ခါးကုန်းကြီးမုန့်ကို အကြီးဆုံး လေဆင်နှာမောင်းက မီသွားသောအခါ ခါးကုန်းကြီးမုန့်သည် အလွန် ပင်ပန်း နေလေပြီ။
ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို မီးခိုးငွေ့အဖြစ် ပြောင်းပြီး လေဆင်နှာမောင်း အုပ်စုကြားထဲမှ အလျင်အမြန် ထွက်ပြေး၏။ ထိုအခါ လေဆင်နှာမောင်း တချို့သည် ဝမ်လင်းအား တားဆီး လာကြသည်။
ဝမ်လင်းက လှောင်ပြုံး ပြုံးလိုက်သည်။ လေဆင်နှာမောင်းများက သူနှင့် နီးကပ်လာသည့် အချိန်တွင် လေဆင်နှာမောင်း တစ်ခုက ရုတ်တရက် အရှိန်မြှင့်ပြီး သူ့ဘေးသို့ ရောက်လာသည်။ ထိုလေဆင်နှာမောင်းက ဝမ်လင်းအား သယ်ဆောင်ပြီး လျင်မြန်စွာဖြင့် ဝဲကတော့ကြီး ရှိသည့် နေရာဆီသို့ ရွေ့လျားသွား၏။
ဝမ်လင်းက လေဆင်နှာမောင်း အတွင်းမှ ရပ်လျက် လိုက်ပါနေရင်း ဒုတိယ မကောင်းဆိုးဝါးအား နောက်ထပ် လေဆင်နှာမောင်း တစ်ခုကို ထိန်းချုပ်ရန် အမိန့်ပေးလိုက်သည်။ ယခုထိတော့ အရာအားလုံးသည် သူ စီစဉ်ထားသည့် အတိုင်း ဖြစ်ပျက်နေသည်။
သားရဲဘုရင်က ဝမ်လင်းအား သတိပြုမိသွားပြီး မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ ထိုအခါ လေဆင်နှာမောင်းများ အားလုံးသည် ဝမ်လင်း၏ နောက်သို့ စတင်၍ လိုက်ကြ၏။
သားရဲဘုရင်ကတော့ ထူးဆန်းသည့် အမူအရာဖြင့် ခါးကုန်းကြီးကို သယ်ပြီး အဝေးသို့ ပျံသန်း ထွက်ခွာသွား၏။
လေဆင်နှာမောင်း အတွင်းရှိ သားရဲများက ပိုများလေ လေဆင်နှာမောင်း၏ အမြန်နှုန်းက ပိုမြန်လေ ဖြစ်သည်။ ဝမ်လင်း ထိန်းချုပ်ထားသော လေဆင်နှာမောင်း အတွင်းရှိ သားရဲများသည် သင့်တင့်လျောက်ပတ်သော အရေအတွက် ရှိသဖြင့် အမြန်နှုန်းက နှေးသည်ဟု ဆိုမရချေ။
သူ့နောက်သို့ လေဆင်နှာမောင်းများ လိုက်နေသော်လည်း ဝမ်လင်းက ကြောက်လန့် မနေဘဲ နောက်သို့ လှည့်ကြည့်ပြီး အနီးဆုံး လေဆင်နှာမောင်း၏ အမြန်နှုန်းကို တွက်ကြည့် လိုက်သည်။ ထို့နောက် သူက ပါးစပ်ထံမှ သလင်းကျောက်ဓားကို ထုတ်လိုက်သည်။ ဓားက ဝမ်လင်း၏ အတွေးအတိုင်း တည်နေရာ ရွှေ့ပြောင်းခြင်းဖြင့် တခြား လေဆင်နှာမောင်း တစ်ခုဆီသို့ ရောက်သွား၏။
ဝမ်လင်းက ဓားထဲတွင် သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ထည့်ပေးလိုက်သည်။ သူ၏ပစ်မှတ်သည် သာမန်သားရဲများ မဟုတ်ဘဲ လေဆင်နှာမောင်း အတွင်းရှိ သားရဲများကို ဦးဆောင်နေသည့် မူကွဲသားရဲ ဖြစ်သည်။
ဂျိနယ်ပယ်၏ အစွမ်းနှင့် သလင်းကျောက်ဓား၏ ထက်ရှသော ဓားသွားကြောင့် မျက်တောင် တစ်ခတ် အတွင်းမှာတင် လေဆင်နှာမောင်း တစ်ခုက ရုတ်တရက် ရပ်တန့်သွား၏။ အထဲရှိ သားရဲများ သည်လည်း ချက်ချင်း ပြန့်ကျဲသွားပြီး စိတ်ရှုပ်ထွေးနေသည့် အမူအရာများဖြင့် ကျန်နေခဲ့လေသည်။
ဝမ်လင်းက လုံးဝမရပ်တန့်ဘဲ နောက်ထပ် လေဆင်နှာမောင်း တစ်ခုကို ညွှန်လိုက်ရာ အလင်းတန်း တစ်ခုက လေဆင်နှာမောင်း ကြားထဲတွင် ဖျတ်ခနဲ လက်သွား၏။
ထိုအချိန်၌ သူ့နောက်တွင် နတ်ဘုရား စိတ်အာရုံများက စတင် စုပေါင်းနေသည်ကို သတိပြုမိလိုက်၏။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သလင်းကျောက်ဓားက ဖျတ်ခနဲလက်ပြီး သူ့ဆီသို့ ပြန်လာသည်။ ဝမ်လင်း၏ ရည်ရွယ်ချက်သည် သူတို့အား တိုက်ခိုက်ရန် မဟုတ်ပေ။ သို့သော်လည်း သားရဲများက အလွန် သတိရှိကြ၏။ သူကသာ သလင်းကျောက်ဓားဖြင့် ဆက်လက်၍ မူကွဲသားရဲများကို သတ်နေပါက သလင်းကျောက်ဓားသည် စုပေါင်းထားသည့် နတ်ဘုရား စိတ်အာရုံဖြင့် ပိတ်ဆို့ ခံရလိမ့်မည် ဖြစ်သည်။
သူက ခါးကုန်းကြီး မုန့်ကဲ့သို့ အခြေအနေမျိုး ဖြစ်မသွားချင်ပေ။
မကြာမီ သူနှင့် လေဆင်နှာမောင်းများကြားမှ အကွာအဝေးသည် တဖြည်းဖြည်း ဝေးလာသည်။ သူ တိုက်ခိုက်ခဲ့သည့် လေဆင်နှာမောင်းသည် သူ့ထက် အနည်းငယ် မြန်နေသည့် သူ့ နောက်လိုက်လာသော လေဆင်များထဲမှ အကြီးဆုံး လေဆင်နှာမောင်း ဖြစ်သည်။
မျက်တောင်တစ်ခတ် အတွင်း၌ပင် ဝမ်လင်းနှင့် လေဆင်နှာမောင်းများ၏ ကြားထဲရှိ အကွာဝေးသည် သိသိသာသာ ကွာဝေးသွားသည်။ သို့သော်လည်း သားရဲများ၏ နတ်ဘုရား စိတ်အာရုံများက အပြည့်အဝ ပေါင်းစည်းသွားပြီး ပေါင်းစည်းထားသော နတ်ဘုရား စိတ်အာရုံ လျှပ်စီးက သူ့ဆီသို့ ရောက်လာသည်။
သူ့ဆီသို့ နတ်ဘုရား စိတ်အာရုံ လျှပ်စီးက ရောက်လာသောအခါ ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ဒုတိယ မကောင်းဆိုးဝါးအား အမိန့်ပေးလိုက်သည်။ ထိုအခါ ဒုတိယ မကောင်းဆိုးဝါး ထိန်းချုပ်ထားသော သားရဲများသည် ရုတ်တရက် အော်ဟစ်လိုက်ကြရာ အသံလှိုင်းများ ထွက်ပေါ်လာသည်။
ထိုအသံ လှိုင်းများကြောင့် ဝမ်လင်း ရှိနေသည့် လေဆင်နှာမောင်းကို ရှေ့သို့ တွန်းပို့ လိုက်သကဲ့သို့ ဖြစ်သွားပြီး နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုက လွဲချော်သွား၏။ ထိုအခါ ဝမ်လင်းနောက်သို့ လိုက်နေသော သားရဲများက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ဝမ်လင်းက အဝေးသို့ ရောက်နေပြီ ဖြစ်သည်။
ကြီးမားသော ဝဲကတော့ကြီးသည် ဝမ်လင်း၏ မြင်ကွင်းထဲသို့ ဝင်လာရာ ဝမ်လင်း၏ မျက်လုံးများက အရောင်တောက် သွား၏။ သူကသာ ခါးကုန်းကြီးဆီမှ သိုလှောင်အိတ်ကို လုယူရန် မဆုံးဖြတ်ခဲ့ပါက ယခု အချိန်တွင် သူသည် ဒုတိယ စမ်းသပ်မှုထဲသို့ ရောက်နေပြီ ဖြစ်သည်။
သူက ဒုတိယ စမ်းသပ်မှုတွင် အန္တရာယ် ဘယ်လောက် များသည်ကို မသိချေ။ သူ့အတွက် ခါးကုန်းကြီးက လမ်းဖွင့်ပေးခဲ့ သော်လည်း သူ့အနေဖြင့် အလျင်စလို ဝင်မသွားချင်ပေ။
ထို့ကြောင့် ဝမ်လင်းက သူနှင့်အတူ လေဆင်နှာမောင်း တစ်ချို့ကို ဒုတိယ စမ်းသပ်မှု အတွင်းသို့ ခေါ်သွားရန် ကြံစည်နေခြင်း ဖြစ်သည်။ ဤ နည်းလမ်းကသာ သူ့ကို ပြင်ဆင်မှု တချို့ကို ပေးနိုင်မည် ဖြစ်သည်။
သူက နောက်မှ လေဆင်နှာမောင်းများကို ပြန်လှည့်ကြည့်ပြီး ပြေးရင်း စဉ်းစားလိုက်သည်။ ထို့နောက် သူ့က အံကြိတ်ပြီး ဒုတိယ မကောင်းဆိုးဝါးကို အမိန့်ပေးလိုက်ရာ သူ၏ လေဆင်နှာမောင်းက အရှိန်လျော့သွား၏။
သူက အရှိန်လျော့ သွားသည်နှင့် နောက်မှ လိုက်လာသော လေဆင်နှာမောင်းများသည် ချက်ချင်း ပေ၅၀၀အတွင်းသို့ နီးကပ်လာသည်။ ထို့အပြင် တိုက်ခိုက်မှု များကလည်း ဆက်တိုက် ထွက်ပေါ်လာသည်။
ဝမ်လင်း ရှိနေသည့် လေဆင်နှာမောင်းသည် အမြန်ဆုံးနှုန်းဖြင့် သွားမည် ဆိုလျှင် ဝဲကတော့ကြီးဆီသို့ ရောက်ရန် အချိန် တစ်စက္ကန့်ခန့်သာ ကြာမည် ဖြစ်သည်။
နောက်မှ လိုက်လာသော လေဆင်နှာမောင်းများ ကတော့ သူ့ကို မီရန် တစ်စက္ကန့် ခန့်သာ ကြာမည် ဖြစ်ပြီး နောက်တစ်စက္ကန့် ကြာသွားလျှင်တော့ လေဆင်နှာမောင်းများလည်း သူနှင့်အတူ ဝဲကတော့ အတွင်းသို့ ရောက်နေ လိမ့်မည်ဟု သူက တွက်လိုက်သည်။
ပထမ တစ်စက္ကန့်တွင် ဝမ်လင်းက သိုလှောင်အိတ် အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုက ရောက်လာသောအခါ ဝမ်လင်းက အရှိန်ကို မမြှင့်ဘဲ သားရဲများနှင့် တားဆီးလိုက်သည်။
ပထမ တစ်စက္ကန့် အတွင်းတွင် ဝမ်လင်း ရှိနေသည့် လေဆင်နှာမောင်းမှ သားရဲ တစ်ဝက်ကျော်က သေဆုံးသွား၏။
ဝမ်လင်း၏ အမူအရာက ကြောက်လန့်မှုများ မရှိဘဲ တည်ငြိမ် နေလေသည်။ လက်ရှိ အချိန်တွင် ဝမ်လင်းက ဝဲကတော့ကြီးနှင့် နီးလာပြီး နောက်မှ လိုက်လာသော လေဆင်နှာမောင်းများ ကလည်း ပို၍ နီးကပ်လာသည်။
ဒုတိယ တစ်က္ကန့်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်က မြားတစ်စင်း ကဲ့သို့ လေဆင်နှာမောင်း အတွင်းမှ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ ထိုအချိန်တွင် နောက်မှ လိုက်လာသော လေဆင်နှာမောင်း အုပ်စုမှ အသံလှိုင်း တိုက်ခိုက်မှုသည်လည်း ရောက်လာသည်။
ဝမ်လင်းက လေဆင်နှာမောင်းမှ ထွက်လိုက်သည့် အချိန်တွင် ဒုတိယ မကောင်းဆိုးဝါးမှ လွဲ၍ လေဆင်နှာမောင်း အတွင်းရှိ သားရဲများ အားလုံး သေဆုံးသွား၏။
ဝမ်လင်းက လျင်မြန်သော အရှိန် တစ်ခုဖြင့် ဝဲကတော့ အတွင်းသို့ ရောက်သွားသည်။ သူ့နောက်မှ လိုက်လာသော လေဆင်နှာမောင်း များသည်လည်း ဝဲကတော့ အတွင်းထိ ပါလာသည်။ သို့သော်လည်း သူတို့က ရုတ်တရက် ရပ်တန့်ပြီး တချို့က နောက်သို့ ပြန်ဆုတ်ရန် ပြင်ကြသည်။
သို့သော်လည်း ဝမ်လင်းက နောက်သို့ ပြန်ဆုတ်ခွင့် မပြုချေ။ သူက လေဆင်နှာမောင်း ၄၀ကျော်ကို ကြည့်ပြီး အော်လိုက်သည်… “ဒီမှာနေကြစမ်း…”
သူ့ပါးစပ်မှ အသံ ထွက်သွားသည်နှင့် သိုလှောင်အိတ်ထဲမှ ထုတ်ထားသည့် ပစ္စည်းကို စိတ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ရုတ်တရက် အလင်းစက်ကွင်း တစ်ခု ထွက်ပေါ်လာပြီး လေဆင်နှာမောင်းများကို ဝိုင်းရံသွား၏။
နဂါး တစ်ကောင်ကလည်း ထွက်လာသည်။ ဝမ်လင်း၏ ထိန်းချုပ်မှု အောက်တွင် နဂါးက အလင်းစက်ကွင်း အတွင်း၌ ပတ်၍ ပျံသန်းနေသည်။ ထိုအခိုက်အတန့်တွင် ဝဲကတော့ အတွင်းမှ ခရမ်းရောင် အလင်းတန်းများ ထွက်လာကာ ဝမ်လင်းနှင့် အလင်း စက်ကွင်းပေါ်သို့ ကျသွားပြီး သူတို့အားလုံးကို ဆွဲယူသွား၏။
မျက်တောင် တစ်ခတ် အတွင်းမှာတင် ဝမ်လင်းနှင့် လေဆင်နှာမောင်း ၄၀ကျော်သည် ဝဲကတော့ကြီး အတွင်းသို့ ဆွဲယူခြင်း ခံလိုက်ရသည်။
ထိုအချိန်တွင် အပြင်ဘက်တွင် ကျန်နေသေးသော လေဆင်နှာမောင်းများသည် ဝဲကတော့ကြီးကို ထိသွားသည်နှင့် နောက်သို့ ပြန်လွင့်ကုန်၏။ တဖြည်းဖြည်းနှင့် ဝဲကတော့ နားတွင် လေဆင်နှာမောင်းများ စုစည်းလာပြီး အချိန် တော်တော်ကြာအောင် အထဲ ဝင်ရောက်ရန် ကြိုးစားကြသည်။ သို့သော်လည်း သူတို့က ဝဲကတော့ အတွင်းသို့ မဝင်ရောက် နိုင်ကြချေ။ အချိန်တစ်ခု ကြာပြီးနောက်တွင် သူတို့က ဝဲကတော့နားမှ ပြန်ထွက်ခွာ သွားကြ၏။
ပထမ စမ်းသပ်မှုထဲတွင် အခြေအနေများက တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွား၏။ ကန္တာရထဲရှိ တစ်နေရာတွင် ခါးကုန်းကြီး မုန့်သည် လေထဲတွင် မျောနေပြီး သူ့ခန္ဓာကိုယ်က သွေးများဖြင့် စိုရွှဲနေကာ မျက်လုံးလည်း ပွင့်နေသည်။ သူ့ရှေ့တွင် သားရဲဘုရင်ကြီး ရှိနေသည်။ သားရဲ ဘုရင်ကြီး၏ ဦးခေါင်းတွင် ရွှေရောင် အရိုး လက်ချောင်းတစ်ချောင်းက တဖြည်းဖြည်း ပေါ်လာသည်။
ထိုလက်ချောင်းသည် ခါးကုန်းကြီး၏ မျက်ခုံးနှစ်ခု ကြားသို့ ညွန်နေ၏။
ဝမ်လင်းကတော့ ဝဲကတော့ အတွင်းမှ ထွက်လာပြီးနောက် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် ကြည့်ရာ အံ့အားသင့် သွား၏။ သူ ရောက်နေသည့် နေရာသည် မီးခိုးရောင် ကမ္ဘာကြီး တစ်ခု ဖြစ်ပြီး အနက်ရောင် ကျောက်တုံးဖြင့် လုပ်ထားသည့် တံတား တစ်စင်းသာ ရှိနေသည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းပြီး လှည့်ကြည့်လိုက်သည်။ နဂါး ဝင်္ကပါ အတွင်းတွင် လေဆင်နှာမောင်း ၄၀ကျော် ရှိနေလေသည်။ သူတို့က လွတ်မြောက်ရန် အတွက် အလင်းစက်ကွင်းကို ဝင်ဆောင့်နေကြ၏။
သူတို့က အလင်းစက်ကွင်းကို ဝင်ဆောင့်သည့် အချိန်တိုင်း အလင်းစက်ကွင်းက မှိန်လာသည်။ ဝမ်လင်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ပြီး နဂါး ဝင်္ကပါကို ပြန်သိမ်းလိုက်သည်။ အလင်းစက်ကွင်း ပျောက်သွားသည်နှင့် လေဆင်နှာမောင်း ၄၀ကျော်က ပြန့်ကျဲသွား၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့ မျက်ခုံးကြားကို လက်ချောင်းဖြင့် ညွှန်လိုက်ရာ ဒုတိယ မကောင်းဆိုးဝါးက ချက်ချင်း ထွက်လာပြီး လေဆင်နှာမောင်းများကို ဟိန်းဟောက်လိုက်သည်။
လေဆင်နှာမောင်းများ အားလုံးသည် ရုတ်တရက် ရပ်တန့်သွားပြီး လေဆင်နှာမောင်း တစ်ခုစီမှ သားရဲ တစ်ကောင်စီ ထွက်လာပြီး ဒုတိယ မကောင်းဆိုးဝါးနှင့် ဝင်ဆောင့်ကြသည်။ ဝမ်လင်းက သူ့ရှေ့မှ မြင်ကွင်းကို တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။ ဤအရာသည်လည်း သူ၏ အစီအစဉ်အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပထမစမ်းသပ်မှုတွင် တခြားမူကွဲသားရဲများအား စိန်မခေါ် ခိုင်းခြင်းမှာ တစ်ဖက်မှ လေဆင်နှာမောင်းများက အလွန်များနေပြီး မကောင်း ဆိုးဝါးကသာ ရှုံးနိမ့်သွားလျှင် သူသည်လည်း ကျိန်းသေ သေဆုံးသွား ရလိမ့်မည် ဖြစ်သောကြောင့် ဖြစ်၏။
သို့သော်လည်း ယခုအချိန်တွင် လေဆင်နှာမောင်းက ၄၀ကျော်သာ ရှိသောကြောင့် အခြေအနေက မတူတော့ချေ။
၃ရက် ကြာပြီးနောက်… ။
ဝမ်လင်းက အနက်ရောင် တံတားပေါ်တွင် မတ်တပ်ရပ်ပြီး အဝေးသို့ ကြည့်နေလေသည်။ လေဆင်နှာမောင်း ၄၂ခုကလည်း နီးကပ်စွာဖြင့် အတူတစ်ကွ ရှိနေကြသည်။ တစ်ယောက်ယောက်သာ သေချာကြည့်လျှင် လေဆင်နှာမောင်းများက အနီရောင် အလင်း အမျှင်တန်းများဖြင့် ဆက်သွယ်ထားသော အလယ်ရှိ လေဆင်နှာမောင်း တစ်ခုအား ဝန်းရံထားသည်ကို မြင်ရလိမ့်မည် ဖြစ်သည်။
လေဆင်နှာမောင်းများ အားလုံးမှ မူကွဲ သားရဲများသည် ဒုတိယ မကောင်းဆိုးဝါးနှင့် ပေါင်းစပ်သွားခဲ့ သော်လည်း ဝမ်လင်းက အားလုံးကို ပြန်ဆွဲထုတ်ပြီး နောက်ထပ် မကောင်းဆိုးဝါးများ ဖန်တီးရာတွင် အသုံးပြုရန် ဝိညာဉ်အလံ အတွင်းသို့ ထည့်ထားခဲ့သည်။
ဝမ်လင်းသည် ဒုတိယ မကောင်းဆိုးဝါးက သူတို့နှင့် အပြည့်အဝ ပေါင်းစည်းသွားပြီး သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားခြင်း မဖြစ်ရလေအောင် ကာကွယ်ခြင်းလည်း ဖြစ်သည်။
***
🌪️🏜️