ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံက သူ့ဆီသို့ ပျံသန်း လာသည်။ သူက ဓားပျံနှင့် အကျွမ်းတဝင် ဖြစ်စေရန် အကြိမ်ရေ အနည်းငယ်ခန့် ဂရုတစိုက်ဖြင့် သုံးကြည့်ပြီးနောက် ဓားကို သိုလှောင်အိတ်ထဲသို့ ထည့်ထား လိုက်သည်။
ဓားပျံကို သိမ်းလိုက်ပြီးနောက် ဝမ်လင်းက ထရပ်ပြီး ကျောက်တုံး တံတားပေါ်သို့ တက်လိုက်၏။ သူ့နောက်မှ လေဆင်နှာမောင်းများ ကလည်း အော်သံပေး၍ လိုက်သွား၏။
ဝမ်လင်းက ဂရုတစိုက်ဖြင့် ရှေ့သို့ သွားနေသည်။ တံတားက ကြည့်လျှင်တော့ သာမန် ဖြစ်သော်လည်း တံတားပေါ်သို့ ခြေချပြီးနောက်တွင် တံတားက ပေ၁၀၀၀ခန့် ရှည်လာပြီး ရှေ့မှ မြင်ကွင်းကလည်း ပြောင်းလဲ သွား၏။
ဝဲကတော့ တစ်ခုက တံတား၏ တခြား တစ်ဖက်တွင် ပေါ်လာသည်။
ဝမ်လင်း၏ မျက်လုံးများက အရောင်လက်နေပြီး အနည်းငယ် စဉ်းစားကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သားရဲတစ်ကောင်က သူ့လက်ပေါ်သို့ ပျံသန်းလာ၏။ သူက သားရဲကို ရှေ့သို့ ပစ်လိုက်၏။ သားရဲသည် လျင်မြန်သော အရှိန်ဖြင့် ဝဲကတော့ဆီသို့ ပြေးထွက်သွား၏။
သို့သော်လည်း သားရဲက ပေ၁၀၀ခန့် ပျံသန်းပြီးနောက်တွင် ခရမ်းရောင် လျှပ်စီးတစ်ခုက သားရဲပေါ်သို့ ကျလာပြီး သားရဲက အမှုန့် ဖြစ်သွား၏။
ဝမ်လင်း၏ အမူအရာက မပြောင်းလဲသွားပေ။ ဤနေရာတွင် ကန့်သတ်ချက်များ မရှိပါက သူက ပျံသန်းသွားမည် ဖြစ်သည်။ သို့သော်လည်း ယခုမူ သူက ရှေ့သို့ တစ်လှမ်းချင်း သွားနေလေသည်။ သူက ပေ၁၀၀၀ခန့် ရှည်သော တံတားကို ကြည့်ပြီး လေကို ရှူသွင်းကာ ဆက်လျှောက် သွားလိုက်၏။
ဝမ်လင်းက ၁၀လှမ်းမြောက်ကို လှမ်းပြီးသောအခါ ရုတ်တရက် သူ့ကို မြူများက ဝိုင်းရံလာပြီး သူ့နောက်မှ လေဆင်နှာမောင်းကိုလည်း မမြင်ရတော့ပေ။
ဒုတိယ မကောင်းဆိုးဝါး သည်လည်း လေဆင် နှာမောင်းနှင့် အတူ ပျောက်ကွယ်သွားပြီး သူတို့ကြားမှ ဆက်သွယ်မှုတောင်မှ ထူးဆန်းသော အားတစ်ခုဖြင့် တားဆီးခံလိုက် ရသည်။
ဝမ်လင်းက နောက်သို့ လှည့်ကြည့်ချင် သော်လည်း သူက နောက်လှည်မည် ကြံတိုင်း သူ့ကိုယ်သူ အတင်းအကြပ် တားဆီးလိုက်၏။ ဝမ်လင်းက သုန်မှုန်နေသည့် မျက်နှာထားဖြင့် စဉ်းစားလိုက်သည်။ ထို့နောက် သူက သရော်ပြုံး ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လျှောက် သွား၏။
သည်တစ်ကြိမ်သည် ပေ၁၀၀ပြည့်သွားသည့် အချိန်တွင် ဖြစ်သည်။
မိုးခြိမ်းသံကဲ့သို့ ဟိန်းသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး တံတားက တုန်ခါသွားကာ ဝမ်လင်း၏ ခန္ဓာကိုယ်တောင်မှ လှုပ်သွား၏။ ဝမ်လင်းက သူ့ကိုယ်သူ အလျင်အမြန် ထိန်းလိုက်သည်။ ထိုဟိန်းသံသည် လေဟာနယ် အတွင်းမှ ပျက်စီးခြင်း သားရဲ၏ ဟိန်းသံဖြစ်ကြောင်း ဝမ်လင်း သိလိုက်၏။
ညှီနံ့တစ်ခုနှင့်အတူ လေပူများ ထုတ်နေသော အသက်ရှူသံ တစ်ခုက သူ့နောက်ကျောတွင် ထွက်ပေါ်လာသည်။ ဝမ်လင်းက သူ့ကိုယ်သူ ထိန်းချုပ်ပြီး နောက်သို့ လုံးဝ မလှည့်ပေ။ သူ၏နတ်ဘုရား စိတ်အာရုံနှင့် တောင်မှ နောက်သို့ မစစ်ဆေးပေ။ ဤတံတားသည် ‘အပြန်မရှိတဲ့လမ်း’ ဟု ခေါ်မှတော့ တစ်လှမ်း လှမ်းပြီးလျှင် နောက်သို့ ဆုတ်ခွင့် မရှိတော့ချေ။
ဝမ်လင်းက ဤနေရာသည် အလွန်ရိုးရှင်း လိမ့်မည်ဟု မယုံကြည်ပေ။ ထို့ကြောင့် သူက နောက်သို့ ပြန်မသွားနိုင်ရုံတင် မဟုတ်ဘဲ ခေါင်းကိုပင် နောက်သို့ မလှည့်နိုင်ချေ။ အလွန်ဆုံး သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် တောင်မှ နောက်ကို မစစ်ဆေးပေ။ သူက အပြန်မရှိဘူး ဆိုသည့် စကားကို လက်ကိုင် ထားရပေမည်။ မဟုတ်ပါက သားရဲကဲ့သို့ သေသွား ရပေလိမ့်မည်။
သူက နောက်သို့ ခေါင်းကို လှည့်မကြည့် သော်လည်း နောက်မှ အပူချိန်ကို ခံစားမိနေသည့် အတွက် နဂါးက သူ့နောက်တွင် ပါးစပ်ဖြဲပြီး ရောက်နေမည်ကို ခန့်မှန်းနိုင်သည်။
ဝမ်လင်းက အံ့အားသင့် သွားသော်လည်း ထိတ်လန့် သွားခြင်းတော့ မဖြစ်ချေ။ ဤနေရာတွင် ထိုနဂါးက ပေါ်လာစရာ အကြောင်း မရှိပ။ ထို့ကြောင့် နောက်မှ နဂါးသည် ပုံရိပ်ယောင်သာ ဖြစ်ရပေမည်။
ထိုအချိန်တွင် အနီရောင် အလင်းတစ်ခုက သူ၏ညာဘက် ပခုံးက ဖျတ်ခနဲ ဖြစ်သွား၏။ သူက နဂါး၏လျှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ၏နဖူးတွင် ချွေးစေးများ ချက်ချင်း ထွက်လာပြီး ဘေးဘက်သို့ ကြည့်လိုက်ရာ ပခုံးပေါ်တွင် ထူးဆန်းသော အနံများ ထွက်နေသော စေးကပ်သည့် အရာများကို တွေ့လိုက်ရသည်။
ဝမ်လင်းက လေကို ပြင်းပြင်းရှူပြီး သူ့စိတ်ကို ပြန်ထိန်း လိုက်သည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်နေဆဲဖြစ်ပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွား လေသည်။ နှစ်ခွရှိသော နဂါးလျှာက သူ့ဘေးမှ ဖြတ်သွားပြီး သူ၏ အဝတ်အစားများ ကလည်း နောက်မှ လေပူများကြောင့် တဖျပ်ဖျပ် လွင့်နေလေသည်။ ရုတ်တရက် အားကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒ တစ်ခုလည်း ကလည်း သူ့နောက်မှ ပေါ်လာသည်။
ဝမ်လင်းက တဖျပ်ဖျပ် လွင့်နေသော အဝတ်အစားများကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ ယခင်က သိပ်မသေချာ သော်လည်း စေးကပ်သော အရာများကို မြင်ပြီးနောက်တွင် ထိုအရာများက ပုံရိပ်ယောင်များ ဖြစ်ကြောင်း သူ့စိတ်ထဲတွင် အသေအချာ သိလိုက်၏။ အထူးသဖြင့် တဖျပ်ဖျပ် လွင့်နေသော အဝတ်အစား များကြောင့် ဖြစ်သည်။
အကြောင်းမှာ သူ့နောက်တွင် ပျက်စီးခြင်းသားရဲ ရောက်နေလျှင် အသက်ရှူ ထုတ်လိုက်သည့် အချိန်တွင် သူက ရှေ့သို့ လွင့်သွားရမည် ဖြစ်သည်။ ယခုတော့ ထိုလေက သူ၏ အဝတ်အစားကို တဖျပ်ဖျပ် လွင့်စေရုံလောက်သာ ရှိ၏။
ဝမ်လင်းက ထိုအရာများသည် ပုံရိပ်ယောင်များ ဖြစ်ကြောင်း သေချာ သွားပြီးလျှင် နောက်မှ မည်သည့်အသံ၊ မည်သည့် လှုပ်ရှားမှုမျိုးပဲ ထွက်လာ ထွက်လာ သူကတော့ ရှေ့သို့ တည်ငြိမ်စွာဖြင့် ဆက်လျှောက် သွားလိုက်၏။ ထိုအချိန်တွင် အနီရောင်နဂါးက ကျယ်လောင်စွာ ဟိန်းဟောက် လိုက်ပြီး ပါးစပ်ကို ဖြဲကာ ဝမ်လင်းအား ကိုက်ချလိုက်သည်။ ဝမ်လင်းက မျက်လုံးထောင့်မှ နဂါးကို မြင်လိုက် ရသော်လည်း အထိတ်တလန့် ဖြစ်မသွားဘဲ ရှေ့သိုသာ ဆက်လျှောက် သွားလိုက်၏။
နဂါးက သူ့ကို မျိုချလိုက်သည့် အချိန်တွင် နဂါးက မီးခိုးတိမ်တိုက် တစ်ခုအဖြစ် ပြောင်းလဲ သွား၏။ ထိုအခါ ဝမ်လင်းက မီးခိုးငွေ့ထဲတွင် လမ်းလျှောက် သကဲ့သို့ ဖြစ်သွားသည်။
ဝမ်လင်းက လျှောက်ရင်း ပေ၉၀၀သို့ ရောက်လာပြီး တံတားအဆုံးသို့ ရောက်ရန် ပေ၁၀၀သာ ကျန်တော့၏။ ထိုအချိန်တွင် ညင်သာသော ချောင်းဟန့်သံတစ်ခု ထွက်ပေါ် လာသည်။
ချောင်းဟန့်သံက အလွန် ညင်သာသော်လည်း ဝမ်လင်း၏ နားထဲတွင် မိုးကြိုးဗုံးများ ပေါက်ကွဲသွား သကဲ့သို့ ခံစားလိုက်ရသည်။ သူက ဘယ်လိုမှ ဆက်မလျှောက် နိုင်တော့ဘဲ ရပ်တန့်လိုက်၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။
ချောင်းဟန့်သံက ထပ်မံ ထွက်ပေါ်လာသည်။ ထိုအရာများက ပုံရိပ်ယောင်မှန်း သိနေသော်လည်း နောက်သို့ လှည့်ကြည့်ချင် စိတ်များက အရှိန်အဟုန် ပြင်းပြင်းဖြင့် ထွက်ပေါ်လာသည်။
“ထေ့ကျူး… နောက်လှည့်ပြီး အဖေ့ကို ကြည့်ပါဦး…”
ရင်းနှီးသော အသံတစ်ခုက သူ့နားထဲသို့ ဝင်လာသည်။ ထိုအခါ ဝမ်လင်းက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မျက်လုံးကို ပိတ်လိုက်သည်။ မျက်လုံးကို ပြန်ဖွင့်လိုက်သည့် အချိန်တွင် သူ့မျက်လုံးထဲ၌ စိတ်ပိုင်းဖြတ် ထားမှုများဖြင့် ပြည့်နေပြီး ရှေ့သို့ ဆက်လျှောက် သွားလိုက်၏။
“ထေ့ကျူး… အမေက သားကို တွေ့ချင်နေတာ… ဘယ်လိုလုပ် နောက်ကိုတောင် လှည့်မကြည့် နိုင်ရတာလဲ…”
ဝမ်လင်းက မျက်လုံးကို နောက်တစ်ကြိမ် မှိတ်လိုက်ပြီး တုန်ယင်စွာဖြင့် ရှေသို့ ဆက်လှမ်း သွားလိုက်သည်။ မကြာမီ သူက ကျောက်တုံး တံတား၏ အဆုံးသို့ ရောက်လာသည်။ နောက်ဆုံး ပေ၁၀၀လုံးတွင် သူ့မိဘများ၏အသံက သူ့နားထဲသို့ အဆက်မပြတ် ဝင်ရောက်နေခဲ့သည်။
သူက ကျောက်တုံး တံတား၏ အစွန်းသို့ ရောက်သောအခါ သူ့မိဘများ၏ အသံက ပျောက်ကွယ်သွား၏။ သူ့နောက်တွင် လေဆင်နှာမောင်းများမှ အသံများ ပြန်လည် ထွက်ပေါ်လာပြီး သူနှင့် ဒုတိယ မကောင်းဆိုးဝါး ကြားမှ ဆက်သွယ်မှုကလည်း ပြန်ရလာသည်။
သို့သော်လည်း ဝမ်လင်းက နောက်သို့ မလှည့်သေးပေ။ ဝဲကတော့၏ ရှေ့တွင် အချိန် တော်တော် ကြာအောင် စဉ်းစားပြီးနောက် သူက လီမူဝမ် ပေးထားခဲ့သော ကျောက်စိမ်းပြားကို ထုတ်ယူပြီး အသက် သွင်းလိုက်သည်။ ထိုအခါ သူနှင့် သူ့နောက်ရှိ လေဆင်နှာမောင်းများကို နဂါးဝင်္ကပါက ဝိုင်းရံသွားပြီး သူတို့က ဝဲကတော့ အတွင်းသို့ အတူ ဝင်ရောက်သွား၏။
ဝမ်လင်းတို့ကို ခရမ်းရောင် လျှပ်စီးက ဆွဲယူသွားပြီးနောက် ဝမ်လင်းသည် ဝဲကတော့ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွား၏။
ဝမ်လင်းက ဝဲကတော့ အတွင်းမှ ထွက်လာသောအခါ တိမ်များဖြင့် ဖုံးနေသော တောင်ကြီး တစ်လုံးကို မြင်လိုက်ရသည်။ တောင်က မြင့်လွန်းပြီး တိမ်များကလည်း ဖုံးအုပ်နေသဖြင့် တောင်တစ်ခုလုံးကို မမြင်နိုင်ပေ။ တောင်နှင့် ဝမ်လင်းကို နှိုင်းယှဉ်လိုက်လျှင် ဝမ်လင်းသည် အလွန့်အလွန်ကို သေးငယ်လှသည်။
တောင်ကို မြင်ပြီးနောက် ဝမ်လင်းက အလွန် အံ့အားသင့် သွား၏။ ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး စောစောက ဖြတ်ခဲ့သည့် တံတားသည် ဒုတိယစမ်းသပ်မှု မဖြစ်နိုင်ကြောင်း ဝမ်လင်း သိလိုက်၏။ အဘယ်ကြောင့် ဆိုသော် တတိယ စမ်းသပ်မှုတွင် ဝမ်လင်း၏ သေဆုံးခြင်း မန္တန်ကို လိုအပ်ကြောင်း သွမ့်မူကျိက ပြောပြ ထားခြင်းကြောင့် ဖြစ်သည်။
သူက ယခုထိ နတ်ဘုရား စိတ်အာရုံဖြင့် တိုက်ခိုက်၍ ဖြတ်ကျော်ရမည့်အရာ တစ်ခုမှ မတွေ့သေးချေ။ သူက တောင်ကို ကြည့်ပြီး ဤတောင်ကသာ ဒုတိယစမ်းသပ်မှု အစစ်အမှန် ဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။
သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ သူ၏သူငယ်အိမ်က ကျုံ့သွား၏။ တောင်ခြေတွင် ပျက်စီးနေသော အတားအဆီးများရှိပြီး အနီရောင် အလင်းမျှင်များက ဝန်းရံနေသည်။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး တောင်ဆီသို့ လျှောက်သွား လိုက်သည်။ သူက အတားအဆီး ရှိသည့်နေရာသို့ ရောက်သွား၏။ အတားအဆီးကို တစ်စုံတစ်ယောက်က ဖျက်ဆီး သွားသည့်အတွက် အပေါက်ကြီး ဖြစ်ကျန်ခဲ့သည်။
အပေါက်၏ အနားများတွင် အနီရောင် တောက်ပနေသည်။ သူက တောင်ထိပ်သို့ မော့ကြည့်လိုက်ပြီး စိတ်ထဲတွင် အချက်ပေးသံများ ပေါ်လာသည်။ အဘယ်ကြောင့် ဆိုသော် တောင်ပေါ်တွင် တစ်စုံ တစ်ယောက် ရှိနေသည်မှာ သေချာ နေသောကြောင့် ဖြစ်သည်။
ဤနေရာတွင် သည်တောင် တစ်လုံးမှလွဲ၍ မည်သည့်အရာမှ မရှိသည့်အတွက် သည်တောင်ကသာ ဒုတိယ စမ်းသပ်မှု၏ သော့ချက် ဖြစ်နိုင်သည်။ ထို့ကြောင့် တောင်ပေါ်ကို တက်ရန် မှလွဲ၍ ရွေးချယ်စရာ မရှိပေ။
သာမန် သေမျိုးတစ်ယောက် ဆိုလျှင် တောင်ပေါ်သို့ တက်ရသည်မှာ အလွန် ခက်ခဲလိမ့်မည်။ သို့သော်လည်း ကျင့်ကြံသူ တစ်ယောက် အတွက်တော့ ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဝမ်လင်း၏ အတွေ့အကြုံများအရ ဤနေရာတွင် လေပေါ် မပျံနိုင်စေရန် တားဆီးထားသော တားမြစ်ချက်များ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူက တောင်ပေါ်သို့ ခြေထောက်ဖြင့် တက်ရန်သာ ရွေးချယ်လိုက်၏။
ခဏလောက် စဉ်းစားပြီး နောက်တွင် ဝမ်လင်းက နောက်လှည့်ကြည့်ပြီး လေဆင်နှာမောင်း များကို ကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေဆင်နှာမောင်းများက တစ်ခုတည်း အဖြစ် စုပေါင်းသွား၏။ သူက လေဆင်နှာမောင်း ပေါ်သို့ ခုန်တက် လိုက်ပြီးနောက် သူက လေဆင်နှာမောင်းနှင့် နီးကပ် လာသောအခါ အပေါက်တစ်ခု ပေါ်လာပြီး သူက အထဲသို့ ရောက်သွားသည်။
လေဆင်နှာမောင်းထဲတွင် ရပ်ပြီး ဝမ်လင်းက အမိန့်တစ်ခု ပေးလိုက်သောအခါ လေဆင်နှာမောင်းက ချက်ချင်း ရှေ့သို့ ရွေ့လျား သွား၏။
သူတို့က အတားအဆီးကို ဖြတ်ကျော် လာပြီးနောက် အတားအဆီးက စတင်၍ ပြန်ကောင်း လာသည်ကို ဝမ်လင်းက နတ်ဘုရား စိတ်အာရုံမှ တစ်ဆင့် မြင်လိုက်ရဿည်။
ဝမ်လင်းစိတ်ထဲတွင် တင်းကျပ်သွား၏။ အတားအဆီးက ပြန်၍ ကောင်းနိုင်လျှင် ပထမ စမ်းသပ်မှုမှာ ကဲ့သို့ ရှေ့မှလူကို သူ့အတွက် လမ်းရှင်းခိုင်း၍ ရမည် မဟုတ်တော့ချေ။
ထိုအကြောင်းကို တွေးပြီး ဝမ်လင်းက ဒုတိယ မကောင်းဆိုးဝါးကို အမိန့်ပေးပြီး သားရဲများ၏ နတ်ဘုရား စိတ်အာရုံများကို စုပေါင်း၍ ဖြန့်ထုတ် လိုက်သည်။
သူက နတ်ဘုရား စိတ်အာရုံကို သေချာ ထိန်းချုပ်ပြီး ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးကြည့် လိုက်သောအခါ သူ့စိတ်ထဲတွင် လေးလံသွား၏။ ဤနေရာ တစ်ခုလုံးသည် အတားအဆီးများနှင့် ပြည့်နေလေသည်။
အတားအဆီးများက များလွန်းလှ၍ တားမြစ်ချက်တောင် ဟုပင် ခေါ်နိုင်သည်။ တောင်ပေါ်သို့ တက်ဖို့ပင် မဆိုထားနှင့် ခြေတစ်လှမ်း မှားလိုက်ရုံဖြင့်ပင် သေဆုံး သွားနိုင်သည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် နေရာတစ်ခုလုံးကို စစ်ဆေး ကြည့်နေသည့် အချိန်တွင် အတားအဆီး တစ်ခုလုံးက အပြည့်အဝ ပြန်ကောင်း သွား၏။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းလိုက်ပြီး အနည်းငယ် စဉ်းစားကာ လေဆင် နှာမောင်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် သိုလှောင်အိတ် တစ်ခုကို ထုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဒုတိယ မကောင်းဆိုးဝါးနှင့် အတူ လေဆင်နှာမောင်း တစ်ခုလုံး သိုလှောင်အိတ် အတွင်းသို့ ဝင်သွား၏။ ဤသိုလှောင်အိတ်သည် အင်းစက်များကို မွေးမြူသည့် ကျင့်ကြံသူ တစ်ယောက်ထံမှ ရရှိထားခြင်း ဖြစ်ပြီး သိုလှောင်အိတ်သည် ပစ္စည်းများကို ထည့်၍ မရဘဲ အသက်ရှင်နေသည့် သားရဲများကိုသာ ထည့်ထားလို့ရ၏။
ဝမ်လင်းက အရင် ရက်ကတည်းက သားရဲ အနည်းငယ်ကို ထည့်၍ စမ်းသပ်ထားပြီး ဖြစ်သည်။
သားရဲများကို သိုလှောင်အိတ်ထဲသို့ ထည့်ပြီးနောက် သူက အိတ်ကို ခါးတွင် ချည်နှောင် လိုက်သည်။ ထို့နောက် လေကို ပြင်းပြင်း ရှူပြီး ရှေ့သို့ ဆက်လျှောက် လိုက်သည်။ သူ၏နတ်ဘုရား စိတ်အာရုံကလည်း ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် စောင့်ကြည့် နေလေသည်။
သူက သားရဲများကို အသုံးပြု၍ နေရာတစ်ခုလုံးကို စစ်ဆေးကြည့်သည့် အချိန်တွင် သူက အတားအဆီးများ ကြားမှ အပေါက်များကို မြင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ထိုအပေါက်များသည် သေးငယ်နေသဖြင့် လေဆင်နှာမောင်း တစ်ခုလုံး ဖြတ်သွားရန် အတွက် မဖြစ်နိုင်ချေ။ ထို့အပြင် ဤနေရာရှိ အတားအဆီးများသည် အလွန် ကောင်းမွန်နေသဖြင့် ထိလိုက်သည်နှင့် အသက်ဝင် သွားပေလိမ့်မည်။
ထို့ကြောင့် သူက လေဆင်နှာမောင်းကို အသုံးပြုမည့် အကြံအား လက်လျှော့ လိုက်ခြင်း ဖြစ်သည်။
***
⛰️