Switch Mode

အပိုင်း (၁၈၆)

အခွင့်ကောင်းယူခြင်း (၂)

သူက အနက်ရောင် မျှော်စင်၏ အပြင်သို့ ရောက်သောအခါ နတ်ဘုရား စိတ်အာရုံဖြင့် ဖွဲ့စည်းထားသော လျှပ်စီးတစ်ခုက သူ့ဆီသို့ ကျဆင်းလာသည်။ ခါးကုန်းကြီးမုန့်က အစိမ်းရောင် အငွေ့များကို ထွေးထုတ်လိုက်ရာ နတ်ဘုရား စိတ်အာရုံလျှပ်စီးက အစိမ်းရောင် အငွေ့အတွင်းသို့ ဝင်သွားပြီး အရှိန်က လျော့ကျသွား၏။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ခါးကုန်းကြီးမုန့်က လေဆင်နှာမောင်း တစ်ခု၏ အပေါ်သို့ ခုန်တက်လိုက်သည်။

ထိုလေဆင်နှာမောင်းသည် ချက်ချင်း ရပ်တန့်သွားပြီး အထဲမှ သားရဲများက လွင့်စဉ်သွား၏။ သို့သော်လည်း ဝေးဝေး မလွင့်ခင်မှာတင် သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျကုန်၏။

ထို့နောက် ခါးကုန်းကြီးက နောက်ထပ် လေဆင်နှာမောင်း တစ်ခုဆီသို့ ခုန်ကူးသွား၏။

သို့သော်လည်း တစ်မီလီယံကျော်သည့် နတ်ဘုရား စိတ်အာရုံများက လှံတစ်ချောင်း အဖြစ် ဖွဲ့စည်းသွားပြီး ခါးကုန်းကြီးဆီသို့ ကောင်းကင်ပေါ်မှ ထိုးဆင်း လာသည်။

နတ်ဘုရား စိတ်အာရုံလှံသည် အလွန် လျင်မြန်သည့် အရှိန့်ဖြင့် ထိုးဆင်းလာပြီး တစ်စက္ကန့် အတွင်းမှာတင် ခါးကုန်းကြီး၏ အနားသို့ ရောက်သွားသည်။

အဝေးတွင် ရှိနေသည့် လေဆင်နှာမောင်းထဲမှ ဝမ်လင်းသည် ခါးကုန်းကြီးမုန့်၏ လူနှင့်မတူတော့သော ပုံစံကို စိုက်ကြည့်လိုက်ပြီး သူ၏အာရုံက ခါးကုန်းကြီးမုန့်၏ ခါးရှိ သိုလှောင်အိတ် ဆီသို့ ရောက်သွား၏။

ခါးကုန်းကြီးသည် နတ်ဘုရား စိတ်အာရုံလှံကို တစ်ချက် ကြည့်လိုက်ပြီး ပါးစပ်ကို ဟလိုက်ရာ သေးငယ်ပြီး ထောက် ၄ခုပါသော ဒယ်စောက်တစ်ခုက ပျံသန်း ထွက်လာသည်။

ဒယ်စောက် ပေါ်လာသည်နှင့် အစိမ်းရောင် အငွေ့များက အဘက်ဘက်သို့ ပျံ့နှံ့သွား၏။ နတ်ဘုရား စိတ်အာရုံလှံသည် ဒယ်စောက်ပေါ်သို့ ကျသွားပြီး ကျယ်လောင်သော အသံကြီးတစ်ခု ထွက်လာသကဲ့သို့ တစ်ချိန်တည်းမှာပင် ထို၂ခု၏ ထိပ်တိုက် တွေ့ဆုံမှုမှ အားလှိုင်း တစ်ခုလည်း ထွက်လာသည်။ ထိုအခါ လေဆင်နှာမောင်းများက ထွက်ပြေးကြ သော်လည်း လုံလောက်အောင် လျင်မြန်မှု မရှိသဖြင့် အားလှိုင်းများ ရိုက်ခံရကာ လေဆင်နှာမောင်း အတွင်းရှိ သားရဲများ အားလုံးသည် အမှုန့် ဖြစ်သွားကြ၏။

ဝမ်လင်းရှိနေသည့် လေဆင်နှာမောင်း သည်လည်း တခြား လေဆင် နှာမောင်းများနှင့် အတူ နောက်သို့ ဆုတ်သွား၏။ သို့သော်လည်း ဝမ်လင်း၏ အကြည့်ကတော့ ခါးကုန်းကြီးမုန့် အပေါ်တွင်သာ ရှိနေသည်။

ဒယ်စောက်သည် နှစ်ပိုင်း ပိုင်းသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျ သွားသည်။ နတ်ဘုရား စိတ်အာရုံလှံ ကတော့ ဒယ်စောက်နှင့် ထိလိုက်သည်နှင့် လှံထိပ်ဖျားမှ စ၍ အစိမ်းရောင် ပြောင်းသွား၏။ မကြာမီ လှံတစ်ချောင်းလုံးက အစိမ်းရောင် ပြောင်းသွားပြီး တုန်ခါလာကာ နတ်ဘုရား စိတ်အာရုံများက တစ်ခုချင်းစီ အဖြစ် ကွဲထွက်သွား၏။

အစိမ်းရောင် ဒယ်စောက်က ၂ပိုင်း ကွဲသွားသောအခါ ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်း အားပြတ် သွားသကဲ့သို့ ဖြစ်ကာ သွေးများ အန်ထုတ် လိုက်ရသည်။ အစိမ်းရောင် ဒယ်စောက်သည် သူ၏ အသက်ရတနာ ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့် စွမ်းအားများကို အသုံးပြုတာ တောင်မှ နတ်ဘုရား စိတ်အာရုံလှံကို မခုခံနိုင်ဘဲ နှစ်ပိုင်း ဖြစ်သွားရသည်။

ခါးကုန်းကြီးမုန့်သည် ဆုံးရှုံးမှုအတွက် နာကျင်နေရန် အချိန် မရှိသောကြောင့် သူက နီရဲနေသော မျက်လုံးများဖြင့် အစိမ်းရောင် ပြောင်းနေသော နတ်ဘုရား စိတ်အာရုံများကို စိုက်ကြည့် လိုက်သည်။

ထိုအခါ အစိမ်းရောင် ဖြစ်နေသည့် နတ်ဘုရား စိတ်အာရုံများ အားလုံးသည် ချက်ချင်း ပေါက်ကွဲသွားပြီး စိတ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွား၏။ သူတို့၏နတ်ဘုရား စိတ်အာရုံများက တစ်စစီ ဖြစ်သွားသည့် အတွက် သူတို့၏ ခန္ဓာကိုယ်များ သည်လည်း သေဆုံးသွား၏။

နတ်ဘုရား စိတ်အာရုံများ ပေါက်ကွဲ သွားပြီးနောက် လေဆင်နှာမောင်း အများအပြားသည် ချက်ချင်း ရပ်တန့်သွားပြီး သားရဲများသည်လည်း အောက်သို့ ပြုတ်ကျ သွားလေသည်။

ခါးကုန်းကြီးမုန့်သည် အစိမ်းရောင် ဒယ်စောက်ကို ဖမ်းယူပြီး သိုလှောင် အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ချက်ချင်း ထွက်ပြေး တော့သည်။ သူ ပြေးထွက် သွားသည့် အရပ်သည် ဝမ်လင်း ရှိနေသည့် လေဆင်နှာမောင်း ရှိရာ ဖြစ်နေလေသည်။

ထိုအချိန်တွင် အကြီးဆုံး လေဆင်နှာမောင်း ကြီးမှ မိုးချုန်းသံမက ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လေဆင်နှာမောင်းကြီးက ရပ်တန့်သွားကာ ပေ၃၀ခန့် ရှည်သော သားရဲကြီး တစ်ကောင် ပေါ်လာသည်။

သူ၏အရွယ်အစားသည် ကျန်သည့် အကောင်များထက် အဆပေါင်းများစွာ ကြီးမား၏။

သားရဲကြီးသည် ဟိန်းဟောက်ပြီး ရှေ့သို့ ခုန်လိုက်သည်။ တစ်ချိန်တည်းမှာပင် အသံလှိုင်းများ ကလည်း ပျံ့လွင့်သွား၏။ အသံလှိုင်းများ ဖြတ်သွားရာ တစ်လျှောက်တွင် လေဟာနယ် ဆုတ်ပြဲသည့် လက္ခဏာများ ပြသလာသည်။ ထိုအချက်သည် သားရဲကြီး၏ အသံလှိုင်း တိုက်ခိုက်မှုက မည်မျှ စွမ်းအား ကြီးကြောင်းကို ပြသနေသည်။

တစ်ချိန်တည်းမှာပင် ကျန်သော လေဆင်နှာမောင်း အားလုံးသည် ခါးကုန်းကြီး၏ နောက်သို့ တစ်ဟုန်ထိုး လိုက်သွားကြ၏။ သူတို့ အားလုံးသည် အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ခါးကုန်းကြီးကို တားဆီးရန် ရှေ့သို့သာ အရှိန်အဟုန်ဖြင့် ဆက်သွား နေကြသည်။ နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုများနှင့် အသံလှိုင်းများက ခါးကုန်းကြီးမုန့်၏ အပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်း လာသည်။

သို့သော်လည်း မည်သည့်အရာကမှ ခါးကုန်းကြီးမုန့်ကို မတားဆီးနိုင်ပေ။ ခါးကုန်းကြီးကတော့ လေဆင်နှာမောင်း များကို အရှိန်ဖြင့် ဝင်ဆောင့်ပြီး ရှေ့သို့ ဆက်သွား နေသည်။ လမ်းတစ်လျှောက်ရှိ လေဆင်နှာမောင်း များသည် သူ၏ တစ်ဟုန်ထိုး ဝင်တိုက်မှု အောက်တွင် တစ်ခုပြီး တစ်ခု ပျက်စီး နေရသည်။

သို့သော်လည်း သူက လေဆင်နှာမောင်း တစ်ခုကို ဝင်တိုက်သည့် အကြိမ်တိုင်း သူ၏နဖူးပေါ်မှ အနက်ရောင် ဝဲကတော့က အရောင်မှိန် လာသည်။ ခါးကုန်းကြီးမုန့်သည် နဖူးပေါ်မှ ဝဲကတော့ကို ကြည့်ပြီး အဆင့် တိုးထားသည့် သူ၏စွမ်းအားများက မကြာခင်တွင် ကုန်ဆုံးတော့မည်ကို သိလိုက်၏။ သူက တဒင်္ဂဆိုသည့် အချိန် အခိုက်အတန့်လေး ရပ်တန့်လိုက်လျှင် နောက်မှ လိုက်လာသည့် သားရဲကြီး၏ အသံလှိုင်း တိုက်ခိုက်မှုကို ခံရလိမ့်မည် ဖြစ်သည်။ ထိုအကြောင်းကို တွေးကာ သူက ပို၍ လျင်မြန်စွာ ပျံသန်းလိုက်၏။

ဝမ်လင်းသည် သားရဲကြီက အသံလှိုင်း တိုက်ခိုက်မှု ပြုလုပ်လိုက်သည့် အချိန်တွင် သားရဲကြီး၏ နဖူးတွင် အလင်းရောင် တစ်ချက် လက်သွားသည်ကို မြင်လိုက်သည်။ သားရဲကြီး၏ နဖူးမှ ရွှေရောင် လက်ချောင်းတစ်ခု ထွက်လာခြင်း ဖြစ်သည်။

ခါးကုန်းကြီးမုန့်က သူနှင့် နီးလာပြီ ဖြစ်၍ ဝမ်လင်းက ထိုအကြောင်းကို တွေးတောရန် အချိန် အများကြီး မရှိချေ။ ဝမ်လင်း၏ မျက်လုံးက ရုတ်တရက် အရောင်လက် သွားပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ နဂါးအရွတ်က ရုတ်တရက် ပျံသန်း ထွက်လာပြီး ကျစ်လျစ် သိပ်သည်းလာကာ တုတ်ချောင်းကဲ့သို့ ဖြစ်သွား၏။

ခါးကုန်းကြီးက နီးကပ် လာသောအခါ သူရှိနေသည့် လေဆင်နှာမောင်းက နောက်သို့ ဆုတ်သွားသည်။ လေဆင်နှာမောင်းများ ကြားတွင် ဖြစ်၍ သူ့ လေဆင်နှာမောင်း၏ လှုပ်ရှားမှုသည် မသိသာပေ။

ခါးကုန်းကြီးက သူ့ဘေးမှ ဖြတ်သွားသည့် အချိန်တွင် သူက နဂါးအရွတ်ကို ပစ်လွှတ်လိုက်သည်။

ခါးကုန်းကြီးသည် လေဆင်နှာမောင်း တစ်ခုဘေးမှ ဖြတ်ကျော် လာချိန်တွင် စိတ်စွမ်းအင် လှုပ်ရှားမှုများကို သတိပြုမိ၏။ သို့သော်လည်း သေဆုံးသွားသော သားရဲများမှ စိတ်စွမ်းအင်များသည် နေရာ တစ်ခုလုံးတွင် ပြည့်နေသောကြောင့် သူက အလေး မထားလိုက်ပေ။

ခါးကုန်းကြီးမုန့်သည် သေခြင်းတရားက သူ့နောက်ကို လိုက်လာသည့် အတွက် ပြေးရန်သာ စိတ်စော နေသည်။ ထို့အပြင် ဤနေရာတွင် သူက လွဲ၍ လူသား ကျင့်ကြံသူ တစ်ယောက် ရှိနေလိမ့်မည် ဟုလည်း ထင်မထားပေ။

သို့သော်လည်း သူ့ ညာခြေထောက်ကို အားကောင်းသော တစ်စုံတစ်ခုက ဆွဲထားသည်ကို ရုတ်တရက် ခံစားလိုက် ရသည်။ ထို့အခါ သူ၏ အမူအရာက အကြီးအကျယ် ပျက်သွား၏။ သူ၏ အတွေ့အကြု ံများကြောင့် ခေါင်းကို ငုံ့ကြည့်စရာပင် မလိုဘဲ သူ့ ခြေထောက်ကို ဆွဲထားသော အရာသည် စိတ်ဝိညာဉ် သားရဲ၏ အရွတ်ဖြင့် ပြုလုပ်ထားသော မှော်ရတနာ တစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။ ဤနေရာရှိ သားရဲများသည် မှော်ရတနာများကို သုံးလိမ့်မည် မဟုတ်သဖြင့် ဤနေရာတွင် လူသားကျင့်ကြံသူ တစ်ယောက် ရှိနေသည် ဆိုသည့် အဖြေတစ်ခုလည်း သူ့ခေါင်းထဲတွင် ပေါ်လာသည်။

ခါးကုန်းကြီးမုန့်သည် သာမန် အချိန်ဆိုလျှင် ထိုရတနာလောက်ဖြင့် ဂရုစိုက်နေမှာ မဟုတ်ပေ။ သူ့အနေဖြင့် စိတ်စွမ်းအင် အနည်းငယ် သုံးပြီး သားရဲအရွတ် မှော်ရတနာကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ဖျက်ဆီးပြီး ပိုင်ရှင်ကိုလည်း အဆိပ်ဖြင့် သတ်လိုက် လိမ့်မည်သာ ဖြစ်သည်။

သို့သော်လည်း သူက ယခုအချိန်တွင် လေဆင်နှာမောင်းများ၏ လိုက်ခြင်းကို ခံနေရပြီး နတ်ဘုရားစိတ် အာရုံ တိုက်ခိုက်မှုများနှင့် အသံလှိုင်း တိုက်ခိုက်မှုများ ကလည်း သူ့နောက်မှ လိုက်ပါ လာသည်။

ဤကဲ့သို့ အရေးကြီးသည့် အချိန်တွင် မဖြစ်စလောက် နဂါးအရွတ်က သူ့ဆီသို့ သေခြင်းတရားကို ခေါ်ဆောင် ပေးခဲ့သည်။ သူ၏ စွမ်းအားကြောင့် နဂါးအရွတ်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသော်လည်း သူ့ကို တဒင်္ဂဆိုသည့် အခိုက်အတန့်လေး တစ်ခု ရပ်တန့် သွားစေခဲ့သည်။

ထို အခိုက်အတန့်လေးက သူ့နောက်မှ လိုက်လာသော နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုများနှင့် အသံလှိုင်း တိုက်ခိုက်မှုများက သူ့အပေါ်သို့ ကျလာစေရန် လုံလောက်နေသည်။

ကောက်ရိုးတစ်မျှင်က ကုလားအုတ် တစ်ကောင်ကို မသတ်နိုင်သော်လည်း သေခြင်းတရား ဆီသို့ ရောက်အောင် ပို့ပေးနိုင်သည်။

ယခုအချိန်တွင် နဂါးအရွတ်သည် သူ့ကို သေခြင်းတရား ဆီသို့ ခေါ်ဆောင် သွားမည့် ကောက်ရိုး ဖြစ်သည်။

ခါးကုန်းကြီးမုန့်၏‌ နောက်ကျောကို အသံလှိုင်း တိုက်ခိုက်မှုများက ထိမှန်သွားပြီး ပျံသန်းနေရင်း သွေးတစ်လုတ်ကို အန်ထုတ် လိုက်ရသည်။ ထိုအချိန်တွင် လေဆင်နှာမောင်း တစ်ခုက သူ့ကို ဖြတ်ကျော် သွား၏။ ထိုအခိုက်အတန့် လေးတွင် လက်တစ်ဖက် ထွက်လာပြီး သူ၏ခါးမှ သိုလှောင်အိတ်ကို ဆွဲယူ သွားလေသည်။

ထိုအခိုက်အတန့်တွင် ခါးကုန်းကြီးက လေဆင်နှာမောင်း၏ အတွင်းမှ ဝမ်လင်း၏ လှောင်ပြုံးကို မြင်လိုက်ရသည်။ သူက အလွန်ဒေါသ ထွက်သွားပြီး သွေးတစ်လုတ်ကို အန်ထုတ် လိုက်သည်။ အန်ထုတ်လိုက်သော သွေးများသည် အငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး လေဆင်နှာမောင်း၏ နောက်သို့ လိုက်သွား၏။

ဝမ်လင်းက သိုလှောင်အိတ်ကို လုလာပြီးသည်နှင့် ဝဲကတော့ ရှိသည့်နေရာသို့ အလျင်မြန်ဆုံး နှုန်းဖြင့် သွားရန် ဒုတိယ မကောင်းဆိုးဝါးကို အမိန့် ပေးလိုက်သည်။

သူ့နောက်မှ လိုက်လာသော အငွေ့များက နီးကပ်လာသောအခါ လေဆင်နှာမောင်း အတွင်းမှ ခုန်ချလိုက်သည်။ သူ ခုန်ချလိုက်သည့် အချိန်တွင် အငွေ့များက လေဆင်နှာမောင်းကို ထိသွား၏။ ခါးကုန်းကြီးမုန့်၏ သွေးထဲတွင် ပါသော အဆိပ်သည် ဟာသတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဝမ်လင်းက အမြဲတမ်း သတိထားနေခြင်း ဖြစ်သည်။

ဝမ်လင်း၏ နောက်တွင် မကောင်းဆိုးဝါး ၂ကောင်က လိုက်လာသည်။ ဝမ်လင်းက မြေပြင်ပေါ်သို့ ခြေကျသည်နှင့် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို သုံး၍ မြေအောက်ထဲသို့ ချက်ချင်း တိုးဝင်သွား၏။ လေဆင်နှာမောင်း အတွင်းရှိ သားရဲများကတော့ အဆိပ်များ ပျံ့ပြီး ချက်ချင်း သေဆုံးသွား၏။

ထိုအရာများသည် အလွန် လျင်မြန်စွာ ဖြစ်ပျက် သွားခြင်း ဖြစ်သည်။ မျက်တောင်တစ်ခတ် အတွင်း၌ ခါးကုန်းကြီး၏သိုလှောင်အိတ်သည် ပျောက်သွား ခဲ့လေသည်။

ခါးကုန်းကြီးမုန့်သည် သားရဲဘုရင်ကြီး၏ အသံလှိုင်း တိုက်ခိုက်မှုကို ခံလိုက်ရသောအခါ သူ၏အသွေး၊ အသားနှင့် အရိုးများ ကျိုးကြေ ကုန်သည်။ သူ့ကျောမှ အဖုများကလည်း ပေါက်ကွဲ သွားကုန်ပြီး အလွန်ဆိုးရွားသော အနံ့အသက်များ ရှိသည့် အနက်ရောင် အရည်များ လွင့်စဉ်ကုန်သည်။ ထိုအရည်များနှင့် ထိသွားသော သားရဲများ အားလုံးသည် ချက်ချင်း သေဆုံးသွား၏။

ထိုအချိန်တွင် ဝမ်လင်းက သူ၏သွေးစက် တိုက်ခိုက်မှုမှ လွတ်မြောက် သွားသည်ကို သူက မြင်လိုက်ရသည်။ သူက သိုလှောင်အိတ် လုခံလိုက်ရသည့် အတွက် နှမြောခြင်း မရှိဘဲ ဝမ်လင်းကို အလွန့်အလွန် မုန်းတီးသွား၏။ ဝမ်လင်းကြောင့်သာ မဟုတ်လျှင် သူက ယခုအချိန်၌ ဒုတိယ စမ်းသပ်မှုကို ရောက်နေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ဝမ်လင်း၏ ထွက်ပေါ်လာမှုက သူ့ကို အလုံးစုံ ပြောင်းလဲ သွားစေခဲ့သည်။ ခါးကုန်းကြီး၏ ဉာဏ်ရည်သည် နိမ့်ပါးခြင်း မရှိချေ။ သူက ဝမ်လင်းအတွက် တစ်ချိန်လုံး လမ်းဖွင့်ပေး နေခဲ့သည်ကို ချက်ချင်း နားလည်သွား၏။ သူက တစ်ချိန်လုံး လေဆင် နှာမောင်းများကို ဆွဲဆောင်သလို ဖြစ်နေခဲ့သည်။ မဟုတ်လျှင် ဝမ်လင်းကဲ့သို့ အမြုတေ ဖွဲ့တည်ခြင်း အဆင့်က ဤစမ်းသပ်မှုကို အန္တရာယ် ကင်းကင်းဖြင့် ဖြတ်ကျော် နိုင်လိမ့်မည် မဟုတ်ပေ။

***

Comment

  1. daocultivator055 says:

    🥷

Leave a Reply

Options

not work with dark mode
Reset