Switch Mode

အခန်း (၄၈၀)

ပထမဆုံး ဟုတ်လား

ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်လက်စွပ်အား ဆုပ်ကိုင်ထားရင်း အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ ထို့နောက် သူသည် စကားလုံးအနည်းငယ်ခန့် ရေရွတ်လိုက်ပြီးနောက် မှော်ဆေးရည်အဆောင် ခန်းမကြီးထဲမှ အလျင်စလို ထွက်ခွာလာပြီး အဆင့်မြင့်ကျွန်းတောင်ထိပ်ပေါ်တွင်ရှိသော ဂိုဏ်းချုပ်ကြီး၏ အဆောင်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူ ရောက်ရှိလာချိန်တွင် ဂိုဏ်းချုပ်ကြီး တရားထိုင်နေသည်ကို မြင်လိုက်ရ၏။ သူသည် ဂိုဏ်းချုပ်ကြီး၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်ပြီးနောက် အလိုက်တသိဖြင့် ” ကျောက်လေး ” ဆိုသည့်နာမည်အား မခေါ်ဘဲ သူ၏ဘေး၌သာ ဝင်ထိုင်လိုက်၏။ ထို့နောက် သူသည် သူ၏ အမြုတေအဆင့်ကျင့်ကြံခြင်းပညာရပ်အကြောင်း စတင်မေးမြန်းလိုက်တော့သည်။

” ပေါင်လဲ့။ ကောင်းကင်တာအိုကျောင်းမှာ အမြုတေအဆင့်ကျင့်ကြံသူတွေအတွက် အချက်အလက် အပြည့်အစုံရှိတဲ့ ကျင့်ကြံခြင်းပညာရပ် ခုနစ်ဆယ့်ကိုးခုရှိတယ်။ သူတို့ကို အဆင့်တစ်ကနေ အဆင့်လေးအထိ အဆင့်ဆင့် ခွဲထားတယ်။ အဆင့်တစ်ပညာရပ် ခုနစ်ခု၊ အဆင့်နှစ်ပညာရပ် ဆယ့်ကိုးခု… ” ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ရှင်းပြလိုက်ပြီးနောက် ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူလိုက်ပြီး သူ့အား ပေးလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်တောက်သွားပြီး ထိုကျောက်စိမ်းပေလွှာအား ချက်ချင်းပင်လှမ်းယူကာ စတင်ဖတ်ရှုလိုက်တော့သည်။

ထိုကျောက်စိမ်းပေလွှာထဲတွင် ထိုပညာရပ် အမျိုးမျိုး၏ ကျင့်ကြံခြင်းနည်းလမ်းများကို အသေးစိတ်ဖော်ပြထားခြင်းမရှိဘဲ ပညာရပ်တစ်ခုချင်းစီ၏ အားသာချက်နှင့် အားနည်းချက်များကိုသာ အကျဉ်းချုပ်ဖော်ပြထား၏။ ထို့အပြင် ထိုကျောက်စိမ်းပေလွှာပေါ်၌ အချက်အလက် အပြည့်အစုံရှိသော ကျင့်ကြံခြင်းပညာရပ်များနှင့် အစုံအလင်မရှိသော ပညာရပ်များကိုလည်း ခွဲ၍ဖော်ပြထားသေးသည်။

အချိန်အနည်းငယ်ခဲ့ ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားရ၏။ အချက်အလက် အပြည့်အစုံရှိသော ကျင့်ကြံခြင်းပညာရပ် ခုနစ်ဆယ့်ကိုးခုမှာ အလွန်အင်မတန်မှ ရိုးရှင်းလွန်းနေသည့်ပုံ ပေါက်နေသည်။ အဆင့်တစ် ပညာရပ်ခုနစ်ခုပင်လျှင် သိပ်၍ အထင်ကြီးစရာမရှိပေ။ ၎င်းတို့မှာ သူ၏ အမှောင်ပညာရပ်နှင့် မယှဥ်နိုင်သလို လျှပ်စီးတာအို အတွဲတစ်နှင့်လည်း မယှဉ်နိုင်ပေ။

သူ၏အမြင်တွင် သင့်တော်မူရှိသည်ဟု ခံစားရသည့် ပညာရပ်နှစ်ခု ရှိပါသော်လည်း ပထမဆုံးပညာရပ်ဖြစ်သည့် မြူခိုလမ်းစဉ်မှာ အမြန်နှုန်းနှင့် နူးညံ့သိမ်မွေ့မှုတို့အပေါ် ပို၍အာရုံစိုက်ထား၏။ ၎င်းမှာ ကောင်းကင်တာအိုကျောင်း၏ အဓိကအကျဆုံး ကျင့်ကြံခြင်းပညာရပ်ဖြစ်ပြီး အမြုတေအဆင့် အကြီးအကဲအများစု လေ့ကျင့်ကြသည့် ပညာရပ်လည်းဖြစ်သည်။

သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် သင့်တော်မှုရှိသည့်ပုံ မပေါ်ပေ။ ပထမအချက်အနေနှင့် သူသည် လျှပ်စီးအမြုတေတစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ဒုတိယအချက်အနေနှင့် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စရောက်လာခဲ့သည့် အချိန်ကတည်းက သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုကို တီထွင်အသုံးပြုခဲ့၏။ ၎င်းမှာ အင်အားသုံးရသော နည်းစနစ်တစ်ခုဖြစ်ပြီး မြူခိုးလမ်းစဉ်၏ အခြေခံအချက်များနှင့် ကိုက်ညီမှုမရှိပေ။

နောက်ထပ်ပညာရပ်တစ်ခုမှာ မဟာထိပ်သီးအကြီးအကဲကြီး တစ်စိတ်တစ်ပိုင်းခန့် ဖန်တီးပေးထားသည့် ဉာဏ်အလင်းပွင့်ပညာရပ် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် လျစ်လျူရှုလိုက်သည်။ သူသည် တာအိုဉာဏ်အလင်းပွင့်ဌာနမှ ကျောင်းသားတစ်ယောက်ဖြစ်လာရန် စိတ်ကူးမရှိပေ။

ထို့ကြောင့် သူသည် ရွေးချယ်ရန် အခက်တွေ့နေရတော့သည်။ တစ်ဝက်တစ်ပျက် ဖြစ်နေသော ပညာရပ်များထဲတွင်မူ ရွေးချယ်စရာအချို့ ရှိပါသော်လည်း ၎င်းတို့မှာ အချက်အလက်အစုံအလင်မရှိသောကြောင့် ရွေးချယ်ရန် မသင့်တော်ပေ။

ဝမ်ပေါင်လဲ့ အမှောင်အိပ်မက်ထဲ၌ ဖတ်ရှုခဲ့သည့် ပညာရပ်များအားလုံးမှာမူ အမှောင်ပညာရပ်နှင့် ဆက်နွယ်နေ၏။ အမှောင်ပညာရပ်နှင့် ဆက်နွယ်မှုမရှိသော ပညာရပ်များမှာလည်း ထာဝရဝိညာဉ်အဆင့်နှင့် အထက်တွင်ရှိသော လူများသာ ကျင့်ကြံနိုင်သည့်ပညာရပ်များဖြစ်ကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်နေမိတော့သည်။

” ဂိုဏ်းချုပ်ကြီး။ ကျနော်က အခြေတည်အဆင့်မှာ ရှိခဲ့တုန်းက လျှပ်စီးတာအို အတွဲတစ်ကို လေ့ကျင့်ခဲ့တာ။ လျှပ်စီးတာအို အတွဲနှစ် မရှိဘူးလားဗျ ”

” လျှပ်စီးတာအိုကို ကျောင်းထဲမှာရှိတဲ့ လျှပ်စီးနယ်မြေထဲကနေ ရှာတွေ့ခဲ့တာ။ အဲ့တာမလို့ ငါတို့ဆီမှာ ဒုတိယအတွဲ ရှိတာပေါ့ကွ ” ဂိုဏ်းချုပ်ကြီးမှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ သိုလှောင်လက်ကောက်ထဲမှ နောက်ထပ်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့အား ‌ပေးလိုက်၏။ ထိုကျောက်စိမ်းပေလွှာထဲတွင် လျှပ်စီးတာအို အတွဲနှစ် ရှိနေသည်။

ဝမ်ပေါင်လဲ့မှာ ၎င်းအား အစအဆုံးဖတ်ရှုလိုက်ပြီးနောက် မယုံသင်္ကာဖြစ်သွား၏။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး ဂိုဏ်းချုပ်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ သူတို့ဆီတွင် လျှပ်စီးတာအို အတွဲနှစ် ရှိနေသည်ဖြစ်ပြီး ၎င်းမှာ အထင်ကြီးအံ့သြဖွယ်ရာကောင်းသော ပညာရပ်တစ်ခု ဖြစ်နေသည်ဖြစ်ရာ အဘယ်ကြောင့် ဂိုဏ်းချုပ်ကြီးမှာ ထိုပညာရပ်အား အရင်ဆုံး ထုတ်မပေးခဲ့ပါသနည်းဟု ဝမ်ပေါင်လဲ့က နားမလည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ မယုံသင်္ကာဖြစ်နေသော အမူအရာကို သတိထားမိလိုက်သဖြင့် ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

” ပေါင်လဲ့။ စစချင်းတုန်းက ငါတို့က မင်းကို လျှပ်စီးတာအို အတွဲတစ် အရင်ဆုံး သင်ပေးပြီးတော့ မင်း အမြုတေအဆင့် ရောက်တဲ့အချိန်ကျမှ အတွဲနှစ်ကို ဆက်ပြီးတော့လေ့ကျင့်ခိုင်းဖို့ စီစဉ်ထားတာ။ ငါတို့ဆီမှာ နောက်ဆုံးအတွဲ မရှိပေမဲဲ့ တစ်ရက်ရက် မင်း ယွမ်ယင်အဆင့်ကို ရောက်သွားတဲ့အချိန်ကျရင် နောက်ထပ်ပညာရပ်တစ်ခုကို ပြန်လေ့လာဖို့က မင်းအတွက် အခက်အခဲရှိမှာမဟုတ်ဘူးလို့ ငါတို့က တွေးထားခဲ့တာ… ”

” ဒါပေမဲ့ မင်း အမြုတေအဆင့်ကို ဒီလောက်မြန်မြန်ကြီး ရောက်လာပြီးတော့ ဒီလောက်အထိ အစွမ်းထက်လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ဘူး။ အဲ့တာမလို့… လျှပ်စီးတာအို အတွဲနှစ်က အစွမ်းထက်ပညာရပ်တစ်ခု ဖြစ်ပေမဲ့ မင်းအတွက် အကောင်းဆုံးမဟုတ်ဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် အဲဒီပညာရပ်က မင်းရဲ့ကျင့်ကြံခြင်းအမြန်နှုန်းနဲ့ တိုက်ရည်ခိုက်ရည် စွမ်းရည်တွေကိုပါ လျော့ကျသွားစေနိုင်တယ် ”

” အဲတာကြောင့်မလို ငါက ဒီပညာရပ်ကို ချက်ချင်းထုတ်မပေးဘဲ တွေဝေနေခဲ့တာ ”

ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီး၏ စကားကိုနားထောင်ရင်း အတွေးများထဲ၌ နစ်မျောသွား၏။ ထို့နောက် သူသည် လျှပ်စီးတာအို အတွဲနှစ်ပါသော ကျောက်စိမ်းပေလွှာအား အောက်သို့ပြန်ချလိုက်ပြီး ဂိုဏ်းချုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်၏။ ဂိုဏ်းချုပ်ကြီးမှာ သူ့အား ဤအကြောင်းများ မပြောပြခင် မဟာထိပ်သီးအကြီးအကဲကြီးနှင့် ဆွေးနွေးထားပြီးသား ဖြစ်ရပေမည်။ သူတို့နှစ်ယောက်မှာ သူ၏ ကျင့်ကြံခြင်းပညာရပ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုချခဲ့ခြင်း ဖြစ်ရပေမည်။

” ကောင်းကင်တာအိုကျောင်းက ကျင့်ကြံခြင်းပညာရပ်တွေက ပြည်ထောင်စုကြီးထဲမှာ အကောင်းဆုံးလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ပြည်ထောင်စုကြီးထဲမှာပဲပေါ့။ ငါတို့ရဲ့ အကဲဖြတ်သုံးသပ်ချက်တွေအရ ငါတို့ရဲ့ ကျင့်ကြံခြင်းပညာရပ်တွေက အဆင့်မြင့် ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းတွေရဲ့ ပညာရပ်တွေနဲ့ ယှဉ်လိုက်ရင် ခေတ်နောက်ကျပြီးတော့ အသုံးမဝင်တဲ့အဆင့်အထိ ရောက်နေလောက်ပြီ ”

” တကယ်အသုံးဝင်တဲ့ ပညာရပ်တွေက အချက်အလက်အစုံအလင် မရှိသေးတဲ့ ပညာရပ်တွေပဲ။ ဒါပေမဲ့ အဲဒီပညာရပ်တွေကို အစွမ်းကုန်ထုတ်သုံးနိုင်ဖို့က မလွယ်ဘူး ” ဝမ်ပေါင်လဲ့တစ်ယောက် ဟန်အမူအရာမပျက် ရှိနေသည်ကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်ကြီးက ပြုံးသွား၏။

” ဒါပေမဲ့ မင်းက ပြည်ထောင်စုပျိုးပင်တွေထဲက တစ်ယောက်မလို့ မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ ပြည်ထောင်စုကြီးထဲမှာရှိတဲ့ ကျင့်ကြံခြင်းပညာရပ်တွေထက် ပိုပြီးတော့သာလွန်တဲ့ ပညာရပ်တစ်ခုကို ရှာတွေ့ရင် တွေ့နိုင်လောက်တယ် ” ဂိုဏ်းချုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ညာဘက်လက်ကိုမြှောက်ကာ ကောင်းကင်ကြီးအား လက်ညှိုးထိုးလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ချက်ချင်းဆိုသလိုပင် ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ အပြင်ဘက် ကောင်းကင်ယံကြီးထဲရှိ ထိန်ထိန်သာနေသော နေမင်းကြီးထဲသို့ ထုတ်ချင်းပေါက် စိုက်ဝင်နေသည့် အံ့ဩတုန်လှုပ်ဖွယ် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးကို မြင်လိုက်ရသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီး၏ စကားနှင့် မဟာထိပ်သီးအကြီးအကဲကြီး ပြောခဲ့သည့် စကားများကို ပေါင်းစည်းလိုက်သောအခါ သူ၏ အ‌သိစိတ်ထဲ၌ ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာတော့သည်။ ပြည်ထောင်စုပျိုးပင် အစီအစဉ်ကြီးမှာ တရားဝင် စတင်တော့မည်ဖြစ်သည်။ ထို့အပြင် ဓားနေမင်းစစ်ဆင်ရေးကိုလည်း စတင်ကာ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ဆင်းသက်နိုင်ရန် ကြိုးပမ်းကြတော့မည်ဖြစ်သည်။

ပြည်ထောင်စုကြီးမှာ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီး၏ ဓားရိုးဆီမှ လွင့်ထွက်လာခဲ့သော အကျိုးအပဲ့အပိုင်းအစများကို ရရှိခဲ့ရုံနှင့်တင် ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းတစ်ခုအဖြစ် တိုးတက်ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုဓားကြီးပေါ်၌ ရရှိသိမ်းပိုက်နိုင်မည့် ရင်းမြစ်ပစ္စည်းများနှင့် ကျင့်ကြံခြင်းပညာရပ်များမှာ ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူတိုင်းအတွက် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်သော အခွင့်အရေးများကို ပေးစွမ်းနိုင်မည်သာဖြစ်သည်။

” မင်း အရင်ဆုံး ဒီ လျှပ်စီးတာအို အတွဲနှစ်ကိုပဲ ယူထားလိုက်ပေါ့။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါက မင်းကို ပါရမီရှင် အစစ်အမှန်တစ်ယောက်နဲ့ ကိုက်ညီတဲ့ ပညာရပ်ကိုပဲ လေ့ကျင့်စေချင်တာ။ အဲတာဆိုရင် အနည်းဆုံးတော့ မင်းက စကြဝဠာကြီး တစ်ခုလုံးထဲမှာရှိတဲ့ လူမှုအဖွဲ့အစည်းပေါင်း ထောင်သောင်းများစွာထဲက တခြားလူငယ်လေးတွေနဲ့ယှဉ်ရင် မရှုံးနိမ့်နိုင်တော့ဘူးပေါ့ ” ဂိုဏ်းချုပ်ကြီးက စိတ်အားထက်သန်မှုအပြည့်ဖြင့် ရှင်းပြလိုက်ပြီး ဝမ်ပေါင်လဲ့အား မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေလိုက်တော့သည်။ သူ မပြောဘဲ ထိမ်ချန်ထားခဲ့သည့် စကားများနှင့် မဟာထိပ်သီးအကြီးအကဲကြီး ထိမ်ချန်ထားခဲ့သည့် စကားအချို့လည်း ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တာအိုကျောင်း တစ်ကျောင်းလုံးမှာ ဘုံသဘောတူညီချက်တစ်ခု ချမှတ်ပြီးသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်း၏ မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာမည် ဖြစ်သည်။ သူသည် လီရှင်းဝမ်၏ ခြေရာကိုနင်းကာ အနာဂတ်တွင် ကောင်းကင်တာအိုကျောင်းက အားထားရသည့် လူတစ်ယောက် ဖြစ်လာနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ကျောင်း၏ထိပ်ပိုင်းအဆင့်မှ အကြီးအကဲများ စဥ်းစားတွေးတောနေကြသည့်အရာအများကို မသိနိုင်ပါသော်လည်း သူ ကျောင်းသို့ပြန်ရောက်လာစဉ် နောက်ကွယ်၌ ဖြစ်ပျက်နေခဲ့သည့် အရာများကို အရိပ်အမြွက်မျှ နားလည်သွား၏။ ထို့ကြောင့် သူသည် သေသေချာချာ စဉ်းစားလိုက်ပြီးနောက် လျှပ်စီးတာအို အတွဲနှစ်အား ယူထားလိုက်ပြီး ဂိုဏ်းချုပ်ကြီးအား နှုတ်ဆက်စကားဆိုလိုက်၏။ သူ ထွက်ခွာသွားရန် ပြင်နေတုန်းမှာပင် ဂိုဏ်းချုပ်ကြီးက တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏ ” ပေါင်လဲ့။ မဟာအကြီးအကဲကြီး မင်းကို ပြောပြီးပြီလားတော့မသိဘူး။ ဒါပေမဲ့ အင်္ဂါဂြိုဟ်ကို မပြန်သေးနဲ့ဦး။ ဂိုဏ်းထဲမှာပဲ ခဏလောက်နေဦး။ သူက ဖောက်ထွက်တော့မှာမလို့ ”

” သူက အမြုတေအဆင့်ကနေ ယွမ်ယင်အဆင့်ကို ဖောက်ထွက်နိုင်တဲ့ ပထမဆုံးကျင့်ကြံသူ ဖြစ်လာတော့မှာ။ အဲ့အချိန်ကျရင် နိုင်ငံရေးအင်အားစုတိုင်းက ကိုယ်စားပြုပုဂ္ဂိုလ်တွေ ဒီကို ရောက်လာကြမှာ။ သူ့ရဲ့ သုံးသပ်ချက်အရဆိုရင် သူ ဖောက်ထွက်တဲ့အချိန်မှာ ဝိညာဉ်ချီ‌တွေ အများကြီး သူ့ဆီ ရောက်လာမှာတဲ့။ ဒါ ငါတို့ဂိုဏ်းက လူတွေအကုန်လုံးအတွက် အခွင့်အရေးကြီးတစ်ခုပဲ ”

” အထူးသဖြင့် ငါတို့လို အမြုတေအဆင့်မှာ ရှိနေတဲ့ လူတွေဆိုရင် သင်ခန်းစာတွေနဲ့ အတွေ့အကြုံအသစ်တွေ ရနိုင်တဲ့အပြင် ဉာဏ်အလင်းတွေပါ ပါပွင့်နိုင်တယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် မဟာထိပ်သီးအကြီးအကဲကြီး ဖောက်ထွက်နိုင်တော့မည်ဖြစ်ကြောင်း ကြားသိလိုက်ရသောကြောင့် အံ့အားသင့်သွားခြင်း မဟုတ်ပေ။ သူသည် ထိုကဲ့သို့ ဖောက်ထွက်တော့မည့် အရိပ်အယောင်များကို သတိထားမိခဲ့ပြီးသားဖြစ်သည်။ သူ့အား အားသင့်သွားစေခဲ့သည့် စကားမှာ မဟာထိပ်သီးအကြီးအကဲမှာ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်သည့် ပထမဆုံးကျင့်ကြံသူ ဖြစ်လာမည်ဆိုသော စကားပင်ဖြစ်သည်။

” ပထမဆုံးဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ချက်ချင်း ပြန်မေးလိုက်၏။ သူသည် ဗုဒ္ဓဟူးဂြိုဟ် ဖြစ်ရပ်ဆိုးကြီးပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ ထိုစဉ်တုန်းက သူသည် တံခါးပိတ်လေ့ကျင့်နေခဲ့သည့်တိုင်အောင် ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ မိန့်ခွန်းကို နားထောင်ခဲ့သည်ဖြစ်ရာ နေအဖွဲ့အစည်းထဲ၌ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်အား လိုက်လံရှာဖွေနေခဲ့သည့် ယွမ်ယင်အဆင့် အဘိုးကြီး၏ အကြောင်းကို ကြားသိခဲ့ရသည်မဟုတ်ပါလော။

” ဟုတ်တယ်။ ကမ္ဘာပေါ်က… ပထမဆုံးကျင့်ကြံသူပေါ့ ” ဂိုဏ်းချုပ်ကြီးမှာ ထိုသို့ပြန်ဖြေလိုက်ပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ သူသည် ကမ္ဘာပေါ်တွင်ရှိနေသဖြင့် အသေးစိတ်အချက်အလက်များ မပြောပြချင်သောကြောင့် ဆက်၍ မရှင်းပြတော့ပေ။

သို့သော် သူ၏ အရိပ်အမြွက်များမှာ သိသာလွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အရိပ်ပြနေသည်ကို အကောင်မြင်နိုင်စွမ်း မရှိပါက ဒုပဏာမဆင့်နှစ်အရာရှိတစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးများ အရောင်လက်သွားပြီး ကောက်ချက်ချလိုက်တော့သည်။

” အဲဒီ ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးက ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးပေါ်ကနေ ရောက်လာတာပဲဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ စဉ်းစားတွေးတောနေလိုက်၏။ အချိန်အနည်းငယ်ခန့် ကြာပြီးမှ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဂိုဏ်းချုပ်ကြီးအား အရိုအသေပေးလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအဆောင်ထဲမှ ထွက်ခွာလာပြီးနောက် ကျောင်းဝင်းထဲ၌ လမ်းလျှောက်နေလိုက်၏။ သူသည် ဂိုဏ်းတူညီလေး၊ ညီမလေးများ၏ ဘေးမှ ဖြတ်လျှောက်သွားတိုင်း မပွင့်တပွင့်ပြုံးကာ သူတို့အား နှုတ်ဆက်လိုက်သည်သာ ဖြစ်သည်။ ပုံမှန်သာဆိုလျှင် သူသည် သူတို့အား အနည်းငယ်ခန့် စနောက်ချင်စိတ်များ ရှိနေမည်ဖြစ်ပါသော်လည်း ယနေ့တွင်မူ သူ၏အတွေးများမှာ တခြားတစ်နေရာသို့ ရောက်နေ၏။ သူသည် ကျောင်းသို့ပြန်လာခဲ့ပြီးနောက် ဖြစ်ကြောင်းကုန်စင်အား မသိခဲ့ရသည့်တိုင်အောင် သဲလွန်စ အမြောက်အမြားကို ရှာဖွေစုဆောင်းနိုင်ခဲ့၏။

” အဲဒီ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ကနေ ရောက်လာတဲ့ ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးက ငါတို့ကို အန္တရာယ်ပြုချင်စိတ် မရှိလောက်ဘူး။ အဲလိုသာမဟုတ်ရင် ပြည်ထောင်စုကြီးရဲ့ လက်ရှိအခြေအနေနဲ့ဆို သူ့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းနေမှာ ”

” စိတ်ဝင်စားစရာတော့ အကောင်းသား။ ပြည်ထောင်စုကြီးဘက်ကနေ ပြည်ထောင်စုပျိုးပင် အစီအစဉ် ကြေညာပြီးတဲ့နောက် ဘာသတင်းမှ ထပ်ပြီးတော့ ထွက်မလာခဲ့ဘူး။ အခု ဆရာကျောက်ရဲ့ ဝိညာဉ်ဆန့်ကျင်ဗုံး စမ်းသပ်မှု အောင်မြင်သွားခဲ့ပြီးတော့ မဟာထိပ်သီးအကြီးအကဲကြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်တော့မယ့် အချိန်ရောက်မှ…. ”

” သူတို့က ပြည်ထောင်စုပျိုးပင်အစီအစဉ်ကို စတင်ဖို့ ပြင်ဆင်လိုက်တာပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် သဲလွန်စအချို့ သိရှိထားပြီးဖြစ်ပါသော်လည်း စာအုပ်ကြီးအတိုင်းသာ စဉ်းစားနေမည်ဆိုပါက နောက်ကွယ်မှ ဖြစ်ရပ်ကြီးများအကြောင်းကို အတိအကျ သိရှိနိုင်မည်မဟုတ်ပေ။ သို့သော် သူ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ လေ့လာထားသည့် ပညာရပ်များကို လက်တွေ့အသုံးချလိုက်သည့် အခါတွင်မူ… အရာအားလုံးမှာ ပို၍ ရှင်းလင်းပြတ်သားလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အတွေးများထဲ၌ နစ်‌မျောနေစဉ် ခပ်လှမ်းလှမ်းမှ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံကြီးတစ်သံကို ရုတ်တရက်ဆိုသလို ကြားလိုက်ရ၏။ ထို့နောက် လူပေါင်းများစွာဆီမှ တအံ့တဩ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့၏ အတွေးများမှာ နှောင့်ယှက်ခံလိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအော်ဟစ်သံကြီးကို ကြားဖူးနေသလို ခံစားနေရ၏။ ထို့ကြောင့် ခေါင်းမော့ကြည့်လိုက်သောအခါ တောင်ပံပေါက်နေသည့် ဧရာမ စိန်လူဝံကြီးတစ်ကောင်မှာ ကောင်းကင်ယံထဲရှိ တိမ်တိုက်များထဲမှ ထွက်ပေါ်လာပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို ချက်ချင်းပင်မြင်လိုက်ရတော့သည်။

” ကျင့်လေး ပါလား ” ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသဖြင့် အော်ခေါ်မိလိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လေပေါ်သို့ ခုန်တက်သွားပြီး စိန်လူဝံကြီးဆီသို့ ပျံသန်းသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset