Switch Mode

အပိုင်း (၁၈၈)

အပြန် မရှိတဲ့လမ်း

ဝမ်လင်းက သူ၏ အရောင်လက် နေသော မျက်လုံးများဖြင့် ကျောက်တုံး တံတားကို ကြည့်လိုက်သည်။ လွန်ခဲ့သော ၃ရက်လုံးလုံး သူက ကျောက်တုံးတံတား ပေါ်သို့ ခြေတစ်လှမ်းပင် မချဘဲ ကျောက်တုံး တံတားကို လေ့လာ နေခဲ့သည်။ (အရင်တစ်ပိုင်းမှာ တံတားပေါ်လို့ ရေးထားတာကို တံတားဘေးလို့ ပြင်ဖတ်ပေးပါနော်)

မီးခိုးရောင် ကမ္ဘာကြီးထဲတွင် ကျောက်တုံးတံတား တစ်ခုမှ လွဲ၍ မည်သည့် အရာမှ မရှိချေ။

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ လေဆင်နှာမောင်း ၄၂ခုက ရပ်တန့်သွား၏။ ထို့နောက် သားရဲများက အဘက်ဘက်သို့ ဖြန့်လိုက်ကြသည်။

ဝမ်လင်းက မျက်လုံးကို မှိတ်လိုက်ပြီး ဒုတိယ မကောင်းဆိုးဝါး ကို ဆက်သွယ်ပြီး သားရဲများအား စောင့်ကြည့်လိုက်၏။ သားရဲများက အဘက်ဘက်သို့ ဖြန့်သွားပြီးနောက် တောင်ပံခတ်သံ များသာ ကျန်ခဲ့သည်။ အချိန် အနည်းငယ် ကြာပြီးနောက်တွင် တောင်ပံခတ်သံ များက ပျောက်ကွယ်သွား၏။

ထို့နောက် ဝမ်လင်းက ရုတ်တရက် မျက်လုံးကို ဖွင့်ပြီး အနောက်မြောက် အရပ်သို့ ပျံသန်းသွား လိုက်သည်။ ထိုအခါ သားရဲများ အားလုံးသည် ပြန်စုစည်း လာကြပြီး လေဆင် နှာမောင်းများ အဖြစ် ပြန်ဖွဲ့စည်းကာ ဝမ်လင်းနောက်မှ လိုက်သွားကြ၏။

မကြာမီ ဝမ်လင်းက မီတာ၃၀ ကျော်ရှည်သော ကျောက်ပြား တစ်ချပ်၏ ရှေ့သို့ ရောက်လာသည်။ ကျောက်ပြားက အနီရောင် တောက်နေပြီး သားရဲ အနည်းငယ်က ကျောက်ပြား အနားတွင် ရှိနေသည်။

ကျောက်ပြားဘေးတွင် ပတ်ပျံနေသည့် သားရဲများသည် ဝမ်လင်း ရောက်လာသည်ကို မြင်သောအခါ သူတို့က သူ့ဆီသို့ ပျံသန်းလာပြီး နောက်မှ ပါလာသော လေဆင် နှာမောင်းနှင့် ပေါင်းလိုက်ကြသည်။ ဝမ်လင်းက ကျောက်ပြားပေါ်မှ စာလုံးများကို ဖတ်လိုက်သည်…

“အပြန် မရှိတဲ့ လမ်း…”

ထိုစာလုံး များတွင် ရှေးဟောင်း အငွေ့ အသက်များ ပါဝင်နေသည်။ သူက စာလုံးများကို ကြည့်ပြီး‌နောက် သူ့အကြည့်က အောက်ခြေ ညာဘက်ထောင့် ဆီသို့ ရောက်သွားသည်။ သူက သေသေချာချာ ကြည့်နေပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်ပြားပေါ်မှ ဖုန်နှင့် မြေမှုန့်များ အားလုံးကို ဖယ်ရှားသွားကာ သေးငယ်သော စာတန်းတစ်ခု ပေါ်လာသည်။

“ငါက မြေစမ်းသပ်မှု ကို အောင်မြင် ခဲ့ပြီးတော့ ဒီအပြန် မရှိတဲ့လမ်း ကို မရောက်ခင်မှာ သားရဲဘုရင် ကို ဖမ်းနိုင်ခဲ့တယ်… ဒီနေရာက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်… အကယ်၍ အနာဂတ်မှာ တစ်ယောက်ယောက်က ဒီနေရာကို ရောက်လာပြီး ဒါကို မြင်ခဲ့မယ် ဆိုရင် ဒါက ရေစက် ရှိတယ်လို့ ဆိုရမယ်… အဲအတွက် ငါက အကြံတစ်ခု ပေးခဲ့မယ်… ‘အပြန် မရှိဘူး’ ဆိုတဲ့စာလုံးရဲ့ အဓိပ္ပာယ်ကို သေချာ စဉ်းစားပါ… ”

ဝမ်လင်း၏ အမူအရာ က တည်ငြိမ် နေသော်လည်း စိတ်ထဲတွင်မူ အလွန် တုန်လှုပ်သွား၏။ ယခုမြင် နေရသည့် စာလုံးများသည် အနက်ရောင် မျှော်စင်တွင် မြင်ခဲ့ရသည့် စာလုံးများနှင့် ရေးဟန် တူညီနေသည်။ ထို့ကြောင့် ဤစာလုံး များကို ရေးခဲ့သူမှာ အနက်ရောင် မျှော်စင်မှ စာများကို ရေးခဲ့သူနှင့် တစ်ယောက်တည်း ဖြစ်ရပေမည်။

ရေးထားသော စာများအရ မြေစမ်းသပ်မှု သည် သည်လူအတွက် လွန်စွာ လွယ်ကူနေပြီး အလွန် စွမ်းအားကြီးသည့် သားရဲကိုပင် ဖမ်းဆီး နိုင်ခဲ့သည်။

သို့သော်လည်း ဝမ်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူက မျက်မှောင်ကြုတ် လိုက်၏။

“ဒီလူက မြေစမ်းသပ်မှု ထဲက သားရဲ ဘုရင်ကြီးကို ဖမ်းသွားရင် ဘာလို့ သားရဲ ဘုရင်ကြီးက မြေစမ်းသပ်မှု ထဲမှာ ရှိနေသေး တာလဲ… ”

ထိုလူကသာ သားရဲ ဘုရင်ကြီးကို ဖမ်းဆီးသွားလျှင် ယခု မြေစမ်းသပ်မှု ထဲတွင် ရှိနေသည့် သားရဲကြီးမှာ နှစ်ပေါင်းများစွာ အတွင်း ထပ်မံ မွေးဖွားလာသည့် သားရဲ ဘုရင်ကြီး ဖြစ်နိုင်သည်။

ဝမ်လင်းက ထိုအကြောင်း များကို စိတ် မဝင်စားချေ။ သူ၏ အကြည့်က‘အပြန်မရှိတဲ့လမ်း’ ဆိုသည့် စာလုံးပေါ် တွင်သာ ရောက်နေသည်။

အချိန်တော်တော် ကြာပြီးနောက် သူက နောက်လှည့်ပြီး ကျောက်တုံးတံတား ဆီသို့ ပျံသန်းသွား၏။ သူ့နောက်မှ သားရဲများက လိုက်ပါလာသည်။

တံတားဆီသို့ ပြန်ရောက် လာပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မကောင်းဆိုးဝါး ရှုလီကောက ချက်ချင်း ထွက်လာသည်။ သူက မကျေနပ်သည့် အကြည့်ဖြင့် သားရဲများကို ကြည့်လိုက်သည်။

ဝမ်လင်းက ကျောက်တုံး တံတားကို ညွှန်လိုက်သည်။ သည်တစ်ကြိမ် တွင်တော့ ရှုလီကောသည် တံတားဆီသို့ ချက်ချင်း ပြေးထွက်သွား၏။ သူက ဂုဏ်ယူ ဝင့်ကြွားသည့် အမူအရာ ဖြင့် လေဆင်နှာမောင်း များကို လှည့်ကြည့်ပြီး တွေးလိုက်သည်။

“မြင်လား… ဒီမိစ္ဆာ ကောင်လေးက ငါ့ကို ပိုအရေး ပါတဲ့သူ တွေးထားတာ… မဟုတ်ရင် နံပါတ်၂ဖြစ်တဲ့ မင်းကို ခိုင်းမှာပေါ့…”

သူက ဝမ်လင်းကို စိတ်ချလက်ချ နေပါဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။ သူက အချိန်တော်တော် ပျံသန်းပြီး နောက်တွင် မည်သည့် အန္တရာယ် ကိုမှ မတွေ့ရချေ။ ထို့ကြောင့် သူက အကြိမ်ရေ အနည်းငယ်ခန့် ပတ်ပျံ နေပြီးနောက် ဝမ်လင်းဆီသို့ ပြန်လာသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ သားရဲ တစ်ကောင်က သူ့လက်ထဲသို့ ပျံသန်းလာသည်။ သားရဲက ဝမ်လင်းအား သူ၏ မျက်လုံး သေးသေးလေး များဖြင့် ကြည့်နေလေသည်။

ဝမ်လင်းက သားရဲကို ကျောက်တုံးတံတား ဆီသို့ ပစ်လိုက်၏။ သားရဲက ကျောက်တုံးတံတား ပေါ်သို့ ခြေလှမ်း၃ လှမ်းခန့် ပျံသန်း သွားပြီးနောက် ရပ်တန့် သွားသည်။ ဝမ်လင်း၏ အမူအရာ ကလည်း လေးလေး နက်နက် ဖြစ်သွားပြီး သားရဲအား သေချာ စောင့်ကြည့် လိုက်သည်။

သားရဲ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး နောက်သို့ တဖြည်းဖြည်း ပြန်ဆုတ် လာသည်။ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။ သို့သော်လည်း သားရဲက ပြန်လှည့် လိုက်သည့် အချိန်တွင် သားရဲ၏ အောက်မှ ဝဲကတော့ တစ်ခု ပေါ်လာပြီး သားရဲအား စုပ်ယူသွား၏။ ထို့နောက် ဝဲကတော့ ကလည်း ပြန်လည် ပျောက်သွား၏။

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး နောက်တွင် တံတား၏ အဓိက သော့ချက်သည် ဤအပြန် မရှိတဲ့လမ်းကို ထားခဲ့ရန် ဖြစ်သည်။ သူက သားရဲ အနည်းငယ်ဖြင့် နောက်ထပ် အကြိမ်ရေ အနည်းငယ်ခန့် ဆက်လက် စမ်းသပ် သော်လည်း ရလဒ်ကတော့ အတူတူပင်။

ဝမ်လင်းက ရေရွတ် လိုက်သည်… “ပြန်လမ်း မရှိဘူး … ပြန်လမ်း မရှိဘူး … ရှေ့ကိုပဲ သွားခိုင်းပြီး နောက်ကို ပြန်မဆုတ်ရဘူးဆို့ ဆိုလိုတာ ထင်တယ်…”

ဝမ်လင်းက ထိုအကြောင်းကို တွေးသာ တွေးကြည့်ပြီး ယခုအချိန်ထိ ရှေသို့ တစ်လှမ်း မတိုးသေးပေ။

သူက တံတားဘေးတွင် ထိုင်ချပြီး သိုလှောင်အိတ် ၂ခုကို ထုတ်ယူလိုက်သည်။ တစ်ခုက ရွှေချည်ဖြင့် ပြုလုပ်ထားသည့် စစ်နတ်ဘုရား ဗိမာန်မှ ခိုးယူလာသော သိုလှောင်အိတ် ဖြစ်သည်။

ကံဆိုးစွာဖြင့် ထို သိုလှောင်အိတ်သည် ထူးဆန်းသော အားတစ်ခုဖြင့် သိုလှောင်အိတ်ကို ဖွင့်မရစေရန် တားဆီးထား၏။ ထို သိုလှောင်အိတ်ထဲ၌ ပိုင်ရှင်၏ နတ်ဘုရား စိတ်အာရုံ ရှိနေပြီး ထိုနတ်ဘုရား စိတ်အာရုံကို ဖယ်ရှားမှသာ သူက အိတ်ကို ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း အိတ်ထဲရှိ နတ်ဘုရား စိတ်အာရုံက အားကောင်းလွန်း လှသည့်အတွက် သူက ထိုနတ်ဘုရား စိတ်အာရုံကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် သူက သိုလှောင်အိတ်ကို ပိုင်ရှင်မှ အာရုံမခံနိုင်စေရန် သူ၏နတ်ဘုရား စိတ်အာရုံဖြင့် သိုလှောင်အိတ်အား ဝိုင်းရံလိုက်ကာ သိုလှောင်အိတ်ကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ပစ်လိုက်၏။

ဝမ်လင်းက သိုလှောင်အိတ်မှ နတ်ဘုရား စိတ်အာရုံကို မဖျက်ဆီးပစ် နိုင်သော်လည်း သူ၏နတ်ဘုရား စိတ်အာရုံဖြင့် သိုလှောင်အိတ်အား ပိတ်လှောင် ထားနိုင်၏။

ကျန်သည့် သိုလှောင်အိတ် ကတော့ ခါးကုန်းကြီးမုန့်၏ သိုလှောင်အိတ် ဖြစ်သည်။ ခါးကုန်းကြီးမုန့် သေသွားကတည်းက သိုလှောင်အိတ်မှ နတ်ဘုရား စိတ်အာရုံက ပျက်စီးသွားပြီ ဖြစ်၏။

ဝမ်လင်းက သိုလှောင်အိတ်အား ဖွင့်ကြည့်လိုက်သည်။ သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဉ် ကျောက်တုံးများ ရှိပြီး အားလုံးမှာ အဆင့်မြင့် အရည်အသွေး ရှိသည့် စိတ်ဝိညာဉ် ကျောက်တုံးများ ဖြစ်၏။

သို့သော်လည်း အဆင့်မြင့်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးများ ကြားထဲတွင် ရှိသော ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၂ခုက ဝမ်လင်းအား အလွန် စိတ်လှုပ်ရှား သွားစေသည်။

စိတ်ဝိညာဉ် ကျောက်တုံးများ အပြင် ပုလင်းများစွာလည်း ရှိသေး၏။ မှော်ရတနာ အနေနှင့်ကတော့ နှစ်ပိုင်း ပိုင်းနေသည့် အစိမ်းရောင် ဒယ်စောက်တစ်ခုသာ ရှိပြီး မည်သည့် မှော်ရတနာမှ မရှိချေ။

ထို့ကြောင့် ဝမ်လင်းက ခါးကုန်းကြီးသည် အနက်ရောင် မျှော်စင်၌ ပိတ်မိနေချိန်တွင် မှော်ရတနာ ပစ္စည်းများ အားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်ရမည်ဟု နားလည် လိုက်၏။

သူ၏ခန့်မှန်းမှုက အလွန် တိကျသွား၏။ ခါးကုန်းကြီးမုန့်တွင် မှော်ရတနာများစွာ ရှိသည်။ သို့သော်လည်း သူက မှော်ရတနာများကို အသုံးပြုပြီး လေဆင်နှာမောင်း အုပ်စုထဲမှ ထွက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံး အချိန်ထိ ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် ဝမ်လင်းအတွက် အစိမ်းရောင် ဒယ်စောက် တစ်ခုသာ ကျန်ခဲ့ခြင်း ဖြစ်သည်။

ထိုအရာများမှလွဲ၍ သိုလှောင်အိတ်ထဲတွင် ကျောက်စိမ်းပြားများ ရှိသေး၏။ ဝမ်လင်းက ကျောက်စိမ်းပြားများကို တစ်ခုပြီး တစ်ခု စစ်ဆေးကြည့်ပြီး မျက်နှာက တဖြည်းဖြည်း ပြုံးလာသည်။ ကျောက်စိမ်းပြားထဲတွင် ဆေးပညာရပ်များ၊ သန့်စင်ခြင်း နည်းစနစ်များနှင့် စိတ်ဝိညာဉ် သားရဲများ အကြောင်းကို မှတ်သားထား၏။

ထိုအရာများသည် ဝမ်လင်းအတွက် အသုံးဝင်ပေသည်။ ခါးကုန်းကြီးမုန့်က ဆေးပညာရပ်နှင့် အဆိပ်ပညာရပ်တွင် အထူး လေ့လာခဲ့ပြီး သိုလှောင်အိတ်ထဲတွင် သူ ဖော်စပ်ထားသည့် ဆေးပုလင်းများ၊ အဆိပ်ပုလင်းများ ရှိ၏။ ဝမ်လင်းက အချိန် တော်တော် ကြာအောင် ဖတ်ပြီးနောက် သူ၏ ဗဟုသုတသည် အဆ၁၀၀ခန့် တိုးသွားလေသည်။

ထိုထဲမှ အစိမ်းရောင် ကျောက်စိမ်းပြား တစ်ခုကတော့ ဝမ်လင်း၏ စိတ်အာရုံကို ဆွဲဆောင်သွား၏။ ထိုကျောက်စိမ်းပြားတွင် တစ္ဆေလောက ဆိုသည့် ကျင့်စဉ်တစ်ခုကို မှတ်သားထား၏။

ထိုကျင့်စဉ်သည် အလွန် ရက်စက်ပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆိပ်များဖြင့် ပြည့်အောင် ဖြည့်သွင်းရသည့် အတွက် အဆုံးစွန်ဆုံး နာကျင်မှုကိုလည်း ခံစားရစေသည်။ ထိုအဆိပ်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ တောင်မှ တောင့်မခံနိုင်ပေ။

ကျင့်စဉ်ကို လေ့ကျင့်သူသည် ကျင့်စဉ် အဆင့်၉သို့ ရောက်သောအခါ အဆိပ်အားလုံးသည် ခန္ဓာကိုယ်မှ ဖယ်ရှားခံရပြီး တစ္ဆေလောကအဆိပ် အစစ်အမှန်ကို ဖွဲ့စည်း၏။ ထို့နောက် ကျင့်ကြသူ၏ ခန္ဓာကိုယ်က သာမန်အတိုင်း ပြန်ဖြစ်သွားသော်လည်း ခန္ဓာကိုယ်ပုံပန်း မကျမှုကို ခံစားရလေသည်။ ပထမဆုံး အနေဖြင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖုများ ထွက်လာခြင်း ဖြစ်သည်။

ဝမ်လင်းက ကျင့်စဉ် အကြောင်းကို ဖတ်ကြည့်ပြီးနောက် အနည်းငယ် စဉ်းစားကာ ကျင့်ကြံမည့် အကြံကို လက်လျှော့လိုက်သည်။ ခါးကုန်းကြီးမုန့် သည်လည်း ဤကျင့်စဉ်ကို ကျင့်၍ သူ့ကိုယ်မှ အနံ့ဆိုးများ အမြဲ ထွက်နေခဲ့ရသည်။

ဝမ်လင်းက သူ၏ အသွင်အပြင်နှင့် ပတ်သက်၍ ဂရုမစိုက်သော်လည်း ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသည်မှာ ကျင့်စဉ်ကို ကျင့်သည့်အခါ ခန္ဓာကိုယ်ထဲသို့ အဆိပ်များ ဖြည့်ရမည် ဖြစ်သည်။ ထိုအခါ ကျင့်ကြံသူ၏ အသိစိတ်ဆီသို့ အဆိပ်က ကျူးကျော် နိုင်သည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် ကျင့်ကြံသူသည် သတ်ဖြတ်ဖို့သာ သိတော့သည့် လူတစ်ယောက် အဖြစ် ပြောင်းသွား နိုင်သည်။

ထို့ကြောင့် ဝမ်လင်းက ထိုကျင့်စဉ်ကို ကျင့်ရန် လက်လျှော့လိုက်ခြင်း ဖြစ်သည်။ သူက ထိုကျင့်စဉ်ကို မကျင့်နိုင်သော်လည်း ကျောက်စိမ်းပြားထဲတွင် အဆိပ် အသုံးပြုနည်းများကို ရေးသားထား၏။

အဆိပ်ကို သန့်စင်ရန်အတွက် ခါးကုန်းကြီး၏ အတွေ့အကြုံများက ဝမ်လင်းကို စိတ်လှုပ်ရှားမှုများဖြင့် တုန်လှုပ် သွားစေသည်။

သူက သိုလှောင်အိတ်ထဲမှ ပုလင်းများကို ထုတ်ပြီး ကျောက်စိမ်းပြားကို သုံး၍ မည်သည့် ပုလင်းများ ဖြစ်ကြောင်း မှတ်သား လိုက်သည်။ အားလုံး နီးပါးသည် အဆိပ်များဖြစ်ပြီး ပုလင်းတစ်ခုကတော့ အဆိပ်ကို ကာကွယ်ပေးသည့် အဆိပ်ဖြေပုလင်း ဖြစ်ကြောင်း ဝမ်လင်း သိ၏။ ထိုအဆိပ် ဖြေဆေးလုံးသည် အလယ်အဆင့် အရည်အသွေးသာ ရှိ၏။

ဝမ်လင်းက အားလုံးကို သူ၏ သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ခါးကုန်းကြီးမုန့်၏ သိုလှောင်အိတ်ကို လွှင့်ပစ်လိုက်သည်။ ထို့နောက် ပစ္စည်းတစ်ခုကို ထုတ်ယူပြီး လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ထိုပစ္စည်းသည် ခါးကုန်းကြီးမုန့်၏ အသက်ရတနာ ဖြစ်သည့် အစိမ်းရောင် ဒယ်စောက် ဖြစ်သည်။

ထိုဒယ်စောက်သည် နှစ်ခြမ်း ကွဲသွားပြီ ဖြစ်သော်လည်း ဒယ်စောက်မှ စိတ်စွမ်းအင်များ ထွက်နေတုန်း ဖြစ်သည်။ သို့သော်လည်း ထိုစိတ်စွမ်းအင်များတွင် အဆိပ်များဖြင့် ပြည့်နေလေသည်။ ထိုအဆိပ်သည် နတ်ဘုရား စိတ်အာရုံပင် ဖျက်ဆီး ပစ်နိုင်သဖြင့် ဝမ်လင်းက ဒယ်စောက်အား ဂရုတစိုက် စစ်ဆေးကြည့် လိုက်သည်။

ခါးကုန်းကြီးမုန့်၏ သိုလှောင်အိတ် အတွင်းတွင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှင့် အစိမ်းရောင် ကျောက်စိမ်းပြားမှလွဲ၍ အဖိုးတန်ဆုံး ပစ္စည်းမှာ ဒယ်စောက်သာ ဖြစ်သည်။ ဤဒယ်စောက်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်၏ အသက် ရတနာဖြစ်ပြီး နှစ်ပေါ်များစွာ သန့်စင်လာသည့် ပစ္စည်းလည်း ဖြစ်သည်။

ကျောက်စိမ်းပြားများကို ဖတ်ခဲ့စဉ်က ဒယ်စောက် အကြောင်းကို ရှင်းပြထား၏။ တစ္ဆေလောက ကျင့်စဉ်ကို ကျင့်ကြံသူသည် ဒုတိယအဆင့်ကို ရောက်လျှင် ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ဖိနှိပ်ရန် ရတနာတစ်ခု လိုအပ်သည်ဟု ဖော်ပြထား၏။

ဤဒယ်စောက်သည် ဒဏ္ဍာရီဆေးဘုရင် ဒယ်စောက်ကို တုပထားသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ဤဒယ်စောက်သည် တုပထားသည့် ပစ္စည်းတစ်ခု ဖြစ်သော်လည်း ဒယ်စောက်ကို ပြုလုပ်ထားသည့် ပစ္စည်းများသည် ဒဏ္ဍာရီဆေးဘုရင် ဒယ်စောက်၏ ကုန်ကြမ်း ပစ္စည်းများထက် မနိမ့်ကျပေ။

ဤဒယ်စောက်သည် အဆင့်၃ နိုင်ငံတစ်ခုမှ ဂိုဏ်းတစ်ခု၏ အရေးကြီးဆုံး ရတနာ ဖြစ်သည်။ ခါးကုန်းကြီးမုန့်က နှစ်တစ်ရာကျော် အချိန်ပေးခဲ့ပြီး ဤဒယ်စောက်ကို ရခဲ့ခြင်း ဖြစ်သည်။ သူက အရင်ဆုံး ဂိုဏ်းထဲဝင်သည့်အခါ သူ၏ပင်ကို စွမ်းရည်ကြောင့် ဂိုဏ်းခေါင်းဆောင်၏ တပည့် ဖြစ်လာခဲ့သည်။ ထို့နောက် သူက ဒယ်စောက်ရရန် အခွင့်အရေး ရလာသည့်အခါ ဒယ်စောက်ကို ခိုးယူပြီး ဆရာကို သတ်ကာ နတ်ဆိုးပင်လယ်ထဲသို့ ထွက်ပြေးလာခဲ့၏။ ‌ထို့နောက်တွင် သူက ဒယ်စောက်ကို သူ၏အသက် ရတနာအဖြစ် အသုံးပြုခဲ့သည်။

***

Comment

  1. daocultivator055 says:

    🌉

Leave a Reply

Options

not work with dark mode
Reset