လွန်ခဲ့သည့် ၇နှစ် အတွင်းတွင် သူက အတားအဆီးများကို ချိုးဖြတ်ပြီးသည့် အကြိမ်တိုင်း အတားအဆီးကို အနည်းငယ် ပြောင်းလဲပစ်ပြီး အတားအဆီး တချို့ ထပ်ပေါင်း ပေးခဲ့သည်။
တစ်ယောက်ယောက်က ကံမကောင်းဘဲ ဝမ်လင်း၏ ထပ်ပေါင်းပေးခဲ့သည့် အတားအဆီးကို ဖြတ်ကျော်လျှင် ထိုလူက မသေလျှင်တောင်မှ အရေပြား တစ်လွှာလောက်တော့ ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
၇နှစ်အတွင်း လေ့လာခဲ့မှုကြောင့် ယခုအချိန်တွင် ဝမ်လင်းက အတားအဆီးများ အားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်နေပြီး အတားအဆီးများကို ယခင်ကထက် ပိုပြီး အစွမ်းထက် သွားအောင် ပြုလုပ်နိုင်နေပြီ ဖြစ်သည်။
ထိုအချက်က ဝမ်လင်းကို အတားအဆီးများ အပေါ် ပို၍ စိတ်ဝင်စား လာစေသည်။ သူ့အနေဖြင့် ဤတောင်မှ ထွက်ခွာရန် မျှော်လင့်ချက်မှာလည်း အတားအဆီးများကို နားလည်အောင် လုပ်ပြီး ဖြတ်ကျော်ရန်သာ ရှိ၏။
၇နှစ်တာ ကာလအတွင်း ဝမ်လင်းက လေ့လာရုံတင် မဟုတ်ဘဲ အတားအဆီးများကို သုတေသန ပြုလုပ်ပြီး ဖြတ်ကျော်ရန် အတွက် အဖြေများကို ရှာခဲ့သည်။ ထိုနည်းလမ်းက များပြားလှသော အတားအဆီးများ၏ အမှားနှင့် ချို့ယွင်းချက်များကို သိလာစေခဲ့သည်။ ဝမ်လင်းက တစ်ခုချင်းစီ အသေးစိတ် မှတ်ထားပြီး အချက်အလက် တစ်ခုမှ မကျန်ခဲ့ရလေအောင် မှတ်သားခဲ့သည်။ ဤသို့ဖြင့် သူက ရှေ့သို့ တစ်လှမ်းချင်း သွားနေခဲ့၏။
ခက်ခဲသည့် အတားအဆီးများ တွေ့သည့်အခါ သူက အခြေခံမှ၍ တဖြည်းဖြည်း နားလည်အောင် လုပ်၏။ သူ့ထံတွင် စိတ်မရှည်မှုများ လုံးဝ မရှိဘဲ အတားအဆီးများနှင့် ပတ်သက်၍ သူ့ကိုယ်သူ တိုးတက် လာအောင် ကြိုးစားခဲ့သည်။
အတားအဆီး နည်းစနစ်များကို အသုံးပြုနိုင်သည့် လူများသည် အများကြီး ရှိသော်လည်း သူတို့ထဲမှ အနည်းငယ်ကသာ အတားအဆီး နည်းစနစ်များကို နက်နက်ရှိုင်းရှိုင်း နားလည်ကြ၏။ ယခုအချိန်တွင် အတားအဆီး နည်းစနစ်များ၌ နှစ်ပေါင်းများစွာ လေ့လာထားသည့် ပညာရှင်များ အနည်းငယ်ကသာ ဝမ်လင်းအား ယှဉ်နိုင်တော့မည် ဖြစ်သည်။
ဝမ်လင်းတောင်မှ သူ့ကိုယ်သူ အံ့ဩရသည်။ သူ၏သာမန်မျှသာ ရှိသော ပင်ကိုစွမ်းရည်က အတားအဆီး ပညာရပ်များကို လေ့လာရာတွင် အလွန် ကောင်းနေခြင်းကြောင့် ဖြစ်သည်။
ဝမ်လင်းက ကျောက်တုံးကြီး ပေါ်တွင် ခြေချိတ် ထိုင်လိုက်ပြီး အဝေးမှ တိမ်တိုက်ကို ကြည့်လိုက်သည်။ ထိုတိမ်တိုက်ကြီးသည် လုံးဝ လှုပ်ရှားမှု မရှိချေ။
လွန့်ခဲ့သည့် ၂ရက်ကတည်းက ဝမ်လင်းသည် တိမ်တိုက်ကြီးကို ကြည့်ပြီး လေ့လာ နေခဲ့သည်။
သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး စာလုံးတချို့ကို ရေးမှတ် လိုက်သည်။ ထို့နောက် သူက ကျောက်တုံးပေါ်တွင် စာလုံးတချို့ ရေးခြစ်လိုက်၏။
ထိုတိမ်တိုက်၏ ပေါ်ထွက်လာမှုက ဝမ်လင်းကို အတွေးများစေသည်။ ယခုအချိန်တွင် တောင်တစ်ခုလုံး၌ ဝမ်လင်း၏ အတားအဆီးများဖြင့် ပြည့်နေ၏။ တစ်ယောက်ယောက် ကသာ ထိုအတားအဆီးများကို ဖြတ်ကျော်လျှင် ထိုလူက ပျံသန်းလျှင်တောင်မှ ကံကောင်းမှသာ အသက် ရှင်လိမ့်မည် ဖြစ်သည်။
လွန်ခဲ့သည့် ၇နှစ်က အတားအဆီးများကို ဖြတ်ကျော်ရန် သားရဲများကို အသုံးပြုခဲ့ရသည်။ သို့သော်လည်း ယခု အတားအဆီးများ အပေါ် သူ၏ နားလည်မှုနှင့်ဆိုလျှင် အထူးသဖြင့် သူ၏ မျက်လုံးနှင့်ဆိုလျှင် တိမ်တိုက်ကို ခဏသာ ကြည့်ရန် လိုအပ်သည်။ သူက အပြည့်အဝ နားမလည်လျှင် တောင်မှ ထိုအတားအဆီးသည် မည်သည့် အတားအဆီး ဖြစ်ကြောင်း ပြောနိုင်သည်။ ထိုအရာသည် ပျံသန်းမှုကို တားဆီး ထားသည့်အရာ ဖြစ်သည်။
ထိုတိမ်တိုက် အတားအဆီးက အမှန်တကယ်ကို ကောင်းမွန်သည့် အတားအဆီးတစ်ခု ဖြစ်သည်။ ထိုတိမ်တိုက်သာ မရှိလျှင် အတားအဆီးများက ခက်ခဲနေသေးလျှင် တောင်မှ တစ်ယောက်ကိုမှ ဆုံးရှုံးရလိမ့်မည် မဟုတ်ချေ။
တိမ်တိုက်က အတားအဆီးများ ကြားတွင် မသိနိုင်သည့် ပြောင်းလဲမှုများကို တိုးသွားစေသည်။
ထိုကဲ့သို့ အတားအဆီးကတောင်မှ ဝမ်လင်း၏စိတ်ကို ပျာယာခတ် သွားစေခြင်း မရှိချေ။ သူက အရောင်ဖျော့ဖျော့ တောက်နေသော မျက်လုံးနှစ်လုံးဖြင့် တိမ်တိုက်ကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် သူ့လက်ကို ရှေ့သို့ ထုတ်ကာ လှုပ်ရှားလိုက်သည်။
ဝမ်လင်း၏ လက်များက မြန်လွန်းလှ၍ နောက်ချန်ပုံရိပ်များ ဖြစ်ပေါ်စေပြီး နောက်ချန် ပုံရိပ်များသည် တစ်ထောင်ကျော် ဖြစ်ပေါ်နေလေသည်။
ဝမ်လင်း၏လက်မှ ဖြစ်ပေါ်လာသော နောက်ချန် ပုံရိပ်များသည် ပုံရိပ်ယောင် စက်ဝိုင်းကဲ့သို့ ဖြစ်နေ၏။ သူက ရုတ်တရက် လက်များကို ရပ်တန့်ပြီး ညာလက်ကို ရှေ့သို့ တွန်းပို့ လိုက်သည်။ ထိုအခါ ပုံရိပ်ယောင် စက်ဝိုင်းက တိမ်တိုက်ဆီသို့ ပျံသန်းသွား၏။
ပုံရိပ်ယောင် စက်ဝိုင်းက တိမ်တိုက်ထဲသို့ ဝင်သွားပြီးနောက် စတင် ပျောက်ကွယ် လာသည်။ ပုံရိပ်ယောင် စက်ဝိုင်းက တိမ်တိုက်ထဲတွင် လှိုင်းများ ထသွားစေသည်။ ဝမ်လင်းကတော့ ကျောက်တုံးပေါ်တွင် ခြေချိတ်ထိုင်နေပြီး တိမ်တိုက်ကို တစ်ချက်ပင် မကြည့်ချေ။ သူက မျက်လုံး ပိတ်လျက်ဖြင့် တဖြည်းဖြည်း မျက်မှောင်ကြုတ် လာသည်။
ပုံရိပ်ယောင် စက်ဝိုင်းသည် အတားအဆီးများကို ချိုးဖြတ်ရန် ဝမ်လင်း တီထွင်ထားသော နည်းစနစ်တစ်ခု ဖြစ်သည်။ ၇နှစ် ကြာပြီးနောက်တွင် ဝမ်လင်းက ဤနည်းစနစ်၌ ကျွမ်းကျင်နေပြီ ဖြစ်၏။
သူက အတားအဆီးများ၏ ဖွဲ့စည်းပုံနှင့် ဥပဒေသများကို ပုံရိပ်ယောင် စက်ဝိုင်းမှ ဖြစ်ပေါ်လာသည့် လှိုင်းများအပေါ် အာရုံခံကြည့်ရုံဖြင့်ပင် သိနိုင်နေပြီဖြစ်ပြီး မျက်လုံး ဖွင့်ကြည့်စရာ မလိုတော့ပေ။ ထိုအချိန်တွင် သူက မျက်လုံးက ဖွင့်လိုက်ပြီးနောက် လက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်၏။ ဤတစ်ကြိမ်တွင် သူ၏မျက်နှာ အမူအရာက လေးနက်နေပြီး အမွှေးတိုင်တစ်တိုင် ထွန်းစာအချိန်ထိ လက်ကို လှုပ်ရှားနေ၏။ ပုံရိပ်ယောင် စက်ဝိုင်း အလွှာများက သူ့ရှေ့တွင် လျင်မြန်စွာ ဖြစ်ပေါ် နေလေသည်။
ပုံရိပ်ယောင် စက်ဝိုင်း၁၀ခု ဖြစ်ပေါ် လာပြီးသောအခါ ဝမ်လင်းက လေကို ပြင်းပြင်း ရှူရှိုက်ကာ လက်ကို ၁၀ကြိမ် ရှေ့သို့ အလျင်အမြန် တွန်းပို့လိုက်သည်။
ပုံရိပ်ယောင် စက်ဝိုင်း၁၀ခုက တိမ်တိုက်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်သွား၏။
ကြည့်လျှင်သာ ပုံရိပ်ယောင် စက်ဝိုင်းများကို ဖန်တီးရန် လွယ်ကူသည်ဟု ထင်ရသော်လည်း ပုံရိပ်ယောင် စက်ဝိုင်းတစ်ခု ဖြစ်လာရန် လက်ကို အကြိမ်ပေါင်း တစ်သောင်းမက လှုပ်ရှားရ၏။
ထိုနည်းစနစ်သည် အတားအဆီးများကို ၇နှစ်ကြာအောင် လေ့လာခဲ့မှု၏ ရလဒ် ဖြစ်သည်။ ထိုပုံရိပ်ယောင် စက်ဝိုင်းသည် သူ တီထွင်ထားသည့် အတားအဆီး နည်းစနစ်တစ်ခုဟု ပြောလျှင်လည်း မမှားပေ။
ပုံရိပ်ယောင် စက်ဝိုင်း၁၀ခုသည် တိမ်တိုက်ကို ထိုးဖောက်ပြီး လွင့်ပြယ် သွားကြ၏။ ထိုအခါ တိမ်တိုက်ထဲတွင် လှိုင်းလုံးများကဲ့သို့ ဖြစ်လာပြီး လျင်မြန်စွာ လှုပ်ခါလာသည်။
ဝမ်လင်းက သူ၏တည်ရှိမှုကို ဖုံးကွယ်လိုက်ပြီး ကျောက်တုံးပေါ်တွင် ဘယ်လက်ဖြင့် ပုံတစ်ပုံကို ထပ်ကာထပ်ကာ ဆွဲလိုက်သည်။ အချိန် တော်တော် ကြာပြီးနောက် သူက မျက်လုံးကို ဖွင့်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူက ဘယ်လက်ကို ဝှေ့ယမ်းပြီး ကျောက်တုံးပေါ်မှ ပုံများ အားလုံးကို ဖျက်ပစ်လိုက်၏။
သူက တောက်ပနေသော မျက်လုံးများဖြင့် တိမ်တိုက်ကို ကြည့်ပြီး မတ်တတ် ရပ်လိုက်သည်။ ထို့နောက် အချိန်ကို တွက်ကြည့်ပြီး ညာလက်ကို ရုတ်တရက် လှုပ်ရှားလိုက်ရာ အလင်းတန်း တစ်ခုက ပြေးထွက်သွား၏။
အလင်းတန်းက တိမ်တိုက်ကို ထိမှန်သွားသောအခါ တိမ်တိုက်က တုန်ခါသွားပြီး တဖြည်းဖြည်း ပျောက်ကွယ် လာသည်။ တိမ်တိုက်က ပျောက်ကွယ် သွားသည်နှင့် အထဲမှ အရာများက ပေါ်လာသည်။
ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းပြီး ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ အတားအဆီးကို သေသေချာချာ မှတ်သား လိုက်သည်။ လွန်ခဲ့သည့် ၇နှစ် ကတည်းက ဝမ်လင်းသည် အတားအဆီးတစ်ခု ဖွင့်ပြီးတိုင်း အနာဂတ်တွင် အသုံးပြုနိုင်ရန် အတွက် မှတ်သားခဲ့သည်။
အမွှေးတိုင်း တစ်တိုင်စာအချိန် ကုန်သွားပြီးသောအခါ သူက ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် တိမ်တိုက်ရှိသည့် နေရာကို ကြည့်လိုက်ရာ တံတားကျိုး တစ်ခုကို တွေ့လိုက်ရသည်။
ဤအရာသည် အတားအဆီး၏ အစစ်အမှန် ရုပ်ပုံဖြစ်သည်။ ဝမ်လင်းက ရှေ့သို့ လှမ်းတော့မည့် အချိန်တွင် သူက တံတားကို သေသေချာချာ စစ်ဆေး ကြည့်လိုက်သည်။ ထိုအခါ သူ့အကြည့်က တံတားဘေးရှိ သစ်ပင်ငယ်ဆီသို့ ရောက်သွား၏။
ဝမ်လင်း၏ ၇နှစ်ကြာ အတွေ့အကြုံများအရ သစ်ပင်ငယ်နှင့် ပတ်သက်၍ တစ်ခုခု မှားနေသည်ကို ခံစားမိ၏။ ဝမ်လင်းက တစ်ခါတစ်ရံတွင် အတားအဆီး နှစ်ခုက တစ်ခုနှင့်တစ်ခု ထပ်နေသည့် အမျိုးအစားများကိုပါ ရှားရှားပါးပါး ကြုံတွေ့ဖူးသော်လည်း ဤအတားအဆီး ကတော့ ယခင်တွေ့ခဲ့ဖူးသည့် အတားအဆီးများနှင့် အလွန် ကွာခြားနေသည်။
ဤတစ်ခုသည် တစ်ယောက်ယောက်က ထပ်ပေါင်းထားသော အတားအဆီး တစ်ခု ဖြစ်ရပေမည်။ သူကိုယ်တိုင်လည်း ၇နှစ်အတွင်းတွင် အတားအဆီးများ ပေါ်တွင် နောက်ထပ် အတားအဆီးများ ထပ်ပေါင်း ထည့်ဖူး၏။ ထို့အတူ ဤသစ်ပင်ငယ်ကလည်း တစ်ယောက်ယောက် ပေါင်းထည့်ထားသည့် အတားအဆီး ဖြစ်သည်။
ဝမ်လင်းက အေးစက်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက သစ်ပင်ငယ်ကို တစ်ချက်ကြည့်ပြီး ထိုသစ်ပင်ငယ်ကို ပြုလုပ်ခဲ့သည့် လူသည် ယခင်က သူတွေ့ခဲ့ရသော ထပ်ပေါင်း အတားအဆီးများကို ပြုလုပ်သည့်လူသာ ဖြစ်ရမည်ဟု တွေးလိုက်သည်။ ထိုလူသည် သူကဲ့သို့ နောက်လူများကို အကျင့်ယုတ် တတ်သည့်လူလည်း ဖြစ်ရပေမည်။
သူက ရှေ့မှ တစ်ယောက် ပြုလုပ်ခဲ့သော ထပ်ပေါင်း အတားအဆီးများကို လွန်ခဲ့သော ၄နှစ်ခန့်မှ စ၍ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ သူက ထိုလူ၏ အတားအဆီးများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပြီးနောက် ထိုလူ၏ အတားအဆီးကို စိတ်ထဲမှ အသိအမှတ် ပြုခဲ့သည်။
တောင်ပေါ်ရှိ အတားအဆီးများသည် သာမန်အားဖြင့် မထိလျှင် အသက်မဝင်ချေ။ သို့သော်လည်း ထိုလူထားခဲ့သည့် အတားအဆီးများ ကတော့ အလွန်ကွာခြား၏။ ထိုလူထားခဲ့သော အတားအဆီး၏ အကွာအဝေးထဲသို့ တစ်ယောက်ယောက်က ဝင်လာသည်နှင့် အတားအဆီးက ဝင်လာသည့်လူကို ချက်ချင်း တိုက်ခိုက်၏။ ထိုအတားအဆီး၏ တိုက်ခိုက်မှုသည် အချည်းနှီး ဖြစ်သွားသည်နှင့် ထိုအတားအဆီးက သူ့ကိုယ်သူ ဖျက်ဆီးကာ ဘေးမှ အတားအဆီးများ အားလုံးကို အသက်ဝင်လာစေပြီး ဝင်လာသည့်လူကို အတားအဆီးများ ကြားထဲတွင် ပိတ်မိသွားစေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး သစ်ပင်ငယ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ပုံရိပ်ယောင် စက်ဝိုင်း၃ခုကို ထုတ်ပြီး ပစ်လွှတ် လိုက်သည်။ ပုံရိပ်ယောင် စက်ဝိုင်း၃ခုက သစ်ပင်ငယ်ကို ထိမှန်သွား၏။
သစ်ပင်ငယ်သည် အနည်းငယ် လှုပ်ခါသွားပြီး အရွက်များက ကြွေကျလာသည်။ ထို့အတူ ပင်စည်ကလည်း ချက်ချင်း မဲလာသည်။ အချိန်တစ်ခု ကြာပြီးနောက်တင် သစ်ပင်က စတင်၍ ကွေးလာသည်။
ဝမ်လင်း၏ ပုံရိပ်ယောင် စက်ဝိုင်း အတွင်းတွင် များပြားလှသော အတားအဆီးများ ပါ၏။ သူတို့၏ အဓိက အလုပ်သည် အတားအဆီးများကို ဖျက်ဆီးရန် ဖြစ်သည်။ ထို့ကြောင့် သစ်ပင်ပေါ်ရှိ အတားအဆီးများက တစ်ခုပြီးတစ်ခု ပျက်စီးလာခြင်း ဖြစ်သည်။
ရုတ်တရက် ဝမ်လင်း၏ မျက်လုံးတွင် အေးစက်စက် အလင်းရောင် တစ်ခု ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူက သိုလှောင်အိတ် အတွင်းမှ အနက်ရောင် ဓားတစ်ချောင်းကို ထုတ်ယူပြီး သစ်ပင်ဆီသို့ ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကွေးနေသော သစ်ပင်၏ ပင်စည်ကလည်း ဝမ်လင်းဆီသို့ ပစ်လွင့်လာသည်။
အနက်ရောင်ဓားက ဖျတ်ခနဲ လက်ပြီး သစ်ပင်၏ ပင်စည်ကို လှီးလိုက်၏။ သစ်ပင်၏ ပင်စည်က မြေပေါ်သို့ ကျသွားသောအခါ သစ်ပင်၏ ပင်စည်က တွန့်လိမ်လာပြီး ကင်းခြေများ တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
ကင်းခြေများက အနည်းငယ် ထပ်ပြီး တွန့်လိမ် လိုက်သောအခါ အနက်ရောင် မီးခိုးတိမ်တိုက် အဖြစ် ပြောင်းလဲသွား၏။ ထိုအနက်ရောင် မီးခိုးတိမ်တိုက်သည် သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း အနက်ရောင် မီးခိုးတိမ်တိုက်ကြီးက ချက်ချင်း ပျောက်ကွယ် သွား၏။
ဝမ်လင်း၏ မျက်လုံးထဲတွင် အံ့အားသင့် သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ အတားအဆီးမှ စိတ်ဝိညာဉ်သားရဲ၊ စိတ်ဝိညာဉ်သားရဲမှ အနက်ရောင် မီးခိုးအဖြစ် ပြောင်းလဲနိုင်သည့် အတားအဆီးကို ဝမ်လင်း ပထမဦးဆုံးအကြိမ် အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း သူက ထိုနည်းစနစ်ကို အလွန် ရင်းနှီးနေသည်။
ရင်းနှီးနေသည့်အပြင် ဤအတားအဆီးက ရှေ့တွင် တွေ့ကြုံခဲ့ရသည့် အတားအဆီးများကို ပြုလုပ် ထားခဲ့သည့်လူက ချန်ထားခဲ့ကြောင်းလည်း သိနေသည်။ ဤနည်းစနစ်က ယခင် နည်းစနစ်များထက် ပို၍ စွမ်းအား မကောင်းသော်လည်း တီထွင်ထားပုံမှာ အလွန် ကောင်းလှသည်။ တစ်ယောက်ယောက် ကသာ ဂရုမစိုက်ဘဲ လျှောက်သွားလျှင် ထိုလူသည် သေဆုံးခြင်းကို ရှောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
“လိုအင် ၆မျိုး နတ်ဆိုးသခင်…” ဝမ်လင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ရှိခဲ့စဉ်က လိုအင်၆မျိုး နတ်ဆိုးသခင်သည် သူ၏ မျက်စိနောက်စရာ ကောင်းသည့် နည်းစနစ်ကို စမ်းသပ်ရန် ဝမ်လင်းအား အသုံးပြုချင်ခဲ့သည်။
ဝမ်လင်းက ထိုအဖြစ်ကို မှတ်ထား၏။ လိုအင်၆မျိုး နတ်ဆိုးသခင်က သူ့ကို ပစ်မှတ် ထားခဲ့သော်လည်း စမ်းသပ်မှုများ ပြီးဆုံးသည့် အချိန်အထိ လွတ်ပေးရန် ဆုံးဖြတ်ထားပုံ ရသည်။ လိုအင်၆မျိုး နတ်ဆိုးသခင်က သူ့အစား လူငယ်ကိုသာ အသုံးပြုခဲ့၏။
လိုအင်၆မျိုး နတ်ဆိုးသခင်က လူငယ်၏ ခန္ဓာကိုယ်ကို အထူးပစ္စည်း တစ်ခုအဖြစ် အသုံးပြုပြီး မန္တန်ကို ထုတ်သုံးခဲ့သည်။ ယခု တစ်ကြိမ်တွင်လည်း စတေးခံရသူမှာ ကင်းခြေများ ဖြစ်သည်။
***