန်ခိုးစွမ်းအားမြင့်မားကြောင်း မျက်မြင်တွေ့သူမှန်သမျှ တစ်ယောက်မှ အရှင်ထား၍ မဖြစ်ပေ။ မဟုတ်ပါက ကျန်းလန် ပြဿနာအကြီးအကျယ် တက်သွားပေလိမ့်မည်။
ထိုခဏမှာပင်… ကျန်းလန်၏ ခန္ဓာကိုယ်မှ မြူခိုးများ ထွက်ပေါ်လာလေသည်။ ထိုမြူခိုးများက ကျန်းလန်၏ မျက်နှာ ၊ ပုံပန်းသဏ္ဍန်နှင့် အခြားလျှို့ဝှက်ချက်များအားလုံးကို ဖုံးကွယ်ပေးလိုက်သည်။
အခြားသူများအနေဖြင့် ကျန်းလန်ကို လူတစ်ယောက်အဖြစ်သာ တွေ့မြင်ရမည်ဖြစ်သည်။ သို့သော်… မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရမည် မဟုတ်ပေ။
ကောင်းကင်ဘုံသည်ပင် ကျန်းလန် မည်သူဖြစ်ကြောင်း သိရှိနိုင်မည် မဟုတ်ပေ။
ဤသည်က ကျန်းလန်၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားပင် ဖြစ်၏။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ရရှိပြီးနောက်ပိုင်း… ဤတန်ခိုးစွမ်းအားကို ထွင်းဖောက်ကာ သူ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ကျန်းလန်ကိုတွေ့လျှင် အားလုံးက သာမန်တပည့်တစ်ယောက်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။ သစ်ရွက်အမြင်တန်ခိုးစွမ်းအား မပျက်စီးသရွေ့ သူ၏လျှို့ဝှက်ချက်များကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
လောလောဆယ်တွင် သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားက ထင်သလောက် အဆင့်မမြင့်သေးပေ။ တစ်စုံတစ်ယောက်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားလျှင် ကျန်းလန် အာရုံခံနိုင်စွမ်း မရှိသေးပေ။
သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ သစ်ရွက်အမြင်တန်ခိုးစွမ်းအားသည်လည်း အဆင့်မြင့်လာမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင်တော့… တစ်စုံတစ်ယောက်က သူ့ကို ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားလျှင် အာရုံခံနိုင်စွမ်း ရှိလာမည် ဖြစ်သည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်လိုက်ပြီးနောက် ကျန်းလန် မြူခိုးများကြားတွင် လမ်းလျှောက်လာလေသည်။
မြူခိုးများ လွင့်ပြယ်စေမည့် အစီအရင်ကို ကျန်းလန် အသုံးမပြုတော့ပေ။ မြူခိုးများကို အကာအကွယ်ယူထားခြင်းအားဖြင့် အခြားသူများ သူ့ကိုရှာဖွေရန် ခက်ခဲစေမည် မဟုတ်ပါလား။
သိပ်မကြာမီ…
မုန်တိုင်းတစ်ခုအလား ကြီးမားသည့် တန်ခိုးစွမ်းအားကြီးတစ်ခုထွက်ပေါ်လာသည်ကို ကျန်းလန် ခံစားလိုက်ရသည်။ မိစ္ဆာသားရဲများ ဟိန်းဟောက်သံ ခပ်သဲ့သဲ့ကိုလည်း ကြားလိုက်ရသည်။
ရှေ့မှ ပြေးနေသူနောက်သို့ ကျန်းလန် အေးအေးသက်သာ လိုက်လာရင်းမှ…
“ငါ… ရောက်ခါနီးပြီထင်တယ်…”
ဟု တွေးလိုက်သည်။
ရန်သူရှိရာနေရာကို သိရှိရန် သိပ်မဝေးတော့ဟု ကျန်းလန် ခံစားလိုက်ရလေသည်။
***
ကျန်းလန် မြူခိုးများအလယ်လမ်းလျှောက်ရန်း ရန်သူများကို လိုက်ရှာနေချိန်တွင်… မှော်ရုံနယ်မြေတစ်နေရာတွင်တော့ မြူခိုးများကင်းစင်နေသည့် နေရာတစ်နေရာ ရှိနေလေသည်။
ထိုနေရာတွင် အကာအကွယ်စည်းဝိုင်းတစ်ခုရှိနေပြီး မိစ္ဆာသားရဲအုပ်စုက ထိုစည်းဝိုင်းအတွင်းမှလူများကို တိုက်ခိုက်ရန် ချောင်းမြောင်းနေကြသည်။
အကာအကွယ်စည်းဝိုင်းထဲတွင် ကျင့်ကြံသူ (၁၀)ယောက်ခန့် ရှိနေလေသည်။ သူတို့အားလုံး ဒဏ်ရာများ ရရှိထားကြသည်။
ကျင့်ကြံသူအုပ်စုကို ဦးဆောင်သူမှာ မိန်းမပျို (၂)ယောက်ဖြစ်ပြီး (၂)ယောက်လုံးက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ထိုမိန်းမပျို (၂)ယော်ကအနက်… တစ်ယောက်မှာ လုန်ယွိ ဖြစ်လေသည်။
လုန်ယွိ၏ လက်များထက်တွင် နဂါးအကြေးခွံပမာ အကြေးခွံများ ထွက်ပေါ်နေပြီး ဦးခေါင်းထက်တွင်လည်း နဂါးဦးချိုများထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးများဖုံးလွှမ်းလျှက် ရှိသည်။
စည်းဝိုင်းထဲမှ တပည့်အချို့မှာ သူမအဖွဲ့ထဲမှ အဖွဲ့ဝင်များဖြစ်ကြပြီး အချို့မှာ အခြားအဖွဲ့မှ တပည့်များ ဖြစ်ကြသည်။
“တစ်စုံတစ်ယောက်က သားရဲတွေကို ထိန်းချုပ်နေတာပဲ…”
လုန်ယွိ ရေရွတ်လိုက်၏။
နဂါးမျိုးနွယ်ဖြစ်သည့် လုန်ယွိ အခြေအနေကို ချက်ချင်းနားလည်နိုင်စွမ်း ရှိလေသည်။
လုန်ယွိဘေးနားမှ မိန်းမပျိုက…
“ဂိုဏ်းတူအစ်မသာ မြူခိုးတွေကို ဖယ်ရှားပစ်နိုင်တဲ့ အစီအရင်ကို မသိဘူးဆိုရင် ကျွန်မတို့ အခုချိန်ထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး ၊ ဒါဆိုရင် ရန်သူက သားရဲဒီရေလှိုင်းနဲ့ မြူခိုးတွေကိုအသုံးပြုပြီး ကျွန်မတို့ကို အမြန်ဆုံးသတ်ပစ်မှာပဲ…”
ထိုမိန်းမပျို၏ နာမည်က လင်စီးယာဖြစ်သည်။
သူမသည်လည်း တတိယတောင်ထွတ်မှ တပည့်တစ်ယောက် ဖြစ်ပြီး လုန်ယွိ၏ ဂိုဏ်းတူညီမလေး ဖြစ်လေသည်။
လင်စီးယာမှာ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သားရဲအုပ်ကြီးကိုကြည့်ပြီး အစွမ်းမဲ့သလို ခံစားနေရသည်။
သူမတစ်ယောက်တည်း ထိုသို့ ခံစားနေရခြင်း မဟုတ်ပေ။
သူမနောက်တွင်ရပ်နေသည့် တပည့်များအားလုံး မိစ္ဆာသားရဲအုပ်ကြီးကိုကြည့်ရင်း ကူရာကယ်ရာမဲ့သည့်အလား ခံစားနေကြရခြင်းဖြစ်သည်။
အခြေအနေက… သူတို့အတွက် လုံး၀ လွတ်လမ်းမရှိတော့သည့် အနေအထားမျိုး ဖြစ်နေသည် မဟုတ်ပါလား။