Switch Mode

အခန်း (၄၇၉)

ငါ့မျိုးရိုးနာမည်က ကျောက်ကွ

ဝမ်ပေါင်လဲ့မှာလည်း ရိုသေလေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်ပြီး မဟာထိပ်သီးအကြီးအကဲကြီး၏ နောက်မှ လိုက်သွားကာ မှော်ဆေးရည်အဆောင်၏ ခန်းမကြီးထဲသို့ ဝင်သွားလိုက်တော့သည်။ ထိုခန်းမကြီးထဲတွင် မည်သူမှ ရှိမနေခဲ့ပေ။ မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုခန်းမထဲသို့ ဝင်သွားပြီးနောက် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။

သူသည် မပွင့်တပွင့် ပြုံးနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွှေးညင်းများ ထလာရပြီး ပို၍ပင် ရိုသေးကျိုးနွံသည့် မျက်နှာအမူအရာဖြင့် ပြုံးပြလိုက်၏။ ထို့နောက် သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ချစ်ချင်စဖွယ်ကောင်းသည့် ပုံစံ ဟန်ဆောင်နေလိုက်တော့သည်။

မဟာထိပ်သီးအကြီးအကဲကြီးမှာ နှုတ်ဆိတ်နေဆဲ ဖြစ်ပါသော်လည်း အပြုံးပျက်မသွားပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးရိမ်လာရတော့သည်။ သူသည် မဟာထိပ်သီးအကြီးအကဲကြီးမှာ ဉာဏ်များသော အဘိုးကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု ခံစားမိနေ၏။ သူသည် ထိုအဘိုးကြီး၏ အတွေးများကို မခန့်မှန်းနိုင်ဘဲ ဖြစ်နေရသောကြောင့် အခြားနည်းလမ်းတစ်ခုခု ပြောင်းသုံးရန် သင့်မသင့် စဉ်းစားတွေးတောနေ၏။ ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ခေါင်းကုတ်ကာ ခေါင်း‌မာသည့်ပုံစံ ဟန်ဆောင်၍ မဟာထိပ်သီးအကြီးအကဲကြီးအား ပြန်၍ စိုက်ကြည့်နေလိုက်တော့သည်။

” ပေါင်လဲ့။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်လေးကို အံ့သြဖို့ကောင်းတာပဲ ” အချိန်တိုလေးအတွင်း ဝမ်ပေါင်လဲ့၏ အမူအရာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ မဟာထိပ်သီးအကြီးအကဲကြီးမှာ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ကြည်စွာ ဆိုလိုက်၏။

” ဆရာ့ရဲ့တပည့် အခုလို အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကျနော့်ရဲ့ ကြိုးစားအားထုတ်မှုတွေက တစ်စိတ်တစ်ပိုင်းကနေ ပါပေမဲ့ အရေးအကြီးဆုံးက ဂိုဏ်းရဲ့ သင်ကြားပြသပေးမှုတွေကြောင့်ပါ ” ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် အသက်ပြင်းပြင်းရှူလိုက်ပြီး သစ္စာစောင့်သိသော လက်အောက်ငယ်သားတစ်ယောက်၏ မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်၏။

” မင်း အခုလို ဖားနေစရာ မလိုတော့ပါဘူးကွာ။ ငါတို့ရဲ့ သင်ကြားပြသမှုတွေ ကောင်းတယ်ဆိုတာ မှန်ပေမဲ့ ငါတို့ဂိုဏ်းက လူတွေအများကြီးကို ပညာသင်ပေးခဲ့တာလေ။ ဘာလို့ လူတိုင်းက မင်းလို မအောင်မြင်ရတာလဲ ” လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့၏ ပြောဆိုပြုမူပုံများကြောင့် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေ၏။ သို့သော် ဝမ်ပေါင်လဲ့ ယခုလို အောင်မြင်နေရသည်မှာ သူကြုံတွေ့ခဲ့ရသည့် အခွင့်အရေးများကြောင့်သာဖြစ်ကြောင်း သူက ကောင်းကောင်းကြီး သိထား၏။

” ပေါင်လဲ့။ မင်း ကျောင်းကို ပြန်မလာရင်တောင် ငါက မင်းကို ပြန်လာခိုင်းဖို့ စီစဉ်ထားပြီးသား။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီအဆင့်ထိ ရောက်နေပြီဆိုတော့… မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချရမယ့် ကိစ္စလေးတွေ ရှိလာပြီကွ ” လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့အား အကဲခတ်ရင်း ဖြည်းဖြည်းချင်း ဆိုလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် အဓိပ္ပါယ်များစွာ ကိန်းအောင်းနေသည်။

ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီးအကြီးအကဲကြီး၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ မျက်လုံးများမှေးသွားပြီး စကားတစ်ခွန်းမှ ပြန်မပြောပေ။

” ပြည်ထောင်စုပျိုးပင် အစီအစဉ်က အရမ်းကို အရေးပါတာ။ အဲဒီ အစီအစဉ်ထဲကနေ ဘယ်သူကမှ ထွက်ခွင့်မရှိဘူး။ ဒါပေမဲ့ အဲဒီအစီအစဉ်ကြီး မစခင် မင်းက ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားပြီးတော့ အမြုတေအဆင့်ထဲ ရောက်သွားလိမ့်မယ်လို့ သွမ့်မုချွယ်ရော ငါရော နှစ်ယောက်စလုံးက မထင်ထားခဲ့ဘူးလေ ”

” အဲ့တာမလို့ အခု မင်းမှာ ရွေးချယ်ခွင့်ရှိတယ်။ မင်း ပြည်ထောင်စုပျိုးပင် အစီအစဉ်ထဲမှာ ဆက်ပြီးတော့ပါဦးမှာလား။ ဒါမှမဟုတ် နုတ်ထွက်ချင်လား ” လီရှင်းဝမ်မှာ စကားဆက်မပြောတော့ဘဲ ဝမ်ပေါင်လဲ့၏ အဖြေအား စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် မဟာထိပ်သီးအကြီးအကဲကြီး၏ စကားကို နားမလည်နိုင်ဘဲ ဖြစ်နေရသည်။ သူသည် အချက်အလက်အပြည့်အစုံ သိရှိထားခြင်းမရှိသောကြောင့် အဖြေပြန်ပေးနိုင်ရန် အခက်တွေ့နေရ၏။ သူထိုသို့ အခက်တွေ့သွားအောင် မဟာထိပ်သီးအကြီးအကဲကြီးက တမင်သက်သက် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။

” ဒါ နောက်ထပ်စမ်းသပ်မှု တစ်ခုများလား ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး နဖူးကိုပွတ်နေမိတော့သည်။ ထို့နောက် ပြည်ထောင်စုပျိုးပင် အစီအစဉ်နှင့် ပတ်သတ်၍ သူ ဖတ်ရှုလေ့လာထားသမျှ အရာအားလုံးကို ပြန်လည်စဉ်းစားလိုက်ပြီးနောက် လက်ရှိအခြေအနေကြီးအား သုံးသပ်လိုက်၏။

ထိုစဉ်တုန်းက သူ သိခဲ့ရသည့် အချက်အလက်များအရဆိုလျှင် ပြည်ထောင်စုပျိုးပင် အစီအစဉ်မှာ ဓားနေမင်းစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုစစ်ဆင်ရေးအား ကူညီထောက်ပံ့ပေးနိုင်ရန် ထိုအစီအစဉ်အား ဖန်တီးထားခြင်းဖြစ်သည်။ နောက်ဆုံးတွင် ‌ပြည်ထောင်စုကြီး ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ဆင်းသက်နိုင်ရန် ထိုအရာများအားလုံးကို ပြင်ဆင်ထားခြင်းဖြစ်သည်။

သူ ထိုသို့ တွေးတောမိလိုက်သည့် အခါမှသာ လီရှင်းဝမ်၏ စကားများမှာ အဓိပ္ပါယ်ရှင်းလင်းသွားတော့သည် …

” ပြည်ထောင်စုပျိုးပင် အစီအစဉ်က ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ် ဆင်းသက်မယ့် ကိစ္စနဲ့ ပတ်သက်နေတာမလို့ ငါသာ အဲဒီအစီအစဉ်ထဲကသာ ထွက်လိုက်မယ်ဆိုရင် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ် တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်သလို ဖြစ်သွားမှာလား ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တွေးတောနေ၏။ ထို ဓားနေမင်းစစ်ဆင်ရေးထဲတွင် အန္တရာယ်များနှင့် ကြုံရလိမ့်မည်ဟု သူက ယုံကြည်ထား၏။ ထို့ကြောင့်လည်း မဟာထိပ်သီးအကြီးအကဲကြီးမှာ သူ့အား ထိုမေးခွန်း မေးခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် စဉ်းစားတွေးတောနေစဉ် လီရှင်းဝမ်မှာ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ‌၌ အခြေအနေများကို ရိပ်စားမိသွားသည့် အကြည့်ကို မြင်လိုက်ရသောအခါ သူက ပြုံး၍ မေးလိုက်သည်။

” မင်း စဉ်းစားပြီးသွားပြီလား ”

” ဘယ်လောက်အထိ အန္တရာယ်များလဲ ” ဝမ်ပေါင်လဲ့မှာ သူ၏မေးခွန်းကိုမဖြေဘဲ မဟာထိပ်သီးအကြီးအကဲကြီးအား စိုက်ကြည့်ကာ မေးခွန်းပြန်မေးလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။

လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရပြီး သူ၏မျက်ဝန်းထဲမှ အလင်းရောင်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့အား ‌နောက်ထပ်တစ်ကြိမ်ထပ်၍ သဘောကျနှစ်သက်မိသွားတော့သည်။ သူသည် ဉာဏ်ပြေးသောလူများနှင့် ပြောဆိုဆက်ဆံရသည်ကို နှစ်သက်ပြီး ယခုလို တည့်တိုးပြောဆိုတတ်သည့် လူငယ်လေးကိုလည်း သဘောကျနေ၏။ ထို့ကြောင့် သူသည် ဖြည်းဖြည်းချင်း မေးလိုက်၏ ” မင်း သေရမှာကြောက်လား ”

” ကျနော့်အတွက် ဘာအကျိုးအမြတ်တွေ ရနိုင်လဲ ”

ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ လီရှင်းဝမ်၏ မျက်ဝန်းများထဲရှိ သဘောကျနှစ်သက်မှု အရိပ်အယောင်များမှာ ပို၍ပင် အားကောင်းလာရတော့သည်။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်၍ ဝမ်ပေါင်လဲ့အား ထပ်ခါတလဲ လက်ညှိုးထိုးကာ ဟက်ဟက်ပက်ပက် ရယ်မောနေမိတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းကာ ဆိုလိုက်၏။

” အများကြီးပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်လည်း အဆမတန် တိုးတက်လာမှာ။ စိတ်ကူးနဲ့တောင် မခန့်မှန်းနိုင်တဲ့ အခွင့်အရေးတွေကိုလည်း အများကြီးရဦးမှာ။ ပြီးရင် ပြည်ထောင်စုကြီးနဲ့မတူတဲ့ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်း အသစ်တစ်ခုနဲ့လည်း ကြုံရင်ကြုံရနိုင်တယ်။ ပြည်ထောင်စုကြီးထဲက ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းရဲ့ သမိုင်းကြောင်းကိုလည်း ပြန်ပြီးတော့လေ့လာလို့ရမယ်။ အဲတာအပြင် မင်း အောင်မြင်မှုတစ်ခုခု ဆွတ်ခူးနိုင်မယ်ဆိုရင် ရာထူးလည်း တိုးဦးမှာ။ အဲ့တာဆိုရင် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်ချင်တဲ့ မင်းရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် ဖြစ်လာနိုင်တယ် ” လီရှင်းဝမ်မှာ နောက်ဆုံးစာကြောင်းကို ထုတ်ပြောရန် ဆန္ဒမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ တစ်ချိန်လုံး စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေသည်ကို မြင်ခဲ့ရသောကြောင့် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာနိုင်သည်ဆိုသည့် နောက်ဆုံးစာကြောင်းကိုပါ ထည့်ပြောခဲ့ရခြင်းဖြစ်သည်။

သူမျှော်လင့်ထားသည့်အတိုင်းပင်။ သူ၏ စကားဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်လုံးများအရောင်တောက်လာတော့သည်။

” ကျနော့်ဆီမှာ ရှိသမျှအရာအားလုံးက ဂိုဏ်းကပေးထားတဲ့ အရာတွေပါပဲ။ ဂိုဏ်းကသာ ခိုင်းမယ်ဆိုရင် ကျနော်က ဓားတောင်ကိုပဲ တက်ရတက်ရ၊ မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ ငြိုငြင်နေမှာ မဟုတ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ သူ၏ရင်ဘတ်ကိုထုကာ လေးသံကျယ်ကျယ်ဖြင့် ကြိမ်းဝါးလိုက်၏။ ထို့ကြောင့် သူသည် ကိုယ်ကျိုးစွန့်ကာ ဂိုဏ်းအတွက် အရာရာပေးဆပ်ရန် အဆင်သင့်ရှိနေသည့်ပုံ ပေါက်နေတော့သည်။

လီရှင်းဝမ်မှာမူ မည်သည့်အခြေအနေသို့ ရောက်ရောက် ယခုကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် ပြောဆိုပြုမူနိုင်းစွမ်း ရှိနေသည့် ဝမ်ပေါင်လဲ့ကြောင့် ဆွံ့အသွားရပြီး ရယ်မောနေမိတော့သည်။

” ဟုတ်ပါပြီ။ အဲ့တာဆို မင်းကို ပြည်ထောင်စုပျိုးပင် အစီအစဉ်ထဲမှာ ဆက်ပြီးတော့ ထည့်ထားမယ်။ သိပ်မကြာခင်မှာ အဲဒီအစီအစဉ်ကို စတင်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီးတော့ မင်း နားလည်သွားမှာဆိုတော့ ငါ အများကြီး သိပ်ပြောမနေတော့ဘူး ”

” ကျိုးရှောင်ရနဲ့ ပတ်သက်လို့က… မင်း မှော်ဆေးရည်အဆောင်ရဲ့ မဟာအကြီးအကဲကြီးကို စိတ်ဆိုးနေဖို့ မလိုပါဘူး။ ကျိုးရှောင်ရရဲ့ ဆေးလုံးဖော်စပ်နိုင်စွမ်းက သာမန်အဆင့်မှာပဲရှိပေမဲ့ သူ့ရဲ့ဝိညာဉ်ထဲမှာ တမူထူးခြားတဲ့ ဒြင်စင်တွေ ကိန်းအောင်းနေတာ။ အဲ့တာမလို့ သူက ငါ့ရဲ့ သွေးမျိုးဆက်အတွက် အထူးသင့်တော်တဲ့ ဉာဏ်အလင်းပွင့်ဆေးလုံးတွေကို ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်နေတာ ”

” အဲဒီအချက်ကြောင့် ငါက သူ့ကို ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ပေးထားတာ။ အဲဒီပညာရပ်က ဉာဏ်အလင်းပွင့်အောင် ကူညီပေးတာမလို့ သူက အချိန်အကြာကြီး တံခါးပိတ်လေ့ကျင့်နေရတာပါ။ သူ ဉာဏ်အလင်းပွင့်သွားတာနဲ့ ငါက သူ့ကို တပည့်ရင်းတစ်ယောက်လို သတ်မှတ်ပေးမှာလေ ” လီရှင်းဝမ်မှာ ကျိုးရှောင်ရ၏ အခြေအနေအား ရှင်းပြလိုက်၏။ သူ ထိုကဲ့သို့ ရှင်းမပြခဲ့လျှင် ကိစ္စမရှိပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ပင့်သက်ရှိုက်မိသွားတော့သည်။

” ဉာဏ်အလင်းပွင့်ခြင်း ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ တာအိုဉာဏ်အလင်းပွင့်ဌာနအား လုံးဝအကောင်းမမြင်နိုင်ပေ။ သူသည် အဆင့်နိမ့်ကျွန်းပေါ်တွင် ရှိခဲ့စဉ်တုန်းက ထိုဌာမှ ကျောင်းသားများအားလုံးမှာ စိတ်မနှံ့သောလူများ ဖြစ်သည်ဟု သဘောထားခဲ့၏။ ယခု မဟာထိပ်သီးအကြီးအကဲကြီး၏ ပြောစကားအရဆိုလျှင် ဘန်နီလေးမှာ တာအိုဉာဏ်အလင်းပွင့်ဌာနနှင့် ပတ်သတ်နေပြီ မဟုတ်ပါလော။

” ဘာလဲ။ မင်းက မကျေနပ်ဘူးလား ” လီရှင်းဝမ်က စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ မေးလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ လီရှင်းဝမ်၏ ကြောက်စရာကောင်းသည့် ကျင့်ကြံခြင်းစွမ်းအားများကို အာရုံခံမိလိုက်သောကြောင့် သက်ပြင်းချကာ မကျေမချမ်းနှင့် ပြန်ဖြေလိုက်၏ ” အသက်ငယ်ငယ်လေးပဲ ရှိသေးတဲ့ မိန်းမပျိုလေးတစ်ယောက်က အခုတော့ လမ်းမှားရောက်သွားလို့ လျှို့ဝှက်အခန်းထဲမှာ တံခါးပိတ်လေ့ကျင့်ရင်း ဘဝကို ဖြုန်းတီးသလို ဖြစ်နေရပြီ။ သူက လီဝူချန်းလို ဉာဏ်အလင်းပွင့်သွားရင်တောင် ဖြစ်ဖြစ်မြောက်မြောက် တိုက်ခိုက်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူးဗျာ…. ”

” အဓိပ္ပါယ်မရှိတဲ့စကားတွေ။ ငါ့ရဲ့ တာအိုဉာဏ်အလင်းပွင့်ဌာနက ပြိုင်ဘက်ကင်းကွ။ မင်း စောင့်ကြည့်နေပါ။ ကျိုးရှောင်ရ ဉာဏ်အလင်းပွင့်သွားတာနဲ့ မင်းကို ပုရွက်ဆိတ်လေးတစ်ကောင်လို ဖိသတ်နိုင်စွမ်း ရှိသွားမှာ ” လီရှင်းဝမ်မှာ နှာမှုတ်ကာ ပြန်ပြောလိုက်၏။ သူသည် ထိုသို့ဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ တာအိုဉာဏ်အလင်းပွင့်ဌာနအား အထင်မကြီးကြောင်း ပြောနေသောကြောင့် သူ၏ဌာနဘက်မှ ကာကွယ်ပြောဆိုပြီးရန် လိုအပ်ပေသည်။

” မဟာထိပ်သီးအကြီးအကဲကြီး ပျော်ရင်ပြီးတာပါပဲ… ဒါပေမဲ့ လူတစ်ယောက်က တစ်သက်လုံးကြီး တံခါးပိတ်လေ့ကျင့်မနေသင့်ဘူးဗျ။ အလုပ်လုပ်ချိန်တန်လုပ်၊ နားချိန်တန်နားမှ သင့်တော်တာ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ဆိုလိုက်ပြီး မဟာထိပ်သီးအကြီးအကဲကြီးအား စိုက်ကြည့်လိုက်၏။

” အေးပါ။ အေးပါ။ ခဏနေရင် ငါ ကျိုးရှောင်ရကို နှစ်ရက်သုံးရက်လောက် ခွင့်ပေးလိုက်ပါ့မယ် ” လီရှင်းဝမ်မှာ ချောင်းဟန့်၍ ပြန်ပြောလိုက်၏။ သူသည် ရက်စက်လွန်းရာ ကျနေသည်ဟု ခံစားနေရပြီဖြစ်သည်။ သူသည် အပျိုဖော်ဝင်စ မိန်းမပျိုလေးအား နေ့စဉ်နေ့တိုင်း တံခါးပိတ်ကျင့်စဉ်ထဲ၌ ပိတ်လှောင်ထားခဲ့သည် မဟုတ်ပါလော…. ထို့ကြောင့် သူသည် သူ၏လက်ကိုဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား သဘောတူလိုက်၏။ ထို့နောက် သူသည် ထိုစကားဝိုင်းကိုအဆုံးသတ်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။

” ခဏနေပါဦး ဘိုးဘိုး မဟာထိပ်သီးအကြီးအကဲကြီးခဗျား။ ကျနော် ပြောစရာစကားလေး ရှိသေးလို့ပါ။ ဟိုဟာ…. ကျနော်က အမြုတေအဆင့် ရောက်နေပြီဆိုပေမယ့် အမြုတေအဆင့်နဲ့ ကိုက်ညီတဲ့ ကျင့်ကြံခြင်းပညာရပ် တစ်ခုတလေတောင် မရှိသေးပါဘူး။ အဲ့တာမလို့ ဂုဏ်သရေရှိ ဘိုးဘိုး မဟာထိပ်သီးအကြီးအကဲကြီးဆီမှာများ ကျနော့်ကို လက်ဆင့်ကမ်းပေးနိုင်တဲ့ အစွမ်းထက် ကျင့်ကြံခြင်း ပညာရပ်လေးတွေများ ရှိမလားလို့ပါ ” ဝမ်ပေါင်လဲ့မှာ မျှော်လင့်တကြီးဖြစ်နေသော မျက်ဝန်းများဖြင့် အလောတကြီး ဆိုလိုက်၏။

” ကောင်းကင်တာအိုကျောင်းမှာရှိတဲ့ အမြုတေအဆင့် ကျင့်ကြံခြင်းပညာရပ်တွေအားလုံးကို အဆင်သင့်ပြင်ထားဖို့ ငါ လူတစ်ယောက်ကို မှာထားပြီးသား။ ကျောက်လေးဆိုတဲ့ လူကို သွားရှာလိုက်။ သူက မင်းကို အသေးစိတ်ရှင်းပြလိမ့်မယ်။ ဒါနဲ့ လောလောဆယ်တော့ မင်း ကျောင်းမှာပဲနေဦး။ အင်္ဂါဂြိုဟ်ဆီ မပြန်သေးနဲ့ဦး။ နောက်နှစ်ပတ်လောက်အထိ စောင့်ပေး…. ငါ ငါတို့ဂိုဏ်းက တပည့်တွေအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးချင်လို့ ” လီရှင်းဝမ်မှာ ထိုသို့ဆိုကာ မောက်မာဝင့်ကြွား ရယ်မောလိုက်ပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားပြီး ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်တောင်တဖျတ်ဖျတ် ခပ်ရင်း ကျန်ရစ်ခဲ့၏။ သူသည် မဟာထိပ်သီးအကြီးအကဲကြီး ပြောခဲ့သည့် စကားအား စိတ်ကူးထဲ၌ ခန့်မှန်းကြည့်ရင်း စိတ်လှုပ်တရှားနှင့် မျှော်လင့်စောင့်စားနေမိတော့သည်။ ထို့နောက် သူသည် မဟာထိပ်သီးအကြီးအကဲကြီး ပြောခဲ့သည့် ကျောက်လေးဆိုသူ၏ အကြောင်းကို စဉ်းစားကြည့်လိုက်၏။ သို့သော် သူသည် အချိန်အကြာကြီး စဉ်းစားပြီးသည့်တိုင်အောင် ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိသေးဘဲ ဖြစ်နေရသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ သိချင်စိတ်အား မထိန်းနိုင်တော့သဖြင့် သူ၏အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

” ဂိုဏ်းချုပ်ကြီး။ မဟာထိပ်သီးအကြီးအကဲကြီးက ကျနော်လေ့ကျင့်ဖို့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တွေအတွက် ကျောက်လေးဆိုတဲ့လူကို သွားရှာလို့ ပြောခဲ့တာ။ အဲ့တာ ဘယ်သူလဲဗျ။ ကျနော် တစ်နေကုန် စဉ်းစားပြီးတာတောင် အဖြေပေါ်မလာသေးဘူး ”

ထိုအခါ သူ၏ အသံလွှင့်လက်စွပ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ အချိန်အတော်အတန် ကြာပြီးမှသာ ဂိုဏ်းချုပ်ကြီး၏ ကြောက်မက်ဖွယ်ရာ စကားသံကြီး ထွက်ပေါ်လာတော့သည်။

” ငါ့မျိုးရိုးနာမည်က ကျောက်ကွ “

Comment

Leave a Reply

Options

not work with dark mode
Reset