ခါးကုန်းကြီးမု့န်နှင့် သူတို့သည် ဤနေရာကို လွန်ခဲ့သည့် နှစ်၁၀၀၀က ရောက်လာခဲ့ကြသည်။ ထို့ကြောင့် ဤနေရာတွင် အပြင်သို့ ထွက်နိုင်မည့် ရွှေ့ပြောင်းရေး အစီအရင်တစ်ခု မရှိဘဲနှင့် သူတို့က ဤနေရာကို နောက်တစ်ကြိမ် လာရဲကြလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းအတွက် ကံဆိုးသွားသည့် အချက်ကား ခါးကုန်းကြီးမုန့်၏ သိုလှောင်အိတ်ထဲတွင် ဤနေရာနှင့် ပတ်သက်သည့် အချက်အလက်များ တစ်ခုမှ မရှိခြင်း ဖြစ်သည်။ အမွေပစ္စည်း ဆိုသည်မှာလည်း ခါးကုန်းကြီး၏ သိုလှောင်အိတ်ထဲတွင် မရှိပေ။
ထိုအကြောင်းကို တွေးပြီး ဝမ်လင်း၏ မျက်လုံးက အရောင်လက် သွား၏။ သူသာ ထိုအမွေပစ္စည်းကို ရခဲ့လျှင် ဤနေရာမှ ထွက်ခွာသွားရန် လမ်းစ ရနိုင်သည်။
ဝမ်လင်းက ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် ရှေ့သို့ ဆက်လျှောက် သွားသည်။ မကြာမီ သူက အဝေးတွင် ကြီးမားသော ကျောက်တုံး တစ်ခုကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ည်။ ထိုကျောက်တုံးသည် စိတ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။ ဝမ်လင်းက ဘေးသို့ ခြေလှမ်း အနည်းငယ် လျှောက်လိုက်ပြီး ကျောက်တုံးကို ပတ်သွားလိုက်သည်။
ကောင်းကင်ကြီးက မှောင်မည်းနေပြီး ကျောက်တုံးကြီးက တစ်စုံတစ်ယောက်၏ နှလုံးဖြစ်သည်ဟု ဝမ်လင်းကို ခံစားနေရစေသည်။ ဝမ်လင်းက အတားအဆီး နှစ်ခုကြားမှ နေရာကို ဂရုတစိုက်ဖြင့် ဖြတ်သွားပြီးမှ စိတ်သက်သာ ရသည့်ဟန်ဖြင့် သက်ပြင်း ချလိုက်သည်။
သူက နောက်သို့ လှည့်ကြည့်လိုက်ပြီး ပေ၃၀၀ခန့် အကွာအဝေးကို ဖြတ်ရန် သူက နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်ကို တွေးမိလိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်း မလှမ်းခင် အန္တရာယ် မရှိကြောင်း သေချာမှသာ ရှေ့သို့ လှမ်းနေသည့် အတွက် ကြာနေရခြင်းလည်း ဖြစ်သည်။
သူက မြင့်မာလွန်းလှသည့် တောင်ကို မော့ကြည့်ပြီး ယခု သွားနှုန်းနှင့်ဆိုလျှင် တောင်ထိပ်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်သွားမည်ကို သိလိုက်၏။
ပထမ စမ်းသပ်မှုတွင် သူက ကံကောင်း၍ ဖြတ်သန်း လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒုတိယ စမ်းသပ်မှုတွင်မူ သူ့ကိုယ်သူသာ အားကိုး ရပေတော့မည်။ ထိုအကြောင်းကို စဉ်းစားမိပြီး သူ့မျက်နှာက မည်းမှောင်သွား၏။ သူက ယခုမှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရုံသာ ရှိသေး၏။ ထို့ကြောင့် ဤနေရာက သူ့အတွက် အလွန် အန္တရာယ်များသည်။ သူက နောက်သို့ ပြန်ဆုတ်လျှင်လည်း ယခုထက်ပင် အန္တရာယ်များဦးမည် ဖြစ်သည်။
သူက အသက်ရှင်ချင်လျှင် ရှေ့သို့သာ ဆက်သွား ရပေလိမ့်မည်။ ဝမ်လင်းက ခဏလောက် စဉ်းစားပြီးနောက် သူ၏မျက်လုံးက အရောင်လက် သွား၏။ သူက ရှေ့သို့ ဆက်မသွားတော့ဘဲ အတားအဆီး နှစ်ခု ကြားရှိ နေရာကို ဂရုတစိုက် ဖြတ်ပြီး တောင်ခြေထိ ရောက်အောင် ပြန်သွား လိုက်သည်။
ဝမ်လင်းသည် တောင်ခြေရှိ ပထမ အတားအဆီး ရှိသည့်နေရာကို ရောက်လာပြီးနောက် သူက ဒူးတစ်ဖက် ထောက်၍ အတားအဆီးအား သေချာ လေ့လာလိုက်သည်။
အတားအဆီးသည် ၁၂ပေခန့် ကျယ်သော မြက်ခင်းကြီး ဖြစ်သည်။ ထိုကဲ့သို့ မြက်ခင်းများက တောင်ခြေတွင် အများအပြား ရှိနေသည်။ သို့သော်လည်း မြက်ခင်းများက တောင်ပေါ်သို့ ရောက်လေ ပိုများလေ ဖြစ်သည်။ သာမန် ကြည့်လိုက်လျှင် မထူးခြားဘူးဟု ထင်ရသော်လည်း ဝမ်လင်းက အနီးကပ် ကြည့်လိုက်သောအခါ ဤနေရာရှိ မြက်များက ထူးဆန်းစွာဖြင့် အစီအစဉ်တကျ ရှိနေသည်။
ဝမ်လင်းက မြက်ပင်၏ အရွက်များကို တစ်ရွက်ချင်း သေချာ လေ့လာ လိုက်သည်။ သူက လေ့လာပြီးသောအခါ ကျောက်စိမ်းပြား ထဲတွင် မှတ်သားလိုက်၏။
၃ရက်ကြာပြီး နောက်တွင်း မြက်ရွက်တိုင်း၏ အသေးစိတ် အချက်အလက် များကို မှတ်သား ပြီးသွား၏။ ယခု သူက အတားအဆီးကို ဖြတ်ကျော်ရန် အတွက် နည်းလမ်း ရှာနေခြင်း ဖြစ်သည်။
ဤနေရာမှ အတားအဆီးကို သူ၏စွမ်းအားဖြင့် ဖျက်ဆီးပြီး တောင်ပေါ်သို့ တက်ပါက သူ့အနေဖြင့် တောင်ပေါ်သို့ ရောက်ရန်မှာ မဖြစ်နိုင်ချေ။
တောင်ပေါ်သို့ ရောက်လေ အတားအဆီးများက ပိုမို အားကောင်းလာလေ ဖြစ်သည်။
သူက ဤစမ်းသပ်မှုကို အောင်မြင်ချင်လျှင် ဤတောင်၌ ရှိသော အတားအဆီးများကို နားလည်အောင် လုပ်ရပေမည်။ သူက အတားအဆီးများ အကြောင်းကို ပိုပြီး နားလည်လေ သူ့အတွက် အသက်ရှင်ရန် အခွင့်အရေး များလာလေ ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းက ပထမ အတားအဆီးဆီသို့ ပြန်လာပြီး အသေးစိတ် အချက်အလက် များကို လေ့လာ မှတ်သားနေခြင်း ဖြစ်သည်။
အတားအဆီးများက ဝင်္ကပါများနှင့် မတူပေ။ ဝင်္ကပါများက ထူးခြားသော နည်းလမ်းများကို အသုံးပြုပြီး ထူးခြားသော အစွမ်းများ ရှိ၏။ ဝင်္ကပါတွင် အသုံးပြုသည့် ပစ္စည်းများကလည်း အလွန် ရှုပ်ထွေး၏။ တစ်ယောက်ယောက် ကသာ ဝင်္ကပါကို အတင်းအကြပ် နားလည်အောင် လုပ်လျှင် အခြေခံလောက်သာ နားလည်နိုင်မည် ဖြစ်သည်။
အတားအဆီးများသည် ဝင်္ကပါတစ်ခုဟု ဆိုနိုင်ပြီး ဘက်စုံ အသုံးပြုနိုင်သည်။ အတားအဆီး များသည် ပြုလုပ်သူ၏ စိတ်စွမ်းအားပေါ်ကို အခြေခံထား၏။ ထို့ကြောင့် အတားအဆီး များသည် နတ်ဘုရား စိတ်အာရုံများနှင့် အလွန်တူ၏။
အစွမ်းထက်သော ကျင့်ကြံသူများက သူတို့၏ နတ်ဘုရား စိတ်အာရုံဖြင့် အတားအဆီးများ ချထားနိုင်သည်။ နှစ်ပေါင်းများစွာ ကြာသွားလျှင် တောင်မှ ထိုအတားအဆီး များသည် ဖျက်ဆီးခြင်း မခံရလျှင် အမြဲတမ်း အသက်ဝင် နေလိမ့်မည် ဖြစ်သည်။
တစ်ခါတစ်ရံတွင် ပြုလုပ်သူက သေဆုံး သွားလျှင်တောင်မှ အတားအဆီးများက အသက်ဝင်လျက်ဖြင့် ကျန်နေတတ်သည်။
အတားအဆီးများသည် အမြဲတမ်း ပြောင်းလဲ နေသည်။ အတားအဆီးများကို ဖြတ်ကျော်ရန် နည်းလမ်း ၂မျိုး ရှိသည်။ ပထမ တစ်မျိုးမှာ စွမ်းအားကို အသုံးပြု၍ ဖြတ်ကျော်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းကို အစွမ်းထက်သော ကျင့်ကြံသူများသာ အသုံးပြုနိုင်၏။
ဒုတိယနည်းလမ်းသည် အတားအဆီးကို နားလည်အောင် လုပ်ခြင်း ဖြစ်သည်။
ယခု ဝမ်လင်းက ဒုတိယ နည်းလမ်းကို သုံးနေခြင်း ဖြစ်သည်။
ပထမ အတားအဆီးမှ အချက်အလက်များကို ကျောက်စိမ်းပြားထဲတွင် မှတ်သား ထားပြီးနောက် သူက မှတ်သားထားသည့် အချက်အလက်မှ တစ်ဆင့် အတားအဆီးကို နားလည်အောင် စတင်လေ့လာ လိုက်သည်။ သူသည် ဝိညာဉ်စားသုံးသူ ဖြစ်ခဲ့စဉ်က အခြေခံ ဝင်္ကပါများကို နားလည်အောင် လေ့လာနိုင်ခဲ့သဖြင့် ယခု အတားအဆီးကို လေ့လာသောအခါ သူ့အတွက် အစိမ်းသက်သက် ဖြစ်မနေချေ။
အချိန်များက တဖြည်းဖြည်း ကုန်လာသည်။ ၁၀ရက် ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် မြက်ပင် တစ်ပင်ကို ဆွဲလိုက်သည်။ ထိုအခါ မြက်ပင်က စတင် လှုပ်လာ၏။ ဝမ်လင်းကလည်း မြက်ပင်က လှုပ်ရှားလာမည်ကို သိထားသဖြင့် မြက်ပင်နှင့်အတူ လက်ကို လှုပ်ရှား လိုက်သည်။
ဝမ်လင်း၏ ညာလက်က ဘယ်ဘက်ကို ရွေ့လျားသွားလျှင် မြက်ပင်က ညာဘက်သို့ ရွေ့လျား၏။ ထိုအခါ ဝမ်လင်းက နောက် လက်တစ်ဖက်ကိုပါ လှုပ်ရှားလိုက်သည်။ ဘေးမှ တစ်ယောက်ယောက် ကသာ ကြည့်နေလျှင် သူ့လက်များက အစီအစဉ်တကျ မရှိဘဲ လှုပ်ရှားနေသည်နှင့် တူသော်လည်း သေသေချာချာ ကြည့်မည်ဆိုလျှင် လက်များက မြက်ပင်နှင့်အတူ အချိန်ကိုက် လှုပ်ရှားနေသည်ကို မြင်ရလိမ့်မည် ဖြစ်သည်။
စက္ကန့် အနည်းငယ် အတွင်းမှပင် ညာလက်၏ လှုပ်ရှားမှုက အမြန်ဆုံးနှုန်းသို့ ရောက်ရှိသွားပြီး နောက်ချန်ပုံရိပ်များ ဖြစ်ပေါ်လာသည်။
၁၀စက္ကန့်ခန့် ကြာပြီးနောက် အာရုံစိုက်ရလွန်း၍ ဝမ်လင်း၏ နဖူးတွင် ချွေးများ ထွက်လာသည်။ သူက ရုတ်တရက် ညာလက်ကို ဆွဲထုတ်လိုက်ရာ အနီရောင် အလင်းတန်း တစ်ခုက ပေါ်လာသည်။ ထိုအနီရောင် အလင်းသည် ဝမ်လင်း၏ ညာလက်နောက်သို့ လိုက်လာခြင်း ဖြစ်၏။
ဝမ်လင်းက ညာလက်ကို ဆွဲထုတ်ပြီးနောက် လက်ကို လှုပ်ရှားလိုက်ရာ အနီရောင် အလင်းက တဖြည်းဖြည်း အားပျော့လာပြီး နောက်ဆုံးတွင် ပျောက်ကွယ် သွား၏။
ဝမ်လင်းသည် ညာလက်ကို ဆွဲထုတ် လိုက်သည့် အချိန်တွင် ညာလက် တစ်ခုလုံးက ထုံနေသည်။ ဝမ်လင်းက မြက်ပင်ကို ကြည့်လိုက်ရာ ဘာမှ မဖြစ်ခဲ့သည့်အတိုင်း ပုံမှန်အတိုင်း ပြန်ဖြစ်နေ၏။
ဤနေရာရှိ အတားအဆီးသည် ဝင်ရောက်ရန် ကြိုးစားသည့် လူတိုင်းကို သတ်ရန် ဖြစ်သည်။ တစ်ယောက်ယောက် ကသာ အတားအဆီးကို ဖျက်ဆီးရန် လုံလောက်သည့် ကျင့်ကြံခြင်း အဆင့်ကို ရောက်နေပါက အနီရောင် အလင်းက ပေါ်ထွက်လာပြီး ထိုလူကို သတ်ပစ်ရန် ကြိုးစား ပေလိမ့်မည်။
အတားအဆီးကို ရက်အနည်းငယ် လေ့လာပြီးနောက် ဝမ်လင်းက အခြေခံလောက်ကို နားလည်သွား၏။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူက အတားအဆီးကို လေ့လာရင်း အနီရောင် အလင်းနှင့် ပတ်သက်၍လည်း အတွေ့အကြုံက ၁၀ကြိမ်ထက် မနည်း ရရှိသွား၏။
ပထမဆုံး အကြိမ်၌ သူက ၃စက္ကန့်ခန့်သာ ကြိုးစား နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ၁၀စက္ကန့်ခန့်ထိ ကြိုးစားလာနိုင်ပြီး အနီရောင် အလင်းကို တားဆီး နိုင်သွားပြီ ဖြစ်သည်။ သူက နောက်ထပ် နည်းနည်းလေးသာ ထပ်၍ နားလည် သွားမည်ဆိုလျှင် သူက အတားအဆီးကို ဖြတ်ကျော် နိုင်လိမ့်မည် ဖြစ်သည်။
သူက အတားအဆီးကို အပြည့်အဝ နားလည်သွားပြီး အတားအဆီးထဲသို့ ဝင်ပြီးနောက် ၁၀စက္ကန့်ဆိုသည့် အချိန်အတွင်း အတားအဆီးမှ ထွက်နိုင်ခဲ့လျှင် သူ့ကို အနီရောင် အလင်းတန်းကပင် တားဆီး နိုင်လိမ့်မည် မဟုတ်တော့ချေ။
ဝမ်လင်းက အလွန် စိတ်လှုပ်ရှား လာသည်။ ပထမ အတားအဆီးသည် ဤနေရာတွင် အရိုးရှင်းဆုံး အတားအဆီး ဖြစ်သော်လည်း သူက မှန်ကန်သည့် နည်းလမ်း တစ်ခုကို ရှာတွေ့နိုင်မည်ဟု ယုံကြည် နေမိသည်။ သူကသာ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လှမ်းမိလျှင် ဤနေရာမှ ထွက်သွားရန်မှာ မဖြစ်နိုင်သည့် အရာတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ဝမ်လင်း၏ မူလ ရည်ရွယ်ချက်က အတားအဆီးကို နားလည်အောင် လုပ်ပြီး ဤနေရာမှ ထွက်သွားရန် ဖြစ်သည်။ သို့သော်လည်း ယခုတော့ နောက်ထပ် ရည်မှန်းချက် တစ်ခု ရှိလာသည်။ သူက အတားအဆီးကို လေ့လာရင်း အတားအဆီးများကို ပို၍ စိတ်ဝင်စား လာသည်။ သူက ပထမ အတားအဆီးကို လေ့လာရင်း အတားအဆီးများက မည်မျှ အားကောင်းကြောင်းကို သိလာသည်။
ဥပမာဆိုရလျှင် ဤနေရာရှိ မြက်ပင်များ ကြားထဲတွင် အတားအဆီးများ ရှိနေသည်။ ဝမ်လင်းက ယခုအချိန်တွင် ပထမ အတားအဆီးကို ဖြတ်ကျော်နိုင်နေပြီ ဖြစ်သော်လည်း အတားအဆီး တစ်ခုလုံးကို အပြည့်အဝ နားမလည်သေးချေ။ သူကသာ ဤအတားအဆီးကို အပြည့်အဝ နားလည်သွားလျှင် သူက ကိုယ်ပိုင် အတားအဆီး တစ်ခုကို ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။
သူလုပ်မည့် အတားအဆီးများက ယခု ပထမ အတားအဆီးလောက် အားမကောင်း နိုင်သော်လည်း အားနည်းသည့် အတားအဆီးတစ်ခု ဖြစ်လာမည်တော့ မဟုတ်ချေ။
ဝမ်လင်းက လေကို ပြင်းပြင်း ရှူလိုက်သည်။ သူ၏ လေ့လာရင်းဖြင့် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာသည်။ တစ်လကြာပြီးနောက် ဝမ်လင်းက ကျောက်စိမ်းပြားများကို သိမ်းဆည်းလိုက်ပြီး မြက်ပင် ရှိရာသို့ သွားလိုက်သည်။
သူက အတားအဆီးထဲသို့ ဝင်လာသည့်နှင့် တစ်ပြိုင်နက် မြက်ပင်က လှုပ်ရှားသွားပြီး အနီရောင် မြူတစ်ခု ပေါ်လာသည်။ မြက်ရွက်တိုင်း ကလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး ထက်ရှသော လက်နက်များ အဖြစ် ပြောင်းကာ ပျံသန်း၍ အနီရောင်မြူထဲသို့ ပျောက်ကွယ် သွား၏။
တစ်ချိန်တည်းမှာပင် အော်ဟစ်သံများက အရပ်မျက်နှာ ပေါင်းစုံက ထွက်လာပြီး ထက်ရှသော လက်နက်များက ဝမ်လင်းဆီသို့ ထိုးဆင်း လာသည်။
ဝမ်လင်းက ထိုအရာများကို ဂရုပင် မစိုက်ဘဲ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သူက သူပိုင်သည့် နေရာတစ်ခုတွင် လမ်းလျှောက် နေသကဲ့သို့ လျှောက်နေပြီး သူ့ဆီသို့ ကျလာသည့် ထက်ရှသော လက်နက်များက နီးကပ်လာသည်။
ဝမ်လင်းက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်က ကြည့်လျှင် နှေးသည်ဟု ထင်ရသော်လည်း သူ့လက်က ထူးဆန်းစွာဖြင့် ထက်ရှသော လက်နက်များ၏ ရှေ့သို့ ရောက်သွား၏။ တစ်ယောက်ယောက် ကသာ အပြင်ဘက်မှ ကြည့်လျှင် သူတို့က အလွန် အံ့ဩသွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဝမ်လင်းက အတားအဆီးနှင့် ပတ်သက်၍ အပြည့်အဝ နားလည် သွားသောကြောင့် ဖြစ်သည်။
***
🧐