Switch Mode

အပိုင်း (၁၈၉)

ဓားပျံအသစ်

ခါးကုန်းကြီးမုန့်က ဆေးဘုရင် ဒယ်စောက်ကို တုပထားသည့် ဒယ်စောက်အား အဆိပ်ဘုရင် ဒယ်စောက်အဖြစ် သန့်စင်ခဲ့သည်။ သို့သော်လည်း သူက ဒယ်စောက်ကို အဆိပ်ဘုရင် ဒယ်စောက် အဖြစ် သန့်စင်နိုင်သည့် အခြေအနေထိ မ‌ရောက်ဘဲ သေဆုံး သွားခဲ့ရသည်။

ယခု ဝမ်လင်းက ရရှိလာသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချလိုက် သောကြောင့် ဒယ်စောက်သည် သူ့လက်ထဲသို့ ရောက်လာရခြင်း ဖြစ်၏။

ဝမ်လင်းက ကျောက်စိမ်းပြားတွင် ရေးထားသည့် ဒယ်စောက် အကြောင်းကို ပြန်စဉ်းစား လိုက်သည်။ သူကသာ တစ္ဆေလောက ကျင့်စဉ်၏ လုံလောက်သည့် အဆင့်တစ်ခုထိ ရောက်လျှင် သူကလည်း ဒယ်စောက်ကို အသက်ရတနာအဖြစ် သန့်စင် နိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူက ထိုကျင့်စဉ်ကို မလေ့ကျင့်ရန် ဆုံးဖြတ်ထား၏။

ဤကဲ့သို့ ရတနာကို ရလျက်သားနှင့် မသုံးနိုင်လျှင် စိတ်ထဲတွင် မချင့်မရဲ ဖြစ်နေ ရပေလိမ့်မည်။ ဤနေရာသည် အလွန် အန္တရာယ်ရှိသည့် နေရာတစ်ခု ဖြစ်သည့်အတွက် သူ့ကိုယ်သူ ရှင်သန်နိုင်ရန် အတွက် သန်မာလာရန် လိုအပ်သည်။ ဤဒယ်စောက်သည် သူ၏ အသက်ရှင်နိုင်မှုကို မြှင့်ပေးနိုင်သည့် ရတနာတစ်ခု ဖြစ်သည်မှာ ကျိန်းသေ၏။

ဝမ်လင်းက ကျောက်တုံး တံတားဆီသို့ မော့ကြည့် လိုက်သည်။ ထို့နောက် ပါးစပ်ကို ဟလိုက်ရာ သလင်းကျောက်ဓားက ပျံသန်း ထွက်လာပြီး သူ့ရှေ့တွင် ရပ်တန့်သွား၏။

ဝမ်လင်းက သလင်းကျောက်ဓားကို လွမ်းရိပ်ဝေနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက အံကြိတ်ပြီး သလင်းကျောက်ဓားကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ဓားက အနည်းငယ် တုန်ခါသွားပြီး ဓားကိုယ်ထည် ပေါ်တွင် အနီရောင် မျဉ်းကြောင်းများ ထွက်ပေါ် လာသည်။

အနီရောင် မျဉ်းကြောင်း များသည် သွေးသန့်စင်ခြင်း နည်းစနစ်ကို အသုံးပြုထားသည့် ဝိညာဉ် အဆီအနှစ်သွေးများ ဖြစ်သည်။ ယခု သူက ဝိညာဉ် အဆီအနှစ် သွေးများကို ဓားစိတ်ဝိညာဉ် အတွင်းသို့ ထည့်သွင်းနေခြင်း ဖြစ်သည်။

ဓား စိတ်ဝိညာဉ်သည် ပုံမှန်အားဖြင့် ပုံသဏ္ဌာန် သို့မဟုတ် အသိစိတ် မရှိကြပေ။ သို့သော်လည်း ဓားစိတ်ဝိညာဉ်က ဝမ်လင်း၏ ဝိညာဉ်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ပြီး ဝမ်လင်းက ဝိညာဉ်စားသုံးသူ ဖြစ်သည့် အချိန်အတွင်း ဓားစိတ်ဝိညာဉ်သည် ပြောင်းလဲမှု တစ်ခုကို ကြုံပြီး အသိစိတ်ကို စတင် ရရှိလာသည်။

နောက်ပိုင်းတွင် ဝမ်လင်းက စစ်နတ်ဘုရား ဗိမာန်မှ သန့်စင်ခြင်း နည်းစနစ်ကို သုံးပြီး ဓားစိတ်ဝိညာဉ် အတွက် ဓားကိုယ်ထည် တစ်ခု ရှာပေးခဲ့သည်။ များပြားလှသော ကျင့်ကြံသူများက သလင်းကျောက် ဓားဖြင့် သေဆုံးခဲ့ရသည်။ ထို့ကြောင့် ဓားက သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို စုဆောင်းမိလာပြီး ယခုအချိန်တွင် သလင်းကျောက်ဓားသည် သတ်ဖြတ်ခြင်း ရတနာတစ်ခု ဖြစ်နေပြီဟု ပြောနိုင်သည်။

ဝမ်လင်းက လေးနက်သော အမူအရာဖြင့် ဓားပေါ်သို့ ညာလက်ကို တင်လိုက်ရာ ဓားပေါ်ရှိ သွေးမျဉ်းကြောင်း များက ပိုမိုထင်ရှားလာပြီး ဓားက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ထို့နောက် လေထဲတွင် သွေးမျဉ်းကြောင်း များသာ ကျန်နေခဲ့ပြီး ဓား၏ပုံရိပ်ကလည်း ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေလေသည်။

ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓာတ်ပြု မီးပြင်းဖိုက ပျံသန်းထွက် လာသည်။ သူက ဒယ်စောက်ကို မီးပြင်းဖို့ အတွင်းသို့ ပစ်ထည့်လိုက်ရာ မီးပြင်းဖိုကို အစိမ်းရောင် အငွေ့များ ဖုံးအုပ်သွားပြီး တရှဲရှဲ မြည်သံများ ထွက်ပေါ် လာသည်။

ဝမ်လင်း၏ မျက်နှာက အေးစက်နေပြီး လက်ဖြင့် အစီအရင်များကို ပြုလုပ်၍ မီးပြင်းဖိုပေါ်သို့ ချလိုက်ရာ မီးပြင်းဖိုက စတင် လည်လာသည်။ ထိုအခါ ဘေးတွင်ရှိသော အစိမ်းရောင် အငွေ့များကပါ လည်လာ၏။ မီးပြင်းဖို၏ လည်နှုန်းက အလွန် မြန်ဆန်လာသဖြင့် အစိမ်းရောင် လေဆင်နှာမောင်း တစ်ခုကို ဖန်တီးလိုက် သကဲသို့ ဖြစ်သွားသည်။

ဝမ်လင်းက ဓားကိုယ်ထည် အပိုင်းအစများကို ကောက်ယူပြီး တစ်ခုကို လျင်မြန်သော အရှိန်ဖြင့် လည်နေသည့် မီးပြင်းဖို အတွင်းသို့ ပစ်ထည့် လိုက်သည်။ ဓားကိုယ်ထည် အပိုင်းအစက မီးပြင်းဖို အတွင်းသို့ ရောက်သည်နှင့် အရည်ပျော် သွား၏။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဓားကိုယ်ထည် အပိုင်းအစများကို တစ်ခုပြီး တစ်ခု ပစ်ထည့်နေသည်။ တစ်နာရီခန့် ကြာပြီးနောက်တွင် မီးပြင်းဖို အတွင်းသို့ အစိတ်အပိုင်း အားလုံးကို ပစ်ထည့်ပြီး သွား၏။ ထို့နောက် သူက အစီအရင် တစ်ခုကို မီးပြင်းဖိုပေါ်သို့ ချလိုက်သည်။

ထိုအလုပ်များကို လုပ်နေစဉ် အချိန်တွင် မီးပြင်းဖို၏ လည်နှုန်းက ပိုမို မြန်ဆန်လာသည်။ ယခုအချိန်တွင် မီးပြင်းဖို အတွင်းသို့ပင် မမြင်နိုင်တော့ချေ။ အစိမ်းရောင် အငွေ့များတောင်မှ သေချာ မကြည့်လျှင် မမြင်ရတော့ပေ။

ဝမ်လင်းက ရေရွတ် လိုက်သည်… “မလုံလောက်သေး ဘူးလား…”

မီးပြင်းဖို၏ လည်နှုန်းမှ ပေးသော အပူက မလုံလောက် သေးသည်ကို ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် မြင်နေရသည်။ ယခုအပူချိန်က ဒယ်စောက်ကို အနည်းငယ် နီရဲလာရုံသာ လုပ်နိုင်ပြီး ပျော်အောင် မလုပ်နိုင်သေးပေ။

ဝမ်လင်း၏ မျက်လုံးက အရောင်များ လက်လာပြီး သိုလှောင်အိတ်ထဲမှ ပစ္စည်းများက ပျံသန်း၍ ထွက်လာသည်။ ဝမ်လင်းက ပစ္စည်းများကို ကြည့်တောင် မကြည့်ဘဲ ပစ္စည်းတစ်ခုကို ဆွဲယူကာ မီးပြင်းဖို အတွင်းသို့ ပစ်ထည့်လိုက်၏။

ပစ္စည်းက အထဲသို့ ရောက်သွားသောအခါ အစိမ်းရောင် မီးခိုးများ ထွက်လာပြီး မီးပြင်းဖို၏ အပူချိန်က ချက်ချင်း တိုးလာသည်။

ထိုအခါ ဒယ်စောက်က နီရဲသွားသော်လည်း အရည်ပျော်မည့် အရိပ်အယောင် ကတော့ မပြသေးပေ။

ထည့်လိုက်သည့် ပစ္စည်းသည် ကြက်သွေး ကျောက်တုံး ဖြစ်ပြီး စိတ်စွမ်းအင်များကို လှုံ့ဆော်ပေး၍ အပူချိန်ကို တိုးလာစေသည်။

မီးပြင်းဖိုက ကြောက်မက်ဖွယ် ကောင်းသော အပူချိန်ကို ထုတ်ပေး နေသော်လည်း ဒယ်စောက် ကတော့ အရည်ပျော်မည့် အရိပ်အယောင်ပင် မပြသေးပေ။

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ခရမ်းလနွယ်၊ ပန်းပွင့်ကျောက်တုံး၊ အပြာရောင် လသစ်သားနှင့် တခြား သန့်စင်ခြင်း ပစ္စည်းများကို ပစ်ထည့် လိုက်သည်။ ပစ္စည်းများ ထည့်ပြီးနောက်တွင် မီးပြင်းဖို အတွင်းမှ ရောင်စုံ အငွေ့များ ထွက်လာပြီး ဒယ်စောက် ပုံသဏ္ဌာန် ဖြစ်လာသည်။

ဒယ်စောက်ပုံ အငွေ့များသည် အပြင်ဘက်ရှိ အစိမ်းရောင် ဝဲကတော့ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေပြီး မီးပြင်းဖို အတွင်းသို့ အစိမ်းရောင် အငွေ့များကိုပါ ဆွဲခေါ်၍ ပြန်ဝင်သွား၏။

ထိုအခါ မီးပြင်းဖို အတွင်းမှ မိုးခြိမ်းသံကဲ့သို့ အသံများ ဆက်တိုက် ထွက်လာပြီး မီးပြင်းဖိုပေါ်တွင် အက်ရာများ ပေါ်လာသည်။ ဝမ်လင်းကတော့ အထဲမှ အစိမ်းရောင် ဒယ်စောက်ကိုသာ စိုက်ကြည့် နေလေသည်။ ဒယ်စောက်သည် စတင်၍ အရည်ပျော်လာပြီ ဖြစ်သော်လည်း အရည်ပျော်သည့် နှုန်းကတော့ အလွန် နှေးနေ၏။ ထိုနှုန်းနှင့်ဆိုလျှင် ဒယ်စောက်က အရည်ပျော်လို့ မပြီးသေးခင် မီးပြင်းဖိုက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားနိုင်သည်။

ဝမ်လင်းက ညာလက်ကို မြှောက်လိုက်ရာ မီးတောက်ပြာက ထွက်ပေါ်လာပြီး အနီးအနားရှိ လေထုမှ အပူချိန်သည် ချက်ချင်း လျော့ကျ သွား၏။

ဤရေခဲ မီးတောက်သည် ဝမ်လင်း၏ ရွှေအမြုတေနှင့် ပေါင်းစပ် ထားသောကြောင့် ဘယ်တော့မှ ပျောက်ကွယ် သွားလိမ့်မည် မဟုတ်သော်လည်း ရေခဲမီးတောက်ကို များများသုံးလျှင် သူ၏ ရွှေအမြုတေကို ထိခိုက်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ရေခဲမီးတောက်ကို အလျင်စလို အသုံးမပြုခြင်းလည်း ဖြစ်သည်။

မီးပြင်းဖိုက ကွဲတော့မည့် အရိပ်အယောင်များ ပြလာ၍သာ ရေခဲမီးတောက်ကို ထုတ်သုံး လိုက်ခြင်း ဖြစ်၏။ သူက ရေခဲမီးတောက်ကို ရှေ့သို့ ပို့လိုက်သည်။

ဝမ်လင်းက သေချာ ဂရုတစိုက်ဖြင့် ရေခဲ မီးတောက်ကို ထိန်းချုပ်ပြီး ရှေ့သို့ ပို့နေသည်။

ထိုအချိန်တွင် မီးပြင်းဖိုပေါ်မှ အက်ရာများက ရုတ်တရက် ပိုမို များလာသည်။ သို့သော်လည်း အက်ရာများက မပြန့်သွားခင် အက်ရာများ အားလုံးကို ရေခဲမီးတောက်က ဝန်းရံသွားပြီး မီးပြင်းဖို၏ အခြေအနေကို ထိန်းသိမ်း လိုက်သည်။

ထိုအခါမှ နဖူးတွင် ချွေးများ စိုရွှဲနေသော ဝမ်လင်းသည် စိတ်သက်သာရာ ရသွား၏။ သူက စွန့်စားလိုက်ခြင်းသာ ဖြစ်သည်။ ရေခဲမီးတောက်က အက်ရာများကို မထိန်းသိမ်း နိုင်ခဲ့လျှင် မီးပြင်းဖို၏ အခြေအနေက ရှုပ်ထွေးကုန်းပြီး အက်ကွဲနှုန်းက ချက်ချင်း တိုးသွား ပေလိမ့်မည်။

ယခုတော့ ရေခဲမီးတောက်မှ အက်ကွဲနှုန်းက အရှိန် လျော့ကျသွား၏။ သို့သော်လည်း သူကသာ ရေခဲမီးတောက်၏ အပူချိန်ကို သေချာ မထိန်းသိမ်းလျှင် မီးပြင်းဖိုအတွင်းရှိ ဒယ်စောက်၏ အရည်ပျော်မှုအပေါ် ဆိုးကျိုးများ သက်ရောက် စေနိုင်သည်။ ဝမ်လင်းက ရေခဲမီးတောက်၏ အပူချိန်ကို ဂရုတစိုက် ထိန်းထားသဖြင့် အက်ရာများကို ထိန်းသိမ်း ထားနိုင်ပြီး အထဲမှ အခြေအနေကိုလည်း ထိန်းသိမ်း ထားနိုင်ခြင်း ဖြစ်သည်။

အစိမ်းရောင် ဒယ်စောက်က တဖြည်းဖြည်း အရည်ပျော် နေသော်လည်း သူ၏စိတ်ကို လုံးလုံး မလွှတ်ချရဲပေ။ အချိန်တစ်ခု ကြာပြီးနောက် အစိမ်းရောင် ဒယ်စောက်တစ်ခုလုံး အရည်ပျော် သွားပြီး အစိမ်းရင့်ရောင် အရည်များ ဖြစ်သွား၏။

ဝမ်လင်းက သက်ပြင်းတစ်ချက် ချပြီး အစီအရင် တစ်ခုကို ပြုလုပ်ကာ မီးပြင်းဖိုပေါ်သို့ ချလိုက်သည်။ ထိုအခါ မီးပြင်းဖို၏ လည်ခြင်းက ရပ်တန့်သွား၏။ ထို့နောက် သူက အထဲမှ အစိမ်းရောင် အရည်များကို အပြင်သို့ ထုတ်လိုက်သည်။

အရည်ထဲတွင် ဒယ်စောက် သေးသေးလေး တစ်ခု၏ ပုံရိပ်က ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။ ဝမ်လင်းက ထိုပုံရိပ်သည် ဒယ်စောက်၏ စိတ်ဝိညာဉ် ဖြစ်မှန်း သိ၏။ သူက တုံ့ဆိုင်းမနေဘဲ ဓားစိတ်ဝိညာဉ်ကို အစိမ်းရောင် အရည်များနှင့် ချက်ချင်း ပေါင်းစပ်လိုက်သည်။

ဒယ်စောက် စိတ်ဝိညာဉ် ကလည်း အလားတူ ပေါင်းစပ်နေပြီး ဓားစိတ်ဝိညာဉ်နှင့် တစ်ဦးကို တစ်ဦး တိုက်ခိုက်ကြသည်။ ထိုအခါ ဝမ်လင်း၏ အမူအရာက ပိုပြီး လေးလေးနက်နက် ဖြစ်သွား၏။ ဒယ်စောက် ဝိညာဉ်က အချိန် အနည်းငယ်ခန့် ခုခံပြီးနောက် အစိမ်းရောင် အငွေ့အဖြစ် ပြောင်းကာ ဓားစိတ်ဝိညာဉ် အတွင်းသို့ ဝင်သွားလေသည်။

စိတ်ဝိညာဉ်နှစ်ခု ပေါင်းစပ် သွားပြီးနောက်တွင် ဝမ်လင်း၏ စိတ်က ပေါ့ပါးသွား၏။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် အစိမ်းရောင် အရည်များက အစိုင်အခဲ ဖြစ်လာပြီး ၆လက်မခန့် ရှိသော ဓားတိုလေး ဖြစ်သွား၏။

ဓား၏ ဘေးတစ်ဖက်စီတွင် များပြားလှသော ဆူးတန်း တစ်တန်းစီ ပေါ်လာသည်။ ဆူးများက အစိမ်းရောင် တောက်ပနေပြီး ကြည့်လိုက်လျှင် ရင်သပ် ရှုမောဖွယ်ရာ ဖြစ်သည်။

ဓားပျံကို အပြည့်အဝ ပြီးစီးအောင် လုပ်ပြီးသောအခါ ဓားတစ်ချောင်းလုံးက အစိမ်းရင့်ရောင် ဖြစ်သွား၏။ ဓားတွင် အဆိပ်ဘုရင် ဒယ်စောက်၏ အဆိပ်များ ပါနေပြီး ရန်သူကို ဓားဖြင့်သာ ထိသွားပါက ရန်သူကို မသတ်နိုင်လိုက်လျှင် တောင်မှ အဆိပ်ကြောင့် နောက်ဆုံးတွင် သေရလိမ့်မည် ဖြစ်သည်။

စဦးစိတ်ဝိညာဉ် အဆင့်တောင်မှ ဓားဖြင့် ထိသွားလျှင် သေဆုံးခြင်းကို ရှောင်လွဲရန် အလွန် ခက်ခဲမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဓားမှ အဆိပ်သည် ခါးကုန်းကြီးမုန့်၏ အဆိပ်ဘုရင် ဒယ်စောက်မှ အဆိပ် ဖြစ်နေသောကြောင့် ဖြစ်၏။

သို့သော်လည်း ဓားကို ပြန်လည် ဖွဲ့စည်းပြီး နောက်တွင် ဓားကို မမျိုချရဲတော့ပေ။ သူကိုယ်တိုင် အသုံးပြုလျှင် တောင်မှ ဂရုစိုက်၍ အသုံးပြု ရပေမည်။ မဟုတ်လျှင် သူလည်း အဆိပ်မိ သွားပါက အသက်ရှင်နိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

အဆိပ်ဘုရင်ဒယ်စောက်မှ အဆိပ်သည် ဖြေဆေး မရှိပေ။ အဆိပ်ကို ခါးကုန်းကြီးမုန့်မှလွဲ၍ မည်သူကမှလည်း မကုသပေးနိုင်ပေ။

ဓား၏စွမ်းအားကို ဝမ်လင်းက အလွန် သဘောကျသွား၏။ ဓားဖြင့် တိုက်ခိုက် နေချိန်တွင် ဓား၏ ဘေးရှိ ဆူးကို အတွေးဖြင့် ဖောက်ခွဲ ပစ်နိုင်သည်။ ထိုအခါ တစ်ဖက် ရန်သူသည် ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset