ဒုတိယ မကောင်းဆိုးဝါး၏ မျက်လုံးများက အလွန် နီရဲလာသည်။ ရုတ်တရက် ဒုတိယ မကောင်းဆိုးဝါးက သားရဲဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ သားရဲကလည်း ကြမ်းတမ်း ခက်ထန်စွာဖြင့် သူ၏နတ်ဘုရား စိတ်အာရုံက ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ဒုတိယ မကောင်းဆိုးဝါးဆီသို့ ပျံသန်းသွား၏။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အရှိန်ပြင်းပြင်း တိုက်မိသွားသည်။ ဒုတိယ မကောင်းဆိုးဝါးပေါ်တွင် ချန်ထားခဲ့သော နတ်ဘုရား စိတ်အာရုံကြောင့် ဝမ်လင်းက ပြောင်းလဲမှုကို သတိပြုမိလိုက်၏။ ထိုထိပ်တိုက် ရင်ဆိုင်မှုသည် အလွန် အန္တရာယ်များပြီး တစ်ယောက်သာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ဒုတိယ မကောင်းဆိုးဝါးက မူကွဲသားရဲကို ဝါးမျိုနိုင်သကဲ့သို့ မူကွဲသားရဲကလည်း ဒုတိယ မကောင်းဆိုးဝါးကို ဝါးမျိုသွားနိုင်သည်။
ဝိညာဉ်နှစ်ခုက စတင် ပေါင်းစပ်နေပြီး မကြာမီတွင် ဒုတိယ မကောင်းဆိုးဝါး၏ မျက်နှာက ပေါ်လာသည်။ မူကွဲသားရဲ၏ နတ်ဘုရား စိတ်အာရုံက တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်လာပြီး ဒုတိယ မကောင်းဆိုးဝါးက ဝါးမျိုပစ်လိုက်၏။
ထို့နောက် သားရဲအုပ်စုတစ်ခုက ဒုတိယ မကောင်းဆိုးဝါးကို ဝိုင်းရံလိုက်ကြပြီး လေဆင်နှာမောင်းကို စတင် ဖန်တီးလိုက်သည်။ ထိုအခါ ဝမ်လင်း၏မျက်လုံးက အရောင်လက် သွား၏။ သားရဲများ၏ နတ်ဘုရား စိတ်အာရုံများသည် သူတို့ကို ဦးဆောင်နေသည့် မူကွဲသားရဲများကြောင့် ပေါင်းစပ်နိုင်ခြင်း ဖြစ်ကြောင်း ဝမ်လင်း သိသွားလေပြီ။
ဒုတိယ မကောင်းဆိုးဝါးက ငိုကြွေးသံ တချို့ကို အော်ဟစ်လိုက်ပြီး တခြား အနက်ရောင် လေဆင်နှာမောင်းထဲမှ မူကွဲသားရဲဆီသို့ သွားရန် အသင့်ပြင် လိုက်သည်။ ထိုအချိန်တွင် ဝမ်လင်းက နှာခေါင်း ရှုံ့လိုက်ရာ ဒုတိယ မကောင်းဆိုးဝါးက ချက်ချင်း ရပ်သွား၏။ လည်နေသည့် လေဆင်နှာမောင်း တောင်မှ ရပ်တန့်သွားပြီး သားရဲများ ပြန်ပေါ်လာသည်။
သားရဲများ ကြားထဲတွင် နာကျင်နေသည့် အမူအရာဖြင့် ရှိနေသည့် ဒုတိယ မကောင်းဆိုးဝါးကို ဝမ်လင်းက ရှင်းလင်းစွာ မြင်နေရသည်။
ဝမ်လင်းက ဒုတိယ မကောင်းဆိုးဝါးဆီသို့ မက်ဆေ့တစ်ခု ပို့လိုက်သည်။ ထိုအခါ ဒုတိယ မကောင်းဆိုးဝါးက တစ်ချက် အော်ငိုလိုက်ရာ အနီးအနားရှိ သားရဲများသည် ဝမ်လင်းအား ဝိုင်းလိုက်ကြ၏။ သို့သော်လည်း ဝမ်လင်းက လှုပ်ရှားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။
သားရဲများစွာသည် ဝမ်လင်းနားသို့ ကပ်လာသော်လည်း တိုက်ခိုက်ခြင်း မရှိဘဲ သူတို့က ဝမ်လင်းအား သယ်ဆောင်ပြီး အနက်ရောင် လေဆင်နှာမောင်း တစ်ခုကို ဖန်တီးလိုက်သည်။
မကောင်းဆိုးဝါး ရှုလီကောသည် ဝမ်လင်း၏နောက်သို့ လိုက်ချင်သော်လည်း အနက်ရောင် လေဆင်နှာမောင်းက သူ့အား ပြန်တွန်းကန် ထုတ်၏။ ထို့နောက် သူက အလွန် မှားသွားသည်ကို ခံစားမိပြီး အဆက်မပြတ် ဟိန်းဟောက် လိုက်သည်။ နောက်ဆုံးတွင် လေဆင်နှာမောင်းထဲမှ ဝမ်လင်း၏လက်က ထွက်လာပြီး သူ့ကို အထဲသို့ ဆွဲသွင်းကာ နဂါးအရွတ်ထဲသို့ ပစ်ထည့်လိုက်သည်။
အနက်ရောင် လေဆင်နှာမောင်းထဲတွင် ဝမ်လင်းအနေဖြင့် ပျံနေစရာပင် မလိုချေ။ သူ့ဘေးတွင် သားရဲများ ရှိနေပြီး သူ့အား ထိုသားရဲများက သူတို့၏ နတ်ဘုရား စိတ်အာရုံဖြင့် ဝန်းရံ၍ ခေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် တခြား လေဆင်နှာမောင်း အတွင်းမှ သားရဲများသည် သူ့အား သတိပြုမိရန် မလွယ်ချေ။
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွားပြီး ဒုတိယ မကောင်းဆိုးဝါးကို အမိန့်ပေးလိုက်သည်။ ထိုအခါ လေဆင်နှာမောင်းက ချက်ချင်း ခါးကုန်းကြီး ရှိသည့်အရပ်ဆီသို့ ဦးတည် ရွေ့လျားသွား၏။ သူတို့က ထိုနေရာသို့ သွားသည်နှင့် ကျန်သည့် လေဆင်နှာမောင်း များသည် နောက်မှ လိုက်သွားကြသည်။ မကြာမီတွင် လေဆင်နှာမောင်း ၁၀ခုသည် တခြား လေဆင်နှာမောင်းများ စုစည်းရာ နေရာဆီသို့ ရောက်လာ၏။
သူတို့က နီးကပ်လာသောအခါ အားကောင်းသော နတ်ဘုရား စိတ်အာရုံတစ်ခုက သူတို့ကို ဖြတ်သွား၏။ ဝမ်လင်း၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသော်လည်း ထိုနတ်ဘုရား စိတ်အာရုံက မရပ်တန့်ဘဲ သူတို့ကို ဖြတ်ကျော်သွား၏။
ထိုနတ်ဘုရား စိတ်အာရုံက သေသေချာချာ စစ်ဆေး မသွားဘဲ သာမန်ကာ လျှံကာ အပေါ်ယံလောက်ပဲ စစ်ဆေး သွားသည့်အတွက် ဝမ်လင်းကို သတိမပြုမိလိုက်ချေ။
ထိုနတ်ဘုရား စိတ်အာရုံ၏ ပိုင်ရှင်သည်လည်း လေဆင်နှာမောင်း အတွင်းတွင် ကျင့်ကြံသူ တစ်ယောက် ရှိနေမည်ဟု ထင်ထား လိမ့်မည်လည်း မဟုတ်ပေ။ ဝမ်လင်းက အကြီးဆုံး လေဆင်နှာမောင်းကြီးကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ စောစောက ဖြတ်သွားသည့် နတ်ဘုရား စိတ်အာရုံသည် ထိုလေဆင်နှာမောင်းမှ မူကွဲသားရဲဆီမှ လာခြင်း ဖြစ်ရပေမည်။
သူက ဤနေရာရှိ သားရဲများနှင့် ပတ်သက်၍ တချို့အရာများကို နားလည်နေပြီ ဖြစ်သည်။ လေဆင်နှာမောင်း အတွင်းတွင် မူကွဲသားရဲများ ရှိနေပြီး ထိုမူကွဲသားရဲက သာမန်သားရဲများ၏ နတ်ဘုရား စိတ်အာရုံများကို အတူပေါင်းစည်းကာ တိုက်ခိုက်ခြင်း ဖြစ်သည်။
သာမန် သားရဲများသည် စစ်သားနှင့်တူပြီး မူကွဲ သားရဲများကတော့ စစ်သူကြီးများနှင့် တူသည်။ လေဆင်နှာမောင်း အကြီးဆုံးထဲရှိ အားအကောင်းဆုံး မူကွဲသားရဲကတော့ ဘုရင် ဖြစ်နိုင်သည်။
အနက်ရောင် မျှော်စင်ပတ်လည်တွင် လေဆင်နှာမောင်းများက အများအပြား ရှိနေပြီး ခါးကုန်းကြီးမုန့်ကတော့ မျှော်စင်ထဲတွင် ရှိနေလေသည်။
ဝမ်လင်းသည် ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အလျင်စလို မလှုပ်ရှားပေ။ သူက ဒုတိယ မကောင်းဆိုးဝါးကို သူ့အား ဤနေရာသို့ ခေါ်လာခိုင်းရခြင်းမှာ ခါးကုန်းကြီးမုန့်အား သတ်ရန် မဟုတ်ဘဲ အခွင့်အရေးရလျှင် ခါးကုန်းကြီးမုန့်၏ ရတနာ ပစ္စည်းများအား အလစ်သုတ်ရန် ဖြစ်သည်။
ဒုတိယ မကောင်းဆိုးဝါး၏ ကိုယ်တွင်းတွင် ချန်ထားသော နတ်ဘုရား စိတ်အာရုံသည် ရှုလီကော၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရား စိတ်အာရုံနှင့် မတူပေ။ ရှုလီကောက အချိန်ကြာမြင့်စွာ ဝမ်လင်းနှင့် ရှိနေခဲ့သည့်အတွက် သူ့ကိုယ်ထဲမှ ဝမ်လင်း၏ အမှတ်အသားက အလွန် နက်ရှိုင်းနေပြီ ဖြစ်သည်။ ဝမ်လင်းအနေဖြင့် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို မသုံးဘဲ အတွေး တစ်ချက်နဲ့တင် ရှုလီကောအား ဖျက်ဆီး ပစ်နိုင်သော်လည်း သူက ထိုအမှတ်အသားကို သာမန် အခြေအနေလောက်ဖြင့် မသုံးချင်ပေ။ ထိုအမှတ်အသားကို ရှုလီကောအတွက် သီးသန့် ဝှက်ဖဲတစ်ခု အနေဖြင့် ထားထားခြင်း ဖြစ်သည်။
သာမန်အားဖြင့် ဝမ်လင်းက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် ခြိမ်းခြောက်ပြီး ရှုလီကော၏ ခန္ဓာကိုယ်တွင်းရှိ အမှတ်အသားကို လျှို့ဝှက်စွာဖြင့် ပိုမို နက်ရှိုင်းအောင် လုပ်ခဲ့သည်။
ရှုလီကောက မှတ်ဉာဏ်တချို့ကို ပြန်ရလာသည့် အချိန်တွင် လေလွင့်ဝိညာဉ်များနှင့် အလွန် ကွာခြားသွား၏။
သို့သော်လည်း ဒုတိယ မကောင်းဆိုးဝါးကတော့ မတူပေ။ ဒုတိယ မကောင်းဆိုးဝါး၏ အပေါ်တွင် ဝမ်လင်း၏ အမှတ်အသားက မနက်ရှိုင်းသော်လည်း အစကတည်းက ဒုတိယ မကောင်းဆိုးဝါးအား သူ့ကို မဆန့်ကျင်ရဲအောင် ပြုလုပ်ထားခဲ့၏။
ဝမ်လင်းက ဒုတိယ မကောင်းဆိုးဝါးအား တခြား မူကွဲသားရဲများနှင့် ဝင်တိုက်ခြင်းကို တားဆီးရခြင်းမှာ ဒုတိယ မကောင်းဆိုးဝါးက တခြား မူကွဲသားရဲများကို ဝါးမျိုပြီး သူ၏နတ်ဘုရား စိတ်အာရုံ အမှတ်အသားကို ဖယ်ရှားနိုင်သည်အထိ အစွမ်းထက် သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ခါးကုန်းကြီးမုန့်က သုန်မှုန်နေသော မျက်နှာထားဖြင့် အပြင်ဘက်မှ လေဆင်နှာမောင်းများကို ကြည့်လိုက်သည်။ သူက အပြင်ဘက်ရှိ အကြီးဆုံး လေဆင်နှာမောင်းကြီးကို အာရုံစိုက်နေသည်။ ထိုလေဆင်နှာမောင်း အတွင်းရှိ နတ်ဘုရား စိတ်အာရုံက တခြား လေဆင်နှာမောင်းများ ပေါင်းစပ်ထားသည့် နတ်ဘုရားစိတ်အာရုံထက် အလွန် အားကောင်းနေသည်။
ထိုလေဆင်နှာမောင်းကပင် သူ၏ ကောင်းကင်ဖျက်ဆီးခြင်း အဆိပ်ကို အဝေးသို့ တွန်းပို့ပစ်လိုက်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူ့ထံ၌ သိုလှောင်အိတ် အတွင်းရှိ စိတ်ဝိညာဉ် သားရဲများ အားလုံးသည် အသုံးပြုလိုက်၍ ကုန်သွားပြီ ဖြစ်၏။ သူ၏ နည်းစနစ်များကြောင့် သားရဲများကို အများအပြား သတ်နိုင်သော်လည်း နောက်ထပ် ရောက်လာသည့် သားရဲများက ယခင်ကထက် ပိုမိုများပြားနေသည်။
ထို့ကြောင့် သူတို့အားလုံးကို သတ်ပစ်ရန်မှာ မဖြစ်နိုင်ချေ။
သူကသာ အမှားတစ်ခု လုပ်မိလိုက်လျှင် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နေသော်လည်း သူတို့၏ စုပေါင်းတိုက်ခိုက်မှုက သူ့ကို ဒဏ်ရာရစေနိုင်သည်။
သူတို့၏ နတ်ဘုရား စိတ်အာရုံ စုပေါင်း တိုက်ခိုက်မှုမှ ရသော ဒဏ်ရာသည် သေးသေးမွှားမွှား ဖြစ်လိမ့်မည် မဟုတ်ချေ။ သူ၏ကျင့်ကြံခြင်း အဆင့်ကိုတောင်မှ ကျဆင်း သွားစေနိုင်သည်။
ယခုအချိန်တွင် သူက အလွန် အရေးကြီးသည့် အခြေအနေတစ်ခုကို ရောက်နေသည်။ သူက စိတ်ဝိညာဉ်သားရဲ ၁၀ကောင်ကျော်ကို အသုံးပြုပြီး ဖောက်ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အကြီးဆုံး လေဆင်နှာမောင်းကြီး ရောက်လာပြီး သူ့ကို တားဆီး လိုက်သည့်အပြင် ဒဏ်ရာပါ ရသွားစေခဲ့သည်။
ခါးကုန်းကြီးမုန့်က ခါးသီးစွာဖြင့် တွေးလိုက်သည်… “ကောင်းကင်က ငါ့ကို သေစေချင် နေတာလား… ငါက ဒီနေရာမှာ ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို ရယူပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို တစ်ခါတည်း ရောက်သွား ရမယ်လို့ ထင်ခဲ့မိတာ…. ဒါပေမဲ့… “
သူတို့သည် လွန်ခဲ့သည့် နှစ်တစ်ထောင်က ဤနေရာသို့ လာခဲ့စဉ် သူတို့ ၄ယောက်မှလွဲ၍ အားလုံး သေဆုံးသွားခဲ့ရသည်။
သူတို့ထဲတွင် သူတို့ ၄ယောက်ထက် အလွန် အစွမ်းထက်သော ကျင့်ကြံသူများ ပါလာသော်လည်း အားလုံးက သေဆုံး သွားခဲ့ကြသည်။ သူတို့ ၄ယောက်တောင်မှ ကံအလွန်ကောင်း သွား၍သာ အသက်ရှင် ခဲ့ကြခြင်း ဖြစ်၏။
နှစ်၁၀၀၀ကျော် ကြာပြီးနောက်တွင် သူက စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်မှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ကို ရောက်နိုင်ခဲ့သည်။ သူ၏ကျင့်စဉ် တိုးတက်မှု မြန်ခဲ့ရခြင်းမှာ လူ့ဘီလူး နတ်ဆိုးကလန်မှ အဓိက ရတနာတစ်ခု ဖြစ်သည့် မိစ္ဆာ နှလုံးသားကို ခိုးယူပြီး အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့်လည်း လူ့ဘီလူး နတ်ဆိုးကလန်က သူ့အား လိုက်လံ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ခါးကုန်းကြီးမုန့်သည် စိတ်မပါသော အမူအရာဖြင့် အံကြိတ်ပြီး ဖားပြုပ်ကို ကြည့်လိုက်သည်။ ဖားပြုပ် လီထျန်းသည် သူနှင့် နှစ်ပေါင်းထောင်ကျော် အတူရှိလာခဲ့ပြီး အဆင့်နိမ့် စိတ်ဝိညာဉ် သားရဲအဆင့်မှ လက်ရှိ အဆင့်မြင့် စိတ်ဝိညာဉ်သားရဲ ဖြစ်သည့်အထိ သူ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခြင်း ဖြစ်၏။ ဆေးတချို့၏ အကူအညီဖြင့်သာ ဆိုလျှင် လီထျန်းသည် နောက်ထပ် နှစ်ပေါင်း ၁၀၀၀အတွင်းတွင် ပျက်စီးခြင်းသားရဲ ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုတော့ သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ချေ။
သူက ဖားပြုပ်ကို ကြင်နာစွာ ပွတ်သပ်၍ ပြောလိုက်သည်… “ဒီနေရာမှာသာ တည်နေရာ ရွှေ့ပြောင်းခြင်းကို သုံးနိုင်ရင် ဒီအခြေအနေကို ရောက်မှာ မဟုတ်ဘူး… လီထျန်း… ဒီတစ်ကြိမ်မှာတော့ မင်းအပေါ်ပဲ မူတည်တယ်…”
သူက ပြောပြီးသည်နှင့် ဖားပြုပ်၏ ပါးစပ်ထဲသို့ ညာလက်ကို ထိုးထည့် လိုက်သည်။ ဖားပြုပ်၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး နာကျင်သည့် အမူအရာက ပေါ်လာသော်လည်း ခုခံခြင်းတော့ မရှိချေ။ သူက ခါးကုန်းကြီးမုန့်ကိုသာ ကြည့်နေလေသည်။
ခါးကုန်းကြီးမုန့်က မျက်လုံးကို ပိတ်လိုက်သော်လည်း ချက်ချင်း ပြန်ဖွင့်ပြီး လေးပင်သော အသံဖြင့် ပြောလိုက်သည်… “လီထျန်း… ငါ တောင်းပန်ပါတယ်…”
ပြောပြီးသည်နှင့် သူ့လက်ကို အားဖြင့် ဆွဲထုတ်လိုက်ရာ သူ့လက်ထဲတွင် အစိမ်းရောင် အမြုတေတစ်ခု ပါလာသည်။
ဖားပြုပ်လီထျန်း၏ ခန္ဓာကိုယ်က အားပြတ်၍ ဘေးသို့ လဲကျသွား၏။ ထို့နောက် ဖားပြုပ်ဆီမှ အားပျော့သော အော်သံတချို့ ထွက်လာပြီးနောက် နောက်ကျောရှိ အဖုများက ပေါက်သွားပြီး ဆိုးရွားသော အနံ့ရှိသည့် အနက်ရောင် အရည်များ ထွက်လာသည်။
ခါးကုန်းကြီးမုန့်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ အမြုတေကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး သူ၏မျက်နှာမှ အနက်ရောင်မီးခိုးများ ထွက်လာသည်။ သူက အကြိမ်ရေ အနည်းငယ်ခန့် ဟိန်းဟောက်လိုက်ရာ မျက်နှာပေါ်မှ အဖုများ အားလုံးက ပေါက်သွား၏။ အနက်ရောင် အရည်များက နေရာတိုင်းကို စင်ကုန်ပြီး အနက်ရောင် အငွေ့များကလည်း ထွက်လာသည်။
စိတ်ဝိညာဉ် သားရဲများ၏ အမြုတေက အမျိုးအစား အမျိုးမျိုး ရှိ၏။ သို့သော်လည်း သားရဲများသည် အဆင့်တစ်ခုသို့ ရောက်လျှင် အစစ်အမှန် အမြုတေကို ဖွဲ့စည်းနိုင်သည်။ အမြုတေများသည် မူကွဲများ အမျိုးမျိုး ရှိသော်လည်း အများစုသည် အတုများသာ ဖြစ်သည်။ သူတို့ကို စိတ်ဝိညာဉ် သားရဲများက စိတ်စွမ်းအင်များကို အသုံးပြု၍ ဖွဲ့စည်းကာ စွမ်းအင် သိုလှောင်ရာအဖြစ် အသုံးပြုနိုင်သည်။
အစစ်အမှန် အမြုတေသည် သားရဲနည်းစနစ်များ အားလုံး၏ အခြေခံဖြစ်သည်။ စိတ်ဝိညာဉ် သားရဲသည် အဆင့်နိမ့် အဆင့်သို့ ရောက်သောအခါ မြေအမြုတေကို ဖွဲ့စည်းနိုင်သည်။
အလယ်အဆင့် စိတ်ဝိညာဉ်သားရဲ ဖြစ်လာသောအခါ သူတို့၏ မြေအမြုတေက ကောင်းကင်အမြုတေ အဖြစ် ပြောင်းလဲသွား၏။ အဆင့်မြင့် စိတ်ဝိညာဉ်သားရဲ ဖြစ်လာသည့် အချိန်တွင် သူတို့၏ကောင်းကင် အမြုတေသည် မူလအမြုတေအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ မူလ အမြုတေသည် ပျက်စီးခြင်း သားရဲ၏ မူလဝိညာဉ်သို့ ပြောင်းရန် တစ်ဆင့်သာ လိုတော့သည်။
အဆင့်မြင့် စိတ်ဝိညာဉ်သားရဲမှ ပျက်စီးခြင်း သားရဲအဖြစ်သို့ ရောက်သည့်အခါ မူလ အမြုတေသည် မူလဝိညာဉ် အဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။
ခါးကုန်းကြီးမုန့်၏ အပေါ်မှ အနက်ရောင်အငွေ့များသည် တဖြည်းဖြည်း သိပ်သည်း လာသည်။ သူက ကြမ်းပြင်ပေါ်မှ ဖားပြုပ်ကို ကောက်ယူပြီး သူ၏နဖူးပေါ်သို့ ဖိလိုက်သည်။
ဖားပြုပ်မှ အနက်ရောင် အရည်များက ပိုမိုများပြားစွာ ထွက်လာပြီး ခါးကုန်းကြီးမုန့်၏ မျက်နှာပေါ်ရှိ အဖုများပေါ်သို့ ဖုံးအုပ်သွားပြီး အဖုများအတွင်းသို့ ဝင်သွားကြ၏။ နောက်ဆုံးတွင် ဖားပြုပ်၏ တစ်ကိုယ်လုံးသည် အနက်ရောင် အရည်များအဖြစ် ပြောင်းလဲသွားပြီး ထိုအနက်ရောင် အရည်များကို ခါးကုန်းကြီးမုန့်က စုပ်ယူလိုက်၏။
ထိုအခါ ခါးကုန်းကြီး၏ ကျောကုန်းဘုကြီးပေါ်တွင် များပြားလှသော အဖုများ ထွက်လာသည်။ ထိုအဖုများက ကျောပြင် တစ်ခုလုံးတွင် ဖုံးအုပ် ထားသောကြောင့် တစ်ယောက်ယောက် ကသာ သူ့ကို ကြည့်လိုက်ပါက ဖားပြုပ် တစ်ကောင်နှင့် တူနေသည်ကို မြင်ရမည် ဖြစ်သည်။
ခါးကုန်းကြီးမုန့်က မျက်လုံးကို ပိတ်လိုက်သည်။ အနက်ရောင် အငွေ့များက သူ၏နဖူးပေါ်တွင် စုစည်းလာပြီး ဝဲကတော့တစ်ခု ဖြစ်သွား၏။ ထို့နောက် သူက ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရက်စက် ကြမ်းကြုတ်မှုများ ဖြင့် နေလေသည်။
ခါးကုန်းကြီးမုန့်က လက်သီးကို ဆုပ်လိုက်ရာ အနက်ရောင် လျှပ်စီးတစ်ခုက ပေါ်လာပြီး လက်ထဲတွင် ကြေမွ ပျက်စီးသွား၏။
“ဒီရှေးဟောင်း မိစ္ဆာနည်းစနစ်က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ… အဆင့်မြင့် စိတ်ဝိညာဉ်အဆင့် ဖားပြုပ်ရဲ့ မူလအမြုတေကို သုံးလိုက်ရုံနဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်း အဆင့်ကို တန်းပြီး ရောက်သွားတာပဲ… ဒီတစ်ကြိမ်မှာတော့ ငါ ဖောက်ထွက် နိုင်တော့မယ်… ဒါပေမဲ့ ငါလည်း ဒဏ်ရာ ကြီးကြီးမားမား ရသွားနိုင်တယ်…”
ပြောပြီးသည်နှင့် သူက အနက်ရောင် မျှော်စင်၏ အပြင်ဘက်သို့ ထွက်လာခဲ့၏။
***
🐸