ဝမ်လင်းက အေးစက်သော အကြည့်ဖြင့် မကောင်းဆိုးဝါး အသစ်အား စိုက်ကြည့် လိုက်သည်။ ထို့နောက် သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး အနီရောင် နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ မကောင်းဆိုးဝါး အသစ်အား ဟိန်းဟောက် လိုက်သည်။
ယခုအချိန်တွင် ဝမ်လင်းက ဝိညာဉ်စားသုံးသူ၏ အော်ရာကို အပြည့်အဝ ဖော်ထုတ် လိုက်သည်။ မကောင်းဆိုးဝါး အသစ် သာမက မကောင်းဆိုးဝါး ရှုလီကော သည်လည်း ကြောက်လန့်သွားပြီး ရှုလီကောက ကြမ်းပြင်ထဲတွင် ဝင်ပုန်းနေလေသည်။ သူတို့၏ သဘာဝရန်သူ ဖြစ်သော ဝိညာဉ်စားသုံးသူ၏ အော်ရာအောက်တွင် သူတို့က အလွန်တုန်လှုပ် ချောက်ချား နေလေသည်။
မကောင်းဆိုးဝါး အသစ်သည်လည်း ကြိုးစား၍ ဟိန်းဟောက် လိုက်သည်။ သို့သော်လည်း ဝမ်လင်း၏ ဟိန်းဟောက်သံနှင့် ယှဉ်ပြီး မကောင်းဆိုးဝါး အသစ်က အကူအညီမဲ့သွား သကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် မကောင်းဆိုးဝါး အသစ်၏မျက်လုံးထဲတွင် ခွင့်လွှတ်ရန်အတွက် တောင်းပန်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ဝမ်လင်း၏ ဂျိနယ်ပယ်မှ ဖြစ်လာသော နဂါးသည် မကောင်းဆိုးဝါး အသစ်အား အချိန်တော်တော် ကြာအောင် စိုက်ကြည့်ပြီး ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွား၏။ ဝမ်လင်းက ဝိညာဉ်အလံ တစ်ခုကို ထုတ်ယူလိုက်ရာ မကောင်းဆိုးဝါး အသစ်က တုံ့ဆိုင်းမနေဘဲ အနီရောင်မြူများ အဖြစ်သို့ ပြောင်းကာ ဝိညာဉ်အလံအတွင်းသို့ ဝင်သွားလိုက်သည်။
ဝမ်လင်းက သူ၏နတ်ဘုရား စိတ်အာရုံ အပိုင်းအစ တစ်ခုကို ဝိညာဉ်အလံတွင် ချန်ထားခဲ့ပြီး ဝိညာဉ်အလံကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ အခန်း တစ်ခုလုံးတွင် နတ်ဘုရား စိတ်အာရုံ ကြိုးမျှင်များ ပေါ်လာသည်။ ထိုနတ်ဘုရား စိတ်အာရုံ ကြိုးမျှင်များသည် မကောင်းဆိုးဝါး အသစ်အား ထိန်းချုပ်ရာတွင် အကူအညီ ဖြစ်စေရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထို့နောက် ထိုနတ်ဘုရား စိတ်အာရုံ ကြိုးမျှင်များက သူ့ကိုယ်ထဲသို့ ပြန်ဝင်သွား၏။
အလွန် လျင်မြန်လှသော မကောင်းဆိုးဝါး အသစ်ကို အမိဖမ်းနိုင်ခဲ့ခြင်းမှာ ထိုနတ်ဘုရား စိတ်အာရုံ ကြိုးမျှင်များကြောင့် ဖြစ်သည်။ သူက အနီရောင်မြူထဲမှ လှုပ်ရှားမှုကို ပထမဆုံး သတိပြုမိသည့် အချိန်ကတည်းက အခန်းထဲတွင် သူ၏နတ်ဘုရား စိတ်အာရုံဖြင့် ပင့်ကူအိမ်ကဲ့သို့ ကြိုးမျှင်များကို ပြုလုပ် ထားလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် မကောင်းဆိုးဝါး အသစ်က မည်သည့် နေရာကိုပဲ သွားသွား ဝမ်လင်းက သိနေခြင်း ဖြစ်သည်။ ထို့အပြင် သူ ဝါးမျိုလိုက်သော ဝိညာဉ်များမှ နတ်ဘုရား စိတ်အာရုံများ ကလည်း အရေးကြီးသည့် အချက် ဖြစ်သည်။
ထိုအချက်နှစ်ခုကြောင့် ဝမ်လင်းက မကောင်းဆိုးဝါး အသစ်ကို အမှားအယွင်း မရှိဘဲ ဖမ်းမိနိုင်ခြင်း ဖြစ်၏။
နတ်ဘုရား စိတ်အာရုံ အမျှင်များကို သိမ်းလိုက်ပြီးနောက် မတ်တတ် ရပ်ကာ ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်သို့ ကြည့်လိုက်ကာ ခဏလောက် စဉ်းစားပြီး မျှော်စင်အောက်သို့ ဆင်းသွား လိုက်၏။ သူက မျှော်စင်၏ တံခါးပေါက်ဆီသို့ ရောက်သောအခါ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီး အပြင်သို့ ထွက်သွား၏။ ဝမ်လင်းက မြေအောက်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ မကောင်းဆိုးဝါး ကလည်း သူ့နောက်မှ အမြန် လိုက်သွားသည်။
သို့သော်လည်း ဝေးဝေးမရောက်ခင် ဝမ်လင်းက နောက်မှ လိုက်လာသည့် သူ့ကို ဖမ်းလိုက်ပြီး နဂါးအရွတ်ထဲသို့ ပစ်ထည့်လိုက်၏။
ယခု ရောက်ရှိနေသည့် နေရာမှ ခုခံအားကို တွန်းလှန်ရန် အတွက် ဝမ်လင်းသည် သူ၏ စိတ်စွမ်းအင်ကို ၉၀ရာခိုင်နှုန်းခန့် ထုတ်သုံး နေရသည်။ ထို့နောက် သူ၏ အမြန်နှုန်းကလည်း သိသိသာသာ လျော့ကျသွား၏။
သူက ရှေ့သို့ တဖြည်းဖြည်း သွားနေရင်း နတ်ဘုရား စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် စောင့်ကြည့်နေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွား၏။ သူ့ဆီသို့ မီးခိုးတိမ်တိုက်ကြီး တစ်ခုက လျင်မြန်စွာဖြင့် ပျံသန်း လာနေသည်ကို နတ်ဘုရား စိတ်အာရုံမှတစ်ဆင့် မြင်လိုက်ရ၍ ဖြစ်သည်။
မီးခိုးတိမ်တိုက် ရွေ့လျားရာ လမ်းတစ်လျှောက်တွင် အနက်ရောင် လေဆင်နှာမောင်းများက မီးခိုးတိမ်တိုက်ကို ရှောင်ရန် ကြိုးစားကြ သော်လည်း လုံလောက်အောင် လျင်မြန်မှု မရှိသည့်အတွက် လေဆင်နှာမောင်းက ပြိုကွဲသွားရပြီး အထဲရှိ သားရဲများကို မီးခိုးတိမ်တိုက်များ အဖြစ်သို့ ပြောင်းသွားစေ၏။ ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်းက ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မီးခိုး တိမ်တိုက်ကြီးကို ကြည့်ကာ အောက်သို့ ပို၍ ငုပ်လျှိုးလိုက်သည်။
သူက အောက်သို့ ငုပ်လျှိုးနေသည့် အချိန်၌ မီးခိုးတိမ်တိုက်ကြီး၏ နောက်တွင် အကြီးဆုံး လေဆင်နှာမောင်းကြီးက ရောက်လာသည်။ အကြီးဆုံး လေဆင်နှာမောင်း ကြီးသည် အလွန် မြန်သည့်နှုန်းဖြင့် လှည်ပတ်နေပြီး ပြင်းထန်သော လေပြင်းများကို ဖြစ်ပေါ် နေစေသည်။ ထိုလေဆင် နှာမောင်းကြီးသည် အလွန် လျင်မြန်သော အရှိန်ဖြင့် မီးခိုးတိမ်တိုက်ကြီးကို တွန်းထုတ်လိုက်သည်။
မီးခိုး တိမ်တိုက်ကြီးသည် လေဆင်နှာမောင်းနှင့်အတူ ပါသွားပြီး ဝမ်လင်းရှိသည့် နေရာကို ကျော်ဖြတ်သွား၏။ မကြာမီ လေဆင်နှာမောင်းကြီးက နောက်သို့ ပြန်လှည့်လာပြီး ယခင်ကထက် ပိုမိုလျင်မြန်သော လှုပ်ရှားမှုနှင့် ရွေ့လျားသွားပြီး မီးခိုးတိမ်တိုက် ကြီးနှင့်အတူ အဝေးသို့ ပျောက်ကွယ် သွားသည်။
ထိုအခါမှ ဝမ်လင်းလည်း ရှေ့သို့ တဖြည်းဖြည်း ဆက်သွား၏။ ဝမ်လင်းက သွားနေရင်း လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။ အနက်ရောင် တိမ်တိုက်ကြီးသည် ခါးကုန်းကြီးမုန့် ဖန်တီးထားခြင်း ဖြစ်သည်။ အကြီးဆုံး လေဆင်နှာမောင်းကြီး ကသာ မီးခိုးတိမ်တိုက်ကြီးကို အဝေးသို့ ယူမသွားလျှင် မီးခိုးတိမ်တိုက်ကြီး ပြန့်ကျဲ သွားသည့်အခါ လက်သီးဆုပ်အရွယ် သားရဲများသည် ကြီးမားသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။
သူက ခဏလောက် စဉ်းစားပြီးနောက် သူ့မျက်လုံးက အရောင်တောက် သွား၏။ ခါးကုန်းမုန့်ထံတွင် အဖိုးတန်သော မှော်ရတနာနှင့် ဆေးလုံးများ ရှိ၏။ ခါးကုန်းကြီးမုန့်သာ သားရဲများ လက်ချက်ဖြင့် သေသွားပါက သူသည် ခါးကုန်းကြီးမုန့်၏ ပစ္စည်းများကို ရယူနိုင်လိမ့်မည် ဖြစ်သည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်၏ ရတနာ အကြောင်းကို တွေးပြီး ဝမ်လင်း၏ရင်ဘတ်က တဒုန်းဒုန်း ခုန်လာသည်။ သို့သော်လည်း ထိုအကြံကို လက်လျှော့ လိုက်သည်။ ရတနာများသည် အလွန် တန်ဖိုးကြီးမားသည် မှန်သော်လည်း သူ့အသက်ကသာ အဖိုးတန်ဆုံး ဖြစ်သည်။
သူက သက်ပြင်းချပြီး မဟုတ်သည့် အတွေးများကို ဖယ်ထုတ်ကာ ရှေ့သို့ ဆက်သွား လိုက်သည်။ သို့သော်လည်း ခါးကုန်းကြီးမုန့် ရှိနေသည့် နေရာကို သိနေသည့်အတွက် သူက တည့်တည့် မသွားဘဲ ရှောင်ကွင်း သွားရန် ဆုံးဖြတ် လိုက်သည်။
လဝက်ခန့် ကြာပြီးနောက် သူက အနက်ရောင် လေဆင်နှာမောင်းများ ပြည့်နေသည့် နေရာကို ဖြတ်ကျော် နိုင်ခဲ့သည်။ သူက ထိုနေရာကို ဖြတ်ပြီးနောက် နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို မှင်တက် သွားစေသည်။
ထိုလေဆင်နှာမောင်း အုပ်စုကြီးထဲရှိ သားရဲများ၏ အရေအတွက်သည် အနည်းဆုံး ၁၀၀မီလီယံ အထက်တွင်သာ ရှိ၏။ သူက ထိုနေရာကို ပတ်သွားရန် အတွက် အချိန် လဝက်ခန့် ပေးခဲ့ရသည်။
လေဆင်နှာမောင်းများသည် ခါးကုန်းကြီး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသဖြင့် လမ်းတစ်လျှောက်တွင် သတိထား၍ သွားလာခဲ့သော်လည်း အန္တရာယ်ကတော့ မတွေ့ခဲ့ချေ။ ဝမ်လင်းသည် ယခုအချိန်၌ အနက်ရောင် မျှော်စင်တစ်ခုပေါ်တွင် ရှိနေပြီး ခါးကုန်းကြီးရှိသည့် မျှော်စင်ကို လှမ်းကြည့် နေသည်။
သူ့မျက်နှာတွင် လှောင်ရိပ်များ စွန်းထင်သွားပြီး သူက မျှော်စင်မှ ထွက်ခဲ့ကာ ရှေ့သို့ ဆက်သွား လိုက်သည်။ ယခုအချိန်တွင် သူက အလွန်ဝေးသည့် နေရာမှ ကြီးမားသော ဝဲကတော့ကြီး တစ်ခုကို မြင်နေရပြီ ဖြစ်၏။
ထိုဝဲကတော့ကြီးသည် ဟင်းလင်းပြင် အတွင်းမှ ဝဲကတော့ကြီးနှင့် တူညီပြီး ဒုတိယ စမ်းသပ်မှုဆီသို့ ပို့ပေးမည့် ဝဲကတော့လည်း ဖြစ်သည်။
ဝမ်လင်းက လေကို ရှူသွင်းလိုက်ပြီး လမ်းလျှောက်၍ ဝဲကတော့ကြီးဆီသို့ သွားလိုက်သည်။ ယခု ရောက်ရှိနေသည့် နေရာတွင် မြေအောက်မှ ခုခံအားက သူ တွန်းလှန်နိုင်သည့် အားထက် ကျော်လွန် နေသဖြင့် သူက မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးမပြု နိုင်တော့ချေ။ သူက အစွမ်းကုန် သုံးလျှင်တောင်မှ မြေအောက်ထဲသို့ ငုပ်လျှိုး သွားနိုင်ရုံသာ ရှိပြီး ရှေ့သို့ တစ်လက်မပင် ရွေ့နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မြေလွတ်မြောက်ခြင်း နည်းစနစ်သည် မြေအောက်တွင်သာ အမြန်နှုန်း တိုးမြှင့်ပေးသည် မဟုတ်ဘဲ သူ့ခြေထောက် အောက်တွင် မြေကြီးရှိနေသမျှ ဓားပျံမသုံးလျှင် တောင်မှ သူ၏အမြန်နှုန်းက သာမန်ပြေးသည့် အမြန်နှုန်းထက် မြန်နေဦးမှာ ဖြစ်သည်။
လွန်ခဲ့သည့် လများက သူသည် မြေလွတ်မြောက်ခြင်း နည်းစနစ်ကိုပဲ အသုံးပြုလာခဲ့သဖြင့် သူ၏ မြေလွတ်မြောက်ခြင်း နည်းစနစ်အပေါ် ကျွမ်းကျင်မှုသည် အများကြီး တိုးတက်ခဲ့သည်။
ဝမ်လင်းသည် ရှေ့သို့ သွားနေရင်း နတ်ဘုရား စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးရန် သတိမပြတ်ခဲ့ပေ။ ကံကောင်းစွာဖြင့် လေဆင်နှာမောင်း အများစုကို ခါးကုန်းကြီးမုန့်က တိုက်ခိုက်ခဲ့သဖြင့် လမ်းတစ်လျှောက်တွင် မည်သည့် အန္တရာယ်ကိုမှ မတွေ့ခဲ့ရပေ။
သုံးရက်ကြာပြီး နောက်တွင် ဝဲကတော့ကြီးသည် သူ၏မြင်ကွင်းထဲသို့ ရှင်းလင်း ပြတ်သားစွာ မြင်နေရပြီဖြစ်သည်။ ဝမ်လင်းသည် ရှေ့သို့ ဆက်လျှောက်နေရင်း ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွားပြီး မြေအောက်ထဲသို့ တိုးဝင်သွား၏။ ချက်ချင်း ဆိုသလိုပင် အားတစ်ခုက သူ့ကို တားဆီးနေသော်လည်း သူက စိတ်စွမ်းအင် အရည်များကို သောက်လိုက်ပြီး တောင့်ခံထားလိုက်သည်။
သူနှင့် ဝဲကတော့ကြားတွင် အနက်ရောင် လေဆင်နှာမောင်း ၁၀ခုက ရုတ်တရက် ပေါ်လာသည်။ သူတို့၏ပစ်မှတ်သည် ခါးကုန်းကြီးမုန့် ဖြစ်သည်။ သူတို့က ဝမ်လင်းပုန်းနေသည့် နေရာကို ရောက်သောအခါ ရုတ်တရက် ရပ်တန့်ပြီး ဝမ်လင်းပုန်း နေသည့် နေရာကို လှည့်ပတ် လိုက်ကြသည်။
ဝမ်လင်း စိတ်ထဲတွင် တင်းကျပ်သွားပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူက ဤကန္တာရထဲသို့ ရောက်နေသည့် အတွက် ပုတီးစေ့အတွင်းသို့ ဝင်၍ မရချေ။
ဝမ်လင်းက အဝေးရှိ ဝဲကတော့ကြီးကို ကြည့်ပြီး တွက်ချက် ကြည့်လိုက်သည်။ ထို့နောက် အံကြိတ်ကာ သိုလှောင်အိတ်ကို ပုတ်ပြီး ပထမ မကောင်းဆိုးဝါး ဖြစ်သည့် ရှုလီကောကို ခေါ်ထုတ်လိုက်သည်။ မကောင်းဆိုးဝါးက ထွက်လာသည်နှင့် အပေါ်မှ သားရဲများကို မြင်သွားပြီး အလွန် စိတ်လှုပ်ရှားကာ သားရဲများဆီသို့ ချက်ချင်း ပြေးထွက် သွား၏။
သို့သော်လည်း သူ ပေါ်လာသည်နှင့် သားရဲများကလည်း ငိုကြွေး လိုက်ကြပြီး နတ်ဘုရား စိတ်အာရုံ ၁၀၀၀၀ကျော်ဖြင့် စုပေါင်း တိုက်ခိုက် လိုက်ကြသည်။
ထိုအခါ မကောင်းဆိုးဝါးသည် မချိမဆံ့ အော်ဟစ် လိုက်ရသည်။ နတ်ဘုရား စိတ်အာရုံ တစ်သောင်း၏ ကျော်၏ စုပေါင်း တိုက်ခိုက်မှုသည် သူ ကိုင်တွယ်နိုင်သည့် စွမ်းအား မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် အငွေ့များ ထွက်လာပြီး သူက ဝမ်လင်းဆီသို့ ပြန်ပြေးချင် သော်လည်း နောက်ထပ် တိုက်ခိုက်မှုတစ်ခုက ရောက်လာပြန်သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်း ဝိညာဉ်အလံ တစ်ခုကို ထုတ်ယူပြီး ခါလိုက်ရာ ဒုတိယ မကောင်းဆိုးဝါး ထွက်လာသည်။ ဒုတိယ မကောင်းဆိုးဝါးက ခဏလောက် ထိတ်လန့်နေပြီးနောက် စူးရှစွာ ငိုကြွေး လိုက်သည်။
စူးရှသော ငိုကြွေးသံ ထွက်ပေါ် လာပြီးနောက် လေဆင်နှာမောင်း အားလုံးသည် ရပ်တန့်သွားပြီး များပြားလှသော သားရဲများ ထွက်ပေါ် လာသည်။ သားရဲများ အားလုံးက ဒုတိယ မကောင်းဆိုးဝါးကို ကြောက်လန့်တကြား စိုက်ကြည့်နေကြပြီး ရှုလီကောပေါ်သို့ ရောက်တော့မည့် ဒုတိယ တိုက်ခိုက်မှုတောင်မှ ရပ်တန့် လိုက်ကြ၏။
ဒုတိယ မကောင်းဆိုးဝါး၏ မျက်လုံးများသည် နီရဲနေပြီး နောက်တစ်ကြိမ် ငိုကြွေး လိုက်ပြန်သည်။ ထိုအခါ သားရဲများ အားလုံးသည် နောက်သို့ ဆုတ်သွားကြသည်။ ဒုတိယ မကောင်းဆိုးဝါးကို ကြည့်နေသည့် သူတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။
ဝမ်လင်းလည်း အံ့အားသင့်သွားပြီး သူ့မျက်လုံးများက တောက်ပလာကာ စဉ်းစား လိုက်သည်။ ရှုလီကောကတော့ အလွန် ရှက်သွား၏။ သူ၏မှတ်ဉာဏ်များ ပြန်ရလာခြင်းသည် အမြဲတမ်း ကောင်းမွန်သည့် အရာတစ်ခု မဟုတ်ပေ။ မှတ်ဉာဏ်များ ပြန်မရသေးလျှင် သူက အနည်းဆုံးတော့ ရှက်သည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။
ရှုလီကောက စိတ်ထဲမှ တွေးလိုက်သည်… “ငါ့ကို ငါ့ရဲ့ ညီငယ်က ကယ်သွားတာ … ဒါက ရှက်ဖို့ အရမ်း ကောင်းတယ် … ဘာပဲဖြစ်ဖြစ် ငါက ဒီမိစ္ဆာလေးရဲ့ ပထမဆုံး နောက်လိုက်ပဲ… မဖြစ်ဘူး… ဒီလိုပဲ ဆက်သွားနေရင် ငါ့ရဲ့ညီငယ်က ငါ့ထက် သန်မာ သွားလိမ့်မည်… မဖြစ်ဘူး… ငါ ဒီလို အဖြစ်မခံနိုင်ဘူး…”
မကောင်းဆိုးဝါးက အံကြိတ်ပြီး ပျက်ပြယ် သွားသော လေဆင်နှာမောင်း တစ်ခုစီသို့ တစ်ဟုန်ထိုး ပြေးထွက်သွား၏။ ထို့နောက် သူက သားရဲများကို ဆွဲယူပြီး သူတို့ကို စတင် ဝါးမျိုလိုက်သည်။
သားရဲများက ရှောင်ရှားချင်ကြ သော်လည်း ဒုတိယ မကောင်းဆိုးဝါးက နောက်တစ်ကြိမ် ငိုကြွေးလိုက်သည့် အတွက် မလှုပ်ရှား ရဲတော့ချေ။ သူတို့၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုသည် အလွန် နက်ရှိုင်း နေလေပြီ။
ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ဝမ်လင်း၏မျက်လုံးက ပို၍ အရောင်လက် သွားပြီး အကြံတစ်ခု ပေါ်လာသည်။ ဒုတိယ မကောင်းဆိုးဝါးသည် ထိုသားရဲများ၏ သန္ဓေပြောင်း သားရဲ ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့ကြားတွင် ထူးဆန်းသည့် ဆက်သွယ်မှုတစ်ခု ရှိနေရမည်ဟု ဝမ်လင်းက ခန့်မှန်း လိုက်သည်။
သူက ထိုအကြောင်းကို တွေးပြီး မြေအောက်မှ ထွက်လာခဲ့သည်။
သူက မြေအောက်မှ ထွက်လာသော်လည်း သားရဲများက ကြောက်လန့် တကြားလည်း မဖြစ်သကဲ့သို့ တိုက်ခိုက်ခြင်းလည်း မပြုပေ။
ထိုအချိန်တွင် သားရဲများကို ဝါးမျိုနေသော ရှုလီကောကို ဒုတိယ မကောင်းဆိုးဝါးက ကြည့်ပြီး ထူးဆန်းသည့် ငိုကြွေးသံကို ပြုလုပ်လိုက်သည်။ ထိုအခါ သားရဲများ အားလုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူတို့၏နတ်ဘုရား စိတ်အာရုံများက ခန္ဓာကိုယ်မှ ထွက်လာ၍ တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ ရှုလီကောကို တိုက်ခိုက် လိုက်ကြသည်။
ရှုလီကောက ဒုတိယ မကောင်းဆိုးဝါးကို အသနားခံသည့် အပြုံး ပြုံးပြပြီး ဝါးမျိုထားသည့် ဝိညာဉ်များ အားလုံးကို အန်ထုတ်ကာ ဝမ်လင်းဆီသို့ ပြန်ပြေးသွား၏။ သူက ဝမ်လင်း၏ နောက်သို့ ရောက်သည်နှင့် သူ၏မျက်နှာတွင် အမုန်းများနှင့် ပြည့်လာပြီး ဒုတိယ မကောင်းဆိုးဝါးအား စိုက်ကြည့် လိုက်သည်။
စိတ်ထဲမှလည်း ပြောလိုက်သည်… “မင်း စောင့်နေပါ… မင်း ငါ့အပေါ် တော်တော် လွန်သွားပြီ… ငါ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်ပြမယ်…”
ဝမ်လင်းက ရှုလီကောကို ကြည့်ပင် မကြည့်ဘဲ လက်ထဲတွင် လီမူဝမ် ပေးလိုက်သော အကာအကွယ် ရတနာအား ကိုင်ထားလိုက်သည်။ သူ၏နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး သားရဲများကို တစ်ကောင်ပြီး တစ်ကောင် စစ်ဆေး ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူတို့ထဲ၌ သန္ဓေပြောင်း သားရဲဟု သတ်မှတ်နိုင်သည့် သားရဲက ၁၀ကောင်ခန့် ရှိသည်။ အဘယ်ကြောင့် ဆိုသော် သူတို့က တခြား သားရဲများထက် အစွမ်းပိုထက်သော နတ်ဘုရား စိတ်အာရုံ ရှိနေခြင်းကြောင့် ဖြစ်သည်။
ဝမ်လင်းက စဉ်းဆေးကြည့်ရာမှ မူကွဲ ၁၀ကောင်ကို တွေ့ရသည်။ ထိုအချိန်တွင် ၁၀ကောင်ထဲမှ တစ်ကောင်က ရုတ်တရက် ဒုတိယ မကောင်းဆိုးဝါး၏ အရှေ့သို့ ပျံသန်းသွားပြီး စူးရှသော ငိုကြွေးသံကို အကြိမ် အနည်းငယ်ခန့် ပြုလုပ်လိုက်သည်။
***
👻
😘
🧟🪬